လီယီတောင်း ဆိုင်ထဲ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် မျှော်လင့်ထားသည့်အတိုင်း စနစ်ဆီမှ Noti တက်လာတော့သည်။
[ ကတောင်... သင်follow လုပ်ထားသူ၏ နောက်ဆက်တွဲ တာဝန်တစ်ခုကို ပြီးမြောက်သွားပါပြီ။ စနစ်၏ ဆုလာဘ်များကို ထုတ်ပေးနေပါသည်။ ]
[ ဆုလာဘ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်... ]
ရင်းနှီးနေသော Noti အသံ နှစ်ခါဆက်တိုက် ထွက်ပေါ်လာသဖြင့် လီယီတောင်း ရင်ထဲ ပီတိဖြာသွားပြီး မျက်နှာပေါ်တွင် အပြုံးပန်းတို့ ဝေဆာသွားတော့သည်။
သို့သော် ဆုလာဘ်များကို ကြည့်လိုက်ရချိန်တွင်တော့ သူ့မျက်နှာပေါ်၌ စိတ်ပျက်သွားသည့် အရိပ်အယောင် အနည်းငယ် ပေါ်သွားသည်။ ဤသို့ ဖြစ်လာနိုင်သည်ကို ကြိုတွေးထားသော်လည်း တကယ်တမ်း ကြုံလာရသောအခါ လီယီတောင်းအတွက် အနည်းငယ် စိတ်ကသိကအောက် ဖြစ်ရပေသည်။
စုစုပေါင်း ရတနာသေတ္တာ လေးလုံး ရလိုက်၏။
သို့သော် စွမ်းရည်တစ်ခုမှ မပါပေ။
လီယီတောင်းက ဤအချက်ကို ကြိုသိနေပြီးသား ဖြစ်သည်။ စနစ်က သတ်မှတ်ထားသော မှတ်တိုင်တစ်ခု ရောက်မှ သို့မဟုတ် စနစ် နောက်တစ်ကြိမ် အဆင့်မြှင့်တင်ပြီးမှသာ နောက်ထပ်စွမ်းရည်အသစ် ချပေးမည်ဟု သူ ခန့်မှန်းမိသည်။
လောလောဆယ် အနေအထားအရဆိုလျှင် သူ တာဝန်များ မည်မျှပင် ပြီးမြောက်အောင် လုပ်စေကာမူစွမ်းရည်ရလာရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
သို့သော် ရတနာသေတ္တာများ ရသည်ကလည်း မဆိုးလှပေ။ မည်သို့မျှ တွန့်ဆုတ်မနေဘဲ နတ်ဘုရား ရတနာသေတ္တာ နှစ်လုံးကို သူ ဖွင့်ချလိုက်သည်။
သက်တမ်း အနှစ် ၂၀၀၀ တဲ့...
ယခင် သက်တမ်းများနှင့် ပေါင်းလိုက်လျှင် သူ အနှစ်တစ်ရာကျော် သုံးပစ်ခဲ့ပြီးသည်တိုင်အောင် တော်တော်လေး ပေါများနေသေးသည်။ သက်တမ်း အနှစ် ၃၀၀၀ နီးပါးပင်။
အနှစ် ၃၀၀၀ ဆိုသည်က ဘာသဘောနည်း။ ယခင်တစ်ခေါက် အထွတ်အထိပ် ရောက်နေချိန်၌ပင် လီယီတောင်းတွင် သက်တမ်း အနှစ် ၃၀၀၀ နီးပါးခန့်သာ ရှိခဲ့သည် မဟုတ်ပါလား။
သို့သော် ဤသည်မှာ အစသာ ရှိသေးသည်။ နောက်ဆက်လာမည့် အရာများက ဤမျှ ရိုးရှင်းမည် မဟုတ်ကြောင်း သေချာလှသည်။ သေတ္တာတစ်လုံးကို သက်တမ်း အနှစ် ၁၀၀၀ ရနေမှတော့ သူ့သက်တမ်း အနှစ် တစ်သောင်း ဆိုသည်မှာ လက်တစ်ကမ်းတွင်သာ ရှိတော့သည်ဟု သူ ယုံကြည်နေမိသည်။
အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး လီယီတောင်းက သေမင်းတမန် ရတနာသေတ္တာ နှစ်လုံးကို ထပ်ဖွင့်လိုက်ပြန်သည်။
သေမင်းတမန် အဆောင်လက်ဖွဲ့...
