ဩော်... ဘိုးဘေးကြီးက အဂ္ဂိရတ်ပညာ သင်ချင်ရုံသက်သက်ပဲလား။
ယွန်ပိုင်ယွီမှာ စိတ်အေးသွားရသဖြင့် ရင်ဘတ်ကို သာသာလေး ပုတ်လိုက်မိသည်။
ဘိုးဘေးကြီး ဝင်လာပုံက အလွန်ပင် အရှိန်အဝါ ပြင်းထန်လွန်းသဖြင့် လင်းရှီးတောင်ကြားကို မြေလှန်ပစ်တော့မည်ဟုပင် သူ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
သူက တစ်နေ့နှင့် တစ်ညလုံး စိတ်ဓာတ်ကို ပြန်လည် တည်ငြိမ်အောင် ကြိုးစားခဲ့ရသည်။ မိမိသမီးကို ကယ်တင်ချင်သော်လည်း မိမိ၏ အင်အားက မလုံလောက်မှန်း သိနေသည်။
ထို့ကြောင့် ဤဓားသခင်ချန် ကိုသာ အားကိုးရမည်ဖြစ်သည်။ သူ အခုထိ လှုပ်ရှားမှု မပြုသေးခြင်းမှာ အချိန်အခါ မကျသေး၍သာ ဖြစ်ပေလိမ့်မည်။
ယန်ဝိညာဉ်ကြေးမံုမှတစ်ဆင့် သမီးဖြစ်သူ ယာယီဘေးကင်းကြောင်း အတည်ပြု နိုင်သရွေ့ သူ့အတွက် လုံလောက်သည်။ အရှင်သခင်ချန် ကူညီမည်ဟု ကတိ ပေးထားလျှင် သူ သေချာပေါက် ကူညီပါလိမ့်မည်။ သူက အချိန်ကောင်းကို စောင့်နေခြင်းသာ ဖြစ်နိုင်သည်။
အခုတော့ သူ့ထံမှ အကူအညီ လိုအပ်နေသည်လား။
သူ့အနေဖြင့် အကြိမ်တစ်သောင်းမက ကူညီရန် အသင့်ရှိနေသည်။
သို့သော်လည်း...
ယွန်ပိုင်ယွီ၏ မျက်နှာတွင် အနည်းငယ် အနေရခက်သော အမူအရာ ပေါ်လာသည်။ သူက လက်အုပ်ချီလျက် အားကိုးရာမဲ့သော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
“ဘိုးဘေး... ကျွန်မတို့ လင်းရှီးတောင်ကြားရဲ့ အဂ္ဂိရတ်ပညကို သင်ချင်တာလား။”
“ကျွန်မတို့ နည်းလမ်းက ဂိုဏ်းရဲ့ အဓိကအတွင်းကျင့်စဉ် ကျောက်စိမ်းကညာကျမ်း အပေါ်မှာ အခြေခံထားတာပါ။ အဂ္ဂိရတ်ပညာ သင်ချင်တယ်ဆိုရင် အရင်ဆုံး ကျောက်စိမ်းကညာကျမ်းကို ကျင့်ကြံရပါလိမ့်မယ်။”
သူက ချန်ဟွိုက်အန်၏ မျက်နှာထားကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို အမြန်လွှဲလိုက်သည်။ ထို့နောက် ချောင်းတစ်ချက်ဟန့်ကာ ဆက်ပြော၏။
“ဟို... ဒါပေမဲ့ ကျောက်စိမ်းကညာကျမ်းက မူလကတည်းက အမျိုးသမီးတွေ အတွက်ပဲ ဒီဇိုင်းထုတ်ထားတာပါ။ တကယ်လို့ အမျိုးသားတစ်ယောက်က ဒါကို ကျင့်ကြံချင်တယ်ဆိုရင်...”
သူ ခဏမျှ တုံ့ဆိုင်းသွားပြီးမှ အလေးအနက် ပြောလိုက်သည်။
“အဲဒါဆိုရင်တော့... သူတို့ရဲ့ဟာကို ဖြတ်ပစ်ရပါလိမ့်မယ်။”
ချန်ဟွိုက်အန် - “...”
