အခန်း ၂၅၀ - သစ္စာဖောက်တို့ သွားရာလမ်း
ယခု အခြေအနေမှာ အဘိုးအို ကြိုတင် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်နေ၏။ တစ်ဖက်လူမှာ ဤလမ်းပြ အမျိုးသားကိုသာ စည်းရုံး သိမ်းသွင်းနိုင်ခဲ့ပြီး သူတို့ကို ထောင်ချောက်ထဲသို့ ဦးဆောင် ခေါ်သွားခိုင်းခြင်း ဖြစ်သည်။
လမ်းပြအမျိုးသားမှာ အခြေအနေကို သိသွားသောအခါ တစ်စုံတစ်ရာ ဖြေရှင်းချက်ပေးရန် သို့မဟုတ် ခုခံကာကွယ်ရန် အပြုတွင် သူ၏ လူမျိုးစုဝင်များအပါအဝင် ဘေးပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်ကို မြင်လိုက်ရသဖြင့် နှုတ်ခမ်းထောင့်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာတော့၏။ ထို့နောက် သူသည် မျှော်လင့်ချက် ကင်းမဲ့နေသော အမူအရာဖြင့် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်လေသည်။
"အဘိုးတို့ သိသွားပြီဆိုမှတော့ ကျွန်တော် ဘာမှ ပြောစရာ မရှိတော့ပါဘူး... အခုလို အချိန်မီ သိသွားတာလည်း ကောင်းပါတယ်လေ..."
သူက သက်ပြင်းချရင်း ဆို၏။
"ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်တော် မပြောတော့ပါဘူး... ဒါကြောင့်မဟုတ်ရင် တခြား ဘာဖြစ်နိုင်ဦးမှာလဲ..."
ထိုသို့ ပြောဆိုပြီးနောက် အမျိုးသား၏ လက်ညှိုးပေါ်တွင် အညိုရောင် အစင်းကြောင်းများ ပါသည့် မျက်လုံးသုံးလုံး ပိုးကောင်မည်းတစ်ကောင် ပေါ်လာ၏။ ထိုသတ္တဝါကို မြင်လိုက်ရသည်နှင့် ကျန်ရှိသော လူမျိုးစုဝင်များအားလုံးမှာ ထိတ်လန့် တုန်လှုပ်သွားကြတော့သည်။
"တစ္ဆေပိုးကောင်…"
"ဟူချာအာ... မင်း တကယ်ပဲ တစ္ဆေပိုးကောင်နဲ့ ကတိသစ္စာ ပြုခဲ့တာလား... ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ..."
မေးလိုက်သူ၏ မျက်လုံးထဲတွင် အံ့သြခြင်း၊ ဒေါသထွက်ခြင်းနှင့် အဆုံးမရှိသော မုန်းတီးမှုတို့ဖြင့် ပြည့်နှက်နေ၏။
‘တစ္ဆေပိုးကောင်’ ဟူသော အသံကို ကြားလိုက်ရသောအခါ လီယီတောင်း ခဏမျှ ကြောင်အသွား၏။
"ဟဲဟဲ... အခုချိန်မှာ အများကြီး ပြောနေလည်း အပိုပါပဲ... အဘိုးတို့ သိသွားပြီဆိုတော့ ဒီအရာကို ကျွန်တော် ကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ဘူးဆိုတာ သိမှာပါ..."
"တောင်းပန်ပါတယ်..."
ထိုအမျိုးသား ပြောအပြီးတွင် လက်ညှိုးပေါ်ရှိ တစ္ဆေပိုးကောင်မှာ ချက်ချင်းပင် တစ်စစီ ကွဲကြေသွားပြီး အစက်အပြောက်လေးများအဖြစ် ပြောင်းလဲသွား၏။ ထိုမျှမက သူ၏ ခန္ဓာကိုယ်ထဲမှ သေးငယ်သော ပိုးကောင်မည်းလေးများစွာ ပျံထွက်လာပြီး ထိုအစက်အပြောက်လေးများပေါ်သို့ ကျရောက်သွားလေသည်။
ပိုးကောင်လေးများမှာ ချက်ချင်းပင် ခန္ဓာကိုယ်များ ဖောင်းကားလာပြီး ပေါက်ကွဲမတတ် ဖြစ်လာ၏။ မူလက လက်သည်းခွံခန့်သာ ရှိသော ပိုးကောင်လေးများမှာ မျက်စိတစ်မှိတ်အတွင်း လက်ဖဝါးခန့်အထိ ကြီးထွားလာကြသည်။
တဆက်တည်းမှာပင် သူတို့၏ ကြောက်မက်ဖွယ် အစွယ်ဖွေးဖွေးတို့ကို ထုတ်ပြလာသဖြင့် လူတိုင်း အထိတ်တလန့် ကြည့်နေမိကြ၏။ ဤပိုးကောင်မည်းကြီးများတွင် ထက်မြက်ပြီး ကြောက်စရာကောင်းသော သွားများ ရှိနေကြသည်။ အကယ်၍ အကိုက်ခံရပါက မည်သို့ ဖြစ်သွားမည်ကို တွေးကြည့်ရုံနှင့် သိနိုင်ပေသည်။
"အားလုံး သတိထားကြ... ဒီတစ္ဆေပိုးကောင် ပူးကပ်ထားတဲ့ ပိုးကောင်တွေက ဝိညာဉ်ကို ဖျက်ဆီးနိုင်တယ်..."
