အခန်း ၂၄၃ - ရထားပေါ်က အမျိုးသမီး
သူတို့နှစ်ယောက်ကြားရှိ တိုက်ပွဲမှာ တိတ်တဆိတ် စတင်ခဲ့လေသည်။
ထို့နောက် တိတ်တဆိတ်ပင် ပြန်လည် ပြီးဆုံးသွားခဲ့သည်...။
တိုက်ပွဲ တစ်ခုလုံးမှာ အချိန်တိုလေးအတွင်း၌ပင် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သို့သော် လီယီတောင်း၏ သက်တမ်း အနှစ် ၁ သောင်းတောင် ကုန်ဆုံးသွားခဲ့လေသည်။
အနှစ် တစ်သောင်းတဲ့...။
လီယီတောင်း ရင်ထဲတွင် ဆို့နင့်နေအောင် နာကျင်နေမိတော့သည်။
သူ ယခုလေးတင် ရထားခဲ့သော သက်တမ်းများက ဤမျှ လွယ်လွယ်ကူကူနှင့် ကုန်ဆုံးသွားရသည်တဲ့လား။
သူ၏ မူလ ရည်ရွယ်ချက်ကတော့ ထွက်ပြေးရန်ပင် ဖြစ်သည်။
သို့သော်... တစ်ဖက်လူက မည်သည့်နည်းလမ်း သုံးလိုက်သည် မသိ၊ သူ့ကို လုံးဝ လှုပ်မရအောင် လုပ်ပစ်လိုက်လေသည်။
လှုပ်မရဘူး ဆိုသည်ထက် သူက သတ်မှတ်ထားသော နေရာလေး တစ်ခုအတွင်း၌သာ လှုပ်ရှား၍ ရတော့ခြင်း ဖြစ်သည်။
ဤသည်ကား... ထွက်ပြေးရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။
ရွေးချယ်စရာ တစ်ခုသာ ကျန်တော့သည်။
တိုက်ရမည်။
အသေအကြေ တိုက်ရမည့် ပွဲမျိုးပင်။
သို့သော်... အဆုံးသတ်တွင်တော့ တစ်ဖက်လူက နောင်တရသွားလောက်ပေသည်။
တိုက်ပွဲ အဆုံးသတ်ခါနီးတွင် ထိုသူက ထွက်ပြေးချင်နေခဲ့သည်။
သို့သော်... လီယီတောင်းက သူ့ကို အလွတ်မပေးခဲ့ပေ။
ဝိညာဉ်နုတ်ယူခြင်းကို အသက်သွင်းလိုက်လေသည်။
ဤစွမ်းရည်ကြောင့်ပင် သူ၏ သက်တမ်း အနှစ် ၁ သောင်းတောင် ကုန်ဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
သူ တကယ်ကို နှမြောတသ ဖြစ်နေမိသည်။
ယခု ပြန်တွေးကြည့်လျှင်တောင် ရင်ထဲ နာကျင်နေဆဲပင်။
မည်သို့ပင်ဆိုစေ... ကံကောင်းထောက်မစွာဖြင့် အဆုံးတွင် သူ အောင်မြင်သွားခဲ့ပေသည်။
တစ်ဖက်လူ၏ အသိစိတ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်...
ကြေးမုံပြင်ပေါ်တွင် ကျန်ရစ်နေသော အဆက်အသွယ်များ အားလုံး လုံးဝ ပျောက်ကွယ်သွားသည်ကို လီယီတောင်း ခံစားလိုက်ရသည်။
မူလ ဝိညာဉ်ကလည်း ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ဝိညာဉ်သစ် တစ်ခု မွေးဖွားလာခဲ့သည်။
သို့သော်... ဤဝိညာဉ်သစ် မွေးဖွားလာသော အချိန်တွင်တော့...