“...နှုတ်ဆက်ပါတယ်။”
သူက ယဉ်ယဉ်ကျေးကျေး လက်အုပ်ချီ နှုတ်ဆက်လိုက်ပြီး ဓားကို စီးနင်းကာ ဝုန်းခနဲ အသံနှင့်အတူ ပျံထွက်သွားတော့သည်။
ယွန်ပိုင်ယွီမှာ ကြောင်အမ်းအမ်းဖြင့် ခေါင်မိုးပေါ်မှ အပေါက်ကြီးကို ခဏမျှ ငေးကြည့်နေမိသည်။ ထို့နောက် တည်ငြိမ်သော အမူအရာဖြင့် အသံလွှင့် ကျောက်စိမ်းပြာကို ထုတ်ကာ တပည့်များကို လာပြုပြင်ရန် ဆင့်ခေါ်လိုက်သည်။
“တောင်ကြားသခင်မ... ဒီအပေါက်ကြီးက ဓားကျောင်းတော်က ဘိုးဘေးကြီး လုပ်သွားတာလား...”
တပည့်အချို့သည် ကိရိယာများ ကိုယ်စီဖြင့် အမြန်ရောက်လာကြပြီး ကြီးမားသော အပေါက်ကြီးကို ကြည့်ကာ ဝေခွဲမရ ဖြစ်နေကြသည်။
“ဘာတွေ လျှောက်ပြောနေတာလဲ။”
ယွန်ပိုင်ယွီက မျက်မှောင်ကြုတ်လျက် ဝတ်ရုံလက်ကို ဒေါသတကြီး ခါလိုက်သည်။
“ငါ အိမ်မက်ဆိုးမက်ပြီး နံရံကို ဝင်တိုက်မိတာ၊ ဟုတ်ပြီလား။ အချိန်ဆွဲမနေနဲ့။ မြန်မြန် ဖာလိုက်ကြ…”
တစ်ဖက်တွင်လည်း ချန်ဟွိုက်အန်သည် ဝှစ်ခနဲ ဝှစ်ခနဲနှင့် လေထုကို ခွင်းကာ ပျံသန်းရင်း အဂ္ဂိရတ်ဂိုဏ်းသို့ တည့်တည့်မတ်မတ် ဆင်းသက်လိုက်သည်။
သူ ဆုံးဖြတ်ချက်ချပြီးပြီ ဖြစ်သည်။ အဂ္ဂိရတ်ပညာ သင်ချင်လျှင် အဂ္ဂိရတ် သူတော်စင်မ ဆီတွင်သာ သင်ခြင်းက အကောင်းဆုံး မဟုတ်ပါလား။
တန်ယွင်တွင် သူ့အပေါ် ကျေးဇူးကြွေး တစ်ခု ရှိနေသည်။ သူ သေချာပေါက် စိတ်ပါလက်ပါ သင်ပေးလိမ့်မည်။ ဆေးဖော်တဲ့ ကိရိယာတွေ ငှားရန်ကလည်း အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းပင်။ သူနှင့် ကိုက်ညီမည့် ဆေးဖိုကို လိုက်ရှာရန် အချိန်မရှိတော့ချေ။
ကျိုးရွှမ်ကျိက အသစ်ရှင်းလင်းထားသော ဝိညာဉ်စိုက်ခင်းတွင် အလုပ်လုပ်နေ၏။ ဝိညာဉ်ဆေးပင်များတော့ မစိုက်ရသေး။
ရုတ်တရက် ကြောက်မက်ဖွယ် ဓားအရှိန်အဝါကြီးတစ်ခု ကောင်းကင်ယံမှ ကျဆင်းလာသည်။ ရွှံ့ဗွက်များမှာ ကျိုးရွှမ်ကျိ၏ မျက်နှာပေါ်သို့ စင်ထွက်သွားသည်။
သို့သော် သူ ဒေါသမထွက်။ ညိုမှိုင်းသော မျက်နှာတွင် ဖြူဖွေးသော သွားတန်းများ ပေါ်လာသည်အထိ ပြုံးပြလိုက်၏။
“ဩော်... ဒါ ကျွန်တော်တို့ ဘိုးဘေးကြီး မဟုတ်လား။ ဘာကိစ္စများ ရှိလို့လဲ။”
“ငါ အဂ္ဂိရတ်ပညာ သင်ချင်တယ်။ ဆေးဖိုတစ်လုံး ပေးစမ်း။”
“ဗျာ။ ဆေးဖိုလား။ ဘယ်လိုမျိုးလဲ။”
“အကောင်းဆုံး တစ်လုံး။”
“ဟို... ဘိုးဘေးကြီး၊ ဆေးဖော်စပ်တာက နည်းစနစ် အပေါ်မှာပဲ မူတည်တာပါ။ ဆေးဖိုက အနည်းငယ်ပဲ ကူညီပေးနိုင်တာ...”
