ပထမဆုံး ဖုန်းခေါ်ဆိုမှုက လီယီတောင်းကို ဈေးဦးဖောက် ပေးလိုက်သကဲ့သို့ပင်။
ထို့နောက်တွင်တော့ လူများ တစ်ယောက်ပြီး တစ်ယောက် လီယီတောင်းဆီ ဖုန်းခေါ်နေကြတော့သည်။
သို့သော် ၅ ယောက်သာလျှင် တရားဝင် ဘိုကင် တင်ထားခြင်း ဖြစ်သည်။
ကျန်သောသူများကမူ အစ်ကိုယီတောင်းဆီမှ အကူအညီ တောင်းချင်သူများ သို့မဟုတ် ကြိုတင်ဘိုကင် တင်ထားချင်သူများသာ ဖြစ်ကြ၏။
ပိုဆိုးသည်က တချို့ဆိုလျှင် သူ့ကို နာရေးအခမ်းအနား လာလုပ်ပေးစေချင်သူများပင် ပါသေးသည်။
ပြဿနာက ထိုလူများမှာ သူ follow ထားသူများ မဟုတ်ခြင်းပင်။
ဤသည်မှာ တကယ့်ကို အဓိပ္ပါယ်မဲ့လွန်းလှသည်။
သူ follow ထားသူများ မဟုတ်ဘဲ ဘာကိစ္စ နာရေး သွားလုပ်ပေးရမည်နည်း။
အဓိကက ထိုလူများ၏ တွေးခေါ်ပုံကို သူ နားမလည်နိုင်ခြင်းပင် ဖြစ်သည်။
သူ၏ live stream ထဲတွင် ကြိုတင်ဘိုကင် ကိစ္စကို ရှင်းရှင်းလင်းလင်း ကြေညာထားပြီးသား ဖြစ်သည်။
Follow ခံထားရသူ မဟုတ်ဘဲ ဘာကိစ္စ ဤသို့ လာတောင်းဆိုနေကြသနည်း။
ထို့ကြောင့် လောလောဆယ်တွင် ၎င်းတို့ကို လျစ်လျူရှုထားရန်သာ လီယီတောင်း ဆုံးဖြတ်လိုက်သည်။
လက်ရှိ အခြေအနေအရ ဤသည်ကသာ အကောင်းဆုံး တုံ့ပြန်မှု ဖြစ်လေသည်။
ဖုန်းဆက်လာသမျှ လူတိုင်း၏ နာရေးကို သွားလုပ်ပေး၍မှ မရနိုင်သည် မဟုတ်ပါလား။
ည ၁၁ နာရီ ထိုးမှသာ လီယီတောင်း မတတ်သာဘဲ ဖုန်းကိုပိတ်ကာ အိပ်ရာဝင်တော့သည်။
ဤအတိုင်း ထား၍မှ မဖြစ်တော့သည်ကိုး။
သူ့ဖုန်းမှာ Hotline ကြီးတစ်ခုလို ဖြစ်နေပြီ ဖြစ်သည်။
ဤအတိုင်း ဆက်သွားနေပါက သူ တကယ်ကြီး လူရောစိတ်ပါ ပင်ပန်းပြီး ဂိသွားနိုင်ပေသည်။
အေးချမ်းသော ညတစ်ည ကုန်လွန်သွားခဲ့၏။
ဤညတွင်တော့ သူ ဘယ်သူ့အကြောင်းမျှ အိပ်မက် မမက်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။
နောက်နေ့ နံနက်စောစော နေရောင်ခြည်က အခန်းထဲ ဖြာကျလာချိန်တွင် လီယီတောင်း ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာလေသည်။
ဖုန်းကို ထုတ်ပြီး စစ်ကြည့်လိုက်သည်။
အင်း... Missed Call ၈၉ ခေါက်...။
နောက်ဆုံး ခေါ်ထားသည်မှာ နာရီဝက်ခန့်က ဖြစ်သည်။