လီယီတောင်း ခဏတာ ဆွံ့အသွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ရင်းနှီးနေသော ခံစားချက်လေး တစ်ခုကို သူ ခံစားလိုက်ရသောကြောင့်ပင်။
ဒါက... ဝမ်ရှင်းယွဲ့လား။
တကယ်ကြီး ဝမ်ရှင်းယွဲ့၏ ဝိညာဉ်လား။
ခဏတာမျှ သူ နေရာမှာပင် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
ထို့နောက် သူ တဖြည်းဖြည်း သဘောပေါက်သွားတော့သည်။
ကြေးမုံပြင်ထဲက မူလ ဝိညာဉ် ပျောက်ကွယ်သွားသည်ကို အခွင့်ကောင်းယူပြီး ဝမ်ရှင်းယွဲ့၏ ဝိညာဉ်က ဤနေရာကို အောင်မြင်စွာ သိမ်းပိုက်လိုက်ခြင်းပင်။
မြေပြင်ပေါ်ရှိ အသက်ကင်းမဲ့နေသော အဘိုးအို၏ ခန္ဓာကိုယ်ကို သူ တစ်ချက် ကြည့်လိုက်သည်။
ဤအချိန်တွင်တော့... ရှီးအန်းမြို့သို့ လာခဲ့သော ခရီးစဉ်က တကယ့်ကို ကြီးမားလှသည့် ပြဿနာ တစ်ခုကို ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။
တစ်ခုတည်းသော နောင်တကတော့... ဘုရားကျောင်းထဲတွင် ကြေးမုံပြင်၏ ထပ်ဆောင်း လျှို့ဝှက်ချက်များကို သူ ရှာမတွေ့ခဲ့ခြင်းပင်။
လက်ရှိ ကြေးမုံပြင်၏ စွမ်းရည်လောက်ကိုသာ သူ သိနိုင်သေးသည်။
ထိုလျှို့ဝှက်ချက်ကို ရှာတွေ့ပါက ကြေးမုံပြင်၏ တိုက်ခိုက်ရေး စွမ်းအားကို သိသိသာသာ တိုးမြှင့်ပေးနိုင်မည် ဆိုသည်ကို လီယီတောင်း ကောင်းကောင်း သိထားသည်။ သို့သော် ယခု မြင်နေရသည့် အနေအထားအရတော့... ၎င်းက တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။
သူ့တွင် ၎င်းကို ဆက်ရှာနေရန် အချိန် အများကြီး မရှိတော့ပေ။
သို့သော် သူ ယုံကြည်သည်။
ကြေးမုံပြင်၏ လျှို့ဝှက်ချက်၊ သို့မဟုတ် စွမ်းအားကို မြှင့်တင်ပေးနိုင်မည့် လျှို့ဝှက်ချက်ကို သူ မရှာတွေ့လျှင်တောင်မှ...
ဝမ်ရှင်းယွဲ့၏ ဝိညာဉ်က ဆက်လက် ကြီးထွားအားကောင်းလာသည်နှင့်အမျှ ကြေးမုံပြင်တွင် ပါရှိသော မွေးရာပါ စွမ်းရည်များက တဖြည်းဖြည်း ပေါ်လာလိမ့်မည် ဖြစ်သည်။
လီယီတောင်း ထွက်ခွာတော့မည့် အချိန်၌ပင်...
တရုတ်ပြည်၏ ဝေးလံခေါင်ဖျားသော တောင်တန်းကြီး တစ်ခုဆီတွင်...
မှောင်မိုက်နေသော ချောက်ကမ်းပါးကြီး တစ်ခု၏ ထိပ်နား၌...
မီတာ ၂၀ ခန့် မြင့်သော ဧရာမ ကျောက်တုံး စင်မြင့်ကြီး တစ်ခု ရှိနေသည်။
ထိုကျောက်တုံး စင်မြင့်ပေါ်ရှိ လူတစ်ယောက် ရုတ်တရက် မျက်လုံး ပွင့်လာခဲ့သည်။
ထိုလူမှာ အသက် ၄၀ သို့မဟုတ် ၅၀ ဝန်းကျင်ခန့် ရှိပုံရပြီး သူ့မျက်လုံးများထဲတွင် စူးရှသော အရိပ်အယောင်များ ပါဝင်နေလေသည်။
တချိန်တည်းမှာပင် ထိုအကြည့်များထဲတွင် အကြွင်းမဲ့ ဒေါသများ ပြည့်နှက်နေသည်။
ဤလူမှာ အခြားသူ မဟုတ်ပေ။ အဘိုးအို၏ ခန္ဓာကိုယ်ကို ဝိညာဉ်ဝင်ပူးခဲ့သော သူပင် ဖြစ်သည်။
ထိုအရာက သူ့ဝိညာဉ်ကို အားကောင်းစေရန် သက်တမ်းကို စတေးပြီး လီယီတောင်း ချေမှုန်းလိုက်သော သူ့ဝိညာဉ်၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။
ထိုအစိတ်အပိုင်းလေးမှာ သူ့ ကိုယ်ပွား၏ အစိတ်အပိုင်း သေးသေးလေး တစ်ခုသာ ဖြစ်သည်။
သို့သော်...