နှစ်လုံးစလုံးထဲမှ သေမင်းတမန် အဆောင်လက်ဖွဲ့များ ထွက်လာသည်။
လီယီတောင်း လုံးဝ စိတ်မပျက်သွားပေ။ ဤသည်မှာ သူ ယခု အလိုအပ်ဆုံး အရာများပင်။
သေမင်းတမန် အဆောင်လက်ဖွဲ့ တစ်ခု ဆိုသည်မှာ ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုနှင့် ညီမျှပေသည်။ အကယ်၍ သူ အန္တရာယ် တစ်ခုခုနှင့် ကြုံလာခဲ့ပါက ဤအဆောင်ကို သုံး၍ တိုက်ခိုက်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်ပေမည်။
မည်သို့ပင်ဆိုစေ သူ့တွင် သက်တမ်း များလေလေ သူ၏ တိုက်ခိုက်မှု စွမ်းအားက မြင့်လေလေပင် ဖြစ်သည်။ ဤအဆောင်များ ကုန်သွားလျှင်တောင် သူ့စွမ်းရည်များကို သုံး၍ သက်တမ်းကို စတေးကာ တိုက်ခိုက်၍ ရသေးသည်။
ဤနည်းဖြင့် ဆိုပါက လီယီတောင်း၏ တိုက်ရည်ခိုက်ရည်မှာ အဆမတန် တိုးတက်လာတော့မည်မှာ အသေအချာပင်။ ဆုလာဘ်များ ရပြီးသွားသော် လီယီတောင်း အချိန်ဆွဲမနေတော့။ လှည့်၍ ထွက်လာခဲ့တော့သည်။ သေတ္တာလေးလုံးဆီမှ ရလိုက်သော ဆုလာဘ်များက သူ့ကို ခွန်အားသစ်များ ပေးစွမ်းလိုက်သကဲ့သို့ပင်။
ပြန်ရောက်ရောက်ချင်း နောက်ထပ် ဖုန်းနှစ်ကော ဝင်လာသည်။ ၎င်းတို့မှာလည်း သူ Follow ထားသူများ သေဆုံးသွားကြောင်း အကြောင်းကြားသော ဖုန်းများသာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ဤကိစ္စက တော်တော်လေး ဟိုးလေးတကျော် ဖြစ်နေပြီ ဖြစ်သည်။ 'သေဆုံးသူစာရင်း'... အနည်းငယ် အဓိပ္ပါယ် မရှင်းမလင်း ဖြစ်နေသော ဤအချက်အလက်များက လူတို့၏ အဓိက ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်လာတော့သည်။
Follow ခံထားရသော ထို Streamer များ၏ ဆွေမျိုးများကလည်း ဤအကြောင်းကို သိနေကြပြီ ဖြစ်သည်။ ထို့ကြောင့်... လီယီတောင်းဆီ ဖုန်းဆက်သူများ အရေအတွက်က ပို၍ပို၍ များလာတော့သည်။
သို့သော် ထိုလူများက ကျေးဇူးတင်နေသလား၊ သို့မဟုတ် နာကြည်းနေသလား ဆိုသည်ကတော့ လောလောဆယ် လီယီတောင်း ထိန်းချုပ်၍ရသော ကိစ္စ၊ သို့မဟုတ် သူ သိနိုင်သော ကိစ္စတော့ မဟုတ်ပေ။
နောက်ရက်များတွင်တော့ လီယီတောင်းအတွက် ဤကိစ္စက အဆုံးမရှိသော သံသရာထဲ ရောက်သွားသကဲ့သို့ပင်။ ဆေးရုံများ၊ နာရေးကူညီမှုအသင်းများနှင့် သေဆုံးသူများ၏ အိမ်များကို ခြေတိုအောင် လျှောက်သွားနေရသည်။ ညဘက်ရောက်လျှင်လည်း Live လွှင့်ပြီး Follow ရသည့် အလုပ်ကို ဆက်လုပ်နေရသည်။ ဤလုပ်ရိုးလုပ်စဉ်အတိုင်း သုံးရက်တိတိ အလုပ်ရှုပ်နေခဲ့သည်။
ဤအတောအတွင်း လီယီတောင်းသည် လူ အယောက် တစ်ရာ တိတိကို Follow လုပ်နိုင်ခဲ့သည်။ လူ အယောက်တစ်ရာ ဆိုသည်မှာ လီယီတောင်းက နာရေးပေါင်း ၂၀ ကျော်ကို အောင်မြင်စွာ စီစဉ်ပေးနိုင်ခဲ့သည် ဆိုသည့် သဘောပင်။
