[ဘုရင်ကြီး... တက်လှမ်းသူတွေကို သတ်ပစ်။ တက်လှမ်းသူတွေကို အမြစ်ပြတ် ချေမှုန်းရပါမယ်...]
[တက်လှမ်းသူတွေရဲ့ နောက်ကွယ်က တည်ရှိမှုကို ဖယ်ရှားပစ်ပါ...]
[ ဘုရင်ကြီး။ ခင်ဗျားက လူသားတစ်ယောက်ရဲ့ အိမ်မွေးတိရစ္ဆာန် ဖြစ်သွားတာလား။ ကျုပ်တို့... စိတ်ပျက်မိပါတယ် ]
[ ဘုရင်ကြီး... မိစ္ဆာချိပ်ပိတ်မျှော်စင်ကို လာခဲ့ပါ။ တကယ့် စစ်မှန်တဲ့ ဘုရင်တစ်ပါး ဖြစ်လာဖို့ ကျုပ်တို့ ကူညီပါ့မယ်...]
...
“မင်းတို့က ဘယ်သူတွေလဲ။ ဘာလို့ ငါ့စိတ်ထဲ ရောက်နေတာလဲ...”
ပါ့ကျီက ပတ်ဝန်းကျင်ရှိ မှောင်မိုက်နေသော ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် တွန့်လိမ်နေသော အမည်းရောင်အရိပ်ပေါင်းများစွာ လှိုင်းထနေ၏။
အချို့မှာ လူမျက်နှာနှင့် မြွေကိုယ်ထည်ရှိပြီး တစ်ကိုယ်လုံး မီးကဲ့သို့ ရဲရဲတောက် ဖြစ်နေသည်။ အချို့မှာ ချိုတစ်ချောင်း၊ အနီရောင်ကြေးခွံများနှင့် အမြီး(၅)ချောင်း ပါသော ကျားသစ်များနှင့် တူသည်။ အမွှေးဖြူနှင့် အနီရောင် ခြေထောက်များ၊ အစွယ်ကြီးများနှင့် ကျားသစ်ကဲ့သို့ အကွက်များပါသော ဧရာမမျောက်ဝံကြီးများပင် ရှိသေးသည်...
သံသယဖြစ်စရာမရှိ။ ၎င်းတို့အားလုံးမှာ မိစ္ဆာများပင်။
ပါ့ကျီက ၎င်းတို့ကို တစ်နည်းနည်းဖြင့် ရင်းနှီးနေသလို ခံစားရသည်။ သူတို့ အားလုံးကို သူ သိနေသကဲ့သို့ပင်။ သို့သော် မှတ်ဉာဏ်ထဲတွင်မူ ထိုသတ္တဝါများနှင့် ပတ်သက်၍ ဘာမှမရှိချေ။ ပါ့ကျီ၏ ဟိန်းဟောက်မေးမြန်းမှုအပေါ် မိစ္ဆာများက နာကျင်နေသော အကြည့်အလွတ်များဖြင့်သာ တုံ့ပြန်ကြသည်။
“တစ်ခုခု ပြောစမ်းပါ။ လခွမ်းတဲ့မှ...”
ပါ့ကျီက အံကြိတ်လျက် မိစ္ဆာများရှိရာသို့ ပြေးဝင်သွားသည်။ မူလက သူသည် မိစ္ဆာစွမ်းအားများ ပိုမိုအားကောင်းလာသည်နှင့်အမျှ အဆင့်မြင့်တက်ခြင်းကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။ အိပ်စက်နေရင်း အပြောင်းအလဲကို စောင့်ကြိုရုံသာ ဖြစ်သော်လည်း ထိုမျှ ထူးဆန်းသောအရာနှင့် ကြုံရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
သို့သော် သူ မည်မျှပင် မြန်မြန်ပြေးပါစေ ၎င်းတို့ထံသို့ မရောက်နိုင်ပေ။ သူ မကျော်ဖြတ်နိုင်သော အကွာအဝေးတစ်ခု အမြဲတမ်း ရှိနေ၏။
[ မျှော်စင်ကို လာခဲ့ပါ ဘုရင်ကြီး...]
