“အဂ္ဂိရတ်ပညာ သင်ချင်တာလား။”
တန်ယွင်က ချန်ဟွိုက်အန်ကို အံ့သြတကြီး ကြည့်နေမိသည်။ ဤဓားကျောင်းတော် ဘိုးဘေးကြီး မည်သည် ကြံစည်နေကြောင်း သူ လုံးဝ ဝေခွဲမရတော့။
သူက ဓားကျောင်းတော်ထဲသို့ တရားဝင် မဝင်ရသေးသော်လည်း သူနှင့် သမီးဖြစ်သူမှာ ဤနေရာတွင် အခြေချနေထိုင်နေပြီ ဖြစ်သည်။ အခြေခံအားဖြင့် ဤကမ္ဘာငယ်လေး၏ သီးသန့်အဂ္ဂိရတ်ပညာရှင်များအဖြစ် တာဝန်ယူနေခြင်းပင်။
အကယ်၍ တစ်စုံတစ်ယောက်က ဆေးလုံးလိုအပ်လျှင် သူ့ကို ဖော်စပ်ခိုင်းရုံသာ ရှိသည်။ ဘိုးဘေးကြီးက ဘာကြောင့် ကိုယ်တိုင်သင်ယူဖို့ အလုပ်ရှုပ်ခံနေရသနည်း။
ချန်ဟွိုက်အန်က အချိန်ကို တစ်ချက်ကြည့်လိုက်၏။ သုံးမိနစ်သာ ကျန်တော့သည်။
သူက တန်ယွင်ကို အလေးအနက်ထား၍ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ အခုချက်ချင်း စချင်တာ။ မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြစ်မယ့်နည်းဆိုရင် ပိုကောင်းမယ်။ ဒါက တကယ် အရေးကြီးလို့။”
“ဟူး...” တန်ယွင်က အနည်းငယ် မျက်မှောင်ကြုတ်လျက် လက်ယှက်၍ ရိုးသားစွာ ပြောလိုက်သည်။
“စီနီယာ... အဂ္ဂိရတ်ပညာဆိုတာ တစ်ညတည်းနဲ့ သင်ယူလို့ရတာမျိုး မဟုတ်ပါဘူး။ အဲဒါက ကျင့်ကြံမှုအဆင့်ပေါ်မှာ မူတည်တာ မဟုတ်ဘဲ ဉာဏ်အလင်းပွင့်မှု၊ ပါရမီနဲ့ အဂ္ဂိရတ်တာအိုအပေါ် ကိုယ်တိုင် နားလည်သဘောပေါက်မှုအပေါ်မှာ မူတည်တာ။ ကျွန်မမှာတော့ ဖြတ်လမ်း မရှိပါဘူး။ ဒါပေမဲ့ စီနီယာ မလိုအပ်ဘဲ အချိန် မကုန်ရအောင် ကျွန်မရဲ့ အတွေ့အကြုံတွေကိုတော့ မျှဝေပေးနိုင်ပါတယ်။”
“ကောင်းပြီ။ ဒါဆို အခုပဲ စလိုက်ရအောင်။”
တန်ယွင် - “...”
