မြေအောက်လောက နတ်ဘုရားကျောင်းတွင် ပုန်းအောင်းနေသူများအားလုံးသည် ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ခေါင်းမခါဘဲ သက်ပြင်းမချဘဲ မနေနိုင်ကြချေ။
"ဘုန်းတော်ကြီးအို... အခု နတ်ဘုရားတွေကို ဆုတောင်းနေလည်း အလကားပဲ... မြေအောက်လောက နတ်ဘုရားက မရှိတော့တာ ကြာပြီ..."
"ဟုတ်တယ်... မြေအောက်လောကနတ်ဘုရား အပေါ် ယုံကြည်မှုစွမ်းအားတွေက ပြိုလဲပျက်စီးသွားပြီ... အခု ငါတို့က ဘယ်လို ရင်ဆိုင်ရမလဲဆိုတာကို စဉ်းစားသင့်တယ်..."
လူများအားလုံးသည် သူ့ကို တစ်ယောက်ပြီးတစ်ယောက် အကြံပေးကြပြီး လူအများ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအယာများကို ပြသနေကြလေပြီ။
သူတို့သည် ဘုရားကျောင်းသို့ ယခုလေးတင် ရောက်ရှိလာခြင်းဖြစ်ပြီး ဤနေရာရှိ အခြေအနေကို ရှင်းလင်းစွာ မသိကြချေ။ ယခုအချိန်၌ သူတို့ အားကိုးနိုင်သည်မှာ သူတို့၏ရှေ့ရှိ ဘုန်းတော်ကြီးအိုသာဖြစ်သည်။
ဘုန်းတော်ကြီးအို၏ မျက်နှာပေါ်တွင် နောင်တရသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားပေ၏။
"သူတို့အားလုံးက အရင်က ဘုရားကျောင်း ရဲ့ အဖွဲ့ဝင်တွေဖြစ်ပြီးတော့ ကာကွယ်ရေးဝင်္ကပါရဲ့ အားနည်းချက်တွေကို သိကြတယ်... ဒီကာကွယ်ရေးဝင်္ကပါ ကျိုးပျက်သွားဖို့ သိပ်မကြာတော့မှာကို ငါ စိုးရိမ်တယ်..."
ဘာ...
လူများအားလုံး ထိတ်လန့်သွားကြသည်။
ဤနေရာတွင် နေထိုင်စဉ် သူတို့၏ တစ်ခုတည်းသော အားကိုးရာမှာ သူတို့၏ရှေ့ရှိ ခိုင်ခံ့သော ဘုရားကျောင်း ကာကွယ်ရေးမဟာဝင်္ကပါကြီးပင်။
ဤကာကွယ်ရေးဝင်္ကပါ ကျိုးပျက်သွားသည်နှင့်တစ်ပြိုင်နက် လူအများသည် သွေးအဆိပ် ဘုရင်၏ ကြောက်စရာကောင်းသော နည်းလမ်းတချို့ကို တွေးတောမိချိန်၌ ရုတ်တရက် ကျောချမ်းသွားသည်ကို ခံစားလိုက်ရသည်။
"ငါတို့... အညံ့ခံရင်ရော..."
တစ်စုံတစ်ယောက်က အကြံပြုလိုက်၏။
ဤစကားများ ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ကျင့်ကြံသူအမြောက်အများ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။
ငရဲနယ်မြေသည် ကောင်းကင်ဘုံနယ်မြေမှ ကျင့်ကြံခြင်းအင်ပါယာများနှင့် မတူညီချေ။ ဤနေရာတွင် သစ္စာရှိမှုဆိုသည်မှာ ရှားပါးလှပြီး သစ္စာဖောက်မှုသည် သာမန်ကိစ္စပင်။
သူတို့သည် စတုတ္ထနယ်မြေတွင် တပ်စွဲထားသော ကျင့်ကြံသူများ ဖြစ်သော်လည်း ယန်မိသားစုသည် ယခုအချိန်၌ ရက်စက်ကြမ်းတမ်းစွာ ရောက်ရှိလာပြီး အထွတ်အထိပ် အခြေအနေတွင် ရှိနေပေ၏။ သူတို့သည် သူတို့၏အသက်ကို ကယ်တင်ရန်အတွက် ဘက်ကူးပြောင်းနိုင်သည်။
ဝှစ်...
