လီယီတောင်း၏ အစုလိုက် အပြုံလိုက် Follow လုပ်မှုများကြောင့် အင်တာနက် တစ်ခွင်လုံး ပွက်လောရိုက်သွားတော့၏။
အစပိုင်းတွင် တပ်ဖွဲ့ ၃၆က အခြေအနေကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ။
လုံးဝ အချည်းနှီးပါပဲ။
အကြောင်းရင်းကတော့ လီယီတောင်း Follow ခဲ့တဲ့ Streamer တချို့က သူ လိုင်း မဆင်းခင်မှာတင် သေဆုံးသွားခဲ့ကြလို့ပဲ။
" လခွမ်း... ဒါ ရူးချင်စရာပဲ... သည်းမခံနိုင်တော့ဘူး... တအား ပြင်းထန်လွန်းတယ်... "
" ကောလာဟလ တွေ အရတော့ အစ်ကိုယီတောင်း Follow လိုက်တဲ့ Streamer တွေ အကုန်လုံး ဆေးရုံမှာ ရောက်နေကြတယ်တဲ့... အဲဒီမှာ စောင့်နေကြတာ... "
" အရမ်း ကြောက်စရာ ကောင်းတာပဲ... ကံကောင်းလို့ အစ်ကိုယီတောင်း ငါ့ကို မတွေ့တာ... "
" မခံနိုင်တော့ဘူး... မခံနိုင်တော့ဘူး... တကယ်ကို ကြောက်စရာ ကောင်းတာပဲ... အိုး ဘုရားရေ... "
" ဖက်ခ်... အစ်ကိုယီတောင်းကို ဘာလို့ အခုထိ သံတိုင်နောက် မပို့သေးတာလဲ... အရမ်း ကြောက်စရာ ကောင်းတယ်... "
" ဟေ့... အပေါ်ကလူ... မင်း ရူးနေတာလား... ဘယ်လို လုပ် အဲဒီလို ပြောထွက်ရတာလဲ... "
" အစ်ကိုယီတောင်းက ဘယ်သူလဲ... သူ့ကို ဘယ်လိုလုပ် ပိတ်လှောင်ထားလို့ ရမှာလဲ... "
" အဓိက ကတော့ အစ်ကိုယီတောင်း ဘာဖြစ်နေတာလဲ... သူ ဘာလို့ လူအများကြီးကို တစ်ပြိုင်နက်တည်း လိုက် Follow ရတာလဲ... "
" ငါ မသိဘူး... ငါလည်း သိချင်နေတာ... အစ်ကိုယီတောင်း ဘာတွေ ကြံစည်နေတာလဲ... "
" တစ်ခုခုတော့ တကယ် မှားနေပြီ... ကိစ္စ အကြီးကြီး တစ်ခုခု ဖြစ်တော့မယ်လို့ ခံစားနေရတယ်... "
" ဘာပဲဖြစ်ဖြစ်... အခု ငါတို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ပဲ လိုတယ်... ကျန်တာတွေက အရေးမကြီးဘူး... "
" ဟုတ်တယ်... ကျန်တာတွေက အရေးမကြီးဘူး... ကိုယ် ချစ်ချင်တဲ့သူကို ချစ်... အစ်ကိုယီတောင်း ငါ့ကို Follow မလုပ်သရွေ့ အကုန် အဆင်ပြေတယ်... "
" ဟားဟား... သူ Follow လိုက်ရင်တောင် မကြောက်ပါနဲ့... အစ်ကိုယီတောင်းကို ခြေသလုံးဖက်ပြီး တောင်းပန်လိုက်…"
" အဲဒါ သိပ်မှန်တဲ့ စကားပဲ... "
ဤအချိန်တွင် လီယီတောင်း ကတော့ ပက်လက်ကုလားထိုင်ပေါ်တွင် ဇိမ်ကျကျ မှီလျက် ရှိနေ၏။