သူက လိမ္မာပါးနပ်စွာဖြင့် ငြင်းပယ်ခဲ့သည်ဟု ထင်သော်လည်း ထိုဓားသခင်က သူ့စကားကို တစ်လုံးမှ ကြားပုံမရချေ။
ကောင်းပြီလေ။
အချို့အရာတွေက ကိုယ်တိုင်စမ်းကြည့်မှ သိတာမျိုး။ မဟုတ်ရင် ဓားကိုင်ထားတဲ့ ဘိုးဘေးကြီးက ငါ့ကို ပညာကပ်စေးနှဲတယ်လို့ ထင်သွားနိုင်တယ်။
တန်ယွင်က လက်ကောက်ဝတ်မှ ကျောက်စိမ်းဖြူလက်ကောက်ကို ချွတ်လိုက်ပြီး စိတ်ဝိညာဉ်ချီစွမ်းအင်များကို ပို့လွှတ်လိုက်သည်။ လက်ကောက်က တောက်ပသော အလင်းကွင်းတစ်ခုအဖြစ် ပြောင်းသွားပြီး ချန်ဟွိုက်အန်၊ လီချင်းရန်၊ တန်ပိုင်နှင့် သူ့ကိုပါ လွှမ်းခြုံသွားတော့သည်။
ချန်ဟွိုက်အန်၏ စပ်စုသော မျက်နှာပေးကို မြင်သည့်အခါ သူ ရှင်းပြလိုက်သည်။
“ဒါက တင်းချန်ကျောက်စိမ်းလက်ကောက်လို့ခေါ်တဲ့ ထိပ်တန်း ဝိညာဉ်ကိရိယာ တစ်ခုပါ။ ဒါရဲ့ အဓိကရည်ရွယ်ချက်က နားလည်သဘောပေါက်မှုနဲ့ သင်ယူမှုကို အထောက်အကူပြုဖို့ပါ။ ဒီအလင်းကွင်းထဲမှာဆို အချိန်စီးဆင်းမှုက အပြင်ထက် အဆတစ်ရာ ပိုနှေးပါတယ်။ ပြီးတော့ အထဲမှာ ရှိနေတဲ့သူတွေကို စိတ်တည်ငြိမ်စေပြီး ဉာဏ်အလင်းရရှိဖို့ အခွင့်အလမ်းကိုလည်း တိုးပွားစေပါတယ်။ ကျွန်မရဲ့သမီး အဂ္ဂိရတ်ပညာ စသင်တုန်းကလည်း ဒီရတနာကိုပဲ သုံးပြီးတော့ အဆင့်မြှင့်တင်ပေးခဲ့တာပါ။”
မဆိုးဘူးပဲ...
ချန်ဟွိုက်အန် စိတ်ထဲမှ တအံ့တဩ ဖြစ်သွားရသည်။
ဒါက အရှိန်မြှင့်တင်ထားတဲ့ အွန်လိုင်းအတန်းတစ်ခု တက်နေရသလိုပဲ...
“ဒါကို တိုက်ပွဲတွေမှာ သုံးလို့ရလား။” သူ မေးလိုက်သည်။
“မရပါဘူး…” တန်ယွင်က ခေါင်းခါပြသည်။
“စီနီယာ ဘာတွေးနေလဲဆိုတာ ကျွန်မ သိပါတယ်။ အချိန်ကို နှေးကွေးစေတာက တိုက်ပွဲမှာ အစွမ်းထက်တဲ့ လက်နက်တစ်ခု ဖြစ်နိုင်ပေမဲ့ ပထမအချက်ကတော့ ဒါ လွှမ်းခြုံနိုင်တဲ့ ဧရိယာက အရမ်းသေးငယ်ပါတယ်။ ဒုတိယအချက်က စိတ်ဝိညာဉ် ချီစွမ်းအင် အရမ်းကုန်ပါတယ်။ တတိယအချက်ကတော့ အထဲက နေရာလွတ်က မတည်ငြိမ်ဘူး။ တကယ်လို့ အပြင်ကနေ နှောင့်ယှက်မှုတစ်ခုခု ရှိလာတာနဲ့ အချိန်နှေးကွေးတဲ့ အာနိသင်က ချက်ချင်း ပျက်ပြယ်သွားမှာပါ။”
“ဩော်... သိပြီ။” ချန်ဟွိုက်အန် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်မိသည်။
