ယန်မိသားစု ထိန်းချုပ်ထားသော ပဉ္စမနယ်မြေ တွင် မြေအောက်လောက နတ်ဘုရားကျောင်းများအားလုံးကို လုံးဝဖြိုချခဲ့ပြီး ယင်လော့ ဧကရာဇ်၏ဘုရားကျောင်းများကို တည်ထောင်ခဲ့သည်။
မြေအောက်လောက နတ်ဘုရားနှင့် ပတ်သက်၍မူ...
သေဆုံးသွားသော နတ်ဘုရားတစ်ပါး၏ ကြီးကျယ်ခမ်းနားမှုကို မည်သူက ဂရုစိုက်မည်နည်း....
"ထားလိုက်တော့... အသုံးမကျတဲ့ အဘိုးကြီး... သူ့ကို သတ်ပြီး အဆုံးသတ်လိုက်တော့..."
တစ်စုံတစ်ယောက်က ပေါ့ပေါ့ပါးပါး လေသံဖြင့် အမိန့်ပေးလိုက်၏။
ယန်မိသားစု ကျင့်ကြံသူတချို့က ချက်ချင်းပြေးဝင်လာကြသည်။
"မင်းတို့အားလုံးကို ငါ တိုက်ခိုက်မယ်..."
ဘုန်းတော်ကြီးအိုသည် သူ၏နောက်ဆုံးအော်ဟစ်သံကို ထုတ်လွှတ်လိုက်သည်။
သူ၏မှော်ရတနာများသည် ကျိုးပဲ့နေပြီဖြစ်ရာ ဘုန်းတော်ကြီးအိုသည် စိတ်ပျက်အားငယ်စွာဖြင့် ယဇ်ပလ္လင်ရှေ့တွင် ထားရှိသော ယဇ်ပူဇော်သည့် နတ်ဘုရားလက်နက်ကိုယူကာ သူ၏ရှေ့တွင် ကိုင်ထားရန်မှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
ယဇ်ပူဇော်သည့် နတ်ဘုရားလက်နက်သည် အလှဆင်ရန်သက်သက်သာ ဖြစ်ပေ၏။ ထိုရတနာ၏အဆင့်မှာ နိမ့်ပါးခြင်းမရှိသော်လည်း တိုက်ခိုက်သတ်ဖြတ်ရာတွင် အကျိုးသက်ရောက်မှု များစွာမရှိပေ။
သို့သော် သူ ယဇ်ပူဇော်သည့် နတ်ဘုရား လက်နက်ကို ကောက်ကိုင်လိုက်သည့် အချိန်အခိုက်အတန့်တွင် ဓားရှည်သည် တုန်ခါသွားပြီး အရပ်မျက်နှာအားလုံးသို့ လွှမ်းခြုံသွားသော ဓားချီ တစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ခပ်အုပ်အုပ်အသံများ ဆက်တိုက်ပဲ့တင်ထပ်သွားသည်။
ဓားချီအလင်းတန်း ရွေ့လျားသွားသည်နှင့်တပြိုင်နက် ဘုန်းတော်ကြီးအို၏ရှေ့တွင် မတ်တတ်ရပ်နေသော ယန်မိသားစုကျင့်ကြံသူ များ မရှိတော့ချေ။ သူတို့၏ခေါင်းများသည် မြေပြင်ပေါ်သို့ တစ်ခုပြီးတစ်ခု ကျဆင်းသွားကြ၏။
သွေးမျာ ပန်းထွက်လာပြီး မြေပြင်ပေါ်သို့ ဖြာကျသွားကာ သွေးညှီနံ့များက လေထုထဲတွင် ပျံ့နှံ့သွားစဉ် သာယာနာပျော်ဖွယ်ကောင်းသော နတ်ဘုရား တေးသွားတစ်ပုဒ်သည် ကောင်းကင်နှင့် မြေပြင်ကြားတွင် ပဲ့တင်ထပ်သွားသည်။
ဘုန်းတော်ကြီးအိုသည် အလွန်အမင်း ထိတ်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူသည် အလွန်အားနည်းနေပြီဖြစ်ပြီး သူ၏ အိုမင်းနေသော ခန္ဓာကိုယ်သည် ဒဏ်ရာအပြင်းအထန်ရထားသော သူ့ကို မထောက်ပံ့နိုင်တော့သဖြင့် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားသည်။
"နတ်ဘုရား... အဲ့ဒါက အရှင်လား..."