အခုလေးတင် သူ Follow လိုက်မှုကြောင့် သေဆုံးသွားသူများ၏ အသိပေးချက် အချို့ကို လက်ခံရရှိခဲ့ပြီး သက်တမ်း ရာစုနှစ် အနည်းငယ်ခန့် တိုးလာခဲ့လေသည်။
ဒီသေဆုံးသွားတဲ့ သူတွေဆီက ရတဲ့ သက်တမ်းက တကယ်ကို မနည်းပါဘူး...။
ဒါပေမဲ့... ဘာလို့ သူ့ကို ဘယ်သူမှ ဖုန်းမဆက်ကြတာလဲ...။
" ငါက အခမဲ့ ပေးမယ်လို့ ပြောထားတာတောင် ဘယ်သူကမှ မစဉ်းစားကြဘူးလား... အလကား ပေးတာတောင် ယူမယ့်သူ မရှိဘူး... "
ခဏတာမျှ လီယီတောင်း စကားမပြောနိုင်အောင် ဖြစ်သွားရလေသည်။
ယနေ့ သူ့ကို မည်သူမျှ ဖုန်းဆက်မည် မဟုတ်ဟု ထင်နေချိန်မှာပင် သူ၏ ဖုန်း ရုတ်တရက် မြည်လာလေသည်။
မသိတဲ့ နံပါတ် တစ်ခုလား...။
လီယီတောင်း နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ပေါ်လာ၏။
ကောင်းတယ်...။
ဒါက သူ့ကို လာရှာတဲ့ သူ ဖြစ်ဖို့ များတယ်...။
သိပ်ကောင်းတာပေါ့...။
စီးပွားရေး ဝင်လာပြီပဲ...။
" မင်္ဂလာပါ ဆရာ... ကျွန်မက ____ဘဏ်က ကိုယ်စားလှယ်ပါ... ကျွန်မတို့ အခု အတိုးနှုန်း သက်သာတဲ့ ချေးငွေ ပရိုမိုးရှင်းတွေ လုပ်နေပါတယ်... မကြာသေးခင်က ငွေကြေး လိုအပ်ချက် ဒါမှမဟုတ် အခက်အခဲလေးတွေများ ရှိလားရှင်... ကျွန်မတို့... "
“ မင်းမေကြီးတော်… "
လီယီတောင်း ဖုန်းကို တန်းချပစ်လိုက်သည်။
ငွေကြေး အခက်အခဲ ဟုတ်လား...။
" ဘာ ငွေကြေး အခက်အခဲလဲ... အခု ကိုယ့်ပိုက်ဆံ ကိုယ်တောင် ဘယ်လို သုံးရမှန်း မသိဖြစ်နေတာ... အဓိက ပြဿနာက သုံးဖို့ အချိန်မရှိတာပဲ... နေ့တိုင်း ရှင်းစရာ ကိစ္စတွေက အရမ်း များလွန်းတယ်... "
ဘဏ် ကိုယ်စားလှယ် ထံမှ ဖုန်းကို လီယီတောင်း ချလိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်း ထပ်မြည်လာပြန်၏။
နောက်ထပ် မသိတဲ့ နံပါတ် တစ်ခုပဲ...။
" ဟယ်လို... အစ်ကိုယီတောင်း လားဗျ... "
" ဟယ်လို... အစ်ကိုယီတောင်း လား... "
အစ်ကိုယီတောင်း။
သူ့ရဲ့ အွန်လိုင်း ပရိသတ်တွေကပဲ သူ့ကို အစ်ကိုယီတောင်း လို့ ခေါ်ကြတာလေ...။
ဆိုလိုတာက ဒီလူက သူ့ကို လာရှာတာ ဖြစ်ဖို့ များတယ်...။