“အကောင်းဆုံး တစ်လုံးလို့ ပြောနေတယ်…”
ချန်ဟွိုက်အန်က စကားလုံးတိုင်းကို အလေးအနက်ထား၍ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် ချန်ဟွိုက်အန်က လျိုရှားတောင်ထွတ်ဆီ နောက်ထပ် ပေါက်ကွဲသံကြီးနှင် ပျံသန်းသွားပြန်သည်။ ကောင်းကင်ယံတွင် အမည်းစက်လေး တစ်ခုအဖြစ် ပျောက်ကွယ်သွားတော့သည်။
ကျိုးရွှမ်ကျိ၏ အပြုံးမှာ ချက်ချင်း ပျောက်ကွယ်သွာ၏။ သူက ပျက်စီးသွားသော စိုက်ခင်းရှေ့တွင် ဒူးထောက်ထိုင်ကာ ငိုချင်စိတ်ကို အောင့်ထားရသည်။
“ငါ့ရဲ့ တန်ဖိုးရှိတဲ့ စိုက်ခင်းလေး... တော်သေးတာပေါ့ ဘာမှ မစိုက်ရသေးလို့။ အစကနေ ပြန်လုပ်ရုံပေါ့...”
“...ပြီးတော့ ငါ့ရဲ့ ဆေးဖို။ ငါ့ရဲ့ အကောင်းဆုံး ဆေးဖိုကြီး...”
အဲဒီဓားသခင်က ငှားမယ်လို့တောင် မပြောသွားဘူး။ အဲဒါကြောင့် အဲဒါကို ပြန်ရဖို့တော့ မလွယ်တော့ဘူး။
သူက ဓားသခင်ချန် စိတ်ဝင်စားရုံသက်သက်သာ ဖြစ်ပါစေဟု မျှော်လင့်နေမိသည်။ မကြာခင် စိတ်ကုန်သွားပြီး စိတ်မဝင်စားတော့ဘဲ ဖြစ်သွားနိုင်၏။
ကျိုးရွှမ်ကျိက ဤသို့သော ကိစ္စမျိုးကို မြင်ဖူးသည်။ သူက အဂ္ဂိရတ်ဂိုဏ်း၏ ခေါင်းဆောင် မဟုတ်ပါလား။ ချင်းယွန်ဘုံမှ ရှေးဟောင်းမိစ္ဆာကြီး အများအပြား သူ့ဆီလာပြီး အဂ္ဂိရတ်ပညာကို လာစမ်းဖူးကြသည်။ သို့သော် ထိုအရာက မည်မျှ ရှုပ်ထွေးပြီး စေ့စပ်သေချာရန် လိုအပ်ကြောင်း သိသွားသောအခါ အကုန်လုံး လက်လျှော့သွားကြသူချည်းများပင်။
ဆေးဖော်စပ်ခြင်းက အခုမှ စသင်သူတွေအတွက် အလွန် ပင်ပန်းဆင်းရဲလှသည်။ ဓားသိုင်းတွင် ဆရာကြီးဖြစ်နေလျှင်ပင် ဆေးဖော်စပ်နိုင်မည်ဟု မဆိုလိုချေ။
တစ်ဖက်တွင်လည်း ချန်ဟွိုက်အန်က လျိုရှားတောင်ထွတ် အပေါ်သို့ ဆင်းသက်လိုက်သည်။
လီချင်းရန်၏ သစ်သားအိမ်လေးအနားတွင် နောက်ထပ် အိမ်လေးတစ်လုံး ဆောက်ထားသည်။ ၎င်းမှာ တန်ပိုင်နှင့် သူ၏သမီး တန်ယွင်တို့ နေထိုင်ရာ ဖြစ်သည်။
ချင်းယွန်ဘုံတွင် သူတို့နှစ်ဦးမှာ တစ်သီးပုဂ္ဂလ နေထိုင်ကြပြီး ဆေးဖော်နည်းကိုသာ အာရုံစိုက် လေ့လာခဲ့ကြသည်။ ထို့ကြောင့်လည်း ယောင်ချီ မြင့်မြတ်နယ်မြေ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