ထိုကျင့်ကြံသူ စကားပြောဆိုပြီးသော အချိန်မှာပင် အေးစက်စက်အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားပြီး သူ၏ခေါင်းကို ချက်ချင်းဖြတ်တောက်လိုက်သည်။
သွေးများ နေရာအနှံ့အပြားသို့ ဖြာကျသွားပေ၏။ ပတ်ဝန်းကျင်ရှိ လူများသည် အလျှင်အမြန် ရှောင်တိမ်းသွားကြပြီး သူတို့၏မျက်လုံးများတွင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
"အညံ့ခံဖို့အကြောင်း ထပ်ပြောတဲ့သူတိုင်း ကွပ်မျက်ခံရမယ်..."
သရဲတစ္ဆေစစ်သူကြီးက အသံနက်ကြီးဖြင့် အော်ငေါက်လိုက်သည်။
ဤသရဲတစ္ဆေစစ်သူကြီးသည် ဤနေရာ၏ အစောင့်အရှောက်ပင်။
သူ၏ ကာလကြာရှည် တည်ရှိနေသော အခွင့်အာဏာက သရဲတစ္ဆေစစ်သူကြီးကို ဤနေရာ၏ကျောရိုး ဖြစ်လာစေခဲ့သည်။ သူ စကားပြောလိုက်သည်နှင့်အမျှ တခြားသူများသည် မည်သည့်စကားကိုမျှ ထပ်မပြောရဲကြတော့ချေ။
သရဲတစ္ဆေစစ်သူကြီးက တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
"တပ်ဖြန့်ကြစမ်း... ကာကွယ်ရေးဝင်္ကပါ ကျိုးပျက်သွားရင်တောင်မှ ငါတို့က ခဏလောက် ကာကွယ်နိုင်သေးတယ်... ဘုရင်ဆီက စစ်ကူတွေ ရောက်လာတဲ့အထိ ငါတို့ တောင့်ခံထားရမယ်..."
မကြာမီတွင် သူတို့သည် တိုက်ပွဲဝင်ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြ၏။
ရာနှင့်ချီသော လူများသည် သူတို့၏ သက်ဆိုင်ရာ မှော်လက်နက်များကို ဆင့်ခေါ်ကာ တံခါးဆီသို့ စိုးရိမ်ပူပန်တကြီး စူးစိုက်၍ ကြည့်နေကြသည်။
ရုတ်တရက် ဘုန်းတော်ကြီးအို၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူက အော်ဟစ်လိုက်သည်။
"မကောင်းတော့ဘူး... သူတို့က ပင်မတံခါးရဲ့ဘေးက ဝင်္ကပါကို ဖျက်ဆီးနေတာ မဟုတ်ဘူး..."
လူတိုင်း မတုံ့ပြန်နိုင်မီ ဘုရားကျောင်း၏နံဘေးရှိ ပြတင်းပေါက်တစ်ခု ရုတ်တရက် အက်ကွဲသွားသည်။
ကျိုးပဲ့သွားသော ပြတင်းပေါက်မှ မရေမတွက်နိုင်သော အစအနများသည် နေရာအနှံ့အပြားသို့ ဖြာကျသွားပြီး ထိုအရာ၏နောက်တွင် ရက်စက်ကြမ်းတမ်းသော ပုံရိပ်တစ်ခုက သွေးမြစ်တစ်ခုကိုနင်းကာ လိုက်ပါလာသည်။
အချိန်တခဏအတွင်းတွင် ကျယ်ဝန်းသော ဘုရားကျောင်းသည် ပြင်းထန်သော သွေးညှီနံ့များဖြင့် ပြည့်နှက်သွားပြီး သရဲတစ္ဆေများ ငိုကြွေးပြီး ဝံပုလွေများ ဟိန်းဟောက်နေသည့်အလား စူးရှသောအသံများနှင့်အတူ လူအများ၏ စိတ်နှလုံးသားကို အေးခဲတောင့်တင်းသွားစေသည်။
သွေးအဆိပ်ဘုရင်...
