လီယီတောင်း Live ဖွင့်လိုက်ချိန်မှာ အချိန်ကောင်းပင်။
လူတိုင်း ဖုန်းတွေနဲ့ အလုပ်ရှုပ်နေပြီး ဇာတ်ကားတွေ ကြည့်နေကြတဲ့ အချိန်လေ...။
ထို့ကြောင့် Live ထဲသို့ ပရိသတ် တစ်သိန်းကျော် အလျင်အမြန် ဝင်ရောက်လာကြလေသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်ကမှ အနည်းငယ် စိတ်အေးလက်အေး ရှိနေခဲ့သော ပလက်ဖောင်း တာဝန်ရှိသူများနှင့် ဆိုက်ဘာ ရဲအရာရှိများမှာ ယခုအခါ အရေးပေါ် အသင့်အနေအထားသို့ ပြန်ရောက်သွားကြပြန်၏။
တခြား ရွေးချယ်စရာ မရှိဘူးလေ...။ လီယီတောင်းရဲ့ လွှမ်းမိုးနိုင်စွမ်းက အရမ်းကို ကြီးမားလွန်းနေတာကိုး...။
သူ့အတွက်တော့ သေဆုံးမယ့်သူတွေကို Follow ဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းက ဗီဒီယိုတိုလေးတွေ လွှင့်တဲ့ နည်းလမ်းတွေကနေ တစ်ဆင့်ပဲလေ...။
ဒါကြောင့်မို့လို့ Live လွှင့်တာက လီယီတောင်း အတွက် ဘယ်တော့မှ ရပ်တန့်သွားမယ့် ကိစ္စ မဟုတ်ပါဘူး...။
မကြာသေးမီက သူ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကဲ့သို့ အလွန်အမင်း အလုပ်ရှုပ်နေချိန်မျိုးတွင်သာ သူ Live လွှင့်ရန် အချိန်မရှိ ဖြစ်သွားနိုင်ချေ ရှိပေသည်။
ဒါပေမဲ့ အခုတော့... သူ့မှာ သက်တမ်း ပိုစုဆောင်းဖို့ လိုအပ်နေပြီလေ...။
ဒီလို အခြေအနေမျိုးမှာ... သူ လှုပ်ရှားဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိတော့ဘူး...။
Live လွှင့်ရခြင်း၏ အကြောင်းရင်းနှင့် ပတ်သက်၍ လီယီတောင်း တစ်ခုကို တွေ့ရှိခဲ့၏။
သူ့ဘာသာသူ ဗီဒီယိုတွေကို ကြည့်တဲ့အခါ follow လုပ်စရာလူ သိပ်မတွေ့ဘူး…။
ဒါပေမဲ့ တကယ်လို့ သူက Live ဖွင့်ပြီး အွန်လိုင်းက သူငယ်ချင်း အများကြီးနဲ့ အတူတူ ဗီဒီယိုတွေကို ကြည့်မယ် ဆိုရင်တော့... ထိရောက်မှုက သိသိသာသာ မြင့်တက်လာတယ်လေ။
ဘာလို့လဲ ဆိုတော့ အချိန်တော်တော်များများမှာ ဒီအွန်လိုင်း သူငယ်ချင်းတွေက သူ့ကို ID တွေ အများကြီး ပို့ပေးတတ်ကြလို့ပဲ... ပြီးတော့ ဒီ ID တွေက... ရာခိုင်နှုန်း အပြည့် မဟုတ်ဘူး ဆိုရင်တောင်... ၅၀ ရာခိုင်နှုန်း ကျော်လောက်က အဲဒီ သေချင်နေတဲ့ ကောင်တွေ၊ ဒါမှမဟုတ် သေရတော့မယ့် လူတွေချည်းပဲလေ...။
လီယီတောင်း အစီအစဉ် ဆွဲထားလိုက်သည်။
တကယ်လို့ သူက လူသုံးဆယ်လောက်ကို အာရုံစိုက်ပြီး Follow နိုင်မယ် ဆိုရင်... သူ့မှာ သက်တမ်း နှစ်တစ်ထောင်လောက် ရလာမှာပဲ...။
