ဆေးဖော်စပ်ခြင်းက အစွမ်းကုန် အာရုံစိုက်ရန် လိုအပ်သည်။
ဝမ်ရှိုယီတစ်ယောက် အာရုံလွင့်ပြီး ချန်ဟွိုက်အန်ဘက်ကို ကြောင်ကြည့်နေမိသော ခဏမှာပင်…
ဆေးဖိုထဲမှ ထွက်လာသော အဖြူရောင်မီးခိုးများ တဖြည်းဖြည်း မည်းနက်လာပြီး တူးနံ့တွေ ထွက်ပေါ်လာပါတော့သည်။
“သွားပြီ...” သူ သတိပြန်ဝင်လာပြီး အခြေအနေကို အမြန်ဆယ်ရန် ကြိုးစားသော်လည်း နောက်ကျသွားလေပြီ။ ဆေးဖိုထဲတွင်တော့ အရာအားလုံးက မည်းတူးနေသော အဖတ်များအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်ျ။
ချန်ဟွိုက်အန်က တမင်တကာ အနားတိုးသွားပြီး ဝမ်ရှိုယီ၏ဆေးဖိုကို ငုံ့ကြည့်ကာ ပြုံးလိုက်သည်။ “ညီလေးဝမ်... မင်းရဲ့ ကုသရေးဆေးလုံးက အနံ့ တကယ် ပြင်းတာပဲ။ ဖော်မြူလာအသစ်များ သုံးထားတာလား။”
ဆေးဖိုထဲတွင် ဆေးလုံးများ ပုံမပေါ်ခဲ့သော်လည်း ထိုထဲမှ မီးခိုးရောင်အရှိန်အဝါ မှိန်မှိန်လေး ထွက်ပေါ်လာသည်ကို ချန်ဟွိုက်အန် ခံစားမိလိုက်သည်။
အတည်ပြုနိုင်သွားပြီ...
တက်လှမ်းခြင်းတိုင်ကို မသုံးရင်တောင် အဲဒီဂိုဏ်းတွေရဲ့ ဆေးဖော်နည်းတွေကို သုံးတာ ဒါမှမဟုတ် တက်လှမ်းသူတွေ ဖော်စပ်တဲ့ ဆေးလုံးတွေကို သုံးစွဲတာဟာ အဲဒီထူးဆန်းတဲ့ မီးခိုးရောင်အရှိန်အဝါရဲ့ ကူးစက်မှုကို ခံရမှာပဲ။ အခုကစပြီး သူ့ရဲ့ လက်အောက်ငယ်သားတွေကို အဲဒီဂိုဏ်းက ဆေးလုံးတွေ လုံးဝ မသုံးခိုင်းတော့ဖို့ ဆုံးဖြတ်လိုက်ပြီ။ မီးခိုးရောင် အရှိန်အဝါက သိပ်မသိသာပေမဲ့ မဖြစ်ခင်က ကာကွယ်တာ အကောင်းဆုံးပဲ။
ချန်ဟွိုက်အန်၏ စနောက်မှုကို ကြားသော် ဝမ်ရှိုယီ၏မျက်နှာ နီမြန်းသွားပြီး ထစ်ထစ်ငေါ့ငေါ့ ပြောရှာသည်။ “စီ-စီနီယာ... ကျွန်တော်... ကျွန်တော် မှားသွားပါတယ်။ နောက်တစ်ကြိမ်လောက် အခွင့်အရေးပေးပါ။ ကျွန်တော် သေချာပေါက်...”
“အေးပါ။” ချန်ဟွိုက်အန်က လက်ယမ်းပြလိုက်သည်။
“ညီလေးဝမ်... မင်းရဲ့ အရည်အချင်းကို အပြည့်အဝ အသိအမှတ်ပြုပါတယ်။ မင်း နောက်ဆုံးတော့ စားလို့ရမယ့် ဆေးလုံးတွေ ဖော်နိုင်မှာကိုလည်း ငါ သိတယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်… ငါ ဖော်စပ်ထားတဲ့ ဆေးလုံးတစ်လုံးကို မြည်းကြည့်ရင် ဘယ်လိုလဲ။”
သူ ခုနက ဖော်စပ်ထားသော ကုသရေးဆေးလုံးတစ်လုံးကို ယူပြီး ဝမ်ရှိုယီရှေ့တွင် ကမ်းပေးလိုက်၏။
ဆေးလုံးမှာ ဘယ်နေရာကြည့်ကြည့် ကြည်လင်တောက်ပနေပြီး အညစ်အကြေး လုံးဝမရှိပေ။ အညိုရောင် ဖန်ဂေါ်လီလုံးလေး တစ်လုံးအတိုင်းပင်။
၎င်၏ရနံ့နှင့်တင် လူကို သွားရည်ယိုစေပြီး ရှူလိုက်သည်နှင့် စိတ်ကို လန်းဆန်း၍ သွားစေသည်။
ဝမ်ရှိုယီ တံတွေး တစ်ချက် မျိုချလိုက်မိ၏။
သူ လုံးဝကို အရှုံးပေးလိုက်လေပြီ...
