ချီယွီချန် သတိလစ်နေဆဲ ဖြစ်သဖြင့် ဤတစ်ကြိမ်တွင်တော့ လီယီတောင်းက အကြီးအကဲလျန်ထံ တိုက်ရိုက် ဖုန်းဆက်လိုက်ခြင်း ဖြစ်၏။
အကြီးအကဲလျန် ပေးသော လိပ်စာသို့ သူ ရောက်သွားချိန်တွင် မွန်းလွဲပိုင်းပင် ရောက်နေပြီ ဖြစ်သည်။
၎င်းမှာ မြို့လယ်ခေါင်ရှိ အထပ် ၃၀ ကျော် မြင့်သော ရုံးခန်း အဆောက်အအုံ တစ်ခု ဖြစ်၏။
အကြီးအကဲလျန်နှင့် အခြားသူများက အဆောက်အအုံ၏ အလယ်ထပ်တွင် ရှိနေကြပြီး ထိုအထပ်၏ တစ်ဝက်ကိုသာ အသုံးပြုထားကာ ကျန်တစ်ဝက်မှာ သာမန် ရုံးခန်းများ အဖြစ် ငှားရမ်းထားခြင်း ဖြစ်သည်။
သူတို့ရှိရာ အထပ်သို့ သွားရန်အတွက် အထူး လှေကားကို အသုံးပြုရပြီး အတော်လေး သိုသိုသိပ်သိပ် ရှိလှပေသည်။
တစ်ခါတစ်ရံတွင် အန္တရာယ် အများဆုံး နေရာက အလုံခြုံဆုံး နေရာ ဖြစ်တတ်သည် မဟုတ်ပါလား။
တပ်ဖွဲ့ ၃၆ ၏ ရုံးခန်းက ထိုအချက်ကို သက်သေပြနေခြင်းပင်။
အမျိုးသမီးငယ် တစ်ဦး၏ လမ်းညွှန်မှုဖြင့် လီယီတောင်းက ဤနေရာတွင် စောင့်ကြပ်နေသော အကြီးအကဲလျန်နှင့် တွေ့ဆုံခဲ့လေသည်။
အခန်းထဲတွင် အကြီးအကဲလျန်နှင့် ချီယွီချန် အပြင် အခြား လူတစ်ယောက်ပါ ရှိနေသည်ကို မြင်သောအခါ လီယီတောင်း တစ်ယောက် ဤအဘိုးအို အပေါ် အမြင်သစ် တစ်ခု ရရှိသွားမိ၏။
ဤနေရာတွင် ကိုယ်တိုင် ကိုယ်ကျ စောင့်ကြပ်နေနိုင်ခြင်းကပင် အရာများစွာကို သက်သေပြနေပြီ ဖြစ်သည်။
" ရောက်လာပြီလား... ထိုင်ပါဦး... "
အကြီးအကဲလျန်က ချီယွီချန်ကို ချက်ချင်း ကုသပေးရန် လီယီတောင်းကို မတိုက်တွန်းဘဲ ထိုင်ရန် အရင် ဖိတ်ခေါ်လိုက်လေသည်။
လီယီတောင်း အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး မတုံ့ဆိုင်းဘဲ ဝင်ထိုင်လိုက်၏။
" ခုနက ဖုန်းထဲမှာ မင်း ပြောခဲ့တဲ့ အဖွဲ့အစည်း အကြောင်းကို ငါ လူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်... ဒါပေမဲ့ ငါတို့ဆီမှာ အချက်အလက် သိပ်မရှိဘူး... သံသယ ဖြစ်စရာကောင်းတဲ့ အဖွဲ့အစည်း တစ်ခုကိုပဲ ငါတို့ ရှာတွေ့ခဲ့တယ်... ရိုးရိုးသားသား ပြောရရင် ဒီအဖွဲ့အစည်းက ငါတို့ နိုင်ငံနဲ့ ပတ်သက်နေတယ်... ဒါပေမဲ့ တိုက်ရိုက်တော့ မဟုတ်ဘူး... သူတို့က တပ်ဖွဲ့ ၃၆ ရော၊ ငါတို့ နောက်ကွယ်က အဖွဲ့အစည်းရော၊ နိုင်ငံတော် အဆင့် အဖွဲ့အစည်းတွေနဲ့ပါ ဘာအဆက်အသွယ်မှ မရှိဘူး... "
