Follow လုပ်ပြီးနောက် လီယီတောင်း မတုံ့ဆိုင်းဘဲ ချက်ချင်း ကျော်သွားလိုက်လေသည်။
သူ့အတွက်တော့ ဒီနေ့က ပရိသတ်တွေကို Follow လုပ်ဖို့ သီးသန့် နေ့တစ်နေ့ပဲလေ...။
သို့သော် ဒုတိယလူ၏ ပရိုဖိုင်ကို သူ ဖွင့်လိုက်ချိန်တွင် အခြေအနေ ပိုဆိုးသွားတော့၏။
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : မက်မွန်သီး]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - ခန္ဓာကိုယ် အချိုးအစားကို ထိန်းသိမ်းရန် ကာလရှည် အစာရှောင်ခြင်းနှင့် ယောဂ ပျော့ပြောင်းမှု လေ့ကျင့်ခန်းများကို အလွန်အကျွံ ပြုလုပ်ခြင်းတို့ကြောင့် ကျန်းမာရေး ပြဿနာများ ဖြစ်ပေါ်လာခဲ့သည်။ မကြာမီ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၉၉% ]
[ သင့် အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။ ]
သေဆုံးနိုင်ခြေ ၉၉ ရာခိုင်နှုန်း ရှိတဲ့ နောက်ထပ် ပရိသတ် တစ်ယောက်... ပြီးတော့ သူကလည်း ယောဂ ဝါသနာရှင် တစ်ယောက် ဖြစ်နေပြန်တယ်။
ဤအချိန်တွင် လီယီတောင်း လုံးဝ ကြောင်အမ်းသွားတော့၏။
ဘာတွေ ဖြစ်နေတာလဲ...။
ဒုတိယ Follow လိုက်ရသူက ယောဂ ကောင်မလေး ဖြစ်နေတာကိုတော့ လီယီတောင်း မအံ့သြပါဘူး...။
ဒါပေမဲ့... သေဆုံးနိုင်ခြေ ၉၉ ရာခိုင်နှုန်း ဟုတ်လား...။
ပြီးတော့ သူမက ဒုတိယမြောက် Follow ခံရသူလား...။
ဒါ ယုံနိုင်စရာ မရှိဘူးလေ...။
ဒါပေမဲ့... စနစ်က အသိပေးချက် ပေးလာပြီ ဆိုတော့ လီယီတောင်း အနေနဲ့ ငြင်းဖို့ ရွေးချယ်စရာ မရှိတော့ဘူး...။
သူ Follow လိုက်ရုံပဲ တတ်နိုင်တော့ပြီး comment ရေးလိုက်၏။
" အတွင်းရော အပြင်ပါ လှပပါတယ်... ဒါပေမဲ့ ကျန်းမာရေးက အရေးအကြီးဆုံးပါ... "
“ သေပြီးရင် စိတ်ပူစရာ မလိုပါဘူး... လီယီတောင်းက လိုက်ပို့ပေးပါမယ်... တစ်နေရာထဲမှာ အစုံရနိုင်တဲ့ ပြီးပြည့်စုံတဲ့ ဝန်ဆောင်မှုကြောင့် သင် ချစ်ရသူတွေ စိတ်အေးချမ်းစေဖို့ အာမခံပါတယ်... သေဆုံးခြင်း နှစ်ပတ်လည် အထူး လျှော့ဈေး... စူပါ အခမဲ့ ဝန်ဆောင်မှုတွေ ရဖို့ အခုပဲ ဘိုကင် လုပ်လိုက်ပါ... ဒီနှစ်ပတ်လည် ပွဲတော် အတွင်းမှာပဲ ရနိုင်မှာနော်... “
လီယီတောင်း၏ Follow အသိပေးချက်ကို မြင်သောအခါ Live ထဲရှိ ပရိသတ်များ လုံးဝ ဇဝေဇဝါ ဖြစ်သွားကြတော့၏။
ဒုတိယမြောက်။
ဒါက ဒီနေ့ လီယီတောင်း တွေ့ခဲ့တဲ့ ဒုတိယမြောက် ဗီဒီယို ဖြစ်ရုံသာမက သူ Follow လိုက်တဲ့ ဒုတိယမြောက် Streamer လည်း ဖြစ်နေတယ်။
ဒီလို အခြေအနေမျိုးမှာ လူတွေ ဘယ်လိုလုပ် မပြာယာခတ်ဘဲ နေနိုင်မှာလဲ...။