မြည်းပင် မမြည်းကြည့်ရသေးသော်လည်း စီနီယာဖော်စပ်ထားသော ဆေးလုံးက သူ့ထက် အဆပေါင်းများစွာ သာလွန်နေမှန်း သူ သိနေပသည်။
သူ မသိသည်မှာ ချန်ဟွိုက်အန်က တကယ်တမ်း လျှော့ထားခြင်းပင်။ အကယ်၍ သူသာ ထိုက်ဟွာအဂ္ဂိရတ်ပညာကို အစွမ်းကုန်သုံးပြီး ထိုထိပ်တန်းဝိညာဉ်ဆေးဖိုနှင့် ဖော်စပ်မည်ဆိုပါက တိမ်တိုက်ပုံစံကွက်ပါသော ဆေးလုံးများကို အလွယ်တကူ ဖော်စပ်နိုင်၏။ အစင်းကြောင်း သုံးစင်း၊ ငါးစင်း သို့မဟုတ် ခုနစ်စင်းဆိုလျှင် ထိပ်တန်းအဆင့်ဖြစ်ပြီး ကိုးစင်းဆိုလျှင်တော့ နတ်ဘုရားအဆင့် ဖြစ်သွားပေမည်။
သို့သော်လည်း ထိုအရာက လူအာရုံစိုက်ခံရလွန်းမည်ဖြစ်ရာ ချန်ဟွိုက်အန်က သူ၏ ဝှက်ဖဲအကုန်လုံးကို ထုတ်မပြချင်ပေ။
ဝမ်ရှိုယီက ဆေးလုံးကို ယူပြီး မျိုချလိုက်ကာ မျက်လုံးမှိတ်ပြီး ခံစားကြည့်သည်။ ခဏအကြာ သူ ခါးသီးစွာ ပြုံးလိုက်မိ၏။
“စီနီယာ... ဒီတစ်ချီတော့ စီနီယာ နိုင်ပါတယ်။ စီနီယာ့ရဲ့ အဂ္ဂိရတ်ပညာနဲ့ ယှဉ်ရင် ကျွန်တော့်ဟာက ကလေးကစားစရာလိုပါပဲ။ ကောင်းကင်နဲ့ မြေကြီးလိုမျိုး ကွာခြားလွန်းပါတယ်။”
ဆေးဖော်စပ်ခြင်း၌ ပါရမီ အသင့်အတင့်ရှိသူအနေနှင့် ချန်ဟွိုက်အန်၏ ဆေးလုံးမှာ သူ့ထက် အနည်းဆုံး ၁၀ဆ ပိုထိရောက်မှန်း သူ သိသည်။ အကယ်၍ ကွာခြားချက်က နည်းနည်းလေးဆိုလျှင် သူ ပြိုင်ချင်စိတ် ရှိနေဦးမည် ဖြစ်သည်။ သို့သော် ယခုလို အပြတ်အသတ်ကြီး ဖြစ်နေရာ ပြိုင်ချင်စိတ်များ ပျောက်ဆုံး၍ သွားရသည်။
တစ်ချိန်တည်းမှာပင် သူ့စိတ်ထဲတွင် စပ်စုချင်စိတ်တစ်ခု ပေါ်လာ၏။
ဘယ်ဂိုဏ်းမှာမှ မရှိဘဲနဲ့ ချန်ဟွိုက်အန်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ဆေးဖော်စပ်တာ ကျွမ်းကျင်နေရတာလဲ။ လောကမှာ မွေးကတည်းက အရာရာကို တတ်သိနေတဲ့လူတွေ တကယ်ပဲ ရှိနေတာလား။
“ကဲ... အလောင်းအစားဆိုတာ အလောင်းအစားပဲလေ။” ချန်ဟွိုက်အန်၏မျက်နှာ ရုတ်တရက် တည်ကြည်သွားပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ “အခုကစပြီး ငါ ဖော်စပ်တဲ့ ဆေးလုံးတွေကိုပဲ သုံးစွဲမယ်လို့ မင်း ပြောခဲ့တာဆိုတော့ အဲဒီအတိုင်း တိတိကျကျ လိုက်နာရမယ်။ ငါက ကတိကို အရမ်းတန်ဖိုးထားတာ။ ဒါကြောင့် ညီလေးဝမ်... ကောင်းကင်တာအိုကို တိုင်တည်ပြီး ကျိန်ဆိုလိုက်ရင် ဘယ်လိုလဲ။”