" သူတို့က ' လျှို့ဝှက် အဖွဲ့အစည်းသစ် ' ဆိုတဲ့ အမျိုးအစားထဲမှာ ပါတယ်... "
လျှို့ဝှက် အဖွဲ့အစည်းသစ် ဟုတ်လား...။
လီယီတောင်း မျက်မှောင်ကြုတ်သွား၏။
ထိုအသုံးအနှုန်းကို သူ ပထမဆုံး အကြိမ် ကြားဖူးခြင်း ဖြစ်ပြီး အတော်လေး ဆန်းသစ်နေလေသည်။
အကြီးအကဲလျန်က လီယီတောင်း ဤနာမည်ကို တစ်ခါမှ မကြားဖူးကြောင်း သိနေသည့်အလား သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာ၏။
" ဟုတ်တယ်... မှန်ပါတယ်... ' လျှို့ဝှက် အဖွဲ့အစည်းသစ် ' ဆိုတာ အသစ် ပေါ်ထွက်လာတဲ့ အင်အားစု တစ်စုကို ကိုယ်စားပြုတာ... "
" ဒါပေမဲ့... ဒီအင်အားစုတွေနဲ့ အဖွဲ့အစည်းတွေက အဆက်အသွယ်တွေ၊ အရင်းအမြစ်တွေ လုံးဝ မရှိတာတော့ မဟုတ်ဘူး... သူတို့ရဲ့ အမွေအနှစ်တွေက တကယ်ကို နက်ရှိုင်းတယ်လို့ ပြောလို့ရတယ်... သူတို့ရဲ့ သြဇာလွှမ်းမိုးမှုက လူသိပြီးသား အဖွဲ့အစည်းတွေထက် အများကြီး သာလွန်နိုင်တယ်... "
" သူတို့က သိုသိုသိပ်သိပ် နေလေ့ရှိပြီး မကြာသေးခင်ကမှ ပေါ်လာတာမို့ သူတို့ကို လျှို့ဝှက် အဖွဲ့အစည်းသစ် တွေလို့ ခေါ်ကြတာ... "
အကြီးအကဲလျန်၏ ရှင်းပြချက်ကို ကြားပြီးနောက် လီယီတောင်း ခေါင်းညိတ်ပြလိုက်လေသည်။
ရိုးရိုးလေး ပြောရရင် ဒီအဖွဲ့အစည်းတွေက အရင်က ဘယ်သူမှ မသိတဲ့ ထောင့်ကျကျ နေရာတွေမှာ ပုန်းနေတဲ့ လူကြီးတွေပဲ...။
အခု သူတို့ အကြောင်းကို အားလုံး သိသွားပြီ ဆိုတော့ အဲဒါက လီယီတောင်း ဂရုစိုက်ရမယ့် ကိစ္စ မဟုတ်တော့ဘူးလေ...။
သူ ဂရုစိုက်တာက ရေတို အတွင်းမှာ တစ်ဖက်လူက သူတို့ကို တိုက်ခိုက်လာမလား ဆိုတာကိုပဲ...။
တကယ်လို့ မလာဘူး ဆိုရင်တော့... လီယီတောင်း ကလည်း သူတို့ကို အရင် သွားပြီး ပြဿနာ ရှာဖို့ အစီအစဉ် မရှိပါဘူး...။
ကိစ္စတွေက သေချာပေါက် အဲဒီလောက် မရိုးရှင်းပါဘူး... သူကလည်း ငတုံး မှ မဟုတ်တာ...။
အဘိုးအို နေကောင်းလာတဲ့ အထိ စောင့်ပြီးမှ အကုန်လုံးကို တိုင်ပင်လို့ ရပါတယ်...။
သို့သော် အကယ်၍ တစ်ဖက်လူက လီယီတောင်းနှင့် အခြားသူများကို တိုက်ခိုက်ရန် စီစဉ်နေပြီ ဆိုပါက လီယီတောင်းက သေချာပေါက် လက်ဦးမှု ရယူရန် နည်းလမ်း ရှာရပေမည်။
