အခန်း ၂၄၇ - ရထားပေါ်တွင် ပုန်းကွယ်နေသော အန္တရာယ်
ရထားတွဲ အခန်းထဲတွင်...
အဘိုးအို နှင့် လီယီတောင်းတို့က အောက်ထပ်ကုတင်တွင် ရှိနေသည်။
ကျိုးရှုရီ နှင့် ယန်ချင်းယွဲ့တို့က အပေါ်ထပ်ကုတင်တွင် ရှိကြ၏။
သူတို့ လေးယောက်က အိပ်စင်ပါသည့် အခန်းတစ်ခန်းကို ရထားသဖြင့် အတော်လေး တိတ်ဆိတ်ငြိမ်သက်နေသည်။
သို့သော်...
တစ်ရထားလုံး၌ တိတ်တဆိတ် ပုန်းကွယ်နေသော အန္တရာယ်များစွာ ရှိနေပေသည်။
သူတို့ဘေးခန်းတွင်။
ထိုင်ခုံ လေးခုံစလုံးကို ဝယ်ထားသည့် စုံတွဲတစ်တွဲ ရှိသည်။ ထိုသို့ ဝယ်ထားသဖြင့် တသီးတသန့် နေနိုင်ပေသည်။
သို့သော် သူတို့ အခန်းတံခါးကို ပိတ်တော့မည့် အချိန်မှာပင်။
ရုတ်တရက် လူလေးယောက် ဝင်လာခဲ့သည်။
စုံတွဲက အော်ဟစ်ရန် ပြင်လိုက်သော်လည်း တစ်ဖက်လူက ပိုက်ဆံတစ်ထပ် ထုတ်ကာ ရှေ့ ချပေးလိုက်၏။
ထိုပမာဏမှာ ယခုတစ်ခေါက် ခရီးစရိတ်အတွက် လုံလောက်သည်အထိ ပိုပေသည်။ ထို့ကြောင့်လည်း ထိုစုံတွဲမှာ အခန်းလဲပေးလိုက်လေသည်။
သို့သော် ဤကိစ္စများကို လီယီတောင်းတို့ တစ်ဖွဲ့လုံး မသိကြပေ။
သို့သော်... သိနေသည့် သူများတော့ ရှိသည်။
သူတို့အခန်း၏ အခြားတစ်ဖက်တွင်…
အိပ်စင်ပါသော ထိုအခန်းထဲတွင် လူခြောက်ယောက် ရှိနေ၏။
သူတို့အားလုံး အောက်ထပ်ကုတင်တွင် ထိုင်နေကြသည်။ သူတို့က အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြ၏။
ထိုအဖွဲ့၏ ခေါင်းဆောင်ကို လီယီတောင်းသာ မြင်လိုက်ရပါက မှတ်မိနေမည်မှာ အသေအချာ။
ထိုလူမှာ အခြားသူမဟုတ်၊ ယခင်က လီယီတောင်းကို ကာကွယ်ပေးခဲ့ဖူးသူ တစ်ဦးဖြစ်သည်။
လီယီတောင်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဖူးသူလည်း ဖြစ်၏။
ယခုအချိန်တွင်တော့ သူတို့၏ မျက်နှာအမူအရာများက အလွန်ကို လေးနက်တည်ကြည်နေကြသည်။
အဖွဲ့၏ အဓိက ခေါင်းဆောင်မှာ အဘိုးအို တစ်ဦးဖြစ်သည်။
သို့သော် လီယီတောင်းက ဤအဘိုးအိုကို တစ်ခါမှ မမြင်ဖူးပေ။
တစ်ဖက်လူ၏ ကိုယ်ရောင်ကိုယ်ဝါက အလွန် ကြောက်မက်ဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနေ၏။
ဤသူမှာ တကယ့် ဆရာကြီး တစ်ဦးပင်တည်း။
ပြီးခဲ့သည့်အကြိမ်က အဘိုးအို ဒဏ်ရာရခဲ့သည့် ကိစ္စကြောင့် တပ်ဖွဲ့ ၃၆ အနေဖြင့် ထပ်မသည်းခံနိုင်တော့ခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင် တကယ့် ဆရာကြီး တစ်ဦးကို ဦးဆောင်ရန် စီစဉ်ပေးလိုက်ခြင်း ဖြစ်သည်။
ဤဆရာကြီး၏ စစ်မှန်သော စွမ်းအားကိုတော့ လီယီတောင်း လက်ရှိအချိန်တွင် မသိသေးပေ။ သို့သော် တပ်ဖွဲ့ ၃၆မှ အထူးတည် စီစဉ်ပေးလိုက်သူ ဖြစ်သောကြောင့် စိတ်ချရပေသည်။