"လုံးဝ အကိုက်မခံရစေနဲ့... အကိုက်ခံရရင် သေမလိုဖြစ်သွားလိမ့်မယ်..."
ယွင်မြို့မှ လူများ၏ ခန္ဓာကိုယ်ထဲမှ သေးငယ်သော ပိုးကောင်လေးများစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြ၏။ ထိုလူများမှာ သူတို့၏ လက်ညှိုးကို ကိုက်လိုက်ကြပြီးနောက် သွေးစက်များကို မိမိတို့၏ ပိုးကောင်များပေါ်သို့ ချလိုက်ကြသည်။
သို့သော် သူတို့၏ ပိုးကောင်များမှာမူ တစ်စစီ ကွဲကြေမသွားပေ။ ယင်းအစား သူတို့၏ ခန္ဓာကိုယ်ထဲမှ ထူးခြားသော အလင်းတန်းများ ထွက်ပေါ်လာပြီး တခြား ပိုးကောင်များထဲသို့ စီးဝင်သွားလေသည်။ ထိုအခါ သူတို့ ထိန်းချုပ်ထားသော ပိုးကောင်များမှာ စွမ်းအင်များ ပြည့်ဝလာသကဲ့သို့ ပြင်းထန်စွာ ပြန်လည် တိုက်ခိုက်ကြတော့၏။
သူတို့၏ တိုက်ခိုက်မှုမှာ ကြီးထွားလာသော ပိုးကောင်မည်းကြီးများကို ဦးတည်ထားခြင်း ဖြစ်သည်။ ထိုပိုးကောင်လေးများမှာ သေးငယ်သော်လည်း အရေအတွက်မှာမူ အလွန် များပြားလှ၏။ သူတို့သည် ပိုးကောင်ကြီး တစ်ကောင်ကို ပိုးကောင်လေး အများအပြားဖြင့် စုပေါင်း တိုက်ခိုက်ကြခြင်း ဖြစ်သည်။ အရွယ်အစားချင်း မယှဉ်နိုင်သော်လည် ရန်သူ့အင်အားကို ခွဲထုတ်ဖြုန်းတီးပစ်သည့် နည်းလမ်းပင်။
လီယီတောင်းနှင့် တခြားသူများကတော့ ထိုမြင်ကွင်းကို မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။ လီယီတောင်းသည် အစောကပင် စမ်းသပ်ခဲ့ပြီးဖြစ်ရာ ဤပိုးကောင်များကို ‘သေမင်းဓားသွား’ ဖြင့် သတ်နိုင်သည်ကို သူ သိထား၏။ သက်တမ်း ကုန်ဆုံးမှုမှာလည်း သိပ်မများလှပေ။
ပိုးကောင်နှစ်ကောင်မှာ လီယီတောင်းကို ချောင်းမြောင်း တိုက်ခိုက်ရန် ချဉ်းကပ်လာသော်လည်း ‘သေမင်းအကာအကွယ်’ ကြောင့် ချက်ချင်းပင် တန်ပြန် တိုက်ခိုက်ခံလိုက်ရ၏။ အဘိုးအိုအနားသို့မူ ပိုးကောင် တစ်ကောင်မျှ မချဉ်းကပ်နိုင်ပေ။
ပိုးကောင်အချင်းချင်း တိုက်ခိုက်နေကြသည်ကို ကြည့်ရင်း အဘိုးအိုက ခေါင်းမော့ကာ ယန်ချင်းယွဲ့ဘက်သို့ ကြည့်လိုက်၏။ ထို့နောက် သူ ခပ်တိုးတိုး ပြောလိုက်သည်။
"ဒါကို ရှင်းပစ်လိုက်... ငါတို့ ရှေ့ဆက်သွားရအောင်... အကြီးအကဲလင်းနဲ့ တခြားသူတွေလည်း အန္တရာယ် ကြုံနေရလောက်ပြီ..."
