အခန်း ၂၄၅ - ဝိညာဉ်သွင်းခြင်းလား… အပ်စိုက်ကုသခြင်းလား…
"ရောက်ပြီလား…"
လီယီတောင်း ခြံဝင်းငယ်လေးထဲသို့ ဝင်လိုက်သည်နှင့် အဘိုးအို၏ အသံကို ကြားလိုက်ရသည်။ သူ ခေါင်းညိတ်ပြလိုက်ပြီး ဘေးနားရှိ ကုလားထိုင်ပေါ်တွင် ပေါ့ပေါ့ပါးပါး ဝင်ထိုင်လိုက်သည်။
"ဒီရက်ပိုင်း အနားယူရတာ ဘယ်လိုလဲ…"
"တော်တော် ကောင်းပါတယ်… ကောင်းပြီ... ငါတို့ မနက်ဖြန် ထွက်ကြမယ်… မင်းမှာ ပစ္စည်းတွေကို ကိုယ်ပိုင် အသိစိတ် ရှိလာအောင် လုပ်နိုင်တဲ့ စွမ်းရည်ရှိတာ ငါ သိတယ်… ဒီပစ္စည်းတွေကို တစ်ချက် ကြည့်ပေးပါဦး… အဆင်ပြေမလားလို့…"
"အရမ်းကြီး အားကောင်းနေစရာ မလိုဘူး…"
အဘိုးအိုက အဝတ်အိတ်တစ်ခုကို ထုတ်ပေးလိုက်သည်။
မဟုတ်ဘူး... အဲဒါကို အပ်အိတ်လို့ ခေါ်ရမယ်….။
အိတ်ထဲတွင် ရှည်လျားသော အပ်များစွာ ပါရှိလေသည်။
"ဒါလား"
လီယီတောင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သို့သော် အဘိုးအိုက ပြုံးလိုက်ပြီး... "ဒါက သူ့အတွက်ပါ" ဟု ပြောရင်း ကျိုးရှုရီ ရှိရာဘက်သို့ ညွှန်ပြလိုက်လေသည်။
အဘိုးအိုက ကျိုးရှုရီကို ညွှန်ပြနေသည်ကို မြင်သောအခါ လီယီတောင်း ဆွံ့အသွားသည်။
' ဒါ... ဘာတွေ ဖြစ်ကုန်တာလဲ... ကျိုးရှုရီ... ဘာလို့ ကျိုးရှုရီက ဒီအပ်ရှည်တွေကို သုံးရမှာလဲ... ဒါက... အပ်စိုက်ကုသဖို့အတွက်လေ... '
"အံ့ဩမနေနဲ့... ဒါက သူမရဲ့ စွမ်းရည်လေ..."
"အင်း... ဒီလိုပါ... မနေ့တစ်နေ့ကမှ ကျွန်မ ခေါင်းနည်းနည်း ကိုက်လာတာနဲ့ ကိုယ့်ကိုယ်ကိုယ် အပ်စိုက်ကြည့်ဖို့ လုပ်တာ... ငယ်ငယ်တုန်းက ကိုယ့်ကိုယ်ကိုယ် အပ်စိုက်ဖူးတယ်လေ..."
"အဘိုးအိုက အဲဒါကို တိုက်တိုက်ဆိုင်ဆိုင် မြင်သွားပြီး သိသွားတာ..."
လီယီတောင်း ခဏမျှ ကြောင်သွား၏။
အဘိုးအိုက ကျိုးရှုရီ၏ ထူးခြားသော စွမ်းရည်အချို့ကို ရှာတွေ့ခဲ့ခြင်းလား။
သူ သက်ပြင်းချလိုက်ပြီး ကျိုးရှုရီကို ကြည့်လိုက်သည်။ ဤကမ္ဘာကြီးမှာ သူ ထင်ထားသည်ထက် ပိုမိုရှုပ်ထွေးပေသည်။
"ကျွန်တော် နားလည်ပါပြီ... အဆင်ပြေမှာပါ..."