သို့သော် လူများ သတိမဝင်လာမီမှာပင် လီယီတောင်းက တတိယမြောက် Streamer ထံသို့ ရောက်ရှိနေပြီ ဖြစ်၏။
[ ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို ရှာဖွေတွေ့ရှိပါသည်၊ ID : ယောဂ ဆီးသီးစိမ်းလေး ]
[ သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - ယောဂ လေ့ကျင့်ခန်း ပြုလုပ်နေစဉ် မတော်တဆ သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၉၉% ]
ဖက်ခ်။
နောက်တစ်ယောက်လား...။
ပြီးတော့ သေဆုံးနိုင်ခြေက ၉၉ ရာခိုင်နှုန်းတောင်။
ယနေ့ စနစ်က ပုံမှန် မဟုတ်ကြောင်း လီယီတောင်း ခံစားလိုက်ရ၏။
တစ်ခုခု ထူးခြားနေတယ် ဆိုတာကို သူ ခံစားမိပေမဲ့ ဒီလောက်တောင် ထူးခြားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး...။
Live ထဲရှိ သူ၏ ပရိသတ်များထံမှ အဆုံးမရှိသော အာမေဍိတ် သင်္ကေတများကို မြင်သောအခါ လီယီတောင်း မလုပ်ချင်သော်လည်း နောက်တစ်ကြိမ် Follow လိုက်လေသည်။
စနစ်က လင်ဗန်းနဲ့တောင် လာဆက်သနေပြီလေ... Follow မလုပ်ရင် ငမိုက်သား ဖြစ်သွားမှာပေါ့…။
သူ စာရိုက်သည့် အကွက်ကို ဖွင့်လိုက်၏။
" လေ့ကျင့်ခန်းက ကျန်းမာရေးရဲ့ အခြေခံပါ... ယောဂက ခန္ဓာကိုယ် အချိုးအစားရဲ့ အရင်းအမြစ်ပါ... ဒါပေမဲ့ ဘေးကင်းရေးကို သေချာအောင် လုပ်ဖို့က အရေးအကြီးဆုံးပါပဲ... "
ထို့ပြင် ထုံးစံမပျက် comment လေးလည်း ရေးလိုက်သေး၏။
ဤ Streamer သုံးဦးကို Follow ပြီးနောက်... မဟုတ်ဘူး... Streamer သုံးဦးကို ဆက်တိုက် Follow ပြီးနောက် Live တစ်ခုလုံး ပေါက်ကွဲသွားတော့၏။
" လခွမ်း... အစ်ကိုယီတောင်း... ဘာတွေ လုပ်နေတာလဲ... ဒါ ဘာအဓိပ္ပာယ်လဲ... "
" အစ်ကိုယီတောင်း... ဒီလို လုပ်လို့ မရဘူးလေ... ဒီနေ့ ဘာဖြစ်နေတာလဲ... အဲဒီ ယောဂ ကောင်မလေး တွေထဲက တစ်ယောက်ယောက်ကများ အစ်ကို့ကို နာကျင်အောင် လုပ်ခဲ့လို့လား... "
" ဟုတ်တယ်... အစ်ကို ဒီလိုမျိုး ဝါးလုံးရှည်နဲ့ သိမ်းကြုံးမရမ်းနဲ့နော်... ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကြောင့် အပြစ်မရှိတဲ့ သူတွေကို ဒုက္ခပေးလို့ မရဘူး... "
" ငါဆို ကြောက်လွန်းလို့ သေးထွက်တော့မယ်... "
" လခွမ်း... အပေါ်ကလူ... မင်းရဲ့ အကြိုက်က တကယ်ကို ထူးခြားတာပဲ... "
" ညီမလေးတို့... အစ်ကိုယီတောင်းက ယောဂကို စွဲလမ်းနေတဲ့ ပုံပဲ... အားလုံး ပြေးကြတော့... "
" ဟုတ်တယ်... ပြေး... ငါလည်း ငါ့အကောင့်ကို အခုချက်ချင်း ဖျက်ပစ်တော့မယ်... တအား ကြောက်စရာ ကောင်းတယ်... အီးဟီးဟီး... "