နှစ်မိနစ်က မလုံလောက်မှာကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အခုတော့ မိနစ်နှစ်ရာ ဖြစ်သွားလေပြီ။ သူ၏ ထူးကဲသော ဉာဏ်ရည်နှင့် မူလတာအိုခန္ဓာနှင့်ဆိုလျှင် ဤအချိန်အတွင်းမှာ အဂ္ဂိရတ်ပညာ သင်ယူရန်မှာ အေးဆေးပင်။
“စီနီယာ၊ ဆေးဖို အသင့်ရှိပြီလား။”
အဖြေအနေဖြင့် ချန်ဟွိုက်အန်က ကျိုးရွှမ်ကျိ၏ အဖိုးတန် ဆေးဖိုကြီးကို ထုတ်လိုက်သည်။ ၎င်းကို မြင်လိုက်ရသည့် ခဏတွင် တန်ယွင်၏ နှုတ်ခမ်းမှာ တွန့်သွားတော့သည်။
သူ မှတ်မိသလောက်ဆိုလျှင်... ၎င်းက ကျိုးရွှမ်ကျိ တန်ဖိုးအထားရဆုံး ဆေးဖိုကြီး ဖြစ်သည်။ သူ့ခမျာ စိတ်ထဲ ဘယ်လောက်တောင် နှမြောတသ ဖြစ်နေကြောင်း သူ စိတ်ကူးကြည့်ရုံနှင့်တင် သိနိုင်သည်။
“ကောင်းပါပြီ။ အသင့်ပြင်ထားတယ်ဆိုတော့ ကျွန်မ လေ့လာခဲ့တဲ့ ပညာရပ်ဖြစ်တဲ့ ထိုက်ဟွာအဂ္ဂိရတ်ကျမ်းအကြောင်းကို စပြီး ရှင်းပြပါ့မယ်။ အဲဒီအထဲမှာ အတွဲပေါင်း (၁၈)တွဲ ရှိပါတယ်။ ပထမ (၈)တွဲမှာ ဆေးဖော်စပ်နည်း ဖော်မြူလာ တစ်သောင်းကျော်နဲ့ ချင်းယွန်ဘုံမှာရှိတဲ့ ရှေးခေတ်ကနေ အခုအထိ သိရှိသမျှ ဝိညာဉ်ဆေးပင်တွေရဲ့ တည်နေရာတွေကို မှတ်တမ်းတင်ထားပါတယ်။ နောက်ဆုံး (၁၀)တွဲကတော့ ဒီကျမ်းရဲ့ အနှစ်သာရဖြစ်တဲ့ ထိုက်ဟွာအဂ္ဂိရတ်ပညာတွေပါ။”
ထိုက်ဟွာအဂ္ဂိရတ်ကျမ်းက အလွန်ကျယ်ပြန့်ပြီး နက်နဲလှသည်။ မိခင်ဖြစ်သူထံတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ သင်ယူခဲ့သော တန်ပိုင်ပင် ထပ်မံနားထောင်သည့်အခါ ခေါင်းမူးသွားရသည်။ အရင်ကဆိုလျှင် တန်ယွင်က သမီးဖြစ်သူအတွက် တစ်ကြောင်းချင်းစီ စိတ်ရှည်လက်ရှည် ရှင်းပြလေ့ရှိသည်။
သို့သော် ယခုတစ်ခါ တပည့်က ဓားသခင်ချန် ဖြစ်နေသဖြင့် တန်ယွင်က ဘာမှ ထပ်မရှင်းပြတော့ဘဲ ကျမ်းတစ်ခုလုံးကို တစ်ထိုင်တည်း ရွတ်ဆိုပြလိုက်သည်။ သူက ပညာကပ်စေးနှဲ၍ မဟုတ်ပေ။
ဒီလူက ဘိုးဘေးအဆင့်ရှိတဲ့ ဟင်းလင်းပြင်ပေါင်စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦး မဟုတ်လား။ သူက ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို တပည့်တစ်ယောက်လို ဆက်ဆံဖို့ မဝံ့ရဲပါ။ အထူးသဖြင့် သူ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်နေသည် မဟုတ်ပါလား။