" အစ်ကိုယီတောင်း... ကျွန်တော်က ခုနက အစ်ကို Follow လိုက်တဲ့ Streamer ပါ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါဦး အစ်ကိုယီတောင်း…. အစ်ကိုယီတောင်း... ကျွန်တော့်ကို လမ်းညွှန်ပေးပါဦး… အစ်ကိုယီတောင်း... "
လီယီတောင်း ဆွံ့အသွားလေသည်။
ဘာတွေ ဖြစ်နေတာလဲ...။
ဒါပေမဲ့ ဒီကောင်က တော်တော်လေး ပါးနပ်တဲ့ ပုံပဲ...။
သူ့ကို ဖုန်းဆက်ရမယ် ဆိုတာ သူ သိတယ်လေ...။
သို့သော်လည်း... ဝမ်းနည်းစရာ ကောင်းတာက ဘယ်သူ့ကိုပဲ ဖုန်းဆက်ဆက် သူ့ကို ကယ်နိုင်မှာ မဟုတ်ဘူး... စနစ်ကို တိုက်ရိုက် ဖုန်းဆက်ပြီး စကားပြောနိုင်ရင်တော့ တစ်မျိုးပေါ့...။
စနစ်ကလည်း ဂရုစိုက်မှာ မဟုတ်လောက်ပါဘူး...။
တစ်ဖက်လူ၏ စကားများကို ကြားပြီးနောက် လီယီတောင်းက ယဉ်ကျေးစွာ ပြန်ဖြေလိုက်၏။
" ဆောရီးပါ... ကျွန်တော် ဒီတိုင်း ဖြစ်သလို Follow လိုက်တာပါ... သိပ်အလေးအနက် မထားပါနဲ့... "
ခပ်တိုတိုရှင်းပြလိုက်ပြီး လီယီတောင်း ဖုန်းကို ချက်ချင်း ချလိုက်လေသည်။
သူ ပေးနိုင်တာ တကယ် ဘာမှ မရှိပါဘူး...။
ဖုန်းချပြီးနောက် လီယီတောင်းက ဖုန်းကို ပိတ်ပစ်ချင်စိတ်များ ပေါ်လာ၏။
သို့သော် နောက်ဆုံးတွင် သူ လက်လျှော့လိုက်သည်။
ဘာပဲဖြစ်ဖြစ်... တစ်ယောက်ယောက်ကတော့ သူ့ကို ဖုန်းဆက်မှာပဲ မဟုတ်လား...။
အခမဲ့ နာရေးဝန်ဆောင်မှုက မကောင်းဘူးလား...။
နောက်ထပ် ဆယ်မိနစ် ကုန်ဆုံးသွားပြန်၏။
လီယီတောင်း အခန်းထဲ ပြန်ဝင်ပြီး လှဲနေရန် စီစဉ်နေပြီ ဖြစ်သည်။
ထိုအချိန်မှာပင်...
ဖုန်းက နောက်တစ်ကြိမ် မြည်လာပြန်၏။
" ကလင်... ကလင်... "
ဖုန်းကိုင်လိုက်သည်။
" ဟယ်လို... မစ္စတာ လီယီတောင်း လားရှင်... "
ဖုန်းခေါ်တဲ့သူက သူ့နာမည် အရင်းကို သိနေတယ် ဟုတ်လား...။
" ဟယ်လို... ဟုတ်ပါတယ်... ဘယ်သူများလဲ မသိဘူးဗျ... "
တစ်ဖက်လူက နာရေးကိစ္စ အတွက် ဆက်တာ ဟုတ်၊ မဟုတ် လီယီတောင်း သေချာ မသိပေ။
ထို့ကြောင့် သိရန် သူ မေးရမည် ဖြစ်၏။
လီယီတောင်း ထံမှ အတည်ပြုချက်ကို ကြားသောအခါ တစ်ဖက်လူဆီမှ သက်ပြင်းချသံ တိုးတိုးလေး ကြားလိုက်ရ၏။
" မင်္ဂလာပါ အစ်ကိုယီတောင်း... ကျွန်မက ___ ရဲ့ ဇနီးပါ... သူက ဒီနေ့ Live လွှင့်နေတုန်း ရုတ်တရက် နှလုံးရပ်သွားလို့ပါ... အရင်က သူ စာတစ်စောင် ချန်ထားခဲ့ဖူးတယ်... သူ... တကယ်လို့ သူ့မှာ အဖြစ်ဆိုး တစ်ခုခု ကြုံရရင် အစ်ကိုယီတောင်း ကို သွားရှာပါတဲ့... "