မကြာသေးမီက သူ ရရှိထားသော စွမ်းရည်မှာ ၂၄ နာရီ အတွင်း ပြန်လည် အသစ်ဖြစ်နိုင်ကြောင်း သိထားသဖြင့် တစ်ဖက်လူ၏ အခြေအနေကို သိရှိပါက ၎င်းစွမ်းရည်ကို လျှို့ဝှက်စွာ အကြိမ်ကြိမ် အသုံးပြုနိုင်ပေသည်။
၎င်း၏ အကျိုးသက်ရောက်မှုက အမြင့်မားဆုံး ဖြစ်လာမည်မှာ သေချာပြီး တစ်ဖက်လူကို သေချာပေါက် အသေအလဲ ထိခိုက်စေနိုင်မည် ဖြစ်၏။
သို့သော် ဤအရာ အားလုံးအတွက် အစီအစဉ် တစ်ခုတော့ လိုအပ်ပေသည်။ မဟုတ်လျှင် သူ ဘာမှ မလုပ်ရသေးမီမှာပင် တစ်ဖက်လူ၏ ရိပ်မိခြင်းကို ခံရပြီး တန်ပြန် တိုက်ခိုက်ခံရပါက ကြိုးစားသမျှ သဲထဲရေသွန် ဖြစ်သွားပေလိမ့်မည်။
" ဒါ့အပြင်... မင်း ငါတို့ကို စုံစမ်းခိုင်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့... လောလောဆယ် ဘာသတင်းအချက်အလက်မှ တိတိကျကျ မရသေးဘူး... "
အကြီးအကဲလျန်က ဆက်လက် ရှင်းပြလေသည်။
" ဒါပေမဲ့ ဒီလူနှစ်ယောက်နဲ့ ပတ်သက်ပြီး... ငါတို့ လူတွေက ထူးခြားတာ တချို့ သတိထားမိခဲ့တယ်... သူတို့က အကြီးအကဲဖူရဲ့အိမ်ပတ်ဝန်းကျင်မှာ မကြာခဏ ပေါ်လာတတ်ပြီး သူတို့ဆီမှာ အထူး စွမ်းရည်တွေလည်း ရှိတယ်... ပြီးတော့ အရေးအကြီးဆုံးက... ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က သူတို့ဆီကနေ ပြင်းထန်တဲ့ လူသတ်ချင်တဲ့ အငွေ့အသက်ကို ခံစားခဲ့ရတယ်... "
" ဒါကြောင့် တစ်ဖက်လူက သူလျှို အဖြစ် ပြင်ဆင်နေတာ ဖြစ်ဖို့ များတယ်... ဒါပေမဲ့ စိတ်မပူပါနဲ့... ငါ အဖွဲ့အစည်းကို တင်ပြထားပြီးပြီ... မကြာခင် အကြီးအကဲ နှစ်ယောက် ရောက်လာလိမ့်မယ်... သူတို့ ကိုယ်တိုင် အကြီးအကဲဖူရဲ့အိမ်ပတ်ဝန်းကျင်မှာ စောင့်ကြပ်ပေးလိမ့်မယ်... "
အကြီးအကဲလျန် ဤသို့ ပြောလိုက်ချိန်တွင် လီယီတောင်းက သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်လေသည်။
သူ စိတ်ထဲမှ ရယ်မောလိုက်မိ၏။ တစ်ဖက်လူက တကယ်ကို အစွမ်းကုန် ကြိုးစားနေတာပဲ လို့ သူ တွေးလိုက်မိသည်။
သို့သော် အဘိုးအို၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ ယခုတိုင် သေချာ မသိသေးပေ။
ဤမသိရသေးသော နယ်ပယ်ထဲသို့ သူ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လာလေလေ အဘိုးအို၏ အခြေအနေနှင့် ပတ်သက်၍ သူ ပိုမို အံ့အားသင့်ရလေလေပင်။