[ မျှော်စင်ကို သေချာပေါက် လာပါရမယ်… ]
မြူခိုးမည်းများ တဖြည်းဖြည်း မှေးမှိန်သွားသည်။ မိစ္ဆာများ၏ ငိုကြွေးသံနှင့် သံကြိုးဆွဲသံများ အနောက်တွင် အရာအားလုံးက တိတ်ဆိတ်ခြင်းသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
မိမိခန္ဓာကိုယ်ကို ပြန်လည်၍ ထိန်းချုပ်နိုင်ပြီဟု ပါ့ကျီ ခံစားလိုက်ရသည်။ သူ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ရာ သူ့ကို စပ်စုသော မျက်လုံးတစ်စုံက စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“မဆိုးဘူးပဲ ပါ့ကျီ။ မျက်စိတစ်မှိတ်အတွင်းမှာ ဒီလောက်ကြီးသွားတာလား။”
လက်တစ်ဖက်က သူ့ခေါင်းကို လာပွတ်လာသည်။ ထိုအနံ့က ရင်းနှီးနေ၏။ ပါ့ကျီက အလိုအလျောက်ပင် ထိုလက်ထဲ တိုးဝင်လိုက်မိသည်။ ၎င်းမှာ သူ အိမ်မွေးတိရစ္ဆာန် အဖြစ် နှိမ့်ချနေထိုင်ခဲ့စဉ်ကတည်းက စွဲမြဲနေသော ဗီဇတုံ့ပြန်မှုပင်။
ယခင်ကဆိုလျှင် ထိုလက်က သူ့ခေါင်းတစ်ခုလုံးကို အုပ်ထားနိုင်သော်လည်း ယနေ့မူ... တစ်ခုခု မှားနေသလို ခံစား၏။ လက်က သေးသွားခြင်း မဟုတ်ဘဲ သူကိုယ်တိုင် ကြီးထွားလာခြင်းဖြစ်ကြောင်း ပါ့ကျီ သတိပြုမိသွားသည်။
သူ မတ်တပ်ရပ်လိုက်ပြီး အမွှေးများကို ခါယမ်းလိုက်ကာ အပေါ်စီးမှနေ၍ ချန်ဟွိုက်အန်ကို ငုံ့ကြည့်လိုက်သည်။
ချန်ဟွိုက်အန်က ဆင်တစ်ကောင်ထက် နှစ်ဆခန့်ကြီးမားပြီး ခြင်္သေ့နှင့်တူသော အမည်းရောင်သတ္တဝါကြီးကို မော့ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ တွန့်သွားပြီး ပါ့ကျီ၏ ခြေထောက်ကို ကန်လိုက်သည်။ “ဘာလို့ ဒီလောက် အရပ်ရှည်နေတာလဲ။ ရှေ့မှာ ဝပ်စမ်း...”
ပါ့ကျီ တွေးလိုက်မိသည်။ ငါ အဆင့်မြင့်သွားပြီ။ ငါက အခု အတော်လေးကိုု အကောင်ကြီးနေပြီ။ စွမ်းအားတွေရော မိစ္ဆာစွမ်းအင်တွေရော အဆပေါင်းများစွာ တိုးလာပြီ။ ငါ ဘာလို့ အရင်လို ခေါင်းငုံ့နေရဦးမှာလဲ။
သူက အားပါလှသော ဟိန်းဟောက်သံကြီးကို လွှတ်ထုတ်ပြီး ဤလူသားကို သူက အနိုင်ကျင့်ခံမဟုတ်တော့ကြောင်း ပြသရန် ပြင်လိုက်စဉ်မှာပင်…
ချန်ဟွိုက်အန်က ကြောင်ချော့တံကို ထုတ်လိုက်သည်။
တိန်... တိန်...