ဒါက သူ့အတွက် ပိုပြီး လုံခြုံမှု ရှိစေမှာပါ...။
ထို့ပြင် နောက်ဆက်တွဲ မစ်ရှင် နှစ်ခုလောက်သာ ရခဲ့မည် ဆိုပါက အကျိုးသက်ရောက်မှုက ပို၍ပင် ကောင်းမွန်သွားပေလိမ့်မည်။
Live ထဲတွင် ကြည့်ရှုသူများ အဆက်မပြတ် တိုးလာနေပြီး စခရင်ပေါ်တွင် လက်ဆောင်များ ပျံဝဲနေသည်ကို လီယီတောင်း စောင့်ကြည့်နေလိုက်၏။
လီယီတောင်း ပြုံးလိုက်ပြီး Live ထဲရှိ ပရိသတ်များကို ညင်သာစွာ ပြောလိုက်သည်။
" ငါ Live မလွှင့်တာ နည်းနည်း ကြာသွားပေမဲ့... မင်းတို့ အားလုံးက စောင့်နေကြတုန်းပဲနော်... အားလုံးကို ကျေးဇူးတင်ပါတယ်... "
" ငါ့အကျင့်ကို မင်းတို့ အားလုံး သိကြပါတယ်... ငါ စကားအများကြီး မပြောပါဘူး... ငါတို့ အတူတူ ဗီဒီယို တချို့ သွားကြည့်ကြတာပေါ့... "
" အင်း... လက်ဆောင်တွေ ပေးဖို့ မလိုပါဘူး သူငယ်ချင်းတို့... စခရင်ပေါ်က လက်ဆောင်တွေက ကြည့်တဲ့သူတွေကို အနှောင့်အယှက် ဖြစ်နေပါဦးမယ်... ပြီးတော့ အခု လောလောဆယ် မင်းတို့ရဲ့ လက်ဆောင်တွေကို ငါ မလိုသေးဘူး... ငါ ဆိုလိုတာကို မင်းတို့ သိပါတယ်... "
လီယီတောင်း၏ စကားများကို ကြားသောအခါ Live ထဲရှိ ပရိသတ်များက comment များကို စတင် ရေးသားကြတော့၏။
" ကြည့်... ကြည့်စမ်း... ဒါ ဘယ်လိုစကားမျိုးလဲ... လက်ဆောင်ပေးစရာ မလိုဘူး၊ ပြီးတော့ သူ ဆိုလိုတာကို ငါတို့ သိတယ် ဟုတ်လား... ငါတို့ တကယ် နားမလည်ပါဘူးကွာ... "
" ဟီးဟီး... အစ်ကိုယီတောင်းက ပိုက်ဆံ လိုနေလို့လား... အစ်ကိုယီတောင်း မျက်နှာသာ ရဖို့ ကြိုးစားနေတဲ့ သူဌေးတွေ ဘယ်နှယောက် ရှိလဲ ဆိုတာတောင် မသိဘူး... အစ်ကိုယီတောင်းက မင်းတို့ ပိုက်ဆံကို လိုမယ် ထင်နေတာလား... "
" တရားဝင် ပလက်ဖောင်းရဲ့ ကြေညာချက်ကို သွားဖတ်ကြည့်ဦး... အစ်ကိုယီတောင်းရဲ့လက်ဆောင်တွေကို လုံးဝ မဖြတ်တဲ့ အပြင် ဝန်ဆောင်ခတွေကိုတောင် ပလက်ဖောင်းက ကျခံပေးတာတဲ့... "
" လခွမ်း... အစ်ကိုယီတောင်းက တကယ် အစ်ကိုယီတောင်းပါပဲ... အမိုက်စားပဲကွာ... "
" တကယ်တမ်း စဉ်းစားကြည့်ရင်... ဒါက ပုံမှန်ပါပဲ... သေမင်းတမန် ဆီကနေ လက်ဆောင်တွေ ခွဲယူဖို့ ပလက်ဖောင်းမှာ အဲဒီလောက် အစွမ်းအစ ရှိလို့လား... "
" အစွမ်းအစ ရှိရင်တောင် သူတို့မှာ သတ္တိ ရှိလို့လား... "
" သတ္တိ ရှိရင်တောင် အစွမ်းအစ ရှိလို့လား... "
" အစွမ်းအစ ရှိရင်တောင်... "