လက်ရှိ အခြေအနေတွင် လီယီတောင်း၏ သဘောတူညီချက် မရှိဘဲ အဘိုးအို၏ အိမ်ပတ်ဝန်းကျင်၌ လူများ ချထားရန် ဆိုသည်မှာ သူတို့အတွက် မဖြစ်နိုင်ပေ။ အဘိုးအို ဒဏ်ရာ မရထားသည့် အချိန်တွင် ဆိုလျှင်တော့ သူတို့ တွေးတောင် တွေးရဲမည် မဟုတ်ပေ။
အခုလို လုပ်ဖို့ သူတို့ စဉ်းစားရတဲ့ အကြောင်းရင်းက အဘိုးအို ဒဏ်ရာ ရထားလို့ မျက်နှာလို မျက်နှာရ လုပ်ချင်တဲ့ အခွင့်အရေး ရသွားလို့ပဲလေ...။
ဒါပေမဲ့ ဒီအခွင့်အရေး ကလည်း တစ်ယောက်ယောက်ရဲ့ ထောက်ခံချက် လိုတယ်လေ... ဥပမာ လီယီတောင်း လို လူမျိုးပေါ့...။ တစ်ယောက်ယောက်က သူတို့ကို အခွင့်အာဏာ ပေးမှသာ သူတို့ ဒီလို လုပ်ရဲမှာ...။
သို့သော် လီယီတောင်းက ဤအရာ အားလုံးကို နားလည်သော်လည်း အဘိုးအို၏ လုံခြုံရေးအတွက် သူ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်လေသည်။
" ဒီအချက်အလက် နှစ်စုံကို ကျွန်တော် ယူသွားမယ်... တကယ်လို့ အခြေအနေ အသစ်တွေ ရှိလာရင် ချီယွီချန် ကို ကျွန်တော့်ဆီ ဖုန်းဆက်ခိုင်းလိုက်ပါ... "
လီယီတောင်းက မတ်တပ်ရပ်ရင်း ပြောလိုက်လေသည်။
ချီယွီချန်ကို ဖုန်းဆက်ခိုင်းလိုက်ပါ ဆိုသည့် နောက်ဆုံး စကားကြောင့် အကြီးအကဲလျန် ပြုံးလိုက်မိ၏။
လီယီတောင်းနှင့် တပ်ဖွဲ့ ၃၆ အကြား ပိုမို နက်ရှိုင်းသော ပူးပေါင်းဆောင်ရွက်မှု ရှိလာမည်၊ မရှိလာမည်ကို ဘေးဖယ်ထားလျှင်ပင် အနည်းဆုံးတော့ လောလောဆယ်တွင် နှစ်ဖက် အကြားရှိ ပွတ်တိုက်မှုများနှင့် နားလည်မှု လွဲမှားခြင်း အချို့ကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်ကြောင်း သူ သိလိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် လီယီတောင်း၏ အမြင်တွင် တပ်ဖွဲ့ ၃၆ ၌ ယခုအခါ သူ ဆက်သွယ်နိုင်သော လူတစ်ယောက်တော့ အနည်းဆုံး ရှိနေပြီ ဖြစ်သောကြောင့်ပင်။
မတ်တပ်ရပ်ပြီးနောက် လီယီတောင်းက အတွင်းခန်းဆီသို့ တန်းဝင်သွားလိုက်၏။
ချီယွီချန်နှင့် အဖြူရောင် ဝတ်စုံနှင့် လူတို့ အပေါ် နတ်ဘုရားလက် ကို အသုံးပြုပြီးနောက် သူ လှည့်၍ ထွက်လာခဲ့လေသည်။ လှုပ်ရှားမှုက မြန်ဆန်သော်လည်း အကျိုးသက်ရောက်မှုကတော့ သိသာလှ၏။
လူနှစ်ယောက်၏ စောင့်ကြည့်ရေး စက်ကိရိယာများမှ အခြေအနေများ စတင် ပြောင်းလဲလာလေသည်။