' လခွမ်း... ဒါက နောက်နေတာလား... '
သူ လုံးဝ စကားမပြောနိုင်တော့ပေ။ ဤလူများက သူ့ကို တကယ် ရူးသွားအောင် လုပ်နေကြခြင်းပင်။
မနေ့က ဖုန်းကို Power မပိတ်ဘဲ Silent ပြောင်းရန် တွန့်ဆုတ်ခဲ့မိသည်ကို သူ နောင်တရနေမိသည်။
တကယ်လို့ ဖုန်းပိတ်ထားလိုက်လျှင် ရှင်းရှင်းလင်းလင်း သိသွားကြပြီ မဟုတ်ပါလား။
သို့သော် ဤအတိုင်း ဆက်သွား၍ မဖြစ်တော့ပေ။
ဤဖုန်းများ အားလုံးကို သူ လက်ခံနိုင်ခြင်း မနိုင်ခြင်းကို အသာထား၊ အဓိက ပြဿနာမှာ သူ့ကို တကယ် အရေးတကြီး ဆက်သွယ်ချင်သူများအတွက် အနှောင့်အယှက် ဖြစ်နေခြင်းပင်။ သူ အသက်ပြင်းပြင်း ရှူလိုက်သည်။
အိပ်ရာပေါ်က မထသေးဘဲ ပလက်ဖောင်းပေါ်ရှိ သူ့အကောင့်ကို ဖွင့်လိုက်သည်။
"Live လွှင့်တုန်းက သေချာ မပြောလိုက်မိဘူး ထင်တယ်... အခမဲ့ နာရေးဝန်ဆောင်မှုက ကျွန်တော် follow ထားတဲ့သူတွေ အတွက်ပဲ သီးသန့်ပါ..."
"ကျွန်တော် follow ထားတဲ့သူ မဟုတ်ရင် ကျေးဇူးပြုပြီး ဖုန်းမဆက်ပါနဲ့... တကယ်လို့ follow ခံချင်လို့ ဆိုရင်တော့ ရပါတယ်... ကျွန်တော် အရင် follow ပေးမယ်... ပြီးမှ ကိုယ့်အတွက်ကိုယ် ဘိုကင် တင်ပေါ့..."
အိပ်ရာက နိုးနိုးချင်း ဦးနှောက်က သိပ်မကြည်သေး၍လား မသိ၊ သူ့စာက အနည်းငယ် ရှည်နေပြီး ဒေါသသံလေး နည်းနည်း ပါနေသကဲ့သို့ပင်။
မည်သို့ပင်ဆိုစေ အချုပ်ပြောရလျှင်တော့ သူ့သဘောထားက ရှင်းလင်းလှပါသည်။
သူ follow ထားသူများကိုသာ အခမဲ့ ဝန်ဆောင်မှု ပေးမည် ဆိုခြင်းပင်။
ဤ Post တင်ပြီးသွားသော် လီယီတောင်း ဘယ်သူ့ကိုမျှ ဆက်၍ follow မလုပ်တော့ပေ။
မျက်နှာသစ်ရန်သာ ထလိုက်တော့သည်။
ယနေ့ သူ လုပ်စရာများ အများကြီး ရှိသေးသည် မဟုတ်ပါလား။
နာရေး အခမ်းအနား အချို့ သွားစီစဉ်ပေးရန် ရှိနေသည်။
ထို့အပြင် follow လည်း ဆက်လုပ်ရဦးမည် ဖြစ်သည်။
အသက်တမ်း အများကြီး ရအောင် အတိုတောင်းဆုံး အချိန်အတွင်း စုဆောင်းရန် လိုအပ်နေပေသည်။
အဘိုးအိုကို လိုက်ရှာနေသူများမှာ လက်ရှိ အခြေအနေအရ ပြင်ဆင်မှုများ လုပ်နေလောက်ပြီဟု သူ ခံစားမိနေသည်။
တကယ်လို့သာ သူ အမြန်ဆုံး အင်အားမဖြည့်နိုင်ဘဲ တကယ့် အန္တရာယ်နှင့် ရင်ဆိုင်ရပါက အဘိုးအိုကို အသေခံ တိုက်ခိုင်းရက်ပါမည်လော။