သူသည် ပင်မတံခါးကို တိုက်ခိုက်ရန် ဝင်္ကပါ တစ်ခုကိုစီစဉ်ကာ အရှေ့သို့ လှည့်စားခြင်းကို အမှန်တကယ် အသုံးပြုခဲ့ပြီး အမှန်အားဖြင့် သူသည် ပြတင်းပေါက်၏နံဘေးရှိ ဝင်္ကပါကို ဖျက်ဆီးနေခြင်းပင်။
ထူထပ်သိပ်သည်းသော သွေးမြူများထဲတွင် ဖုံးကွယ်နေသည့် ထိုကြမ်းတမ်းသော ပုံရိပ်သည် ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်ဆိုးနတ်ဘုရား တစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။
"ငါ အညံ့ခံတယ်... ငါ အညံ့ခံတယ်..."
လူအများသည် အလွန်အမင်း ထိတ်လန့်သွားကြ၏။
သို့သော် သူတို့ကို တုံ့ပြန်လိုက်သည်မှာ သွေးအဆိပ်ဘုရင်၏ ရက်စက်ကြမ်းတမ်းသော လက်သီးချက်ပင်။
ဘုန်း...
ထိုလက်သီးတစ်ချက်တည်းဖြင့် ဆယ်နှင့်ချီသောလူများသည် ချက်ချင်းလွင့်ထွက်သွားပြီး သွေးများအန်ထုတ်လိုက်ရသည်။ သူတို့၏ အရိုးများအားလုံး ကြေမွှပျက်စီးသွားပြီး သူတို့၏ ခန္ဓာကိုယ်တလျှောက်လုံးရှိ အရွတ်များနှင့် ကြွက်သားများပင် အက်ကွဲသွားပေ၏။
သွေးအဆိပ်ဘုရင်သည် ဤလူများကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက် မရှိချေ။ သူ ဝင်လာသည်နှင့်တစ်ပြိုင်နက် သူတို့ကို သတ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
"ရပ်စမ်း..."
သရဲတစ္ဆေစစ်သူကြီး၏ မျက်လုံးများသည် ဒေါသကြောင့် ကွဲထွက်လုမတတ် ဖြစ်သွားပြီး သူက ရုန့်ရင်းကြမ်းတမ်းစွာ တိုက်ခိုက်လိုက်သည်။
သူ၏ခါးရှိ ဓားရှည်ကို ဓားအိမ်မှထုတ်ပြီး ခုတ်ပိုင်းလိုက်ရာ အေးစက်သော ဓားချီအလင်းတန်းတစ်ခုက နောက်မှကပ်ပါလာပေ၏။
သို့သော် ထက်ရှသောဓားချီသည် သွေးအဆိပ် ဘုရင်၏ရှေ့တွင် အသက်ရှူကြိမ် အနည်းငယ်မျှသာ တောင့်ခံနိုင်ခဲ့သည်။ ထို့နောက် သွေးအဆိပ် ဘုရင်သည် လေတစ်ချက် မှုတ်ထုတ်ကာ ဓားချီများအားလုံးကို ခြေမွှဖျက်ဆီးလိုက်သည်။
ထို့နောက် သွေးရောင်ပုံရိပ်တစ်ခု ကျဆင်းလာပြီး သွေးအဆိပ်ဘုရင်သည် သရဲတစ္ဆေစစ်သူကြီးကို ရုတ်တရက် တိုက်ခိုက်လိုက်၏။
***