"ဟုတ်ကဲ့ပါ ဆရာ..."
ယန်ချင်းယွဲ့က ရေဘူးတစ်ဘူးကို လေထဲသို့ မြှောက်တင်လိုက်လေသည်။ ရေများ စီးထွက်လာသောအခါ လေထဲတွင် ခဲသွားသကဲ့သို့ ရှိနေ၏။
လူတိုင်း ကြောင်ငေးနေစဉ်တွင် ရေစက်လေးများမှာ ချက်ချင်းပင် လွင့်စင်ထွက်သွားတော့သည်။ လက်ဖဝါးခန့် ရှိသော ပိုးကောင်မည်းကြီးများမှာ ချက်ချင်းပင် ပေါက်ကွဲကုန်ကြ၏။ ရေစက်လေးများ ထိမှန်သွားသော ပိုးကောင်တိုင်းမှာ ချက်ချင်းပင် တစ်စစီ ဖြစ်သွားကြလေသည်။ ထိုရေစက်လေးများ၏ တိုက်ခိုက်နိုင်စွမ်းမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။
ဤမျှ သေးငယ်သော အမျိုးသမီးငယ်လေးထံမှ ထိုကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်နိုင်စွမ်းမျိုး ရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ပိုးကောင်များအားလုံး တိုက်ခိုက်ခံရပြီး ပေါက်ကွဲသွားသောအခါ ပိုးကောင်များထဲသို့ စီးဝင်သွားခဲ့သော အစက်အပြောက်လေးများမှာ ပြန်လည် စုစည်းလာကြ၏။ သို့သော် ထိုအစက်အပြောက်များမှာ သိသိသာသာ လျော့နည်းသွားပြီး ပြန်လည် ဖွဲ့စည်းလိုက်သော တစ္ဆေပိုးကောင်၏ အရှိန်အဝါမှာလည်း အတော်လေး အားနည်းသွားလေသည်။
၎င်းက ယန်ချင်းယွဲ့ ရှိရာသို့ စိုက်ကြည့်နေ၏။ ထိုအမျိုးသမီးမှာ သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့သူ ဖြစ်ကြောင်း ၎င်း သိနေပုံရသည်။
"အား... အား..."
ရုတ်တရက် လူနှစ်ယောက်မှာ နာကျင်စွာ အော်ဟစ်ရင်း မြေပြင်ပေါ်တွင် လဲကျသွား၏။ သူတို့ ပိုးကောင် အကိုက်ခံလိုက်ရလေပြီ။
သူတို့ မြေပြင်ပေါ်တွင် လူးလိမ့်နေသည်ကို ကြည့်ပြီး ကျိုးရှုရီက အဘိုးအိုကို လှမ်းကြည့်လိုက်၏။ အဘိုးအို ခေါင်းငြိမ့်ပြမှ သူမ ဖြည်းညှင်းစွာ လျှောက်သွားလိုက်ပြီး ငွေအပ်များကို ထုတ်ယူကာ သူတို့၏ ဦးခေါင်းကို အကြိမ်အနည်းငယ် ထိုးစိုက်လိုက်၏။ နို့နှစ်ရောင် အလင်းတန်းလေးများ ထွက်ပေါ်လာပြီးနောက် ထိုလူနှစ်ယောက်မှာ နာကျင်စွာ အော်ဟစ်ခြင်း မရှိတော့ဘဲ တည်ငြိမ်သွားကြတော့သည်။
သို့သော် သူတို့၏ အသက်ရှူသံမှာမူ အလွန် အားနည်းနေသေးသည်။ ကျိုးရှုရီလည်း အပ်များကို ပြန်နုတ်ကာ အဘိုးအို ဘေးသို့ ပြန်လာခဲ့၏။ ကုသမှုမှာ တစ်မိနစ်ပင် မကြာလိုက်သော်လည်း ကုသနည်းမှာ အနည်းငယ် ကြမ်းတမ်းလှ၏။ သူမသည် ထိုလူများ၏ ဝိညာဉ်ရေးရာ နာကျင်မှုကို ခံစားရခြင်း မရှိစေရန် ပိတ်ပင်ပေးလိုက်ရုံသာ ဖြစ်သည်။
တစ္ဆေပိုးကောင် ပိုင်ဆိုင်ထားသော လမ်းပြအမျိုးသား၏ နှုတ်ခမ်းပေါ်တွင်မူ လှောင်ပြုံးတစ်ခုက အထင်းသား။ ကိုယ့်ကိုယ်ကိုယ် လှောင်ပြုံး ပြုံးခြင်းပင်။
"ကျွန်တော် ပြောသားပဲ... အကြီးအကဲဖူရဲ့ ဘေးနားက လူတွေက အားနည်းမှာ မဟုတ်ပါဘူးဆိုတာ... ဟဲဟဲ... ဒီလို ရလဒ်မျိုး ဖြစ်လာမယ်ဆိုတာ ကျွန်တော် သိပြီးသားပါ... ကျွန်တော့်အစား အမေ့ကို ပြန်ပြီး တောင်းပန်ပေးကြပါ..."