အဘိုးအိုက ကျန်သည့် လူအနည်းငယ်ကို အသေအချာ စိုက်ကြည့်နေ၏။
တပ်ဖွဲ့ ၃၆ က ဤတစ်ကြိမ်တွင် အထူးတပ်ဖွဲ့ဝင်များကို စေလွှတ်ရန် ရွေးချယ်ခဲ့သဖြင့် ဤလူခြောက်ယောက်ကိုသာ စုစည်းနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အခြေအနေက အလွန် ရှုပ်ထွေးနေလေသည်။ ဤခြောက်ယောက်ထဲမှ အဘိုးအို အပါအဝင် သုံးယောက်မှာ သူတို့ နောက်ကွယ်ရှိ အဖွဲ့အစည်းမှ ပြောင်းရွှေ့လာသူများ ဖြစ်သည်။
ပုံမှန်အားဖြင့် ဆိုလျှင် သူတို့က ဤတိုက်ပွဲများတွင် ပါဝင်မည် မဟုတ်ပေ။
သို့သော် ယခုတော့... ကိစ္စများစွာက သူတို့ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်နေပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူတို့ ရင်ဆိုင်ရမည်သာ။
"အဘိုးလျူ... ဒီရထားပေါ်မှာ အဖွဲ့ ခြောက်ဖွဲ့ ရှိနေတာကို ကျွန်တော်တို့ လူတွေ ထောက်လှမ်းမိထားပါတယ်…. ဒီရထားတွဲထဲမှာတင် သုံးဖွဲ့ ရှိနေတယ်… ကျွန်တော်တို့ အခုပဲ လှုပ်ရှားလိုက်ရမလား…"
စကားပြောလိုက်သူမှာ ယခင်က လီယီတောင်းကို ကာကွယ်ပေးခဲ့ဖူးသူ ဖြစ်သည်။
အဘိုးလျူက သူ့စကားကို ကြားသောအခါ ခေတ္တမျှ စဉ်းစားပြီး ခေါင်းယမ်းလိုက်သည်။
"စောင့်ကြဦး"
ထို စကားတစ်ခွန်းတည်းသာ။
လက်ရှိ အခြေအနေက မသေချာ မရေရာသေးပေ။
ထို့ကြောင့် သူတို့ စုံစမ်းသိရှိထားသည့် လူများသည် ဤရထားပေါ်ရှိ အဖွဲ့အစည်း အားလုံး ဟုတ်မဟုတ် ဆိုတာကို မသိနိုင်ပေ။
ဤသို့သော အခြေအနေများအောက်တွင်... သူတို့ ထပ်စောင့်ကြည့်ရန် လိုအပ်ပေသည်။
မည်သို့ပင်ဖြစ်စေ အခုအချိန်တွင် လူတိုင်းက အလွန် တိတ်ဆိတ်နေကြသည်။ မည်သူကမှ မလှုပ်ရှားကြသလို လီယီတောင်းတို့ကိုလည်း မည်သူကမှ ပစ်မှတ်မထားကြသေးပေ။
ထို့ကြောင့် ငြိမ်ငြိမ်ကလေး နေခြင်းကသာ ပိုကောင်းပေလိမ့်မည်။ ကိုယ့်ဘက်မှ စတိုက်ခိုက်ခဲ့ပါက အခြားအဖွဲ့များ မိမိကို တိုက်ခိုက်ရန် နေရာပြပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
လီယီတောင်းတို့ အန္တရာယ်ကြုံလာပါက သူတို့ သေချာပေါက် ဝင်ပါရမည် ဖြစ်သည်။
သို့သော် သူတို့ ကိုယ်တိုင် အန္တရာယ် ကြုံလာလျှင်ရော…။
လီယီတောင်းတို့က ဝင်ပါပေးပါ့မလား။
ဒါက မသိနိုင်ဘူးလေ…။
ဘာပဲဖြစ်ဖြစ် မစ်ရှင် မပြီးခင် ငါတို့ ဘာမှ မဖြစ်အောင် ငါတို့ဟာ ငါတို့ ကာကွယ်ထားရမယ်… ငါတို့မှာ ငါတို့ပဲ ရှိတာလေ…။
ဤသို့ဖြင့် တစ်ရက်နှင့် တစ်ည ကုန်လွန်သွား၏။
