အခန်း ၂၄၉ - သစ္စာဖောက်လား
"အကြီးအကဲနဲ့ တခြားသူတွေက ရှေ့က တောင်ကုန်းပေါ်မှာ ရှိနေတာပါ... ဒီတောင်ကို ကျော်လိုက်ရင် ရောက်ပါပြီ..."
ထိုလူ၏ စကားကို ကြားလိုက်ရမှ လီယီတောင်း တစ်ယောက် သက်ပြင်း အေးအေးလူလူ ချနိုင်တော့၏။ နောက်ဆုံးတော့... သူတို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ရှေ့နားမှာပဲ စောင့်နေသည်ဆိုသော အကြီးအကဲဆီ ရောက်ဖို့ရန် ‘ရှေ့နားတင်’ ဆိုသည့် စကားနှင့်တင် သူတို့မှာ နာရီဝက်ခန့် လမ်းလျှောက်ခဲ့ရပြီးပြီ ဖြစ်၏။ အကယ်၍ ရထားပေါ်တွင်သာ တိုက်ပွဲများ မဖြစ်ခဲ့လျှင်၊ သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ သာမန်ထက် မသာလွန်ခဲ့လျှင် ဤမျှ ခက်ခဲသော ခရီးကြမ်းကို လျှောက်လှမ်းပြီးနောက် မည်သူမဆို မောဟိုက်လဲကျသွားလောက်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဤလမ်းမှာ အလွန် ခက်ခဲလွန်းလှသောကြောင့် ဖြစ်၏။ ထို့ပြင် ထိုလူ ပြောသည်ကို ကြားလိုက်ကြသည် မဟုတ်ပါလား။ ဤတောင်ကို ကျော်ရမည်ဟူ၍။
ထိုအရာသည် သာမန်တောင်ကုန်းလေး မဟုတ်ဘဲ တကယ့် တောင်ကြီးတစ်လုံး ဖြစ်နေခြင်းပင်။ သူတို့၏ အခု အရှိန်နှင့်ဆိုလျှင်ပင် ဤတောင်ကို ကျော်ရန် အနည်းဆုံး နှစ်နာရီခန့် ကြာပေဦးမည်။ သို့သော် အနည်းဆုံးတော့ သစ်ပင်ကြီးများ အုပ်ဆိုင်းမနေတော့ဘဲ ရှေ့မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နေရပြီ ဖြစ်၏။
အကယ်၍ သူတို့သာ လမ်းကြောင်းကို မှန်ကန်စွာ သိနိုင်သည့် အထူးနည်းလမ်းတစ်ခုခု မရှိခဲ့လျှင် ဤသို့သော တောနက်ထဲတွင် လမ်းပျောက်နေသည်မှာ ကြာလှပေပြီ။ ဤသည်မှာပင် ရှေးဦး တောနက်ကြီးများထဲ၌ အမှတ်တမဲ့ လမ်းမလျှောက်သင့်သည့် အကြောင်းရင်း ဖြစ်၏။ တောထဲတွင် ရှိနေတတ်သည့် အဆိပ်ပြင်း မြွေများ၊ သားရဲတိရစ္ဆာန်များအပြင် သင် မမှန်းဆနိုင်သော အန္တရာယ်များစွာ ရှိနေပါသေးသည်။
"ဒီမှာ ခဏလောက် အရင်နားရအောင်... အားလုံး လမ်းလျှောက်လာတာ တော်တော်ကြာနေပြီ..."
လမ်းပြဖြစ်သူ အမျိုးသားမှာ စကားပြောအပြီး ရှေ့မှ ဆက်လက် ဦးဆောင်မည် အပြုတွင် အဘိုးအိုက ရုတ်တရက် စကားဖြတ်ပြောလိုက်ခြင်း ဖြစ်၏။
အမှန်အတိုင်း ပြောရလျှင် ထိုလူသာမက လီယီတောင်းပင် အံ့သြသွားရသည်။
‘ အားလုံး နားခဲ့တာ ၁၀ မိနစ်တောင် မပြည့်သေးဘူး မဟုတ်လား... ဘာလို့ ထပ်နားချင်ရတာလဲ... ’
အဘိုးအိုက နားရသည့် အကြောင်းရင်းကို အလေးအနက်ထားသည့် ပုံစံဖြင့် ထပ်မံ ပြောလိုက်၏။ "ရှေ့မှာ နားစရာနေရာ မရှိတော့ဘူး... ဒီတောင်ကို ကျော်ဖို့ အနည်းဆုံး နှစ်နာရီ၊ သုံးနာရီလောက် ကြာဦးမှာ... အဲ့ဒါကြောင့် ဒီမှာ အရင်နားလိုက်တာ ပိုကောင်းမယ်..."