"ဒီကောင်လေးကိုတော့ ကျွန်တော်နဲ့အတူ ယူသွားပါရစေ... မဟုတ်ရင် သူက ကျွန်တော့်ကို အကုန်စုပ်ယူသွားလိမ့်မယ်... ဒါဆိုရင်လည်း ကျွန်တော် အသက်ရှင်မှာ မဟုတ်တော့ဘူး..."
ထိုသို့ ပြောပြီးနောက် အမျိုးသားက ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး တစ္ဆေပိုးကောင်ကို မဆိုင်းမတွပင် မျိုချလိုက်လေသည်။
"တကယ်တော့... ကျွန်တော် လူမျိုးစုကို သစ္စာမဖောက်ချင်ပါဘူး... ဒါပေမဲ့ သူတို့ရဲ့ ထိန်းချုပ်မှုကို ခံလိုက်ရတဲ့ အချိန်မှာ အရာအားလုံးက နောက်ကျသွားပြီ... ကျွန်တော် အကြီးအကဲတွေကို ရှာဖို့ ကြိုးစားခဲ့ပါသေးတယ်... ဒါပေမဲ့... အကြီးအကဲတွေက ကျွန်တော့်ကို အရမ်း ယုံကြည်ကြတယ်လေ... ဟဲဟဲ... ဒါက တကယ် ခက်ခဲပါတယ်..."
"စိတ်မပူပါနဲ့... အကြီးအကဲလင်းတို့က ဒီတောင်ကုန်းရဲ့ နောက်မှာ မရှိပါဘူး... သူတို့က အနောက်တောင်ဘက်က ဖူလင်းဒေသမှာ အဘိုးတို့ကို စောင့်နေကြတာပါ... အဘိုးတို့ကို အဲ့ဒီကို ရောက်အောင် ခေါ်သွားပေးပါ..."
"ဒီတောင်ကုန်းရဲ့ နောက်ကိုတော့... အဘိုးတို့... မသွားတာ အကောင်းဆုံးပါပဲ... အန္တရာယ်တွေက အဲ့ဒီမှာ ရှိနေပြီမို့ သွားစရာ မလိုတော့ဘူး..."
"ကျွန်တော် သေတော့မယ်..."
"မှတ်ထားပေးပါ... ကျွန်တော့်အမေကို ကျွန်တော် သားမိုက်တစ်ယောက် ဖြစ်ခဲ့တယ်လို့ ပြောပေးပါ... ဒါပေမဲ့ ကျွန်တော် နှစ်ပေါင်းများစွာ ပင်ပင်ပန်းပန်း လုပ်ခဲ့တာတွေကို ထောက်ထားပြီး၊ ဘယ်သူ့ကိုမှလည်း တကယ် မထိခိုက်ခဲ့တာမို့ ကျွန်တော့်အမေကို ကောင်းကောင်း စောင့်ရှောက်ပေးကြပါ..."
ထိုနောက် အမျိုးသားသည် ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ ဘာမှ မပြောဘဲ တန်းသောက်လိုက်၏။ သူ၏ မျက်နှာမှာ အလွန်အမင်း နာကျင်နေသည့် အမူအရာတို့ အထင်းသား။
သူ့တစ်ကိုယ်လုံး လိမ်တွန့်သွားပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ ထို့နောက် တဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်မှာ အမည်းရောင် ရေအိုင်တစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။ ထိုရေအိုင်ထဲတွင် သေးငယ်သော အရိုးစုလေးတစ်ခုကို ရှင်းလင်းစွာ မြင်နေရလေသည်။ ၎င်းမှာ အစောက မျက်လုံးသုံးလုံးပါသော တစ္ဆေပိုးကောင်၏ အရိုးစုပင် ဖြစ်တော့၏။