“ဗျာ…” ဝမ်ရှိုယီ ကြောင်အမ်းအမ်း ဖြစ်သွားပြီး ချန်ဟွိုက်အန်ကို ကြည့်နေမိသည်။
နေပါဦး။ တကယ်ကြီးလား။ ဒီလို ကိစ္စအသေးအဖွဲလေးအတွက် ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုခိုင်းတာလား။ နည်းနည်းတော့ မလွန်ဘူးလား။
“ဘာလဲ။ ကတိဖျက်ချင်လို့လား။” ချန်ဟွိုက်အန်၏ အကြည့်များက မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားပြီး လေသံကလည်း စိတ်မရှည်သလို ဖြစ်လာ၏။
“မ…မဟုတ်ပါဘူး...” ဝမ်ရှိုယီက အတင်းပြုံးပြီး ခေါင်းခါပြလိုက်ကာ လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ် သုံးချောင်းကို ထောင်ပြီး ကောင်းကင်တာအိုကို တိုင်တည်လိုက်သည်။ “ကျွန်တော် ဝမ်ရှိုယီ ကောင်းကင်တာအိုကို တိုင်တည် ကျိန်ဆိုပါတယ်။ အခုကစပြီး စီနီယာဖော်စပ်တဲ့ ဆေးလုံးတွေကိုပဲ သုံးပါ့မယ်။ တခြား ဆေးလုံးတွေကို လုံးဝ မထိပါဘူး။ တကယ်လို့ ဒီကတိကို ဖောက်ဖျက်ရင် ကျွန်တော့်ကို မိုးကြိုး ၅ချက် ပစ်ပါစေ...”
ကျင့်ကြံခြင်း မပြုခင် လူများက ကောင်းကင်နှင့် မြေကြီးအား တိုင်တည်ကာ ကျိန်ဆိုရခြင်းကို မကြောက်ကြပေ။
ကျင့်ကြံခြင်းလမ်းစဉ် အပေါ်သို့ ရောက်လာမှသာ ကောင်းကင်တာအို၏ ကြောက်မက်ဖွယ် ခန့်ညားထည်ဝါမှုကို နားလည်လာကြသည်။ သာမန်လူများက ကောင်းကင်ကို မဆန့်ကျင်၍ ကောင်းကင်က မျက်ကွယ်ပြုထားခြင်း ဖြစ်သည်။ သို့သော် ကျင့်ကြံသူများက သဘာဝတရားကို ဆန့်ကျင်နေသူများ ဖြစ်နေရာ ကောင်းကင်တာအိုက သူတို့ကို ခွင့်မလွှတ်ပေ။
ကတိဖျက်ခဲ့လျှင် ကောင်းကင်တာအို၏ အမှတ်အသားပြုခြင်းကို ခံရမည်မှာ သေချာသလောက်ပင်။
ဝမ်ရှိုယီ ကျိန်ဆိုပြီးပြီးချင်းမှာပင် အနည်းငယ် နောင်တရမိသွားသည်။ သူက ချန်ဟွိုက်အန်ထက် သိသိသာသာ ပိုအစွမ်းထက်နေသော်လည်း သူ့ရှေ့ရောက်လျှင် အဘယ်ကြောင့် အမြဲတမ်း အားငယ်နေရမှန်း နားမလည်နိုင်ပေ။
သူ အလိမ်ခံလိုက်ရသည်ဟု မထင်သော်လည်း စိတ်ထဲတွင်တော့ ရှုပ်ထွေးနေ၏။ အကယ်၍ နောင်တွင် နန်းတော်အရှင်မက သူ့ကို ဆေးလုံးများ သုံးခိုင်းလာလျှင် မည်သို့ လုပ်ရမည်နည်း။ ၎င်းကို မည်သို့ ရှင်းပြရမည်နည်း။
ကံကောင်းသည်မှာ သူက ယခု လောကီလောကတွင် လေ့ကျင့်နေခြင်းဖြစ်ပြီး ခွန်းလွန်နန်းတော်ကို မကြာခင် ပြန်မည် မဟုတ်သေးပေ။ ထိုပြဿနာကိုတော့ ခဏ ရှောင်လွှဲထား၍ ရနိုင်သေးသည်။