ပြီးစီးမှု အချိုးအစားက နည်းနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ တော်တော်လေး ချီးကျူးစရာ ကောင်းနေပြီ ဖြစ်သည်။ လူ တစ်ရာကို Follow လိုက်ခြင်းက သူ့ကို သက်တမ်း အနှစ် ၃၀၀၀ ကျော်ခန့် စုပေါင်း ပေးစွမ်းနိုင်ခဲ့ပေသည်။
သူ နာရေးလုပ်ပေးခဲ့သော လူ ၂၀ ကျော်ထဲမှ ၁၀ ယောက်ကျော်ခန့်ဆီမှ နတ်ဘုရား ရတနာသေတ္တာမှတစ်ဆင့် သက်တမ်းများ ရလိုက်သေးသည်။ စုစုပေါင်းဆိုလျှင် အနှစ် ၂ သောင်း ကျော်ပင်။
ထို့အပြင် သေမင်းတမန် အဆောင်လက်ဖွဲ့ ၁၀၀ ကျော်လည်း စုဆောင်းမိသွားသည်။ သို့သော် လီယီတောင်းကို စိတ်ပျက်စေသည်မှာ ကျန်နေသော သေတ္တာများထဲမှ ၁၀ လုံးက အလွတ်များ ဖြစ်နေခြင်းပင်။
ထို အလွတ်ဖြစ်နေသော သေတ္တာ အများစုမှာ နောက်ပိုင်းမှ ဖွင့်သော သေတ္တာများသာ ဖြစ်သည်။ အချို့ နတ်ဘုရား ရတနာသေတ္တာများထဲတွင်တော့ အန္တရာယ်ကင်း အဆောင်များ၊ သန့်စင်ခြင်း အဆောင်များနှင့် အခြား အဆောင်လက်ဖွဲ့ အမျိုးမျိုး ပါလာသည်။
သေမင်းတမန် အံ့ဩဖွယ်ရာ သေတ္တာ ထံမှတော့ ကျိန်စာတိုက်သော အဆောင်တချို့ ထွက်လာသည်။ သို့သော် ၎င်းတို့၏ တိုက်ခိုက်မှု စွမ်းအားက အလွန်နိမ့်ကျလှပြီး လီယီတောင်း၏ လက်ရှိ စွမ်းအားနှင့် ယှဉ်လျှင် ဘာမှ သုံး၍မရသလောက်ပင်။
၎င်းတို့မှာ တစ်ရက်လောက် ဝမ်းသွားစေခြင်း၊ သို့မဟုတ် အသုံးပြုခံရသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုခုကို တစ်ရက်လောက် နာကျင်စေခြင်း ကဲ့သို့သော နောက်ပြောင်ကျီစယ်သည့် အာနိသင်မျိုးများသာ ဖြစ်နေသည်။
လီယီတောင်းကို အမှန်တကယ် စိတ်ပျက်စေသည့် တစ်ခုတည်းသော အရာမှာ ကာကွယ်ရေး အဆောင်လက်ဖွဲ့ တစ်ခုမှ မပါလာခြင်းပင်။
လက်ရှိ စနစ်၏ သေတ္တာများတွင် အများအားဖြင့် အဆောင်လက်ဖွဲ့များသာ ပါလေ့ရှိပြီး ထူးခြားသော ပစ္စည်းများ ပါလာခြင်းမှာ အလွန်ရှားပါးကြောင်း သူ သဘောပေါက်သွားသည်။
တာဝန်များစွာ ပြီးမြောက်ခဲ့သော်လည်း စနစ်က ဘာကြောင့် အဆင့်မမြှင့်သေးသနည်းဟု လီယီတောင်း တွေးနေမိသည်။
စွမ်းရည် အသစ်လည်း မပေးသလို နောက်ပိုင်းဖွင့်သော သေတ္တာများကလည်း အလွတ်များသာ ဖြစ်နေသဖြင့် အတော်လေး စိတ်ပျက်စရာ ကောင်းလှသည်။
ထိုအချက်ကို သဘောပေါက်သွားပြီးနောက် တခြားသူများကို ထပ်၍ Follow မလုပ်တော့ရန် လီယီတောင်း ဆုံးဖြတ်လိုက်သည်။
Follow လိုက်၍ ရမည့် အပို သက်တမ်း ဆယ်စုနှစ် အနည်းငယ်ဆိုသည်မှာ ယခု သက်တမ်း အနှစ် ၂ သောင်းကျော် ပိုင်ဆိုင်ထားသော လီယီတောင်းအတွက်တော့ ဘာမှ မပြောပလောက်တော့ဘဲ အဓိပ္ပါယ်မဲ့နေသကဲ့သို့ပင်။
ထို့ကြောင့် အကယ်၍ လွန်ခဲ့သော ရက်အနည်းငယ်ကကဲ့သို့ အန္တရာယ်မျိုးနှင့် ထပ်ကြုံလာပါက ရန်သူကို အလွယ်တကူ ရှင်းပစ်နိုင်မည်ဟု သူ ယုံကြည်နေသည်။