" အိုး ဘုရားရေ... အပေါ်ကလူတွေ... အာချောင်တာတွေ ရပ်... "
Live ထဲမှ comment များကို ဂရုမစိုက်တော့ဘဲ ဗီဒီယိုများကို စတင်ကြည့်ရှုလေတော့သည်။
" အိုး အိုး အိုး... လာပြီဟေ့... ငါ အကြိုက်ဆုံး စီးရီးပဲ... "
" ဝါး... တအား လှတာပဲ... ငါ အကြိုက်ဆုံးလေး... "
" ဟုတ်တယ်... ယောဂဆရာမလေးကို ခေါ်လိုက်... ဗီဒီယို ဖွင့်လိုက်တိုင်း ဘာလို့ ယောဂဆရာမလေး ဖြစ်နေရတာလဲ ဆိုတာကို မြန်မြန် ပြောပြ... "
" ဟီးဟီး... တကယ်တော့ ငါ အကွက်တစ်ခု ရှာတွေ့ထားတယ်... လိုချင်တဲ့သူ ရှိရင် မက်ဆေ့ချ် ပို့လိုက်... ၉၉၈ ယွမ် လည်း မဟုတ်ဘူး၊ ၈၉၉ ယွမ် လည်း မဟုတ်ဘူး... ၁၉.၉ ယွမ် တည်းနဲ့ အခမဲ့ သင်ခန်းစာတွေကို ရနိုင်မယ်... "
" လိမ်စားတဲ့ကောင်... ထွက်သွားစမ်း... လခွမ်း... လိမ်စားတဲ့ ကောင်တွေကို တွေ့ရင် တွေ့တဲ့ နေရာမှာ ရိုက်ပစ်မယ်... "
" ကဲပါ... ကဲပါ... အားလုံးပဲ... တင်ပါးကို ရောင်းနေတဲ့ ကောင်မလေးကိုပဲ သေချာ ကြည့်ကြ... အာ... ငါ ပြောတာ မှားသွားပြီ... ယောဂ အဝတ်အစားတွေ ရောင်းနေတဲ့ ကောင်မလေးကိုပဲ သေချာ ကြည့်ကြ... "
" အာရုံစိုက်ထား... အစ်ကိုယီတောင်း ကြည့်နေတာ နာရီဝက်လောက် ရှိနေပြီ... မကျော်သွားသေးဘူး ဆိုတာ မင်းတို့ မြင်တယ် မလား... "
" ဟုတ်တယ်... အစ်ကိုယီတောင်းက တအားကို အာရုံစိုက်နေတာ... ငါ... "
" ဟင်... လခွီးပဲ... တစ်ခုခုတော့ မှားနေပြီ... "
" တကယ်လား... အဲဒီလောက်တောင် ပေါက်ကွဲစရာ ကောင်းနေတာလား... "
" အပေါ်ကလူက ဘာတွေ ပြောနေတာလဲ... ဘာက ပေါက်ကွဲစရာ ကောင်းတာလဲ... အစ်ကိုယီတောင်း ကများ... ဒီကောင်မလေးကို သဘောကျသွားတာလား... သူမရဲ့ ခန္ဓာကိုယ်က... သာမန်လောက်ပဲ ရှိတာကို... "
" ဟီးဟီး... အပေါ်ကလူ ခန့်မှန်းတာ မှန်တယ်... အစ်ကိုယီတောင်းက ဒီကောင်မလေးကို သဘောကျသွားတာ... ဒါပေမဲ့... "
" ဒါပေမဲ့ ဘာဖြစ်လဲ... မင်းတို့ ဘာတွေ ပြောနေကြတာလဲ... မင်းတို့ စကားတွေက ငါ့ကို စိုးရိမ်လာအောင် လုပ်နေတယ်နော်... "
" ဒါပေမဲ့... ဒီသဘောကျတာက သာမန် သဘောကျတာမျိုး မဟုတ်ဘူးလေ... "
" အဲဒါ ဘာအဓိပ္ပာယ်လဲ... ဒါ ဘယ်လို ဟာသမျိုးလဲ... "
" ဟုတ်တယ်... မင်းတို့ ဘာတွေ ပြောနေတာလဲ... "
" အမှိုက်ကောင်တွေ... အကုန်လုံးက စကားထာဝှက်တမ်း ကစားနေကြတယ်... တောက်... "