" ငါတော့ သွားပြီ... ငါ့အကောင့်က ငါ့ရည်းစားဟောင်း ရဲ့ ဖုန်းနံပါတ်နဲ့ ချိတ်ထားတာ... ဒါပေမဲ့ သူ့ကို ဆက်သွယ်လို့ မရဘူး... ဘယ်လို ဖျက်ရမလဲ... "
" @Admin... ငါ့အကောင့်ကို ဖျက်ချင်လို့ပါ... မြန်မြန် လုပ်ပေးပါ... "
" @Admin... ငါလည်း ဖျက်ချင်တယ်... မြန်မြန်... မြန်မြန်... "
" အိုး... မကောင်းတော့ဘူး... နောက်ကျသွားပြီ... အစ်ကိုယီတောင်း ငါ့ကို တွေ့သွားပြီ... ငါတော့ သွားပြီ ညီမလေးတို့... "
" နှုတ်ဆက်ပါတယ် ညီမလေး... ငါတို့ နင့်ကို လွမ်းနေမှာပါ... နင်က ငါတို့ အကောင့်ဖျက်ဖို့ အချိန်ရအောင် အချိန်ဆွဲပေးခဲ့တာပဲ... "
" သူရဲကောင်းမလေး... ဆက်ပြီး ကြိုးစားပါ... နင်က အသတ္တိအရှိဆုံးပဲ... နင် လုပ်နိုင်ပါတယ်... "
" ဟင်... အစ်ကိုယီတောင်းက တကယ်ကြီး follow သွားတာလား... ဟူး... လန့်သွားတာပဲ... "
" ဟားဟား... အစ်ကိုယီတောင်း လှုပ်ရှားပြီ ဆိုရင် ဘယ်သူမှ မယှဉ်နိုင်ဘူး... အစ်ကိုယီတောင်းက ငါတို့ရဲ့ အစ်ကိုယီတောင်း ပါပဲ... "
" အခုတော့ အဆင်ပြေသွားပါပြီ... အဆင်ပြေသွားပါပြီ... အစ်ကိုယီတောင်း ကို ငါ ခုနကပဲ ဖုန်းဆက်လိုက်တယ်... ဒီလို လုပ်လို့ မရဘူးလို့ သူ့ကို ပြောလိုက်တယ်... ဒီလို ကစားလို့ မရဘူးလို့လေ... အစ်ကိုယီတောင်းက သူသိပါတယ်တဲ့... ပြီးတော့ ဒါက တိုက်ဆိုင်မှု သက်သက်ပါလို့လည်း သူက ပြောတယ်... အားလုံးပဲ စိတ်အေးအေး ထားကြပါ... "
" ဟီးဟီး... အပေါ်ကလူ ပြောတာကို ငါ မယုံဘူး... "
" ယုံချင်ယုံ မယုံချင်နေ… ငါ ဂရုမစိုက်ဘူး... ငါ... အစ်ကိုယီတောင်း... ဘယ်လိုလုပ်ပြီး ကျွန်တော့် ဗီဒီယိုကို ကျော်သွားတာလဲ... ကျွန်တော်... အစ်ကိုယီတောင်း... ကျေးဇူးပြုပြီး သနားညှာတာပေးပါ... မလုပ်ပါနဲ့... ကျွန်တော်... ဘယ်လိုလုပ်... "
" အပေါ်ကလူ... မင်းက သောက်ရူးလား... အစ်ကိုယီတောင်း ကို Follow ဖို့ မင်းက တောင်းပန်နေတာလား... "
" ငါ ဆက်မကြွားတော့ပါဘူး... အစ်ကိုယီတောင်း... ကျေးဇူးပြုပြီး Unfollow လုပ်ပေးပါ... အစ်ကိုယီတောင်း... အစ်ကိုယီတောင်း... ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော် မှားသွားပါပြီ... ကျွန်တော့်ကို ခွင့်လွှတ်ပေးလို့ ရမလား... "
" တွေ့လား... ဒါက ဇာတ်ညွှန်းမပါဘဲ ကြွားလုံးထုတ်တဲ့ အကျိုးဆက်ပဲ... အခုတော့ မင်း နောင်တရပြီ မဟုတ်လား... "
" အရမ်း ကြွားလွန်းလို့... ကိုယ့်ဘာသာ ဒုက္ခထဲ ရောက်သွားတာ မဟုတ်လား... "
ဤအချိန်တွင် လီယီတောင်းကလည်း comment အကွက်ထဲမှ " တောင်ပေါ်က ဘုရင်လေး " ဆိုသည့် ID နှင့် အသုံးပြုသူ၏ comment ကို သတိထားမိလိုက်၏။