ဒုတိယမြောက် အခက်တွေ့ရသူမှာ လီချင်းရန် ဖြစ်သည်။ သူ၏ ထူးကဲသော ဉာဏ်ရည်နှင့်ပင် နာရီဝက်လောက်သာ ခံနိုင်ရည်ရှိပြီး ခေါင်းများ နောက်လာသည်။ ကျမ်းထဲမှ ဗဟုသုတများက အလွန်များလွန်းလှသည်။ သူ့အနေဖြင့် ချက်ချင်း နားလည်ရန် ကြိုးစားခြင်းကို ရပ်လိုက်ပြီး အချက်အလက်များကို အရင်ဆုံး မှတ်သားရန်သာ အာရုံစိုက်လိုက်တော့သည်။
ချန်ဟွိုက်အန် တစ်ယောက်တည်းသာ တန်ယွင်၏ ရှေ့တွင် တည်ငြိမ်စွာ ထိုင်နေပြီး မျက်နှာထားမှာ လုံးဝ ပြောင်းလဲခြင်း မရှိပေ။ တန်ယွင်က သူ့ကို မကြာခဏ ခိုးကြည့်မိသည်။ နိုင်ငံခြားဘာသာစကား တစ်ခုခုကို နားထောင်နေရသလိုမျိုး ရှေ့ကို စိုက်ကြည့်နေသည်ကို သူ သတိပြုမိသည်။
၎င်းက သူ မျှော်လင့်ထားသည့်အတိုင်းပင်။ ဓားသိုင်းတွင် ဘယ်လောက် ပါရမီရှိရှိ ဆေးဖော်စပ်သော နေရာတွင် အသုံးမဝင်ပေ။ ထိုက်ဟွာအဂ္ဂိရတ်ကျမ်းက အလွန် ခက်ခဲနက်နဲလှသည်။ သူကိုယ်တိုင်ပင် နားလည်ရန် ငါးနှစ်ခန့် အချိန်ယူခဲ့ရသည်။ ထို့အပြင် ထိုအချိန်အထိ ဆေးဖိုကိုပင် မကိုင်ရဲခဲ့ပေ။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ အနေဖြင့် ချန်ဟွိုက်အန်၏ ဉာဏ်ရည်က ကောင်းမွန်မှာ သေချာသည်။ ဖြစ်နိုင်သည်မှာ နောက်ထပ် (၁၀)နှစ်၊ အနှစ်(၂၀)လောက်ကြာလျှင် သူ ပထမဆုံး ဆေးလုံးတစ်သုတ်ကို စမ်းသပ် ဖော်စပ်ကောင်း ဖော်စပ်နိုင်ပါလိမ့်မည်။ ယခု သူက ယေဘုယျ သဘောတရားများ မှတ်သားနေရုံသာ ရှိနေပေဦးမည်။
နောက်ဆုံးတွင် တန်ယွင်က ထိုက်ဟွာအဂ္ဂိရတ်ကျမ်း တစ်ခုလုံးကို ရွတ်ဆို၍ ပြီးသွားခဲ့သည်။ မည်သည့် အပိုစကားမှ မပါဘဲ လေးနက်ခက်ခဲသော အချက်အလက်များချည်း ဖြစ်သဖြင့် တန်ပိုင်နှင့် လီချင်းရန်တို့မှာ လမ်းပျောက် နေကြပြီ ဖြစ်သည်။ ခေတ်သစ်ကျောင်းသား တစ်ယောက်က ရှေးတရုတ်စာကို ဖတ်နေရသလိုမျိုးပင်။
“ဒါပဲလား။” ချန်ဟွိုက်အန်က မျက်တောင်ခတ်ပြီး နှုတ်ခမ်းကို သပ်လိုက်ရာ အားမရသေးသလိုမျိုးပင်။
“ဒါပါပဲ…” တန်ပိုင်က နှုတ်ခမ်းကို အနည်းငယ် ကိုက်လျက် ပြန်ဖြေလိုက်သည်။
“စီနီယာ... ဘယ်လို ခံစားရလဲဟင်။ မေးစရာရှိလား။”
“မေးစရာလား။ အင်း...”