အရာအားလုံးက ဘေးကင်းငြိမ်းချမ်းနေဆဲပင်။
လီယီတောင်းတို့ အဖွဲ့လည်း အိမ်သာသွားသည်မှလွဲ၍ သူတို့အခန်းထဲမှ တစ်ကြိမ်မျှ ထွက်မလာခဲ့ကြပေ။
သို့သော် အဘိုးအိုက အဖွဲ့အစည်း အသီးသီး၏ အခြေအနေကို အစကတည်းက အာရုံခံမိနေခဲ့သည်။ လီယီတောင်းကလည်း အလိုလိုပင် ရိပ်မိနေခဲ့၏။
ထို့ပြင် 'သေဆုံးမှု စုံစမ်းစစ်ဆေးခြင်း' ကလည်း အချက်အလက် တစ်ချို့ကို ပေးစွမ်းခဲ့သည်။
ဥပမာအားဖြင့် သူတို့ဘေးခန်းသို့ အခန်းပြောင်းလာသော လူလေးယောက်အကြောင်း။
မိမိတို့ အပြင်ထွက်လာမည့် အချိန်ကို သူတို့ စောင့်ဆိုင်းနေကြကြောင်းကို လီယီတောင်း မြင်တွေ့ခဲ့ရသည်။
တစ်ချိန်တည်းမှာပင် စနစ်၏ အသိပေးချက်က အလိုအလျောက် ထွက်ပေါ်လာခဲ့သည်။
‘ အင်း... ချယ်ရီပန်း အဖွဲ့က လူတွေပဲ... ‘
တချိန်လုံး ပုန်းနေခဲ့တဲ့ ကောင်တွေ အခုတော့ လူလုံးထွက်ပြပြီပေါ့…။
"အဘိုး... ကျွန်တော်တို့ ဒီအတိုင်းပဲ စောင့်နေကြတော့မှာလား… ဒီကောင်တွေကို ကြည့်ရတာ တော်တော် မျက်စိနောက်လာပြီ… ကျွန်တော် သွားပြီး ရှင်းပစ်လိုက်ရမလား…"
မိမိ၏ လုပ်နိုင်စွမ်းကို လီယီတောင်း ယုံကြည်ထားပေသည်။
ရထားပေါ်ရှိ လူများတွင် ထိပ်တန်းအဆင့် စွမ်းအားများ မရှိကြပေ။
လီယီတောင်းတို့ကို ရှင်းလင်းရန် ဤလူများကို အဘယ်ကြောင့် အသုံးချရသနည်း။
သို့သော်... သူ ထိုသို့ တွေးမိသော်လည်း အရမ်းကာရောတော့ မလှုပ်ရှားခဲ့ပေ။
တစ်ဖက်လူမှာ ဘယ်လို လှည့်ကွက်တွေ ဖုံးကွယ်ထားသေးလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
ထို့ပြင်... လီယီတောင်းတို့ အဖွဲ့ကို အစိုးရိမ်ရဆုံး ဖြစ်စေသည်က...
သူတို့ လက်ရှိ ရောက်နေသည်မှာ ပြေးဆွဲနေသော ရထားတစ်စင်းပေါ်တွင် ဖြစ်သည်။
တစ်ဖက်လူက အသေခံ တိုက်ကွက်များကို အသုံးပြုလာမည်လား ဆိုသည်ကို မည်သူ သိနိုင်မည်နည်း။
အကယ်၍ ထိုသို့သာ ဆိုလျှင်... လီယီတောင်းတို့အတွက်လည်း အသက်အန္တရာယ်ရှိသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေမည်။
သူများလုပ်သမျှ ခံရမည့် အခြေအနေမျိုးတွင် မည်ကဲ့သို့သော ထိခိုက်နစ်နာမှုများ ဖြစ်လာမည်ကို မည်သူ သိနိုင်မည်နည်း။
သူတို့တွင် အထူးစွမ်းရည် အချို့ ရှိနေသည်ကတော့ အမှန်ပင်။
သို့သော် ဤစွမ်းရည်များ ရှိရုံဖြင့် သူတို့ ခန္ဓာကိုယ်က ကြေးနီအရေခွံ၊ သံမဏိအရိုးများနှင့် ဖွဲ့စည်းထားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ပြဿနာကို ဖြေရှင်းရန် သူ့တွင် လုံခြုံလုံလောက်သော နည်းလမ်းများ ရှိသည်။