Live ထဲရှိလူများ အူမြူးနေသလောက် လီယီတောင်း တစ်ယောက် ဤအချိန်တွင် အတွေးထဲ နစ်မျောနေလေသည်။
စနစ်ကများ မှားသွားတာလား ဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။
ဘယ်လိုလုပ်ပြီး ဒီလောက် တိုက်ဆိုင်နိုင်ရတာလဲ...။
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ကခုန်ရတာ ဝါသနာပါတဲ့ ညီအစ်မ သုံးဖော် ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - အတုအယောင် ယောဂ ဝတ်စုံများကို ရောင်းချကာ ဝယ်ယူသူများအား မတော်တဆမှုများ ဖြစ်ပေါ်စေခဲ့သောကြောင့် နောက်ဆုံးတွင် သူမ ကိုယ်တိုင် မတော်တဆ သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၉၉% ]
[ သင့် အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
အစကတည်းက သေဆုံးနိုင်ခြေ ၉၉ ရာခိုင်နှုန်း ဖြစ်နေသဖြင့် သူ အခုတလော တာဝန် ပေါ့လျော့နေ၍ စနစ်က သူ့ထံ စွမ်းဆောင်ရည် ပစ်မှတ် တစ်ခု ပေးပို့လိုက်ခြင်းများလား ဟု လီယီတောင်း သံသယ ဝင်မိလေသည်။
ထိုမျှမကသေးပေ။ ဤလူမှာ ကျန်းမြို့မှ ဖြစ်ကြောင်းကိုပါ လီယီတောင်း တွေ့ရှိလိုက်ရ၏။
' ဒါက... တကယ်လို့ သူသာ အကွက်တွေ သေချာ ချနိုင်မယ် ဆိုရင်... ဒါက သူ့အတွက် " ကံကောင်းတဲ့ အစပျိုးမှု " တစ်ခု ဖြစ်လာမှာ မဟုတ်ဘူးလား... '
အစကတော့ လီယီတောင်း နည်းနည်း နှမြောသလို ခံစားခဲ့ရတာ...။
ဒီလို လှပတဲ့ ခန္ဓာကိုယ်လေးက... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပျောက်ကွယ်သွားရတော့မယ်လေ...။
ဒါပေမဲ့ သေရတဲ့ အကြောင်းရင်းကို မြင်လိုက်ရတဲ့ အချိန်မှာတော့ အဲဒီ နှမြောတဲ့ စိတ်လေး ပျောက်သွားတယ်...။
ဒီလို လူမျိုးကို Follow ဖို့ ကတော့... ဘာမှ အားစိုက်နေစရာ မလိုပါဘူးလေ...။
မည်သို့မျှ တွန့်ဆုတ်မနေဘဲ သူက တိုက်ရိုက် Follow လိုက်ပြီး Like ပေးလိုက်လေသည်။
" မကောင်းမှု များတဲ့သူတွေက နောက်ဆုံးမှာ ပျက်စီးရမှာပဲ... အမြတ်အစွန်း အတွက် တခြားသူတွေကို ဒုက္ခပေးတဲ့ အခါ... အဲဒီ ဒုက္ခက မင်းဆီ အမြဲတမ်း ပြန်လာလိမ့်မယ်... "
comment တွင် လီယီတောင်းက သူ၏ အသစ် ပြင်ဆင်ထားသော ကြော်ငြာစာသားကို ထိပ်ဆုံးတွင် တင်လိုက်လေသည်။
