“ဘိုးဘေးကြီး... ဒါ ဘိုးဘေးပြောတဲ့ မလိမ္မာတဲ့ သားရဲဆိုတာလား။”
အကြီးအကဲလျူက ပါ့ကျီကို အသားတုံးတစ်ခု စစ်ဆေးနေသလို အထက်အောက် ကြည့်လိုက်ပြီးနောက် ချန်ဟွိုက်အန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ဘိုးဘေးကြီးက သဘောကောင်းလွန်းပါတယ်။ ကျွန်တော့်အမြင် ပြောရရင်တော့ စကားနားမထောင်တဲ့ ဒီလိုသားရဲမျိုးကို သတ်စားလိုက်တာက ပိုကောင်းပါတယ်။ ဘေးနားမှာ ထားထားလို့ ဘာအကျိုးရှိမှာလဲ။”
ပါ့ကျီ တစ်ယောက် လျူယွမ်ချင်း၏ ကျင့်ကြံမှုအဆင့်ကို အာရုံခံမိလိုက်သည့် ခဏမှာတင် နေရာမှာတင် တောင့်ခဲသွားတော့သည်။
လျူယွမ်ချင်းက ချန်ဟွိုက်အန်ကို “ဘိုးဘေးကြီး”ဟူ၍ ခေါ်လိုက်သည်ကို ကြားလိုက်ရချိန်မှာပင် သူ စိတ်ဓာတ်များ ပြိုလဲလုနီးပါး ဖြစ်သွားရ၏။ ယခုတော့ ထိုအဘိုးကြီးက သူ့ကို အရှင်လတ်လတ် အရေခွံဆုတ်ရန် ပြောနေပြန်သည်။ သူ ၎င်းကို မည်သို့ ရင်ဆိုင်ရမည်နည်း...
မှန်ပေသည်။ ချန်ဟွိုက်အန်က ထိုမျှအထိ ရက်စက်ရန် အစီအစဉ်မရှိပေ။ သူက ပြုံးပြီး လက်ယမ်းပြလိုက်သည်။ “သူ့ကို ကျွေးထားတာ ကြာပြီဆိုတော့ သံယောဇဉ် ရှိနေလို့ပါ။ အကြီးအကဲလျူက အခင်းအကျင်းမှာ ကျွမ်းကျင်တယ် ကြားမိလို့။ သူ့ကို ထိန်းထားနိုင်မယ့် အခင်းအကျင်း တစ်ခုလောက် လုပ်ပေးဖို့အတွက် ဒီနေ့ ဆင့်ခေါ်လိုက်တာပါ။ တစ်မိနစ်အတွင်း အပြီးလုပ်ပေးလို့ ရမလား။”
“အဲဒါက ဘာခက်တာ မှတ်လို့လဲ။” အကြီးအကဲလျူက ယုံကြည်မှုအပြည့်ဖြင့် ရင်ဘတ်ကို ပုတ်ပြလိုက်သည်။ “ကြည့်နေပါ... တကယ်လို့ နတ်အသွင်ပြောင်း မိစ္ဆာကို ဖမ်းဖို့ဆိုရင်တော့ ဒီအဘိုးကြီး အချိန်ယူရဦးမယ်။ ဒါပေမဲ့ အခြေတည် ဝိညာဉ်အဆင့် သားရဲကတော့ အေးဆေးပါ။ စီနီယာ့မှာ ဝိညာဉ်ကျောက်တုံး ပါလား။ ရုတ်တရက်ကြီး ဆင့်ခေါ်ခံရတာဆိုတော့ ဘာမှ ယူမလာမိလို့။”
ချန်ဟွိုက်အန်က ဝိညာဉ်ပုံဆောင်ခဲ တစ်ခုကို ချက်ချင်း ထုတ်ပေးလိုက်သည်။ “ဒါနဲ့ ရမလား။”
“ရတာမှ ပိုတောင်ပိုနေသေး...” အကြီးအကဲလျူက ပုံဆောင်ခဲကို တရိုတသေ လက်ခံလိုက်ပြီး စိတ်ထဲမှ အံ့သြနေမိသည်။
ဘိုးဘေးကြီးက တကယ့်ကို အထင်ကြီးစရာပဲ။ တခြားကမ္ဘာမှာ စွမ်းအားတွေ ဖိနှိပ်ခံထားရတာတောင် ဝိညာဉ်ပုံဆောင်ခဲလို ရှားပါးရတနာတွေ ဆောင်ထား နိုင်သေးတယ်။ ငါတို့အားလုံးအတွက် စံပြပုဂ္ဂိုလ်ပဲ...