မဖြစ်နိုင်ပါဘူးလေ။
အဘိုးအို၏ အခြေအနေက ယခု တော်တော်လေး ဆိုးနေသည် မဟုတ်ပါလား။
တကယ်လို့ အဘိုးအိုကို ထပ်တိုက်ခိုင်းလိုက်ပါက နောက်နောင် ပြန်တွေ့ရဖို့ မသေချာတော့ပေ။
ဤအရာကို သူ လုံးဝ အဖြစ်မခံနိုင်သလို ခွင့်လည်း ပြုမည် မဟုတ်ပေ။
အဘိုးအို၏ အခြေအနေနှင့် လက်ရှိ အနေအထားအရ သူ့ထိန်းချုပ်မှု ပြင်ပသို့ ရောက်နေသော ကိစ္စများ အများကြီး ရှိနေပေသည်။
လီယီတောင်း၏ Post လည်း တက်သွားရော အင်တာနက် တစ်ခုလုံး ထပ်ပြီး ပွက်လောရိုက်သွားတော့သည်။
လူများ အကုန်လုံး ရူးသွပ်မတတ် ဝင်ရောက် ဝေဖန်ကြတော့သည်။
အစ်ကိုယီတောင်း၏ Post က တကယ်ကို အံ့ဩစရာ ဖြစ်နေသည် မဟုတ်ပါလား။
"လခွမ်း... လန့်သွားတာပဲ... ငါတောင် အစ်ကိုယီတောင်းဆီ ဖုန်းဆက်ပြီး နောက်နှစ် ၁၀၀ နေရင် နာရေးလုပ်ပေးဖို့ ဘိုကင် ကြိုတင်လို့ ရမလား မေးမလို့... အခုတော့ မမေးတော့ဘူး..."
"အပေါ်က တစ်ယောက် တကယ် ရှယ်ပဲ... သေပြီးသွားရင် ဘာဖြစ်မလဲ ဆိုတာ အခုကတည်းက တွေးနေတာလား... မင်းသေရင် ဘာဖြစ်မလဲ ဆိုတာ မင်းသားသမီးတွေ ပူပန်ရမယ့် ကိစ္စ မဟုတ်ဘူးလား..."
"ဟုတ်တယ်... အပေါ်က ဘဲက တော်တော် စိတ်ကူးယဉ်ဆန်တာပဲ... ငါလည်း စဉ်းစားနေတာ ကြာပြီ... အခုထိ ဖုန်းမဆက်ရသေးဘူး..."
"အဓိကက အစ်ကိုယီတောင်း ဘယ်လောက်တောင် ဒုက္ခရောက်နေလဲ ဆိုတာပဲ... သူတို့တွေက အစ်ကိုယီတောင်းကို ဒီလိုဖြစ်အောင် ဝိုင်းဖိအားပေးနေကြတာ..."
"ငါသာ အစ်ကိုယီတောင်း နေရာမှာ ဆိုရင် ကြိုတင် သတိပေးမနေဘူး... တန်းပြီး follow ပစ်လိုက်မှာ..."
"ဟုတ်တယ်... Follow သာ ချလိုက်... ဘယ်သူက ဘာပြောရဲမှာလဲ..."
"ဒီလူတွေက တကယ် ဖန်တီးဉာဏ် ကောင်းတာပဲ... ဒီလို အကွက်ဆန်းကြီးတွေ... ဟားဟား... ရယ်ရလွန်းလို့ ရပ်လို့တောင် မရဘူး... မင်းကို အစ်ကိုယီတောင်းက follow လည်း မလုပ်ထားဘဲနဲ့... အလကား နာရေးလုပ်ပေးဖို့ တောင်းဆိုချင်တာလား..."
"ဟားဟား... အစ်ကိုယီတောင်း ပြောသွားပြီလေ... သူက နာရေး လုပ်မပေးဘူး လို့ မငြင်းပါဘူး... ဒါပေမဲ့ သူ့ရဲ့ follow ကို အရင်ခံနိုင်ရမယ် တဲ့..."
