အခန်း ၂၄၄ - ပြင်ဆင်မှု
လီယီတောင်း၏ မေးခွန်းကို ကြားလိုက်ရသောအခါ သူမက အေးဆေးစွာ ကြည့်လိုက်သည်။
လီယီတောင်း၏ မျက်လုံးထဲမှ တစ်စုံတစ်ခုကို သူမ ရှာဖွေလိုဟန် ရှိ၏။
လီယီတောင်းကတော့ လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ သူမကိုသာ စူးစူးရဲရဲ ဆက်ကြည့်နေခဲ့သည်။
ထိုသို့ဖြင့် တစ်မိနစ်ခန့် ကုန်လွန်သွားလေသည်။
“ခစ်ခစ်... အဲဒီ ကောင်မလေး ပြောတာ မှန်သားပဲ...”
“ကောင်းပြီလေ... မင်းကို ထပ် မစတော့ပါဘူး... ဒီနေ့ ငါ ဒီကို လာတာ အဲဒီ ကောင်မလေး ပြောခိုင်းတဲ့ စကားကို လာပြောပေးတာ...”
“မင်း သူ့ကို ပေးလိုက်တဲ့ ရုပ်သေးရုပ်က အသုံးဝင်တယ်တဲ့... ပြီးတော့... သူ အဆင်ပြေပါတယ်… သူ ဒဏ်ရာ ရခဲ့ပြီး အန္တရာယ်တချို့နဲ့ ကြုံတွေ့ခဲ့ရပေမဲ့ အခုတော့ အဆင်ပြေသွားပါပြီ…”
“တကယ်တော့ သူက မင်းအတွက် စိတ်ပူနေတာဆိုရင် ဘာလို့ သူ့မှာ ဒဏ်ရာရတယ်လို့ မင်းကို ပြောလိုက်ရတာလဲလို့ ငါ မေးကြည့်ဖူးတယ်…”
“သူ ဘာပြောတယ် ထင်လဲ သူ မင်းကို လိမ်လို့ မရဘူးတဲ့လေ…”
ဤစကားကို ပြောပြီးနောက် အမျိုးသမီးက စိတ်မကောင်းစွာဖြင့် ခေါင်းခါလိုက်သည်။
လီယီတောင်းကတော့ တိတ်ဆိတ်နေဆဲပင်။ သူ့မျက်နှာအမူအရာက တည်ငြိမ်နေမြဲ။
“ကဲ... ငါ့ တာဝန်လည်း ပြီးသွားပြီ… သူ အဆင်ပြေတယ် ဆိုတာ သိရင် ရပြီပေါ့… သူက မင်းကို သိတယ်တဲ့လေ… မင်းကို သူ လိမ်မှာ မဟုတ်ဘူးတဲ့… ဒါကြောင့်... မင်း စိတ်မပူပါနဲ့တော့…”
စကားပြောရင်းနှင့် အမျိုးသမီးက ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။
သူမ၏ တည်ငြိမ်သော အမူအရာက လီယီတောင်းအတွက် တွေးတောစရာ ဖြစ်စေ၏။
“အမ်... ဒါကတော့ ငါ့ရဲ့ ကိုယ်ပိုင် အမြင်သက်သက်ပါပဲ… မင်းကိုယ်မင်း တိုးတက်အောင် ကြိုးစားပါ… အဲဒီ ကောင်မလေးကို အကြာကြီး စောင့်ခိုင်းမထားပါနဲ့…”
“သူ အခု အတော်လေး ပင်ပန်းနေတယ်… သူ့ကို ကူညီပေးမယ့်သူ လိုအပ်နေတယ်…”
“တစ်ခုတော့ ရှိတယ်... သူက ဒီလောကကြီးမှာ ဘယ်သူ့ကိုမှ လုံးဝ မယုံကြည်နိုင်ဘူး… တစ်ယောက်တည်းကလွဲရင်ပေါ့… ငါ သူ့ကို အကြိမ်ကြိမ် အသက်ကယ်ပေးခဲ့ဖူးပေမဲ့ သူက ငါ့ကို စိတ်ရင်းနဲ့ မယုံကြည်နိုင်ဘူးလို့ သူ့ကိုယ်တိုင် ဝန်ခံခဲ့တယ်…”
အမျိုးသမီး ထိုစကားကို ပြောလိုက်သည့်အချိန်တွင် သူမ မျက်လုံးများထဲ၌ စိတ်ပျက်အားငယ်ဟန် အရိပ်အယောင်လေး ပေါ်လာခဲ့သည်။
လီယီတောင်းကတော့ ထိုအမျိုးသမီးသည် လီယီနိုကို အလွန်အမင်း ဂရုစိုက်ပေးနေကြောင်း သိလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
လီယီတောင်း တိုးညှင်းစွာ ပြောလိုက်၏။