အခုတော့ ဤကမ္ဘာငယ်လေးမှာ သူတို့အတွက် အကောင်းဆုံး ခိုလှုံရာ ဖြစ်နေသည်။ အေးချမ်းပြီး ဘေးကင်း၏။ လျိုရှားတောင်ထွတ်မှာ လီချင်းရန် တရားထိုင်ရာ နေရာဖြစ်သဖြင့် ဘယ်သူမှ လာမနှောင့်ယှက်ကြချေ။
ချန်ဟွိုက်အန်က အလျင်လိုနေသော်လည်း ခြေသံကို လျှော့ကာ အိမ်လေးဆီသို့ တိုးတိုးလေး လျှောက်သွားသည်။
သူ တန်ယွင်၏ တံခါးကို မခေါက်ရသေးခင်မှာပင် ဘေးအိမ်တံခါးမှာ ပွင့်လာ၏။ လီချင်းရန်က မျက်လုံးလေးများကို ဝိုင်းစက်လျက် စပ်စုသော အကြည့်ဖြင့် ကြည့်နေသည်။ သူက ဆရာဖြစ်သူကို မြင်လိုက်ရသည့်အခါ မျက်နှာလေး ဝင်းပသွားသည်။
“ဆရာ…”
“မမြင်ဘဲနဲ့တောင် ဆရာမှန်း ကျွန်မ သိနေတယ်လေ။ ကျွန်မတို့က စိတ်ချင်း ဆက်နွှယ်နေတာပဲ…”
သူက ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလျက် လက်ကလေးများကို နောက်မှာ ထားထားသည်။ သူ၏ စိမ်းပြာရောင် ဝတ်စုံလေးမှာ ကြာရွက်ကလေးတွေလို လေထဲမှာ ဝဲနေ၏။
စိတ်ချင်းဆက်နွှယ်နေတယ် ဟုတ်လား။
ချန်ဟွိုက်အန်က ပုံရိပ်ယောင်ကောင်မလေး ကျင့်ကြံမှုမှတ်တမ်းကို တစ်ချက် ကြည့်လိုက်သည်။
[ နံနက် ၇ နာရီ ၄၃ မိနစ် - ပြတင်းပေါက်ကနေ ဆရာ ဆင်းလာတာကို မြင်လိုက်တယ်။ မမြင်သလို ဟန်ဆောင်ပြီး အပြင်ထွက် နှုတ်ဆက်လိုက်တယ် ]
အဟက်...
သူ ချန်ဟွိုက်အန်တွင် အုပ်ချုပ်သူတစ်ဦး၏ စူးရှသော မျက်လုံးများ ရှိသည်။ ဘယ်အရာမှ သူ့မျက်စိကို ကျော်မသွားနိုင်ချေ။
“ဆရာက ကျွန်မကို လာတွေ့တာလား။” လီချင်းရန်က မျှော်လင့်ချက် အပြည့်ဖြင့် မေးလိုက်သည်။
“မဟုတ်ဘူး။” ချန်ဟွိုက်အန်က ခေါင်းခါလိုက်သည်။
“ဒါဆို... ဆရာ့ဘောင်းဘီ လာယူတာလား။ အဲဒါက မပြီးသေးဘူး။”
လီချင်းရန်က နှုတ်ခမ်းလေးကို စူလိုက်သည်။
“အဲဒါလည်း မဟုတ်ဘူး။”
“ဒါဆို ဘာလို့ လာတာလဲ။” သူက ညည်းညည်းညူညူ ပြောလိုက်သည်။
ချန်ဟွိုက်အန်က လှည့်ပြီး တန်ယွင်၏ တံခါးကို ခေါက်လိုက်သည်။
“ငါ အဂ္ဂိရတ်ပညာ လာသင်တာ။ အရေးကြီးတယ်။”
“ဩော်…”
လီချင်းရန်၏ မျက်လုံးများမှာ ဝင်းပသွားပြီး အပြုံးများ ပြန်ပေါ်လာသည်။
“ဒါဆို ကျွန်မလည်း ဆရာနဲ့အတူ သင်မယ်လေ...”