အမွှေးအမျှင်လေးတွေ လေထဲမှာ လွင့်နေပြီး ခေါင်းလောင်းသံလေး ထွက်လာ၏။ ပါ့ကျီ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ မူလဗီဇ စေ့ဆော်မှုကြောင့် သူက အလိုလိုပင် ဝပ်ချလိုက်ပြီး ထိုအမွှေးတံကို လက်သည်းဖြင့် ကုတ်မိသွားသည်။
၎င်းကို မြင်သည့်အခါ ချန်ဟွိုက်အန်က ကြောင်မုန့်ချောင်း တစ်ချောင်းကို ဖောက်လိုက်ပြန်သည်။ ပါ့ကျီက စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားသည်။ သူ၏ နီမြန်းသော မျက်လုံးများမှာ တဖြည်းဖြည်း ကြည်လင်လာပြီး ရွှေရောင် ဖန်ဂေါ်လီ မျက်လုံးလေးတွေအဖြစ် ပြောင်းလဲသွားကာ လျှာကြီးထုတ်ပြီး ကြောင်မုန့်ကို လျက်လိုက်တော့သည်။
“ဘယ်လောက်ပဲ ကြီးကြီး ကြောင်က ကြောင်ပါပဲ။ ငါ မင်းကို မထိန်းနိုင်ဘူး ထင်နေတာလား။”
ချန်ဟွိုက်အန်က နှာခေါင်းရှုံ့လိုက်သော်လည်း စိတ်ထဲတွင်တော့ သူလည်း အံ့သြနေမိသည်။ ပါ့ကျီ၏ ပုံစံမှာ ကြောင်နှင့် မတူတော့ဘဲ ကြောက်မက်ဖွယ် သားရဲကြီးနှင့် တူနေပြီ ဖြစ်သည်။ ခြင်္သေ့နှင့် တူသော်လည်း ဦးခေါင်း၏ ဘေးတစ်ဖက် တစ်ချက်တွင် သိုးချိုကဲ့သို့ တွန့်လိမ်နေသော ဦးချိုများ ပါရှိ၏။ ဦးခေါင်းမှာလည်း ရှည်မြောမြောနှင့် နဂါးဦးခေါင်းနှင့်ပင် ခပ်ဆင်ဆင် တူနေသည်။
အင်တာနက်ပေါ် တင်လိုက်လျှင် ထူးဆန်းသော သတ္တဝါများကို လေ့လာသူများ ခေါင်းစားကုန်ကြမည်မှာ သေချာသည်။ အရေးကြီးဆုံးမှာ စွမ်းအားပင်။ ပါ့ကျီက ယခုအခါ မိစ္ဆာအနှစ်သာရအဆင့်သို့ ရောက်နေပြီဖြစ်ကာ မိမိထက်ပင် ပိုမို၍ အစွမ်းထက်နိုင်ကြောင်း ချန်ဟွိုက်အန် ခန့်မှန်းမိသည်။
ဒါပေမဲ့ ဘာဖြစ်လဲ။
ချန်ဟွိုက်အန်က ကြောင်ချော့တံနောက်သို့ ကလေးလေးလို လိုက်ဆော့နေသော ပါ့ကျီကို ကြည့်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူက ပါ့ကျီကို ဟိုးအရင် ကတည်းက ယဉ်ပါးအောင် လုပ်ထားပြီးသား ဖြစ်သည်။ နောင်ကျ မိစ္ဆာဘုရင် ဖြစ်သွားပါစေဦး... ကြောင်ချော့တံ ထုတ်လိုက်သည်နှင့် ပါ့ကျီက အမြီးနန့် နေရဦးမည်ဖြစ်သည်။
သို့သော်လည်း ပါ့ကျီက အခု မိစ္ဆာအဆင့် သတ္တဝါကြီး ဖြစ်နေပြီဖြစ်ရာ အကျဉ်းခန်း(၀)၏ ကာကွယ်ရေးစနစ်က သူ့ကို ထိန်းနိုင်မည် မဟုတ်တော့ချေ။ အခင်းအကျင်းများကို အားဖြည့်ရန် လိုအပ်လာသည်။
ချန်ဟွိုက်အန် အစီအစဉ်တစ်ခု ရသွား၏။ ကြောင်ချော့တံကို မျက်နှာကျက်တွင် အလိုအလျောက် ဆော့ကစားသည့်စနစ်ဖြင့် ချိတ်ဆွဲထားခဲ့ပြီး သူက အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