ပြောပြောဆိုဆိုဖြင့် လီယီတောင်းက အပ်များနှင့် အပ်အိတ်ကို ယူလိုက်သည်။ လီယီတောင်း ဝိညာဉ်သွင်းခြင်း စွမ်းရည်ကို ခဏခဏ အသုံးမပြုဖြစ်ပေ။
သို့သော် စနစ်၏ တိုးတက်လာမှုနှင့်အတူ ဤစွမ်းရည်မှာလည်း ပြောင်းလဲမှုအချို့ ရှိခဲ့သည်။ ဥပမာအားဖြင့် လက်ရှိ အခြေအနေများအရ ဝိညာဉ်သွင်းခြင်း စွမ်းရည်မှာ နာရေးသုံး ပစ္စည်းများအတွက်သာ ကန့်သတ်မထားတော့ပေ။
ယခုအခါ အရာဝတ္ထုများစွာကို ဝိညာဉ်သွင်းနိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ဝိညာဉ်သွင်းခြင်း၏ ကုန်ကျစရိတ်နှင့် ရလဒ်များတွင် ကန့်သတ်ချက်အချို့ ရှိနေသေးသည်။
ထိုအပ်များမှာ အလွန် သေးငယ်သော်လည်း အရေအတွက် ရာနှင့်ချီ၍ ရှိနေသည် မဟုတ်ပါလား။
သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သက်တမ်း အနှစ်တစ်ရာ စတေးပြီး ဝိညာဉ်သွင်းရန် သူ ရွေးချယ်လိုက်လေသည်။
အနှစ်တစ်ရာ... လုံလောက်ပါပြီ... ဒါက သာမန် အပ်စိုက်ကုသတဲ့ ကိရိယာပဲလေ... အများကြီး မလိုပါဘူး။ နောင်ကျရင်တော့ အခြေအနေ ပြောင်းသွားနိုင်တာပေါ့...။
"အင်း... ငါ ဒီအပ်အိတ်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့ခဲ့တာ... သူတို့ထဲမှာ ဝိညာဉ် ရှိနေပြီးသား ဖြစ်ရမယ်... ဖြစ်နိုင်ရင် မင်း ပိုပြီးတော့ လုပ်ပေးနိုင်မလား... ဘာမှ မတော်တဆ မဖြစ်ဘူးဆိုရင် ဒီအပ်တွေကို အချိန်အကြာကြီး သုံးလို့ရမှာ..."
လှုပ်ရှားရန် ဆုံးဖြတ်လိုက်သော လီယီတောင်း ရုတ်တရက် ဆွံ့အသွားသည်။ သို့သော် သူ အဘိုးအိုကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် မည်သို့မျှ တွန့်ဆုတ်မနေဘဲ မူလက သတ်မှတ်ထားသော သက်တမ်း အနှစ် ၁၀၀ ကို အနှစ် ၁၀၀၀ အထိ တိုးမြှင့်လိုက်လေသည်။
အနှစ် တစ်သောင်း ဆိုလျှင်တော့ နည်းနည်း လွန်ရာကျသွားပေလိမ့်မည်။ သက်တမ်း အနှစ်တစ်ထောင် ဆိုလျှင်တော့ လုံလောက်ပေသည်။
ငါးမိနစ်ခန့် ကြာပြီးနောက်...
လီယီတောင်း မျက်နှာတွင် အားနည်းသွားသည့် အရိပ်အယောင် အနည်းငယ် ပေါ်လာသည်။ မည်သို့ပင်ဖြစ်စေ သက်တမ်း အနှစ်တစ်ထောင် ကုန်ဆုံးသွားခြင်းက သူ့ကို အမှန်တကယ်ပင် အားနည်းသွားစေခဲ့လေသည်။
ဘေးနားတွင် ရပ်နေသော ကျိုးရှုရီမှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နှုတ်ခမ်းဖျားများ တုန်ယင်သွား၏။ သို့သော် ဘာမှတော့ မပြောပေ။
"ရော့"
လီယီတောင်းက ဝိညာဉ်သွင်းထားသော အပ်အိတ်ကို ကျိုးရှုရီထံ ကမ်းပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ကျိုးရှုရီက အပ်အိတ်ကို လှမ်းယူရင်း ကျေးဇူးတင်စကား ပြောလိုက်၏။ တဆက်တည်းမှာပင် လီယီတောင်း အနည်းငယ် အားနည်းနေသည်ကို သူမ တွေ့လိုက်ရသည်။
သူမ ခဏမျှ တွေးလိုက်ပြီးနောက်... "ရှင့်ကို အပ်စိုက်ပေး ရမလား... စိတ်ဝိညာဉ် စွမ်းအင်တွေ အများကြီး ကုန်ဆုံးသွားတယ်လို့ ခံစားနေရတယ်..."