အဘိုးအို၏ စကားမှာ အကျိုးအကြောင်း ဆီလျော်သည်ဟု လီယီတောင်း ခံစားရသော်လည်း တစ်စုံတစ်ခု လွဲချော်နေသည်ဟုလည်း ထင်မိ၏။ သို့သော် သူ ဘာမှ ဝင်မပြောဘဲ နေလိုက်သည်။ အခု အနေအထားအရ လမ်းခရီးတွင် နားစရာနေရာ လုံးဝ မရှိနိုင်တော့သည်မှာ မဖြစ်နိုင်ပေ။ တောင်တက်နေရင်း ခဏတဖြုတ် နားလျှင်လည်း ရသည် မဟုတ်ပါလား။
အန္တရာယ်များ ကြုံလာနိုင်၍လား။ လမ်းတစ်လျှောက်လုံးတွင် အန္တရာယ်များက ရှိနေခဲ့ပြီးသားပင်။ လွန်ခဲ့သည့် ခဏလေးကပင် ကျိုးရှုရီ၏ ကျောပေါ်သို့ လက်ဖဝါးခန့် ရှိသည့် ပင့်ကူကြီးတစ်ကောင် တက်နေခဲ့သေးသည်။ အကယ်၍ ယန်ချင်းယွဲ့သာ လျင်မြန်စွာ မဖယ်ရှားပေးခဲ့လျှင် ကျိုးရှုရီမှာ အခုလောက်ဆို ဘာဖြစ်သွားမည် မသိနိုင်ပေ။
သို့သော် အဘိုးအိုက ထိုသို့ ပြောလာမှတော့ လီယီတောင်းအနေဖြင့် အဘိုးအိုတွင် ရည်ရွယ်ချက် တစ်ခုခု ရှိမည်ဟုသာ ယုံကြည်လိုက်တော့၏။ သာမန် နားချင်ရုံသက်သက် ဆိုသည်မှာ မဖြစ်နိုင်။
ထို့ကြောင့် သူသည် ကျောပိုးအိတ်ကို ချလိုက်ပြီး အဘိုးအိုနှင့် ခပ်နီးနီး နေရာတစ်ခုတွင် ဝင်ထိုင်လိုက်၏။ အကယ်၍ အဘိုးအို တစ်ခုခု ပြောချင်လျှင် သို့မဟုတ် တစ်ခုခု ခိုင်းချင်လျှင် သူ အနားတွင် ရှိနေစေရန် ဖြစ်သည်။
သူ ထင်သည့်အတိုင်းပင်။ လီယီတောင်း ဝင်ထိုင်လိုက်သည်နှင့် အဘိုးအိုက သူ့ဘေးနားတွင် ကပ်၍ ထိုင်လိုက်လေသည်။ အဘိုးအိုက သူ့အနားသို့ တမင် ချဉ်းကပ်လာခြင်း ဖြစ်၏။
တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ သူ သိလိုက်ပြီ။ ဒါပေမဲ့ သူ ဘာမှ မပြောခဲ့ဘူး။
အဘိုးအို တစ်ခုခုကို အာရုံခံမိနေခြင်း ဖြစ်ရမည်။ ထိုမျှမက ထိုအရာကို သူက လျှို့ဝှက်ထားချင်နေပုံရ၏။ ကြည့်ရသည်မှာ ထိုထူးဆန်းသော ဝတ်စုံများ ဝတ်ထားသည့် လူများကို သတိထားနေပုံရသည်။
သို့သော် သူတို့ကို ဘာကြောင့် သတိထားနေရသနည်း။ ရထားပေါ်တွင် ထိုလူများကပင် ကူညီခဲ့ကြသည် မဟုတ်ပါလား။
ဒါဆို အခုက ဘာအခြေအနေကြီးလဲ။
လီယီတောင်း ခဏတာ ဝေခွဲမရ ဖြစ်သွား၏။
‘ တကယ်ကို စိတ်လေတယ်... လျှို့ဝှက်ဆန်းကြယ် ဂိမ်းတစ်ခုကို ကစားနေရသလိုမျိုး... ဒီအတိုင်းသာ ဆက်သွားရင်တော့ ငါ့ဆံပင်တွေ အကုန် ကျွတ်ကုန်တော့မှာပဲ... ’