ယခုတစ်ခါ သူ ဆင့်ခေါ်မည့်သူမှာ အကြီးအကဲလျူပင်။
ချင်းယွန်ဘုံ…
လျူယွမ်ချင်းက ဝိညာဉ်ဆေးပင်စိုက်ခင်းကို ပြုစုနေသည်။ ယနေ့ခေတ်တွင် ဓားကျောင်းတော်ရှိ ဘဝမှာ ပိုမိုကောင်းမွန်လာပြီး သူ၏ စိုက်ခင်းလေးကိုပင် စိတ်ဝိညာဉ်အရည်များဖြင့် ရေလောင်းနိုင်နေပြီ ဖြစ်သည်။
သူက ဝိညာဉ်မျိုးစေ့အချို့ကို ချလိုက်ပြီးနောက် နေမင်းကြီးကို ကြည့်ကာ အလွန် အေးချမ်းနေမိသည်။ သို့သော်လည်း နောက်တစ်စက္ကန့်တွင် ဟင်းလင်းပြင် အက်ကြောင်းတစ်ခု သူ့ရှေ့တွင် ပွင့်လာပြီး သူ့ကို ဆွဲစုပ်သွားတော့သည်။
ဧည့်ခန်းထဲတွင်…
ပါ့ကျီက ပျက်စီးသွားသော ကြောင်ချော့တံကို ကြည့်ပြီး အတွေးနက်နေမိသည်။
[ ငါက တောက်တီးပဲ။ ကြောင်လိုမျိုး နိမ့်ကျတဲ့ မျိုးစိတ် မဟုတ်ဘူး...]
[ ကြောင်မုန့်တွေကို မစွဲလမ်းသင့်ဘူး။ ကြောင်ချော့တံ မြှူဆွယ်မှုကို မခံသင့်ဘူး…]
[ ငါ့လို ရှေးဟောင်း သားရဲကြီးက လူသားတစ်ယောက်ရဲ့ လှည့်စားမှုကို ဘယ်လိုလုပ် ခံနေရတာလဲ… ]
ကြောင်ချော့တံ ပျက်သွားပြီ။ ကြောင်မုန့်ကလည်း ကုန်သွားလေပြီ။ ပါ့ကျီ တည်ငြိမ်သွားပြန်သည်။ သူက မတ်တပ်ရပ်လိုက်ပြီး ချန်ဟွိုက်အန်၏ အခန်းတံခါးဆီသို့ ခန့်ညားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သက ချန်ဟွိုက်အန်နှင့် တိုက်ခိုက်ရန် မရည်ရွယ်ပေ။ ပထမအချက်မှာ ချန်ဟွိုက်အန်က သူ့ကို အကြာကြီး ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ဒုတိယ အချက်မှာ ချန်ဟွိုက်အန်၏ သရုပ်မှန်နှင့် စွမ်းအားမှာ လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေ၍ပင်။
သို့သော် ယခု သူ့မှာ စွမ်းအားရှိနေပြီဖြစ်ရာ အနည်းဆုံးတော့ အလေးထားမှုကို သူ တောင်းဆိုသင့်သည်။ ကြောင်ငတုံးလေးတစ်ကောင်လို ဆက်ဆံခံနေရသည်ကို သူ လက်မခံနိုင်တော့ပေ။ သူ ထကြွရမည်။ ရဲရဲဝံ့ဝံ့ ရပ်တည်ရမည်။ သူက ဆရာကြီးနှင့် သွားပြီး ညှိနှိုင်းရပေမည်...
အခန်းတံခါးက ပွင့်နေ၏။ ပါ့ကျီက အသက်ကို ပြင်းပြင်းရှူပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ အထဲတွင် သူ မြင်လိုက်ရသည်မှာ လူတစ်ယောက်တည်း မဟုတ်ဘဲ နှစ်ယောက် ဖြစ်နေ၏။
ဆရာကြီးအပြင် နောက်ထပ် ကြောက်မက်ဖွယ် အရှိန်အဝါရှိသော လူတစ်ယောက် ရှိနေသည်။
ထိုသူမှာ တောင်ဝှေးကို အားပြုထားပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်နေသော ဆံပင်ဖြူနှင့် အဘိုးကြီးတစ်ဦးပင်။
…
***