သူ့ဝိညာဉ်အတွက် ဤအနည်းငယ်သော ဆုံးရှုံးမှုမှာ လက်တစ်ဖက်လုံး ပြတ်တောက်သွားသည်နှင့် အတူတူပင် ဖြစ်လေသည်။
ပြန်လည် ကုစား၍ မရနိုင်သော ဆုံးရှုံးမှုမျိုး။
ဝိညာဉ် ပြတ်တောက်သွားခြင်းကို တစ်ခါ ဖယ်ရှားလိုက်သည်နှင့် ထာဝရ ပျောက်ကွယ်သွားပြီဟု အဓိပ္ပါယ် ရပေသည်။
နောင်တစ်ချိန်တွင် သူ့ဝိညာဉ်က ပြန်လည် အားကောင်းလာလျှင်ပင် ဤလူက အားကောင်းသည်ဟုသာ ပြော၍ ရမည်။ ပြတ်သွားသော လက်တစ်ဖက်ကိုတော့ ပြန်ဆက်၍ မရနိုင်တော့ပေ။
ထို့ကြောင့် သူ အတော်လေး ဒေါသထွက်နေမိ၏။
ကျန်းမြို့ ရှိရာ မြောက်ဘက်ဆီသို့ သူ စူးစူးရဲရဲ လှမ်းကြည့်နေလေသည်။
သူ့အသံက အလွန် တိုးညှင်းနေလျက်။
"လီယီတောင်း ဟုတ်လား... မင်းကို ဒီမှာ ငါ စောင့်နေမယ်"
ရထားပေါ် ရောက်နေသော လီယီတောင်းသည် ကြေးမုံပြင်ကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။
ဝမ်ရှင်းယွဲ့ ဝိညာဉ်၏ လက်ရှိ အားနည်းနေသော အခြေအနေကို သူ ခံစားနေရသည်။
ပြန်ရောက်လျှင် သူမကို ကူညီပေးနိုင်မည့် နည်းလမ်း ရှိမရှိ အဘိုးအိုကို မေးရန် သူ စီစဉ်ထားသည်။
သူမ အမြန်ဆုံး ကြီးထွားလာသရွေ့ ဤကြေးမုံပြင်က လီယီတောင်းအတွက် ပိုပြီး အသုံးဝင်လာလိမ့်မည်။
ထို့ကြောင့် ဖြစ်နိုင်မည်ဆိုပါက ဝမ်ရှင်းယွဲ့ ကြီးထွားလာရန် သူ သေချာပေါက် ကူညီပေးရပေမည်။
မည်သို့ပင်ဆိုစေ သူမကို ကူညီခြင်းက မိမိကိုယ်ကိုယ် ကူညီခြင်းနှင့် အတူတူပင် ဖြစ်သည် မဟုတ်ပါလား။
"ကောင်လေး... မင်းကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ... မင်းက ကျန်းမြို့ကလား"
လီယီတောင်း အတွေးထဲ နစ်မျောနေချိန်၌ပင်။
အသက် ၃၀ အရွယ် ရင့်ကျက်သော လှလှပပ မိန်းကလေးတစ်ဦးက သူ့ရှေ့ရှိ လွတ်နေသော ခုံတွင် ဝင်ထိုင်လိုက်လေသည်။
သူမဆီမှ သင်းပျံ့ပျံ့ ရနံ့လေး ထွက်ပေါ်နေလျက်။
ထိုမျှမကသေး။
သူမ ဝတ်စားပုံကလည်း ခပ်မိုက်မိုက်။
လီယီတောင်းပင်လျှင် သူမကို နောက်တစ်ကြိမ် ထပ်မကြည့်ဘဲ မနေနိုင်ခဲ့ပေ။
' အင်း... မဆိုးဘူး... တော်တော်လေး ဆွဲဆောင်မှု ရှိတာပဲ '
လီယီတောင်း အနည်းငယ် ပြုံးလိုက်သည်။
"ဘာကိစ္စများ ရှိလို့လဲ ခင်ဗျ"
မည်သို့ပင်ဆိုစေ လှတပတ မိန်းကလေး တစ်ဦးက မေးလာသည်မို့ ပြန်ဖြေရမည် မဟုတ်ပါလား။
"ဘာမှ မဟုတ်ပါဘူး... မင်းကို ကြည့်ရတာ တော်တော် ရင်းနှီးနေလို့ပါ... ဒါပေမဲ့ ဘယ်မှာ မြင်ဖူးလဲ ဆိုတာကိုတော့ မသိတော့ဘူး... အဲဒါကြောင့် နှုတ်ဆက်ကြည့်တာပါ"
"အော်... ကျွန်တော်က မမလှလှလေးက ကျွန်တော့် ဖုန်းနံပါတ် တောင်းမလို့များလားလို့... ပြီးတော့ ကျွန်တော်နဲ့ ကြည်နူးစရာ အခိုက်အတန့်လေး ဖန်တီးချင်နေတာလားလို့တောင် တွေးလိုက်မိသေးတာ... ကျွန်တော်က အတွေးလွန်သွားတာ ဖြစ်မယ်"
"ခစ်ခစ်... မောင်လေးက နောက်တတ်သားပဲ... အခုခေတ် လူငယ်တွေက ဒီလောက်တောင် ပွင့်လင်းနေကြတာလား... အစ်မက မောင်လေးထက် အသက်ပိုကြီးတယ် ဆိုတာ မသိသာဘူးလား"
လီယီတောင်း ခေါင်းခါပြလိုက်သည်။
"အသက်ကြီးတာက အရေးမကြီးပါဘူး... အရေးကြီးတာက ကြီးဖို့ပဲလေ...."