ဘာမှ အများကြီး လုပ်နေစရာ မလိုဘဲ သေမင်းတမန် အဆောင်လက်ဖွဲ့ တစ်ခု ပစ်ပေါက်လိုက်ရုံဖြင့် ရန်သူသည် သက်တမ်း အနှစ် ၂ သောင်းကျော် စတေးထားသည့် တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပါမည်လော။
အဖြေကတော့ လုံးဝ မခံနိုင်ပါဟူ၍သာ။
ယခုအထိ လီယီတောင်း ကြုံတွေ့ခဲ့ရသော ရန်သူများကို ကြည့်ရသလောက် ထိုမျှ ပြင်းထန်သော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိသူ တစ်ယောက်မှ မရှိသေးပေ။
သို့သော် ယခုမှ ပြောနေ၍လည်း နောက်ကျသွားပြီ ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ကသာဆိုလျှင် လီယီတောင်းတွင် ဤမျှလောက် တိုက်ရည်ခိုက်ရည် ရှိမနေခဲ့ပေ။
တနည်းအားဖြင့် ဆိုရလျှင် ထိုနေ့က တိုက်ပွဲသာ မရှိခဲ့ပါက သူ ယခုလို တိုက်ခိုက်ရေး စွမ်းအားမျိုး ရလာမည် မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ လူဆိုသည်မှာ တဖြည်းဖြည်းနှင့် ကြီးထွား တိုးတက်လာတတ်သည်သာ။
အခက်အခဲများနှင့် ကြုံတွေ့ရမှသာ ကြီးထွားရင့်ကျက်လာတတ်ပြီး အမှန်တကယ် အန္တရာယ်နှင့် ရင်ဆိုင်ရချိန်မှသာ အားထုတ်ကြိုးပမ်းရန် တွေးမိတတ်ကြသည် မဟုတ်ပါလား...။
ညနေဆည်းဆာ အလင်းရောင်က ကျန်းမြို့ တစ်မြို့လုံးကို မီးခိုးရောင် ရောယှက်နေသော အနီရောင်များဖြင့် ဆေးခြယ်ထားသည်။
လီယီတောင်းသည် ဗီလာ၏ ခြံဝင်းငယ်လေး တံခါးကို တွန်းဖွင့်လိုက်သည်။
ကုလားထိုင်ပေါ်တွင် အားနည်းစွာ ထိုင်နေသော အဘိုးအိုကို မြင်လိုက်ရချိန်တွင်တော့ သူ၏ မျက်နှာအမူအရာက တော်တော်လေး သက်သာရာ ရသွားသည်။ သုံးရက်အကြာတွင် အဘိုးအို နိုးလာခဲ့လေပြီ။ မူလက ခန့်မှန်းထားသည့် အချိန်ထက် အများကြီး စော၍ နိုးလာခြင်းပင်။
အဘိုးအို၏ အစောပိုင်း ခန့်မှန်းချက်အရ ဆိုလျှင် အနည်းဆုံး တစ်ပတ်၊ သို့မဟုတ် တစ်လလောက်ပင် ကြာနိုင်သည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။
ထိုမျှမကသေး လီယီတောင်းသည် အခန်းထဲမှ ထွက်လာသော ကျိုးရှုရီကိုပါ တွေ့လိုက်ရသည်။
သို့သော် သူမ၏ တက်တူး ရှိသော နေရာတွင်တော့ ထူးခြားသော လက်ကောက်တစ်ခုကို ဝတ်ဆင်ထားလေသည်။
ထိုအရာဆီမှ ထူးခြားသော အငွေ့အသက် တစ်ခုကို လီယီတောင်း ခံစားလိုက်ရသည်။ လီယီတောင်း၏ အကြည့်ကို သတိထားမိသွား၍လား မသိ၊ အဘိုးအိုက လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ရှေးဟောင်း ပစ္စည်းတစ်ခုပါ... အခုလို တိုက်တိုက်ဆိုင်ဆိုင် ပြန်မတွေ့ရရင် ငါတောင် မေ့နေလောက်ပြီ... သိပ်ပြီးတော့ အသုံးမဝင်ပေမဲ့ အခုချိန်မှာ သူ့အတွက်တော့ အလိုအပ်ဆုံးပဲလေ..."