ဤကျေးဇူးတင်စကားသည် လီယီနိုအပေါ် သူမ၏ ဂရုစိုက်ပေးမှုအတွက် ဖြစ်သည်။
သို့သော် အမျိုးသမီးက ခေါင်းခါလိုက်သည်။
“ကျေးဇူးတင်စရာ မလိုပါဘူး…”
“ကဲ... မင်း မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခု ရှိလာရင် ငါ့ဆီ မက်ဆေ့ချ် ပို့လိုက်ပါ… ဒါ ငါ့ နံပါတ်ပါ… ငါ ဘယ်အချိန် ဖတ်မိမလဲ မသိပေမဲ့ ဖတ်မိတဲ့အခါ ပြန်ဖြေပေးပါမယ်…”
“ဒါပေမဲ့... အဲဒီ ကောင်မလေးအကြောင်း မေးတဲ့ မက်ဆေ့ချ်မျိုးတော့ ပို့မပေးပါနဲ့… ငါ ပြန်မဖြေဘူး… ငါ စည်းကမ်းကို ဖောက်ဖျက်ပြီးနေပြီ… ငါ့မှာသာ ထူးခြားတဲ့ စွမ်းရည်မရှိရင်… ”
သူမ ဆက်မပြောတော့။
ထိုအချိန်တွင် ရထားက ဘူတာရုံသို့ ဆိုက်ရောက်လာသည်။ အမျိုးသမီးက တန်းလျှောက်ထွက်သွား၏။
လီယီတောင်းက သူမ၏ ကျောပြင်ကို ကြည့်ရင်း အတွေးနက်နေမိသည်။
ယခုအချိန်တွင် အထူးဒေသတစ်ခုတွင် လီယီနို ရှိနေပေလိမ့်မည်။
ဤနေရာသည် တကယ်ကို နောက်ထပ် ကမ္ဘာတစ်ခု ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ်၊ သူကိုယ်တိုင်တောင် ဒီကမ္ဘာကို ရောက်လာခဲ့တာပဲ မဟုတ်လား။
ဒီကမ္ဘာမှာ နောက်ထပ် ကမ္ဘာတစ်ခု ရှိနေရင်လည်း အံ့သြစရာ မရှိတော့ဘူးလေ။
နောက်ထပ် အချက်တစ်ခုမှာ လီယီနို ယခုအချိန်တွင် အကူအညီ လိုအပ်နေသည်။ သူမတွင် ယုံကြည်ရမည့် အသင်းဖော် တစ်ယောက် လိုအပ်နေသည်။
ထိုသူမှာ လီယီတောင်း ပင်။
ဒါပေမဲ့ သူတို့ ဒီအချိန်မှာ ဘယ်နေရာမှာ တိုက်ပွဲဝင်နေကြသလဲ တိုက်ပွဲရဲ့ ဦးတည်ချက်က ဘာလဲ…။
သို့သော် ၎င်းမှာ လီယီတောင်း ယခု လက်ရှိအချိန်တွင် ထိတွေ့နိုင်မည့်အရာ မဟုတ်သလို နားလည်နိုင်သေးသည့် အရာလည်း မဟုတ်သေးပေ။
ဘာပဲဖြစ်ဖြစ်... အခုအချိန်မှာ သူ့ရဲ့ စွမ်းအားတွေကို အဆမတန် မြှင့်တင်ဖို့သာ အဓိကပဲ။
ယီတောင်း အဘိုးအို၏ အိမ်ဝင်းထဲသို့ ထပ်မံ ဝင်သွားသည့်အခါ...
မွန်းလွဲပိုင်း ဖြစ်နေပြီဖြစ်သည်။
သူ ဝင်သွားသည့်အခါ အဘိုးအိုက အံ့အားသင့်သွားသည်။
ထို့နောက် အံ့သြသော အမူအရာဖြင့် “တခုခု မတော်တဆ ဖြစ်တာလား” ဟု မေးလိုက်သည်။
လီယီတောင်းက ဖြစ်စဉ် တစ်ခုလုံးကို အသေးစိတ် ပြန်ပြောပြလိုက်သည်။
လီယီတောင်း၏ ပြောပြချက်ကို ကြားပြီးနောက် အဘိုးအိုက မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
“ဒီကောင်တွေ... ပိုပြီး ရဲတင်းလာကြတာပဲ… အကြောက်အလန့်ဆိုတာ မရှိတော့ဘူး…”
အဘိုးအိုက ခေါင်းငုံ့ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။
လီယီတောင်းကတော့ ဘာမှ ပြန်မပြောပေ။
အဘိုးအိုက သူ့ကိုယ်သူ ပြောနေမှန်း သူသိ၏။ မျှော်လင့်ထားသည့်အတိုင်းပင်...