ဘုန်းတော်ကြီးအိုသည် တွေဝေမိန်းမောနေရင်း တီးတိုးရေရွတ်လိုက်၏။
"ဟုတ်တယ်... ငါပဲ..."
ပေတစ်သောင်းမြင့်သော နတ်ဘုရား အလင်းတန်းသည် မိုးကောင်းကင်သို့ ပျံ့လွင့်သွားပြီး ဘုရားကျောင်း၏အစက်အပြောက်များဖြစ်နေသော နံရံများ ကွဲအက်သွားကာ အတွင်းဘက်ရှိ နတ်ဘုရားပုံစံများ တုန်ခါသွားသည်။
တောက်ပသော အလင်းတန်းများသည် လေဟာနယ်ကို ဖုံးလွှမ်းသွားပြီး အမှောင်ထုအားလုံးကို ဖယ်ရှားပစ်လိုက်သည်။ နတ်ဘုရား တေးသွားသည် ကောင်းကင်ကိုးထပ်အထက်တွင် မြည်ဟီးနေပြီး မရေမတွက်နိုင်သော ကျမ်းစာရွတ်ဆိုသံများ ထွက်ပေါ်လာသည်။
မြင့်မားသော နတ်ဘုရားရုပ်ထုသည် ဖြည်းညှင်းစွာ တုန်ခါလာပြီး မရေမတွက်နိုင်သော မှော်သင်္ကေတများသည် နတ်ဘုရားအလင်းတန်းများအတွင်း၌ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ထိုအရာများသည် လေဟာနယ်အတွင်းတွင် သိပ်သည်းစွာ စုဝေးနေပြီး ပြိုင်ဘက်ကင်းသော မှော်စွမ်းအားများကို ပေါ်လွင်စေကာ နက်နဲသိမ်မွေ့ပြီး နားလည်ရခက်လှသည်။
လုယွီသည် နတ်ဘုရားရုပ်ထုထဲမှ ထွက်လာပြီး စူးရှတောက်ပသော အလင်းတန်းများမှနေ၍ မဟာတာအိုသင်္ကေတတစ်ခုကို ဖန်တီးပြီး သူ၏ရှေ့တွင် ထုတ်ဖော်ထားသည်။
ဝုန်း...
မမြင်နိုင်သော နတ်ဘုရားစိတ်အာရုံတစ်ခုသည် ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ ပွင်အံ့ထွက်လာပေ၏။ ထိုအရာသည် ကြီးမားကျယ်ပြန့်သော ဒီရေကဲ့သို့ လှိုင်းထန်နေကာ ခမ်းနားကြီးကျယ်ပြီး အဆုံးမရှိသော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ဝှစ်... ဝှစ် .."
မြေအောက်လောက နတ်ဘုရားကျောင်းတွင် ရှိနေသေးသော ယန်မိသားစုကျင့်ကြံသူ များသည် ထွက်ပြေးရန် အချိန်မရလိုက်ဘဲ ချက်ချင်းခြေမွှဖျက်ဆီးခံရကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
"အိုး ကောင်းကင်ဘုံ... ဒီတသက်မှာ နတ်ဘုရားကို မြင်ရဖို့ အခွင့်အရေး ငါ ရလာခဲ့တာလား... ငါ အိပ်မက်မက်နေတာ မဟုတ်ဘူးမလား..."