သူ၏ မျက်နှာထားက အနည်းငယ် ကူကယ်ရာမဲ့သည့် အရိပ်အယောင်လေး ပေါ်လွင်နေလေသည်။
ဒါက တကယ်ကို တိုက်ဆိုင်မှုပါလို့ သူ ပြောရင်... ဘယ်သူကများ ယုံမှာလဲ...။
လီယီတောင်း အနည်းငယ် စကားမပြောနိုင်အောင် ဖြစ်သွားရ၏။ စနစ်က ဒီလိုမျိုး နောက်ပြောင်တတ်တာလား...။
ဒီကောင် စကားပြောပြီးတာနဲ့ ချက်ချင်းပဲ... လီယီတောင်းက သူ့ဗီဒီယိုကို တွေ့သွားတယ်...။
ထိုမျှမကသေးပေ။ စနစ်က အချိန်ကိုက် အသိပေးချက် တစ်ခုပါ ပေးလာသေး၏။
၎င်းက လီယီတောင်းကို အတော်လေး အကျပ်ရိုက်သွားစေခဲ့သည်။
Follow လုပ်ရမလား၊ မလုပ်ရဘူးလား...။
အဖြေကတော့ သေချာပေါက် Follow လုပ်ရမှာပေါ့...။
ဒါပေမဲ့... Follow လုပ်လိုက်ရင် သူ အကျပ်ရိုက်သွားမှာလေ...။
တိုက်ဆိုင်မှု ဟုတ်လား...။
သူကတော့ ယုံကောင်း ယုံနိုင်ပေမဲ့ တခြားသူတွေ ယုံပါ့မလား...။
သို့သော် တခြား ရွေးချယ်စရာ လမ်းမရှိပေ။
Follow မလုပ်လျှင် အလားအလာရှိသော ဖောက်သည် တစ်ယောက်ကို ဆုံးရှုံးရမည် ဖြစ်၍ လီယီတောင်း ထိုသို့ အဖြစ်မခံနိုင်ပေ။
နောက်ပိုင်း အချိန်များတွင် လီယီတောင်း၏ Follow လုပ်သည့် နှုန်းက တဖြည်းဖြည်း လျော့ကျသွားခဲ့လေသည်။
သို့သော် အစပိုင်းကလို သုံးယောက် ဆက်တိုက် Follow လုပ်သည့် အခြေအနေမျိုး ထပ်မဖြစ်တော့ပေ။
၂ နာရီ အကြာတွင် လီယီတောင်းက Streamer ၃၆ ယောက်တိတိကို Follow ခဲ့ပြီး ဖြစ်၏။ ဒီ Streamer ၃၆ ယောက်ထဲမှာ... သာမန် ဖောက်သည် သုံးယောက် ကလွဲရင်... ကျန်တဲ့ သူတွေ အကုန်လုံးက အရည်အသွေးမြင့် ဖောက်သည်တွေချည်းပဲ။
အရည်အသွေးမြင့် ဖောက်သည် ဆိုတာ ဘာကို ကိုယ်စားပြုတာလဲ...။
အဲဒါက ပြင်ပက ဝင်ရောက် စွက်ဖက်မှု မရှိရင် သေဆုံးနိုင်ခြေ တအား များတယ် ဆိုတာကို ညွှန်ပြနေတာပဲ...။
ဒါကြောင့် ဒီနေ့ အလုပ်ကနေ သူ့အတွက် သက်တမ်း နှစ်တစ်ထောင်လောက် ရလာနိုင်တယ်ပေါ့...။
ပြီးတော့ ဒီလူ သုံးဆယ်ကျော် နဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ မစ်ရှင်တွေကိုတောင် ထည့်မတွက်ရသေးဘူး...။
ဆယ့်သုံးယောက်က ကျန်းမြို့မှာ... ရှစ်ယောက်က အနီး ပတ်ဝန်းကျင် ဒေသတွေမှာ... ပြီးတော့ ခြောက်ယောက်က ကျန်းမြို့နဲ့ သိပ်မဝေးဘူး...။
သူတို့ အကုန်လုံး သေရင်... သူတို့ ၂၆ ယောက်ရဲ့ နာရေးကိစ္စကို သူ တာဝန်ယူရနိုင်တယ်... ပြီးတော့ အဲဒါက စူပါ နတ်ဘုရား ရတနာသေတ္တာ ၂၆ လုံး၊ စူပါ သေမင်း သေတ္တာ ၂၆ လုံး နဲ့ မကြာခင်မှာ စွမ်းရည် ၂၆ ခု ရနိုင်ခြေ ရှိတယ်လေ...။
လီယီတောင်း၏ မျက်လုံးများ အရောင်လက်သွားတော့၏။
***