ချန်ဟွိုက်အန်က သူ ကျိန်ဆိုသည်ကို မြင်သောအခါ မျက်နှာက ချက်ချင်း ဝင်းပသွား၏။ သူက ဝမ်ရှိုယီ၏ပုခုံးကို ဖက်လိုက်ပြီး ညီအစ်ကို လေသံနှင့် ပြန်ပြောလိုက်သည်။
“ညီလေးဝမ်... ဆေးအမျိုးမျိုးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ စုဆောင်းထားလိုက်။ ဂိုဏ်းကြီးတွေက မိစ္ဆာချိပ်ပိတ်မျှော်စင်ကို ပြန်တိုက်ဖို့ ပြင်နေကြတာ မဟုတ်လား။ တကယ်လို့ ငါက လိုအပ်တဲ့ အရင်းအမြစ်တွေကို ကြိုတင်ပြင်ဆင်ထားပေးရင် ငါ့လူတွေရဲ့ အသက်ရှင်နှုန်းက ပိုမြင့်မားလာမှာ မဟုတ်ဘူးလား။”
...
ဝမ်ရှိုယီကို ပြန်လွှတ်လိုက်ပြီးနောက်…
ချန်ဟွိုက်အန်ဟာ အကျဉ်းခန်း(၀)ထဲ ပြန်ဝင်ပြီး ဆက်ကျင့်ကြံလိုက်သည်။
ထိုအချိန် သူ၏ ဒန်တျန်ထဲမှ စိတ်ဝိညာဉ်ချီစွမ်းအင်များ အခြေခံအုတ်မြစ် အလယ်အဆင့် အထွတ်အထိပ်ကို ရောက်နေပြီ ဖြစ်သည်။
နောက်ထပ် တစ်လှမ်းတည်းနှင့် နှောင်းပိုင်းအဆင့်ကို ရောက်ပေတော့မည်။ ယခု ကျင့်ကြံနှုန်းအရ မျှော်စင်ကို သွားမတိုက်ခင်တွင် ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်ရှိရန်မှာ ပြဿနာ မဟုတ်ပေ။
သူက စိတ်ဝိညာဉ်စုစည်း အခင်းအကျင်းကို အမြန်ပြင်ပြီး ဝိညာဉ်ကျောက်တုံးများ သုံးလိုက်သည်။
ကျင့်ကြံရန် ပြင်လိုက်ချိန်မှာပင် ထူးဆန်းသောအရာ တစ်ခုကို သတိထား မိလိုက်သည်။ ပုံမှန်ဆိုလျှင် ထိုအချိန်မျိုးတွင် လာပြီး အချောင်နှိုက်တတ်သော ပါ့ကျီတစ်ယောက် ယနေ့ ဘာအသံမှ မထွက်ပေ။
“ဒီကြောင်ငတုံးလေး ဘာဖြစ်နေတာလဲ။ တကယ်ပဲ ထုံသွားတာလား။”
ချန်ဟွိုက်အန် ပတ်ပတ်လည်ကို ရှာကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ကျင့်ကြံနေချိန် ပေါင်ပေါ်တွင် ကြောင်လေး တစ်ကောင် ခွေနေသည်ကို သူ ကျင့်သားရနေပြီ ဖြစ်သည်။ ယခု ပါ့ကျီ ပေါ်မလာခြင်းက ထူးဆန်းနေ၏။