ချန်ဟွိုက်အန်က မြင်ကွင်းထဲမှာ ပေါ်လာသော စနစ်သတိပေးချက်ကို တစ်ချက် ကြည့်လိုက်သည်။
[ ထိုက်ဟွာ အဂ္ဂိရတ်ကျမ်း - အခြေခံကျွမ်းကျင်မှု ရရှိပါပြီ ]
ဒီကျမ်းက လီယွမ်ထက်တောင် ပိုပြီး ရှုပ်ထွေးနေသေးတယ်။ ဒါတောင်မှ အခြေခံ အဆင့်ကို ရောက်သွားတယ် ဟုတ်လား။
ဟာကီအဆင့်ရှိတဲ့ မူလတာအိုခန္ဓာ... မင်းက တကယ့်ကို ထူးခြားတာပဲ။
“သံသယရှိတာ ရှိရင် မေးပါ စီနီယာ။ ကျွန်မ သိသမျှကို ဘာကိုမှ မချန်ဘဲ ပြောပြပေးပါ့မယ်။”
ချန်ဟွိုက်အန်တွင် မေးစရာ အများအပြား ရှိနေလိမ့်မည်ဟု တန်ယွင်က ယုံကြည်နေသည်။ သူကိုယ်တိုင်ပင် အစတုန်းက မေးခွန်းပေါင်း ၃၀၀၀ကျော်ခန့် စုစည်းခဲ့ရသည် မဟုတ်ပါလား။
“မေးစရာ မရှိပါဘူး။ အကုန်လုံး မှတ်မိသွားပြီ။ ကျေးဇူးပါပဲ။”
“...ရှင်။”
တန်ယွင်၏ ပါးစပ်မှာ အနည်းငယ် ပွင့်သွားသည်။ သူက စက္ကန့် အနည်းငယ်ကြာအောင် မျက်လုံးပြူးကြည့်နေပြီးမှ ရယ်မောလိုက်တော့သည်။
“စီနီယာကတော့ တကယ်ကို နောက်တတ်တာပဲ... ကျွန်မက စီနီယာ့ကို တည်တည်တံ့တံ့ရှိတဲ့ လူစားမျိုးလို့ ထင်နေတာ။”
“ဘာနောက်တာလဲ။ မင်းက ဘယ်သူ့ကို အထင်သေးနေတာလဲ။”
ချန်ဟွိုက်အန်က မျက်မှောင်ကြုတ်လျက် ဆေးဖိုအဖုံးကို ဖွင့်လိုက်သည်။
“ဝိညာဉ်ဆေးပင် အချို့ကို ယူလာခဲ့။ ငါ ထိုက်ဟွာအဂ္ဂိရတ်ကျမ်းကို သုံးပြီး ဘယ်လို လုပ်ရမလဲဆိုတာ မင်းကို ပြမယ်။”
တန်ယွင်က သူ့ကို မယုံသေးပေ။ ချန်ဟွိုက်အန်က ရှုံးနိမ့်မှုကို ဝန်မခံချင်၍ မာနကြီးနေသည် ဟူ၍သာ သူ ထင်မှတ်နေသည်။ သို့သော်လည်း သူက ရိုးရှင်းသော ဆေးပင်အချို့ကို ယူပေးလိုက်သည်။ ၎င်းတို့မှာ ကုသရေးဆေးလုံး ဖော်စပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်ပြီး ထိုက်ဟွာဖြင့် ဖော်စပ်လျှင် အနည်းဆုံး အဆင့်မြင့်ဆေးလုံးများ ရရှိမည်မှာ သေချာသည်။
“သေချာကြည့်ထား...”
ချန်ဟွိုက်အန်က ဆေးပင်များကို ယူပြီး အလုပ်စလိုက်သည်။ တန်ယွင်မှာ ခပ်လှမ်းလှမ်းမှနေ၍ ဒူးကို ပိုက်လျက် ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး အောင့်ထားရသည်။ တန်ပိုင်နှင့် လီချင်းရန်တို့မှာ သူ့ဘေးတွင် ဘယ်ဘယ်ညာညာ ထိုင်နေကြသည်။ တပည့်လေးများလိုပင်။
အစပိုင်းတွင် တန်ယွင်က ဘာမှ မထင်ခဲ့ပေ။ ဆေးပင်များကို ပြင်ဆင်သော အဆင့်က မည်သည့်အဂ္ဂိရတ်ပညာ၌မဆို တူတူပင်။ သို့သော် ဆက်ကြည့်နေရင်း သူ၏ မျက်နှာပေါ်မှ အပြုံး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။ သူ၏ ပေါ့ပါးသော အမူအရာမှာ တင်းမာသွားရ၏။
သူ၏ ကျောပြင်မှာ မတ်သွားသည်။ မျက်လုံးများကလည်း မျက်တောင်မခတ်တမ်း ချန်ဟွိုက်အန်ကို စိုက်ကြည့်၍ နေမိသည်။ ချန်ဟွိုက်အန်က ဆေးဖိုအဖုံးကို ပိတ်လိုက်ပြီး ဆေးဖိုကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ လက်ဖဝါးမှ ရွှေဝါရောင် ဆေးမီးလျှံများကို ဆင့်ခေါ်လိုက်သည့် ခဏတွင်…
တန်ယွင် တကိုယ်လုံး တုန်ရီသွားတော့သည်။ သူ၏ မျက်နှာလည်း သိသိသာသာကို ပြောင်းလဲသွားခဲ့သည်။
…
***