"အစ်ကိုယီတောင်းရဲ့ follow ဆိုတာ လူတိုင်း ခံနိုင်တာ မဟုတ်ဘူးနော်... သတိထားကြ..."
"မလိုအပ်တဲ့ နာကျင်မှုတွေကို တကယ် မခံစားချင်ပါဘူး... အစ်ကိုယီတောင်းရဲ့ follow က... တကယ်ကို လက်ခံလို့ မရဘူး..."
"အားလုံး သတိထားကြနော်... အစ်ကိုယီတောင်းက အခုတလော performance လိုနေတာ သေချာတယ်..."
"တကယ် ဖြစ်နိုင်တယ်... Performance လိုနေတာ... ကြောက်လွန်းလို့ သေတော့မယ်..."
"ဒါနဲ့... ဒီနေ့ အစ်ကိုယီတောင်း လှုပ်ရှားမယ် ထင်လား..."
"မဖြစ်နိုင်ပါဘူး... မနေ့က လူတွေ အများကြီးပဲ... ဒီနေ့ အစ်ကိုယီတောင်း နာရေးလုပ်ပေးဖို့တောင် အချိန်ရမှာ မဟုတ်ဘူး..."
"ဟဲဟဲ... အစ်ကိုယီတောင်းက တကယ်ပဲ နာရေး သွားလုပ်ပေးမယ် ထင်နေတာလား... ငဒူမကျစမ်းပါနဲ့... အစ်ကိုယီတောင်းက အလကား နာရေးစီစဉ်ပေးနိုင်တယ် ဆိုရင်တောင်... ဘယ်သူကများ လက်ခံရဲမယ် ထင်နေလဲ..."
"ဘာလို့ လက်မခံရဲရမှာလဲ... အစ်ကိုယီတောင်းက သောက်ရမ်းကြောက်စရာကောင်းတဲ့ သတ္တဝါကြီးမှ မဟုတ်တာ... သတိမထားမိဘူးလား... အစ်ကိုယီတောင်း လှုပ်ရှားတိုင်း ချင့်ချိန်ပြီးမှ လုပ်တတ်တယ် ဆိုတာ..."
"ဟုတ်တယ်... ငါတို့ အစ်ကိုယီတောင်းကို အထင်မသေးနဲ့... သူက ကတိတည်တဲ့ လူစားမျိုး..."
"ကဲပါ... အားလုံးပဲ သေဆုံးစာရင်း သွားစစ်ကြည့်ကြပါဦး... တစ်ဝက်လောက်က လစ်သွားပြီ... နှစ်ယောက်ကတော့ ဆေးရုံမှာတင် တန်းဂိသွားတာ... အစ်ကိုယီတောင်း ဒီတစ်ခါ နောက်နေတာ မဟုတ်ဘူးနော်..."
"အစ်ကိုယီတောင်း နောက်မနေဘူး... သေမင်းတမန် ဆိုတာ ဘယ်တော့မှ နောက်လေ့ မရှိဘူး..."