အဘိုးအိုက သုံးမိနစ်ခန့် စဉ်းစားနေသည်။
ထို့နောက် သူက ခေါင်းမော့လိုက်ပြီး အလွန် တည်ငြိမ်သော အမူအရာဖြင့်... “ကောင်းပြီ… မင်း ဒီရက်ပိုင်း သတိထားပါ… ငါ့ရဲ့ စွမ်းအားတွေ ပြန်ကောင်းလာရင် ငါတို့ ထွက်သွားကြမယ်…”
“အဲဒီ နေရာရဲ့ တည်ရှိမှုကို ပစ်ထားလို့ မရဘူး… မင်းက သူ့ရဲ့ ဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးလိုက်တာဆိုတော့ သူ ဒါကို လုံးဝ လက်လွှတ်မှာ မဟုတ်ဘူး… ဒါပေမဲ့ အခုတော့ လုံခြုံပါသေးတယ်…”
“ဒါပေမဲ့ မင်း အနာဂတ်မှာ သတိထားရမယ်… မကြာခင်မှာပဲ မင်း အဲဒီနေရာနဲ့ ထိတွေ့ရလိမ့်မယ်… အဲဒီအချိန်ကျရင် တစ်ဖက်လူက မင်းကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး…”
“ဒါပေမဲ့ မင်း စိတ်မပူပါနဲ့… အဲဒီအချိန်ကျရင် မင်းလည်း ကြီးပြင်းသွားလောက်ပြီ… ပြီးတော့ ငါ့ ဒဏ်ရာတွေလည်း အကုန်ပျောက်လောက်ပြီ…”
“သူ တကယ်ပဲ မင်းကို တစ်ခုခု လုပ်ချင်တယ်ဆိုရင် ငါလည်း သူ့ကို ရှင်းပစ်ဖို့ ဝန်မလေးဘူး…”
အဘိုးအို၏ နောက်ဆုံးစကားက တည်ငြိမ်နေသည်။ ထို့ပြင် သူ့လေသံမှာ လေးနက်နေလျက်။
သူ့အမူအရာကလည်း အလွန် လေးနက်နေ၏။
အဘိုးအိုအတွက် လီယီတောင်းနှင့် လီယီနိုတို့မှာ မိသားစုရင်းခြာများနှင့် မခြားပေ။ ………..
အဘိုးအို အိမ်တွင်ပင် လီယီတောင်း ညစာ စားလိုက်၏။ အကြောင်းရင်းကတော့ ထမင်းချက် သုံးယောက်စလုံးက အဘိုးအိုဆီမှာ ရှိနေပြီး သူအိမ်မှာ စားစရာ မရှိ၍ပင်။
ထို့ကြောင့် လီယီတောင်းပင်လျှင် ဒီမှာပဲ ဆက်နေချင်စိတ် ပေါက်သွားသည်။
လီယီတောင်း အိမ်ပြန်ရောက်ချိန်တွင် ညရှစ်နာရီ ကျော်နေပြီဖြစ်သည်။
မှောင်မည်းနေသော ဆိုင်လေးမှာ အသက်ဝင်မှု ကင်းမဲ့နေလျက်။
ညက တိတ်ဆိတ်နေ၏။
နောက် သုံးရက်မှာ လီယီတောင်းအတွက် ငြိမ်းချမ်းအေးဆေးလှသည့် နေ့ရက်လေးများ ဖြစ်ပေသည်။
သူ့ဖုန်းကို ပိတ်ထားပြီး ဆိုင်တံခါး တစ်ပေါက်သာ ဖွင့်ထားသည်။
မနက်တိုင်း ဖုန်းစစ်ပြီး အပြင်စာ မှာစားသည်။
နေ့လယ်ပိုင်းတွင် အနားယူပြီး ညနေပိုင်းတွင် အပြင်စာ ထပ်မှာစားသည်။
ညဘက်တွင် အပြင်စာ ထပ်မှာစားပြီး ဖုန်းကြည့်ကာ အိပ်သည်။
လီယီတောင်းသည် ထိုသုံးရက်တာ၏ ထက်ဝက်ကို ဖုန်းပွတ်ရင်းဖြင့်သာ ဖြတ်သန်းခဲ့သည်။
သို့သော်... လူတိုင်းကို အံ့အားသင့်စေသည်မှာ...
သုံးရက်အတွင်း လီယီတောင်းသည် လူနှစ်ယောက်ကိုသာ follow လုပ်လိုက်ခြင်းပင်။
အစ်ကိုယီတောင်းမှာ ဘာများ ထူးခြားတဲ့ အကြံအစည်တွေ ရှိနေလဲ…။
ထိုသို့ မဟုတ်ပေ။ စနစ်ဆီမှ မည်သည့် သတိပေးချက်မှ မပေါ်လာသဖြင့် follow မလုပ်ခြင်း ဖြစ်ပေသည်။
သုံးရက် ကြာပြီးနောက်…
လီယီတောင်းဆီသို့ အဘိုးအို ဖုန်းဆက်လေပြီ။