အဘိုးအို ထိုင်လိုက်ပြီးနောက် လီယီတောင်းက စကားပြောခဲ့သည့် အမျိုးသားကို အကဲခတ်လိုက်၏။ ထိုလူ၏ အကြည့်များမှာ မသိမသာ တမျိုးတမည် ဖြစ်နေသည်ကို သူ သတိထားမိလိုက်သည်။
အင်း... ဒီလို တစ်စုံတစ်ခုကို ကြောက်လန့်နေတာလား... ဒါမှမဟုတ် စိုးရိမ်ပူပန်နေတာလား...။
ထိုအခြင်းအရာကို မြင်လိုက်ရသောအခါ လီယီတောင်း တစ်ယောက် သဘောပေါက်သွားတော့၏။ သူ အစောက ခန့်မှန်းခဲ့သမျှ အားလုံး မှန်ကန်နေလေပြီ။ အဘိုးအို တစ်ခုခုကို ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်ရမည်။ ထို့ကြောင့်လည်း ဤမျှအထိ သတိကြီးနေခြင်း ဖြစ်ပေလိမ့်မည်။
အခြေအနေများက ပြန်လည် စိတ်ဝင်စားစရာ ကောင်းလာပြီဟု ဆိုရမည်။ လီယီတောင်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်း လက်ထဲတွင်မူ အဆောင်လက်ဖွဲ့ကို အသင့်ပြင်ထားလိုက်ပြီ ဖြစ်၏။ တစ်ခုခု လွဲချော်သွားသည်နှင့် ထိုလူများကို ချက်ချင်း ရှင်းပစ်ရန် သူ ဝန်လေးနေမည် မဟုတ်ပေ။
လီယီတောင်းက ဖြစ်လာနိုင်သမျှ တိုက်ပွဲ အခြေအနေများကို စဉ်းစားနေစဉ်မှာပင် အဘိုးအိုက စတင် စကားပြောလိုက်လေသည်။ ထိုစကားမှာ အားလုံးကို အံ့အားသင့်သွားစေသည်အထိ ပြင်းထန်လှ၏။
"မင်းကို သူတို့ ဘာတွေ ပေးလို့ လူမျိုးစုကို သစ္စာဖောက်ရတာလဲ..."
အဘိုးအိုက ခေါင်းငုံ့လျက် မေးလိုက်ခြင်း ဖြစ်သည်။ သို့သော် ထိုမေးခွန်းကို မည်သူ့အား မေးနေခြင်းဖြစ်သည်မှာ ရှင်းလင်းနေ၏။ ၎င်းမှာ သူတို့ကို လမ်းပြလာသည့် အမျိုးသားကိုပင်။
ထိုလူမှာလည်း မှင်သက်သွားရ၏။ သူ့ခန္ဓာကိုယ် မသိမသာ တုန်ယင်သွားသည်။ ကျန်ရှိနေသော သူ၏ အဖော်များမှာလည်း အံ့သြတုန်လှုပ်သွားကြ၏။ သူတို့အားလုံး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြပြီး ထိုလူကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် နားမလည်နိုင်သော အငွေ့အသက်တို့ ပြည့်နှက်နေ၏။
ဤသည်ကို မြင်လိုက်ရမှ အဘိုးအို၏ အကြည့်များမှာ အနည်းငယ် ပြေလျော့သွားတော့သည်။ အကယ်၍ ကျန်ရှိသော လူများမှာပါ ဘာအမူအရာမှ မရှိဘဲ အေးစက်နေခဲ့လျှင် အခြေအနေများမှာ ယခုထက် ပို၍ ဆိုးဝါးသွားပေလိမ့်မည်။