လီယီတောင်း ကတော့ ဤအချိန်တွင် ဘယ်သူ့ကိုမျှ လည်း follow မလုပ်သလို၊ မည်သည့် ပရိတ်သတ်များ၏ ပြောဆိုမှုများကိုမှလည်း ဂရုမစိုက်ပေ။
တကယ်တော့ သူ ဘာမှ မမြင်ရခြင်း ဖြစ်သည်။
သူက ဘယ် ပရိတ်သတ်အုပ်စုတွင်မှ ပါမနေပေ။
ယခု သူ ကျန်းမြို့ ပထမ ပြည်သူ့ဆေးရုံ ရင်ခွဲရုံ သို့ ရောက်နေပြီ ဖြစ်သည်။
ဤသည်မှာ ယနေ့ သူ ပထမဆုံး စီစဉ်ပေးရမည့် နာရေးပင်။
နောက်တစ်ယောက်အတွက်မူ နာရေးကူညီမှုအသင်းသို့ လူခေါ်သွားပြီ ဖြစ်သည်။
ကျန်သော နှစ်ယောက်ကတော့ လီယီတောင်း ကိုယ်တိုင် သူတို့ အိမ်များသို့ သွားရမည် ဖြစ်သည်။
ယနေ့က နောက်နှစ်ယောက်အတွက် သင်္ဂြိုဟ်ရမည့် နေ့ မဟုတ်ပေ။ သူတို့ မိသားစုများကို ကြိုတင် "နှစ်သိမ့်" ပေးရန် လီယီတောင်းကို အလိုရှိနေကြခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ဤသေဆုံးမှုများက အနည်းငယ်တော့ မတော်တဆ ဆန်နေသည် မဟုတ်ပါလား။
လုံးဝ မမျှော်လင့်ထားသော သေဆုံးမှုမျိုး မဟုတ်သော်ငြား မထင်မှတ်ဘဲ ဖြစ်သွားရခြင်းမျိုး ဖြစ်သည်။
ထိုသို့ဆိုလျှင် မိသားစုများက စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှု ရှာကြသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ထို့ကြောင့် လီယီတောင်းလည်း မငြင်းဆန်ခဲ့ပေ။
သို့သော် လူတိုင်း၏ အချိန်က တန်ဖိုးရှိသည်မို့ အများကြီး စီစဉ်နေရန်တော့ မဖြစ်နိုင်ပေ။
အကုန်လုံးက လီယီတောင်း၏ စိတ်အခြေအနေပေါ်တွင်သာ မူတည်သည်။
သူ ပိုပြီး နှစ်သိမ့်ပေးချင်လျှင် ပေးမည်။
မပေးချင်လျှင်လည်း အခြေအနေအရ သွားလိုက်မည် ဖြစ်သည်။
ဤအရာများ အားလုံးမှာ စိတ်ခံစားမှုပိုင်းဆိုင်ရာ နှစ်သိမ့်မှု ပေးခြင်း သက်သက်သာ ဖြစ်သည်။
အကယ်၍များ နာကြည်းနေသော ဝိညာဉ်များ တကယ်ရှိနေပါက ရိုးရှင်းသော "နှစ်သိမ့်မှု" လေးဖြင့် ပြဿနာ ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း လီယီတောင်း သိသည်။
နာကြည်းနေသော ဝိညာဉ်များကို နှိမ်နင်းနိုင်စွမ်း မရှိလျှင် ဘာမှ အဓိပ္ပါယ် ရှိမည် မဟုတ်ပေ။
"နှစ်သိမ့်" လိုက်ရုံဖြင့် သူတို့က ထွက်သွားမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် "နှစ်သိမ့်မှု" ဆိုသည်မှာ ထုံးစံတစ်ခု သက်သက်သာ ဖြစ်၍ပင်။
လီယီတောင်း ပထမဆုံး၊ အော်... မဟုတ်သေး၊ ပထမ နှစ်ယောက်၏ ကိစ္စများကို ပြီးစီးအောင် လုပ်ပြီးနောက် နောက်တစ်နေရာသို့ တန်းမသွားတော့ဘဲ သူ့ဆိုင်သို့ ပြန်လာခဲ့သည်။
ဘာ ရည်ရွယ်ချက်မှ ဖုံးကွယ်ထားခြင်း မဟုတ်ပေ။
တာဝန်များ ပြီးသွားပြီ ဖြစ်၍ ဆုလာဘ်များ ယူရမည် မဟုတ်ပါလား။ သူ သိချင်နေပြီ ဖြစ်သည်။
အရည်အသွေးမြင့် ဖောက်သည်များ၏ တာဝန်များကို ပြီးစီးအောင် လုပ်ပြီးပါက စနစ်တွင် မည်သည့် ပြောင်းလဲမှုများ ဖြစ်လာမည်နည်း ဆိုသည်ကိုပင်။
***