" သူက ပြောတယ်... အစ်ကိုယီတောင်း နဲ့ အကုန်လုံး သဘောတူထားပြီးပြီ... အစ်ကိုယီတောင်းက အကုန်လုံး စီစဉ်ပေးလိမ့်မယ်တဲ့... ပြီးတော့... ပိုက်ဆံ ကုန်စရာ မလိုဘူးတဲ့... "
" ကျွန်... ကျွန်မ တကယ် ပိုက်ဆံ မကုန်ဘူးလား ဆိုတာ မသိလို့ပါ... တကယ်လို့ ကုန်မယ် ဆိုရင် ဘယ်လောက် ကျမလဲ ပြောပြပေးလို့ ရမလား... ကျွန်... ကျွန်မ ဒီကနေ နည်းလမ်း ရှာကြည့်ပါ့မယ်... ကျွန်မ... "
တစ်ဖက်လူ ဤသို့ ပြောသည်ကို ကြားသောအခါ လီယီတောင်း ခဏတာ တိတ်ဆိတ်သွားလေသည်။
အဲဒီ ဝမ်းနည်းမှုကို သူ ခံစားလို့ ရတယ်...။
ပြီးတော့ သူတို့မှာ ပိုက်ဆံ မရှိလောက်ဘူး ဆိုတာကလည်း တော်တော်လေး သိသာနေတယ်လေ…။
ထိုမျှမကသေးပေ။ ဝမ်းနည်းမှုများ ကြားထဲမှ ခွန်အားကိုလည်း သူ ခံစားသိရှိနိုင်သေး၏။
သူ တည်ငြိမ်စွာဖြင့်... " အင်း... စိတ်မကောင်းပါဘူးဗျာ... ခင်ဗျား အမျိုးသား ပြောတာ မှန်ပါတယ်... သူက ကျွန်တော်နဲ့ အားလုံး စီစဉ်ထားပြီးပါပြီ... ကုန်ကျစရိတ် အကုန်လုံးကို ကျွန်တော် တာဝန်ယူပြီး လုပ်ထုံးလုပ်နည်း အကုန်လုံးကို စီစဉ်ပေးပါ့မယ်... "
" နာရေး ပစ္စည်းတွေ အကုန်လုံးကို ကျွန်တော် တိုက်ရိုက် ပံ့ပိုးပေးမှာမို့လို့ ခင်ဗျား စိတ်ချလို့ ရပါတယ်... "
" ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ် အစ်ကိုယီတောင်း... ကျွန်မ အမျိုးသားက မကြာသေးခင်ကမှ အလုပ်ပြုတ်သွားပြီး Live စလွှင့်တာပါ... ဒါပေမဲ့... သူ့မှာ ဘာအရည်အချင်းမှ မရှိတော့ လူတွေ စိတ်ဝင်စားအောင် အရက်သောက်ပြရတာပါ... ပြီးတော့... ပြီးတော့... ဟင့်... အီးဟီးဟီး... "
တစ်ဖက်လူ၏ ငိုကြွေးသံများကို ကြားသောအခါ လီယီတောင်း တိတ်ဆိတ်နေလိုက်၏။
ဘဝ၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့မှာ လူသား ဘဝ၏ ရှောင်လွှဲမရသော အစိတ်အပိုင်းများပင်။
မတော်တဆမှုနဲ့ အောင်မြင်မှု... ဘယ်အရာက အရင် ရောက်လာမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ...။
အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို ဘယ်နှယောက်ကများ ဒီလောက် သာမန် ကိစ္စ တစ်ခုလို သဘောထားနိုင်မှာလဲ...။
***