သူမ မရယ်ဘဲ မနေနိုင်တော့ပေ။
အနည်းငယ် ရယ်ပြီးသွားမှ သူမက မနိုင်ဘူး ဆိုသည့် ပုံစံဖြင့် ခေါင်းခါလိုက်သည်။
"ဘယ်တုန်းက သတိထားမိသွားတာလဲ"
လီယီတောင်း ပခုံးတွန့်ပြလိုက်သည်။
"ခင်ဗျား ဒီမှာ ဝင်ထိုင်ကတည်းက ကျွန်တော် သိနေပြီ"
လီယီတောင်း ဘာမှ မဖုံးကွယ်ထားပေ။ တစ်ဖက်လူ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ ရိပ်မိနေပြီ ဆိုသည်ကို ရိုးရိုးသားသားပင် ဖော်ပြလိုက်သည်။
"ငါ ပေါ်လာတိုင်း မျက်နှာ အမြဲ ပြောင်းနေတာလေ... နှစ်ကြိမ်လောက် တွေ့တာနဲ့ ငါ့ကို မှတ်မိတဲ့သူ ဆိုလို့ မင်းက ပထမဆုံးပဲ"
အမျိုးသမီး၏ မျက်နှာထားက ရုတ်တရက် အလွန် တည်ငြိမ်သွားလေသည်။
လီယီတောင်းက ခါးသက်သက် အပြုံးဖြင့် ခေါင်းခါလိုက်သည်။
"ကျွန်တော် ခင်ဗျားကို မှတ်မိနေတာက... ခင်ဗျားကို ထပ်တွေ့ရင် ယီနိုရဲ့ သတင်းကို ရနိုင်မယ် ဆိုတာ သိနေလို့ပဲ... ဒါကြောင့် ခင်ဗျားနဲ့ တွေ့မယ့် အခွင့်အရေး ဘယ်ဟာကိုမှ လက်မလွှတ်နိုင်ဘူးလေ... ခင်ဗျားရဲ့ အငွေ့အသက်ကို မှတ်မိဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားရမှာပဲ..."
လီယီတောင်းက စကားကို အလွန် တည်ငြိမ်စွာ ပြောလိုက်ပြီး ယခင်ကလို ရွဲ့တဲ့တဲ့ ပုံစံမျိုး လုံးဝ မရှိတော့။
သူမ၏ အငွေ့အသက်ကို မှတ်မိပြီး နောက်တစ်ကြိမ် တွေ့သည့်အခါ သူမကို မှတ်မိနိုင်သူ တချို့လည်း ရှိပေသည်။
ထိုအထဲမှ တချို့က သူမက တမင်တကာ မှတ်မိအောင် လုပ်ပေးထားသူများ ဖြစ်ပြီး၊ တချို့ကတော့ အကြိမ်ကြိမ် တွေ့ပြီးသည့်နောက် သဲလွန်စ တချို့မှတစ်ဆင့် ခန့်မှန်းမိသွားသော သူများ ဖြစ်သည်။
လီယီတောင်းကဲ့သို့ ဒုတိယအကြိမ် တွေ့သည်နှင့်တင် သူမကို မှတ်မိသူ ဆိုသည်မှာ ပထမဆုံး အကြိမ်ပင်။
သူမ၏ စွမ်းရည်များကို သူမ အလွန် ယုံကြည်မှု ရှိသည်။
ငါ့ အငွေ့အသက်ကို သူ မှတ်မိနေတယ်တဲ့လား... ရယ်စရာတွေ မပြောပါနဲ့ဟာ...။
သူမ၏ အငွေ့အသက်က အမြဲတမ်း ပြောင်းလဲနေသည် မဟုတ်ပါလား။
လီယီတောင်းက သူမကို မှတ်မိချင်သည် မဟုတ်ကြောင်း သိပေသည်။ သူမကို မှတ်မိပြီး ထိုကောင်မလေး၏ သတင်းကို သူမဆီမှ ရချင်ခြင်းသာ ဖြစ်၏။
လီယီတောင်းမျက်လုံးများက တည်ငြိမ်နေလျက်။
တစ်ချိန်တည်းမှာပင်... "သူ နေကောင်းရဲ့လား" ဟု လေးလေးနက်နက် မေးလိုက်လေသည်။