"ဒီလက်ကောက်က သူ့လက်မောင်းပေါ်က ကြောင်နက် တက်တူးကို အနည်းဆုံး တစ်လလောက်တော့ ပိတ်လှောင်ထားနိုင်တယ်... ဒီတစ်လအတွင်းမှာ အဲဒီအရာ လှုပ်ရှားလာမှာကို ငါတို့ စိတ်ပူစရာ မလိုတော့ဘူး... ငါ နာလန်ထူလာတဲ့အထိ အချိန်နည်းနည်း ပိုရသွားတာပေါ့... ပြီးရင်တော့ ငါတို့ ခရီးထွက်ကြတာပေါ့..."
အဘိုးအို၏ စကားကို လီယီတောင်းက ခေါင်းညိတ်၍သာ တုံ့ပြန်လိုက်သည်။
သူ စကားအများကြီး မပြောတော့ပေ။
လီယီတောင်းသည် အဘိုးအို ဘေးနားရှိ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး ရေတစ်ခွက် ငှဲ့ကာ မော့သောက်လိုက်သည်။
"ပတ်ဝန်းကျင်က လူတွေကို တပ်ဖွဲ့ ၃၆က ရှင်းပေးသွားပြီလား..."
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဤနေရာရှိ အခြေအနေကို လီယီတောင်း နေ့တိုင်း စောင့်ကြည့်နေခဲ့သည်။
အရင်က အဘိုးအို ဗီလာ ပတ်ဝန်းကျင်တွင် ရှိနေခဲ့သော မသင်္ကာစရာ လူများမှာ ယခုအခါ အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
ထို့ကြောင့် လီယီတောင်းလည်း မေးလိုက်ခြင်း ဖြစ်သည်။
သို့သော် အဘိုးအိုက ခေါင်းခါပြလိုက်သည်။
"အရင်က ရှင်းထင် ဝင်ပါလိုက်လို့ သူတို့ တော်တော်လေး အထိနာသွားတယ်... ငါ့ကို တကယ်ကြီး ဒုက္ခမပေးနိုင်ရင်တောင် သူတို့က အန္တရာယ် များတယ် ဆိုတာ အသေအချာပဲ... ဒါကြောင့် ငါ သူတို့ကို ဒီခြံဝင်းထဲကနေ ထွက်ခွင့် မပေးခဲ့တာ... သူတို့ အထဲကို ဖောက်ဝင်ဖို့ အချိန်နည်းနည်းတော့ ယူရမှာပဲ... ဒါပေမဲ့ အဲဒီ အချိန်အတွင်းမှာပဲ ငါ အားပြန်ပြည့်နိုင်ပြီလေ..."
"ဒါပေမဲ့... တစ်ဖက်က ဘာမှ မလှုပ်ရှားသေးဘူး... ဒါက သေချာပေါက် အကြောင်းရင်း တစ်ခုခု ရှိနေလို့ပဲ..."
အဘိုးအို စကားပြောနေရင်း မျက်နှာထားက အနည်းငယ် တည်သွားသည်။
ထိုအကြောင်းရင်းများထဲမှ အချို့မှာ အလွန် ကြောက်စရာကောင်းသည်ဟု သူ ခံစားနေရကြောင်း သိသာလှသည်။
အဘိုးအို ဤသို့ ပြောလိုက်သည်ကို ကြားတော့ လီယီတောင်းလည်း ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
သူတို့ ဆုတ်ခွာသွားတာက အဘိုးအို ဒါမှမဟုတ် တပ်ဖွဲ့ ၃၆ကြောင့် မဟုတ်ဘဲ တခြား အကြောင်းရင်းတွေကြောင့်တဲ့လား...။
အဲဒါ ဘာများဖြစ်နိုင်မလဲ...။
"မင်းရဲ့ စွမ်းအားတွေ ဒီရက်ပိုင်းအတွင်း တော်တော် တိုးတက်လာတယ် မဟုတ်လား..."