" သေပြီးရင် စိတ်ပူစရာ မလိုပါဘူး... လီယီတောင်းက လိုက်ပို့ပေးပါမယ်... တစ်နေရာထဲမှာ အစုံရနိုင်တဲ့ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုကြောင့် သင် ချစ်ရသူတွေ စိတ်အေးချမ်းစေဖို့ အာမခံပါတယ်... သေဆုံးခြင်း နှစ်ပတ်လည် အထူး လျှော့ဈေး... စူပါ အခမဲ့ ဝန်ဆောင်မှုတွေ ရဖို့ အခုပဲ ဘိုကင် လုပ်လိုက်ပါ... ဒီနှစ်ပတ်လည် ပွဲတော် အတွင်းမှာပဲ ရနိုင်မှာနော်... "
လီယီတောင်း၏ comment နှင့် ပုံမှန် မဟုတ်သော ကြော်ငြာစာသားတို့ကြောင့် Live တစ်ခုလုံး ဇဝေဇဝါ အခြေအနေသို့ ကျရောက်သွားတော့၏။
" ဒီမှာ ဘာတွေ ဖြစ်နေတာလဲ... "
" အိုး ဘုရားရေ... နှစ်ပတ်လည် ပွဲတော် လုပ်ပြီး အခမဲ့ ဝန်ဆောင်မှုတွေ ပေးမယ် ဟုတ်လား... အစ်ကိုယီတောင်းက ဘာတွေ ကြံစည်နေတာလဲ... "
" အစ်ကိုယီတောင်းက ပွဲတော် ကျင်းပမလို့လား... အိုး ဘုရားရေ... အဖြစ်ဆိုး တစ်ခုခု ဖြစ်တော့မလို့လား... "
Live ထဲတွင် ခဏတာ မှင်သက် တိတ်ဆိတ်သွားပြီးနောက် ကြည့်ရှုသူများက comment များ စတင် ရေးသားကြတော့၏။
" အိုး ဘုရားရေ... ငါတော့ တအား လန့်သွားတာပဲ... အစ်ကိုယီတောင်းက ပွဲတော် လုပ်တော့မယ်... ငါ့ဗီဒီယိုတွေ အကုန်လုံး အမြန် ဖြုတ်ချလိုက်ပြီ... "
" လခွီးပဲ... "
" အစ်ကိုယီတောင်း တစ်ခုခု ကြံစည်နေပြီ... အရင်က Follow ဖို့ လုံးဝ စိတ်မကူးခဲ့တဲ့ ယောဂ ကောင်မလေးကိုတောင် အခု Follow လိုက်ပြီ... "
" အစ်ကိုယီတောင်းက အခုတလော ပျင်းနေပြီး စွမ်းဆောင်ရည် စံနှုန်းတွေ မပြည့်မီလို့များလား... အထက်ကနေ သူ့ကို တာဝန် ပေးလိုက်တာများ ဖြစ်နိုင်မလား... "
" အဲဒါ ဖြစ်နိုင်ခြေ တအား များတယ်... အိုး ဘုရားရေ... တအား ကြောက်စရာ ကောင်းတာပဲ... တကယ်ကြီးနော်... "
" ငါ ဒါကို ခံနိုင်ရည် မရှိတော့ဘူး... ကံကောင်းလို့ ရေချိုးခန်းထဲ ရောက်နေလို့... မဟုတ်ရင် ၈,၀၀၀ ပေးပြီး ဝယ်ထားတဲ့ ငါ့အတွင်းခံတော့ သေးစိုပြီး ပျက်စီးပါပြီကွာ... "
" အပေါ်ကလူ... မင်းက ကြွားနေတာလား၊ ဒါမှမဟုတ် ဟန်လုပ်နေတာလား... "
" တကယ်ပဲ... အစ်ကိုယီတောင်းက ရမ်းသမ်း သတ်တော့မလို့လား... "
" ကြောက်လွန်းလို့ တုန်နေပြီ... "
Live ကို စောင့်ကြည့်နေသော ပလက်ဖောင်း တာဝန်ရှိသူများ၊ ဆိုက်ဘာ ရဲအရာရှိများနှင့် အချို့သော သြဇာလွှမ်းမိုးမှု ရှိသူများပင် ဤအချိန်တွင် လုံးဝ ဇဝေဇဝါ ဖြစ်သွားကြလေသည်။
သူတို့ အားလုံးက အရူးတွေလို ပြုမူနေကြပြီး ဤသတင်းအချက်အလက်ကို သူတို့၏ အထက်လူကြီးများထံ ဆက်တိုက် သတင်းပို့နေကြ၏။
တစ်ခုခုတော့ အကြီးအကျယ် ဖြစ်တော့မယ်...။
***