ကိုးလှည့်စိတ်ဝိညာဉ်သစ်ခွ၏ အရှိန်အဝါကြောင့် ပါ့ကျီရော ရှောင်းချင်းပါ မိစ္ဆာအသွင် ပြောင်းလဲလာသည်မှာ ထင်ရှားသည်။ ရှောင်ချင်း၏ ခြေထောက်များ သိသိသာသာ ပိုရှည်လာပြီး မိန်းကလေးငယ်လေး၏ ခြေထောက်မှ ရင့်ကျက်သော အမျိုးသမီးတစ်ယောက်၏ ခြေထောက်လို ပြောင်းလဲလာ၏။ သူ၏ အကြေးခွံများကလည်း ပိုတောက်ပလာပြီး စိမ်းပြာရောင်မှ ပုလဲရောင်ဘက်ကို ပြောင်းလာသည်။ ပါ့ကျီက အရွယ်အစား မပြောင်းလဲသော်လည်း အမွှေးများက ပိုပြောင်လက်လာပြီး ခရမ်းပုပ်ရောင် အရှိန်အဝါမှိန်မှိန်လေး ထွက်ပေါ်နေ၏။ တစ်ခါတလေ သူ၏မျက်လုံးက ကြည့်လိုက်လျှင် ရှင်းပြမရသည့် ထူးဆန်းသော အရောင်များ တောက်နေတတ်သည်။
ပါ့ကျီက စကားမပြောဖူးသော်လည်း သူ၏ ထူးဆန်းသော အမူအရာများကြောင့် သူက မိစ္ဆာတစ်ကောင် ဖြစ်နေပြီဖြစ်ကြောင်း ချန်ဟွိုက်အန် သိသည်။
ဘယ်ကြောင်က တရားထိုင်တဲ့ ပုံစံနဲ့ Animal Planet ရုပ်သံလိုင်းကို ကြည့်မှာလဲ။ ဘယ်ကြောင်က အာလူးကြော်ထုပ်ကို လက်တစ်ဖက်တည်းနဲ့ ဖောက်မှာလဲ။
သူက ထိုကဲ့သို့ ထူးဆန်းသော အမူအရာများကို သိနေသော်လည်း မျက်ကွယ်ပြု ထားခဲ့လေသည်။
ချန်ဟွိုက်အန် တစ်အိမ်လုံး ရှာသော်လည်း သူ၏ ဝိညာဉ်အာရုံနှင့်ပင် ပါ့ကျီ၏ တည်နေရာကို ရှာမတွေ့ပေ။ နောက်ဆုံးတွင်တော့ ရှောင်ချင်းက ရှည်လျားပြီး လှပသည့် ခြေထောက်များနှင့် လမ်းလျှောက်လာပြီး သူ့ကို ရေချိုးခန်းဆီ ခေါ်သွားသည်။ ထိုနေရာရှိ လိုက်ကာနောက် ထောင့်တစ်နေရာတွင် ပါ့ကျီက အမည်းရောင် မြူခိုးများ ဝန်းရံလျက် ခွေနေသည်ကို တွေ့လိုက်ရလေသည်။ ကြောင်လေးက လှုပ်ရှားမှု မရှိသော်လည်း အင်မတန် နိမိတ်မကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေ၏။
“ဘာဖြစ်တာလဲ။ သူ နေမကောင်းလို့လား။”
ချန်ဟွိုက်အန် ဒူးထောက်ထိုင်ချလိုက်ပြီး ပါ့ကျီကို ချီရန် လက်လှမ်းလိုက်သည်။
သို့သော် သူ့လက်က အမွှေးကို မထိခင်မှာပင် အမည်းရောင်မြူခိုးများ အထဲမှ အရိပ်များနှင့် ဖန်တီးထားသော လက်သည်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကံကောင်း၍ သူ အမြန်ပြန်ဆုတ်လိုက်နိုင်၏။
“မင်းလည်း မိစ္ဆာပဲ။ သူ ဘာတွေ ဖြစ်နေလဲ သိလား။”
ချန်ဟွိုက်အန်က ဘေးနားမှ ငါးဦးနှောက်နှင့် မိန်းကလေးကို လှည့်မေးလိုက်သည်။
ရှောင်ချင်းက ငါးမျက်လုံးနှင့် မျက်တောင်ခတ်ပြီး ခေါင်းခါသည်။ သူ၏ ပါးစပ်က ပွင့်လိုက် ပိတ်လိုက် ဖြစ်နေပြီး ထွက်လာသော အသံမှာ ချစ်စရာကောင်းသော မိန်းကလေးငယ်လေး၏ အသံမျိုးပင်။
“မ…မသိဘူး။ မနေ့ညက ရုတ်တရက်ကြီး ဒီလို ဖြစ်သွားတာပဲ။”
…
***