' ဟင်… သူမ ဒါတွေကို တကယ်ကြီး မြင်နိုင်တာလား... '
ဘေးနားမှ အဘိုးအိုကလည်း... "အပ်စိုက်ကြည့်လိုက်လေ... အာနိသင် ဘယ်လိုနေလဲ စမ်းကြည့်လို့ ရတာပေါ့… “
လီယီတောင်း ခေါင်းညိတ်ပြလိုက်သည်။
စမ်းကြည့်တာပေါ့…. အာနိသင် ရှိရင်လည်း နောက်ကျ တစ်ခုခုဆို သူ့ကို အပ်စိုက်ခိုင်းလို့ ရတာပေါ့…။
လီယီတောင်း ကုလားထိုင်ပေါ်တွင် မှီထိုင်လိုက်သည်။
ကျိုးရှုရီလည်း အပ်အိတ်ထဲမှ ဆယ်စင်တီမီတာခန့် ရှည်သော အပ်တစ်ချောင်းကို ဖြည်းဖြည်းချင်း ထုတ်ယူလိုက်သည်။ အပ်ကို ညာလက်ဖြင့် ကိုင်ထား၏။ တဆက်တည်းမှာပ်င ထိုအပ်မှာ လီယီတောင်း၏ ဦးခေါင်းခွံထဲသို့ စိုက်ဝင်သွားခဲ့လေပြီ။
ထို့နောက် အပ်တစ်ချောင်းပြီးတစ်ချောင်း လီယီတောင်း၏ ဦးခေါင်းပေါ်သို့ စိုက်ဝင်သွားခဲ့သည်။ ဤသို့ဖြင့် စုစုပေါင်း အပ် ၃၂ ချောင်း စိုက်ပြီးချိန်တွင် သူမ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်လေသည်။
လီယီတောင်း ဦးခေါင်းပေါ်တွင် စိုက်ထားသော အပ်များမှာ နို့နှစ်ရောင် အလင်းတန်းများ စတင် တလက်လက် တောက်ပလာသည်။
အင်း... မျှော်လင့်ထားတဲ့အတိုင်း… တကယ် ထူးခြားတာပဲ…။
အဘိုးအို၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာသည်။ လီယီတောင်း၏ ဝိညာဉ်သွင်းမှုအပြီးတွင် ဤအရာက အမှန်တကယ်ပင် အသုံးဝင်လာခဲ့ပြီ ဖြစ်သည်။
တကယ်တမ်းတွင် ကျိုးရှုရီသည် ဤမျှ မြန်ဆန်စွာ လုပ်ဆောင်နိုင်ခြင်းမှာ သူမ အပ်ကို ထုတ်လိုက်ချိန်တွင်... ထိုအပ်မှာ သူမ အလိုရှိသော အပ်စိုက်မှတ်ဆီသို့ အလိုအလျောက် ချဉ်းကပ်သွားသောကြောင့်ပင်။
ကြည့်ရသည်မှာ... ကျိုးရှုရီသည် သူမ၏ အသိစိတ်ဖြင့် အပ်ကို တိုက်ရိုက် ထိန်းချုပ်နိုင်ပုံရသည်။ ပထမဆုံး အကြိမ်မှာတော့ သူမ သိပ်ပြီး မကျွမ်းကျင်သေးပေ။ သို့သော် ကျွမ်းကျင်လာသည်နှင့်အမျှ ကြည့်စရာပင် မလိုတော့ဘဲ အလိုလို စိုက်နိုင်သွားလေသည်။
ထို့ကြောင့် ကျိုးရှုရီ ကိုယ်တိုင်ပင် အံ့ဩသွားခဲ့ရသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမျှ မခံစားဖူးပေ။ အလွန် လွယ်ကူလှပြီး အလွန် တိကျကာ အာနိသင်ကလည်း အလွန် ကောင်းမွန်လှပေသည်။ ဤသည်မှာ အစ်ကိုယီတောင်း၏ ဝိညာဉ်သွင်းမှုကြောင့်ပင် ဖြစ်ရမည်။
လီယီတောင်းမှာမူ ကျိုးရှုရီ ပထမဆုံး အပ်ကို စိုက်လိုက်ချိန်၌ပင် ထူးခြားသော ခံစားချက်ကို ခံစားလိုက်ရသည်။ အလွန်ပင် စိတ်လက်ပေါ့ပါးပြီး သက်တောင့်သက်သာ ရှိလှသော ခံစားချက်မျိုးပင်။