ဘုန်းတော်ကြီးအိုသည် မငိုဘဲ မနေနိုင်တော့ဘဲ သူ၏အိုမင်းနေသော ခန္ဓာကိုယ်သည် အထိန်းအကွပ်မဲ့စွာ တုန်ရီနေပေ၏။
လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ဘုန်းတော်ကြီးအို၏ဒဏ်ရာများ ချက်ချင်းပြန်လည်ကောင်းမွန်သွားသည်။
ရွှေရောင်အလင်းတန်း၏ လွှမ်းခြုံမှုအောက်တွင် သူ၏ဒဏ်ရာများသည် ပြန်လည်ကောင်းမွန်သွားရုံသာမကဘဲ သူ၏သက်တမ်းပင် တိုးလာပြီး သူ၏မျက်နှာသည် ကျန်းမာသော နီမြန်းမှုကို ဖြည်းညှင်းစွာ ပြန်လည်ရရှိလာသည်။
မြေအောက်လောကနတ်ဘုရား ပြန်လည်၍ ထွက်ပေါ်လာလေပြီ။
လူများအားလုံးသည် သူတို့၏ရှေ့ရှိ နတ်ဘုရား ရုပ်ထုထဲမှ ရုတ်တရက် ထွက်လာသော လူငယ်ကို ကြည့်လိုက်ကြပြီး ဤအတွေးသည် သူတို့၏ စိတ်ထဲတွင် တပြိုင်နက်တည်း ထွက်ပေါ်လာပေ၏။
ယခင်က မြေအောက်လောက တာအိုသခင် သည် သူနှင့် မည်မျှထိ တူညီသနည်း။ သူ၏အနက်ရောင်ဆံပင်များသည် လေထဲတွင် လူးလွန့်နေပြီး ထိုပြိုင်ဘက်ကင်းသော ဟန်ပန်သည် ယနေ့ထိတိုင် ငရဲနယ်မြေရှိ သက်ရှိများစွာအတွက် ဖျောက်ဖျက်၍ မရနိုင်သော အမှတ်တရတစ်ခုပင်။
"သူက မြေအောက်လောက နတ်ဘုရား မဖြစ်နိုင်ဘူး... မြေအောက်လောက နတ်ဘုရားက သေသွားပြီ..."
အပြင်ဘက်ရှိ ယန်မိသားစု ကျင့်ကြံသူ များသည် အော်ဟစ်ကြုံးဝါးလိုက်ပြီး နောက်တစ်ကြိမ် ရှေ့သို့ပြေးဝင်လာကြသည်။
သူတို့သည် ဤမြေအောက်လောက နတ်ဘုရားကျောင်းကို လူတစ်သောင်းကျော်ဖြင့် ဝန်းရံထားသဖြင့် အုပ်စုတစ်စု သေဆုံးသွားချိန်၌ အပြင်ဘက်ရှိလူများသည် ချက်ချင်းဝင်ရောက်လာကာ အင်အားဖြည့်တင်းလိုက်သည်။
လုယွီသည် အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် ရွှေရောင်မီးတောက်များ လူးလွန့်နေသည်။ ထို့နောက် မီးတောက်နှစ်ခုသည် ရှည်လျားသော နဂါးများကဲ့သို့ ချက်ချင်းခုန်ထွက်လာပြီး လူအုပ်ထဲသို့ တိုးဝင်သွားပေ၏။
မီးပင်လယ်သည် ရက်စက်ကြမ်းကြုတ်ပြီး လူတစ်စုကို ရက်စက်စွာ ချက်ချင်းဝါးမျိုသွားသဖြင့် စူးရှသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ မီးတောက် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရှိနေသော လူများအားလုံး ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။
ယန်မိသားစု အကြီးအကဲတချို့သည် လူအုပ်ထဲတွင် ရောနှောနေပြီး နံဘေးပတ်လည်မှ ဝိုင်းရံကာ လျှို့ဝှက်နည်းစနစ်များဖြင့် တိုက်ခိုက်လိုက်ကြ၏။ သူတို့၏စွမ်းအားများသည် ရှေ့သို့တန်းတန်းမတ်မတ် ထွင်းဖောက်သွားသော ခိုင်ခံမာကျောသည့် ရေခဲဆူးများအဖြစ်သို့ ပြောင်းလဲသွားသည်။
သို့ရာတွင် လုယွီ၏မျက်နှာအမူအယာသည် ပြောင်းလဲသွားခြင်း မရှိချေ။ သူသည် သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ တောင်များနှင့် မြစ်များကို ပြိုကျစေနိုင်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး ယန်မိသားစု အကြီးအကဲတချို့ကို သတ်ဖြတ်ကာ သူတို့၏ စိတ်ဝိညာဉ်များကို ခြေမွှဖျက်ဆီးလိုက်သည်။
***