" ကျန်တာတွေကိုတော့ ဆေးရုံရဲ့ ပုံမှန် လုပ်ထုံးလုပ်နည်းတွေ အတိုင်း ဆက်ကုသပေးလို့ ရပါပြီ... သူတို့ မကြာခင် သတိရလာပါလိမ့်မယ်... "
" ကောင်းပါပြီ... သူတို့ ကိုယ်စား မင်းကို ကျေးဇူးတင်ပါတယ်... "
လီယီတောင်း အသာအယာ ခေါင်းခါလိုက်ပြီး ဘာစကားမျှ မဆိုဘဲ ထွက်လာခဲ့လေသည်။ သူ့ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေ ပိုလေးလာတယ်လို့ သူ ခံစားနေရတယ်...။
သူ့ရဲ့ ခွန်အားတွေ တိုးလာတာနဲ့ အမျှ သူ ရင်ဆိုင်ရမယ့် အကျပ်အတည်း တွေကလည်း ပိုကြီးလာတယ်...။
ဒါက ပိုအစွမ်းထက်လာလေလေ... တာဝန် ပိုကြီးလာလေလေ ဆိုတဲ့ သဘောလား...။
နာရေးဝန်ဆောင်မှု ဆိုင်သို့ ပြန်ရောက်သောအခါ ဟာလာဟင်းလင်း ဖြစ်နေ၍ လီယီတောင်း ရင်ထဲ ဟာတာတာ။
ခဏတာမျှ သူ အနည်းငယ် နေရခက်သွားမိ၏။
အရင်တုန်းကဆို လီယီနို အသံတွေနဲ့ ဆူညံ သက်ဝင်နေခဲ့တာပေါ့…။
သူ ရုတ်တရက်ကြီး ပျောက်သွားတော့ လီယီတောင်း တစ်ယောက်တည်း အထီးကျန်ခဲ့ရပြန်တယ်။
ဘာပဲဖြစ်ဖြစ်... ဒီကမ္ဘာပေါ်မှာ ညီမလေး လီယီနို တစ်ယောက်တည်းကသာ သူ အရင်းနှီးဆုံးလို့ ခံစားရတဲ့ သူလေ...။
နောက်ပိုင်းတော့ လီရှင်းထင် နဲ့ ကျိုးရှုရီ တို့ ရောက်လာတာကလည်း အထီးကျန်မှုကို သက်သာစေခဲ့ပါတယ်...။
လီယီနို ရှိနေသလိုမျိုး မဖြစ်နိုင်ဘူး ဆိုရင်တောင်မှ အနည်းဆုံးတော့ နည်းနည်း စည်ကားနေသေးတယ်လေ...။
ဒါပေမဲ့ အခုတော့ လီယီတောင်း အနာဂတ်ကို ကြိုမြင်နေရပြီ...။ အဖြစ်အပျက်တွေ တိုးတက်လာတာနဲ့ အမျှ ဘဝက ဘယ်တော့မှ အရင်လို လွယ်ကူတော့မှာ မဟုတ်ဘူး...။
ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်ရင်း မျက်လုံးများကို မှိတ်ကာ တစ်ကိုယ်တော် အတွေးနယ်ချဲ့နေမိသည်။
အချိန် ဘယ်လောက် ကြာသွားမှန်း မသိ၊ လီယီတောင်း တဖြည်းဖြည်းနှင့် အိပ်မောကျသွားလေသည်။
သူ ပြန်နိုးလာချိန်တွင် ည ၈ နာရီပင် ကျော်နေလေပြီ။
အချိန်ကို စစ်ဆေးပြီးနောက် လီယီတောင်း ပလက်ဖောင်းထဲသို့ ဝင်ကာ Live ကို ဖွင့်လိုက်၏။
သူ တစ်ခုခု လုပ်တော့မယ် ဆိုကတည်းက သက်တမ်း နည်းနည်း အရင် စုဆောင်းထားတာ ပိုကောင်းတယ်လေ...။
အရင်းအမြစ်တွေ လက်ထဲမှာ ရှိနေမှ တိုက်ပွဲတွေနဲ့ ရင်ဆိုင်ရတဲ့ အခါ ပြာယာခတ် မနေမှာ...။
***