ကျိုးရှုရီက နောက်ဆုံးအပ်ကို ခန္ဓာကိုယ်ထဲသို့ စိုက်လိုက်ချိန်တွင် လီယီတောင်း၏ စိတ်ဝိညာဉ် စွမ်းအားများ တဖြည်းဖြည်း တိုးတက်လာသည်ကိုပင် ခံစားလိုက်ရလေသည်။
ထို့ကြောင့် လီယီတောင်း၏ ရင်ထဲတွင် ပီတိများဖြင့် ပြည့်နှက်သွားတော့သည်။ သူ၏ စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းကို သူ နောက်ဆုံး၌ ရှာတွေ့ခဲ့လေပြီ။ ဤနည်းလမ်းကို မည်မျှကြာကြာ အသုံးပြုနိုင်မည်နည်း ဆိုသည်တော့ သူမသိ။
သို့သော် အသုံးဝင်နေသရွေ့တော့ ရပြီ မဟုတ်ပါလား။
နေရထိုင်ရ အတော်လေး ကောင်း၍ လီယီတောင်း အိပ်ပင်ပျော်သွားလေသည်။ ယခုတစ်ခေါက်တွင် သူ အလွန် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ သူ ဘာအိပ်မက်မှ မမက်ခဲ့ပေ။ ဦးနှောက်က တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေရသည့် ခံစားချက်မျိုးပင်။ အလွန် သက်တောင့်သက်သာ ရှိလှ၏။ ထိုခံစားချက်ကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။
ဤသို့ဖြင့်... အချိန်မည်မျှ ကြာသွားသည် မသိ။ လီယီတောင်း ပြန်လည် မျက်လုံးပွင့်လာချိန်တွင် မိုးချုပ်နေပြီ ဖြစ်သည်။
သူ့ဘေးတွင် လက်ဖက်ရည် သောက်နေဆဲဖြစ်သော အဘိုးအိုကို ကြည့်ရင်း သူ ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။ သူ၏ ဦးခေါင်းပေါ်ရှိ ငွေအပ်များကိုတော့ ဖယ်ရှားပြီးသည်မှာ ကြာပြီ ဖြစ်ပုံရသည်။
"နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားရဲ့လား..."
လီယီတောင်း ခေါင်းညိတ်ပြလိုက်သည်။ စိတ်ဝိညာဉ်ထဲမှ တက်ကြွလန်းဆန်းမှုကို သူ ခံစားနေရသည်။ လတ်တလော ခံစားခဲ့ရသော ပင်ပန်းနွမ်းနယ်မှုများ အားလုံး ယူပစ်သလို ပျောက်ကွယ်သွားသကဲ့သို့ပင်။
ထိုစဉ် နံဘေးမှ ပျံ့လွင့်လာသော ထူးခြားသည့် အနံ့တစ်ခုကို လီယီတောင်း သတိထားမိလိုက်သည်။
အမွှေးနံ့သာနံ့လား... အင်း... အနံ့က တော်တော်လေး ကောင်းတယ်….။
သူ မသိမသာ ဝေ့ကြည့်လိုက်သောအခါ ဘေးနားရှိ စားပွဲပေါ်တွင် အမွှေးတိုင်ထွန်းသည့် အိုးငယ်လေး တစ်လုံးကို တွေ့လိုက်ရသည်။ ထိုအိုးထဲမှ မီးခိုးငွေ့လေးများ လွင့်ပျံနေလေသည်။ ဖြစ်နိုင်သည်မှာ... ဤသင်းပျံ့သော ရနံ့က ထိုအမွှေးတိုင်အိုးဆီမှ လာခြင်း ဖြစ်ပေလိမ့်မည်။