သို့သော် တစ်ဖက်လူက အရှုံးမခံဘဲ အတူတကွ သေကြေပျက်စီးမည့် လမ်းကို ရွေးချယ်လိုက်ပါက အားလုံး သေကြေပျက်စီးရပေလိမ့်မည်။
သူတို့အားလုံး လှေတစ်စင်းတည်း စီးနေကြခြင်း ဖြစ်သည်။ လှေမှောက်သွားပါက မည်သူမျှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် လီယီတောင်းက ကြိုတင်လှုပ်ရှားပြီး ရန်သူများကို အရင် ရှင်းလင်းရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။
ဤသို့ လက်ဦးထားမှသာ သူတို့၏ လုံခြုံရေးကို သေချာစေနိုင်မည် ဖြစ်သည်။
သို့သော် အဘိုးအိုက ငြင်းပယ်ခဲ့သည်။
ထိုမျှမကသေး။
အဘိုးအိုက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးရင်း ပြောလိုက်၏။
"ဒီ အသေးအမွှားလေးတွေကို ရှင်းဖို့ ငါတို့ကို ကူညီပေးမယ့်သူ ရှိပါတယ်… မင်း စိတ်ပူစရာ မလိုပါဘူး… အခု မင်း လုပ်ရမှာက ကောင်းကောင်း အနားယူဖို့ပဲ…"
"ဟိုရောက်သွားရင် အနားယူဖို့ အချိန် သိပ်ရတော့မှာ မဟုတ်ဘူး…"
"ဒါကြောင့် အရမ်း စိတ်ပူမနေနဲ့… ဒီကိစ္စတွေအတွက် မင်း ပူစရာ မလိုဘူး…"
"ပတ်ဝန်းကျင်က ရှုခင်းတွေကို ကြည့်ပြီး သေသေချာချာ ခံစားကြည့်လိုက်ပါဦး…"
အဘိုးအို၏ စကားများကြောင့် လီယီတောင်း ဆွံ့အသွားရ၏။
သူ တွေးလိုက်သည်။
‘ ငါတို့ကို ကူရှင်းပေးမယ့်သူ ရှိတယ်ပေါ့... ‘
အဘိုးအို ပြောတာက တပ်ဖွဲ့ ၃၆ ကို ရည်ရွယ်နေတာများလား။
တပ်ဖွဲ့ ၃၆ က အထူးပုဂ္ဂိုလ် တစ်ဦးကို လွှတ်လိုက်ကြောင်း ချီယွီချန် ပြောခဲ့သည်ကတော့ အမှန်ပင်။
သို့သော်... တစ်ဖက်လူ မည်မျှပင် သန်မာစေကာမူ ချီယွီချန်၏ ပြောစကားများအရ သူတို့တွင် အခြားအဖွဲ့များကို တားဆီးနိုင်ရန် အကြွင်းမဲ့ အာမခံချက် မရှိပေ။ သို့မဟုတ်လျှင် တပ်ဖွဲ့ ၃၆ နှင့် ပူးပေါင်းရန် မျှော်လင့်ချက်ဖြင့် လီယီတောင်းကို ကြိုတင် အသိပေးခဲ့မည် မဟုတ်ပေ။
သူတို့စကား၏ သွယ်ဝိုက်သော အဓိပ္ပါယ်မှာ ရန်သူက တပ်ဖွဲ့ ၃၆ ကို အရင် ရှင်းလင်းလိုပါက လီယီတောင်းတို့ အနေဖြင့် လက်ပိုက်ကြည့်မနေဘဲ ဝင်ရောက် ကူညီပေးရန် မျှော်လင့်ခြင်းပင် ဖြစ်သည်။
လီယီတောင်း မငြင်းခဲ့ပေ။
အကြောင်းပြချက် မည်သို့ပင်ဖြစ်စေ သူ ငြင်းဆိုစရာ အကြောင်း မရှိပါ။
သို့သော်... အဘိုးအိုက ဘာကို ဆိုလိုတာလဲ။
သူ့ စကားတွေအရ... အချိန်မရွေး လှုပ်ရှားဖို့ အသင့်ဖြစ်နေတဲ့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ ရှိနေပုံရတယ်မလား။
အဲဒီအဖွဲ့က သူတို့ဘက်က ဖြစ်ပုံရတယ်လေ။
ဒါက... အဘိုးအို စီစဉ်ထားတာများလား။