အဂ္ဂိရတ်ပညာကို အနည်းငယ် တတ်ကျွမ်းသူတစ်ယောက် အနေဖြင့် ၎င်းကို သင်ယူရသည်မှာ မည်မျှ ခက်ခဲကြောင်း လီချင်းရန် သိသည်။ ဆရာက သင်ချင်သည်ဆိုလျှင် ဆရာက မတတ်သေးဘူးဟု ဆိုလိုခြင်း ဖြစ်သည်။
ဆိုလိုသည်မှာ ဆရာက သေချာပေါက် အခက်အခဲများနှင့် ရင်ဆိုင်ရလိမ့်မည်။ ဆေးဖော်စပ်ခြင်းက အမြဲတမ်း ကြိုးစားမှုအပေါ် မူတည်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် ဆရာ အခက်အခဲများ တွေ့သော သူက နှစ်သိမ့်ပေး၍ ရနိုင်ပေသည်။ ဖြစ်နိုင်လျှင် သူက ဆရာ့ကို ပြန်သင်ပေးပြီး စိတ်ခံစားမှုဆိုင်ရာ တံတားတစ်စင်း တည်ဆောက်၍ ရနိုင်၏။
ရွှေရောင်အနှစ်သာရအဆင့်က ဟင်းလင်းပြင်ပေါင်စည်းခြင်းအဆင့်ကို ပြန်သင်ပေးခြင်းက ရယ်စရာကောင်းသော်လည်း ဆေးဖော်စပ်ရာတွင် ကျင့်ကြံမှု အဆင့်က ဘာမှ အရေးမပါချေ။ မဟုတ်လျှင် ကျင့်ကြံမှုအဆင့် မြင့်သူတိုင်း အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကုန်ကြပေမည်။ တန်ယွင်တို့လို လူများကို ဘယ်သူက လိုအပ်တော့မည်နည်း။
“ရတာပေါ့၊” ချန်ဟွိုက်အန်က ချက်ချင်း သဘောတူလိုက်သည်။
ခဏအကြာတွင် တန်ပိုင်က တံခါးကို ဖွင့်ပေးလိုက်သည်။ သူက အိပ်ချင်မူးတူး ဖြစ်နေဆဲပင်။ ချန်ဟွိုက်အန်နှင့် လီချင်းရန်တို့ကို မြင်လိုက်ရသည့်အခါ သူက ခဏမျှ ကြောင်သွားပြီးမှ အမြန် သတိဝင်လာသည်။
“ဘိုးဘေးကြီး။ ချင်းရန်။ ဘာကိစ္စများ ရှိလို့လဲ။”
“မင်းအမေ ဘယ်မှာလဲ။” ချန်ဟွိုက်အန်က တိုက်ရိုက် မေးလိုက်သည်။
“အမေက... အိပ်နေတုန်းပါပဲ။”
“အိပ်နေတယ် ဟုတ်လား။ ကျင့်ကြံသူတစ်ယောက်က ဘာလို့ အိပ်စရာ လိုတာလဲ။”
ချန်ဟွိုက်အန်က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အပြင်လောကမှာဆိုလျှင် မနက်ခင်း အလုပ်သွားရမယ့်အချိန် ဖြစ်နေလေပြီ။ သူဌေးတစ်ယောက် အနေနှင့် ဝန်ထမ်းများဆီမှ
အလုပ်ပိုခိုင်းခြင်းက ဘာမှ မမှားပေ။
သူက အလေးအနက်ထားသော အမူအရာဖြင့် ပြောလိုက်သည်။
“သွားနှိုးလိုက်ပါ။ ပြီးရင် ပြောလိုက်။ ဒီသခင်က အဂ္ဂိရတ်ပညာ သင်ချင်တယ်လို့...”
…
***