လီယီတောင်း ကြောင်တောင်တောင် ဖြစ်နေစဉ် အဘိုးအိုက ထပ်မေးလိုက်ပြန်သည်။
အဘိုးအို၏ မေးခွန်းကို ကြားလိုက်ရသဖြင့် လီယီတောင်း ပို၍ပင် အံ့ဩသွားတော့သည်။
' ငါ့ စွမ်းအားတွေ တိုးတက်လာတာကို အဘိုးအိုက ဘယ်လိုလုပ် သိနေတာလဲ... '
ယုတ္တိကျကျ တွေးကြည့်လျှင် လီယီတောင်း၏ စွမ်းအားမှာ သူ တစ်ယောက်တည်းသာ သိသင့်သော အရာ ဖြစ်သည်။
အခြားသူများ အနေဖြင့် ခံစားသိရှိနိုင်စရာ အကြောင်းမရှိ။ အထူးသဖြင့် သူ၏ စွမ်းအား ရင်းမြစ်က ထူးခြားနေသည်ကို ထည့်တွက်လျှင် ပို၍ပင် မဖြစ်နိုင်ပေ။
"အံ့ဩမနေပါနဲ့... ငါ ခံစားမိတာ ကြာပါပြီ... မင်းရဲ့ ခွန်အားတွေ ပြည့်ဝလေလေ၊ မင်းရဲ့ စွမ်းအားက ကြီးမားလေလေပဲ..."
"အရင်က မင်းရဲ့ ခွန်အားတွေက တဖြည်းဖြည်းချင်း တိုးတက်နေခဲ့တာ... ဒါပေမဲ့ ပြီးခဲ့တဲ့ တိုက်ပွဲ အပြီးမှာတော့ တဖျပ်ဖျပ် လင်းနေတဲ့ ဖယောင်းတိုင်မီးလို ရုတ်တရက် ထတောက်လာတယ်... အခုဆိုရင် လမင်းကြီးလို၊ ဒါမှမဟုတ် နေမင်းကြီးလိုတောင် ဖြစ်နေပြီ... ဒါက စွမ်းအားတွေ တိုးတက်လာတာ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ..."
အဘိုးအို၏ နှုတ်ခမ်းထောင့်တွင် ရှားရှားပါးပါး အပြုံးတစ်ခု ပေါ်လာသည်။ လီယီတောင်း၏ စွမ်းအားများ တိုးတက်လာခြင်းအတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် အပြုံးမျိုးပင်။ ယခုမှသာ လီယီတောင်း သဘောပေါက်သွားတော့သည်။
ဟုတ်သားပဲ။
အဘိုးအိုလို လူတစ်ယောက်အတွက် ဤပြောင်းလဲမှုများကို သတိပြုမိရန်မှာ ရှောင်လွှဲ၍ မရနိုင်ပေ။
ဤသို့ဆိုလျှင် သူ့စွမ်းအားများ တိုးတက်လာသည်ကို သိနေခြင်းမှာလည်း ယုတ္တိတန်လှပါသည်။
သို့သော် လီယီတောင်းမှာတော့ အောင့်သက်သက် ပြုံးပြီး ခေါင်းညိတ်ပြရုံမှတစ်ပါး အခြား မတတ်နိုင်ပေ။
သူ ဘာများ ထပ်ပြောနိုင်ဦးမည်နည်း။
"ကဲ... အခု မင်းရဲ့ စွမ်းအားတွေလည်း အများကြီး တိုးတက်လာပြီဆိုတော့... မင်း ရှင်းရမယ့် ကိစ္စတစ်ခု ရှိလာပြီ... ကြေးမုံပြင်ရဲ့ အကူအညီကို မင်း ခံစားမိမှာပါ... အဲဒါက တော်တော် ထူးခြားတဲ့ ရတနာတစ်ခုပဲ... ဒါကြောင့် အဲဒါကို အပြည့်အဝ အသုံးချနိုင်မယ့် နည်းလမ်းကို ရှာရမယ်... သွား... ရှီးအန်းမြို့ကို နောက်တစ်ခေါက် သွားလိုက်ဦး... ဒီကိစ္စကို အပြီးအပြတ် ရှင်းလင်းပြီး ကြေးမုံပြင်ရဲ့ အစီအရင်ကို တစ်ခါတည်း ချိုးဖျက်ပစ်လိုက်တော့!"
"ငါတို့ သွားမယ့် နေရာအတွက် အဲဒါက အကျိုး အများကြီး ရလိမ့်မယ်…"
***