သူက ပုံဆောင်ခဲကို ကိုင်ကာ အခင်းအကျင်းကို အမြန်ဆုံး စတင်တော့သည်။ သူ၏ လှုပ်ရှားမှုမှာ မြန်လွန်းလှသဖြင့် အကျဉ်းခန်း အတွင်း၌ အရိပ်များသာ မြင်ရတော့သည်။ သူ ရောက်သွားသည့် နေရာတိုင်း နံရံများပေါ်၌ အပြာနုရောင် အခင်းအကျင်း သင်္ကေတများ လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
(၁၀)မိနစ်ပင် မပြည့်ခင်မှာပင် လျူယွမ်ချင်းက အသုံးမပြုရသေးသော ဝိညာဉ်ပုံဆောင်ခဲ တစ်ဝက်ကို ကိုင်လျက် ချန်ဟွိုက်အန်ထံ ပြန်ရောက်လာသည်။
“ဘိုးဘေးကြီး... အားလုံး ပြီးပါပြီ။ ဒီဝိညာဉ်ပုံဆောင်ခဲကတော့...”
“ဒါ မင်းအတွက်ပဲ... သိမ်းထားလိုက်။”
“ဗျာ။ ကျွန်တော်... ကျွန်တော် မယူဝံ့ပါဘူး...” ပါးစပ်က ပြောနေသော်လည်း လက်ကမူ တုံ့ဆိုင်းခြင်းမရှိဘဲ အိတ်ထဲ ထည့်ပြီးသား ဖြစ်နေသည်။
“အားမနာပါနဲ့။ ဒါနဲ့... အခင်းအကျင်းက ဘယ်လောက်အထိ ထိရောက်လဲ။” အချိန်စေ့တော့မည်ဖြစ်၍ ချန်ဟွိုက်အန်က အမြန်မေးလိုက်သည်။
“အတော်လေးကို ခိုင်ခံ့ပါတယ်... စီနီယာ ပေးထားတဲ့ ဝိညာဉ်ပုံဆောင်ခဲကြောင့် ဘာမှမချန်ဘဲ အစွမ်းကုန် လုပ်ထားပေးပါတယ်။ မိစ္ဆာအနှစ်သာရအဆင့် မပြောနဲ့။ အခြေတည်ဝိညာဉ်အဆင့် သားရဲတွေတောင် ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး... သူ့ရဲ့ အမွှေးတစ်ပင်ကိုတောင် အခင်းအကျင်းရဲ့ အနှစ်သာရအဖြစ် သုံးထားတာ။ ဒါက သူ့အပေါ်မှာပဲ သီးသန့် သတ်မှတ်ထားတာမို့လို့ စီနီယာ့ရဲ့ ခွင့်ပြုချက် မပါဘဲနဲ့ သူ ဘယ်မှ သွားလို့ရမှာ မဟုတ်ပါဘူး...”
သူ စကားပြောပြီးသည်နှင့် သူတို့နှစ်ဦးကြာ ဟင်းလင်းပြင် အက်ကြောင်းတစ်ခု ပွင့်လာသည်။ လျူယွမ်ချင်းက ပြန်ရမည့်အချိန် ရောက်ပြီမှန်း သိလိုက်သည်။ သူက နှမြောတသဖြစ်စွာဖြင့် အက်ကြောင်း၏ အနားသတ်များကို ဆွဲကိုင်ထားရင်း အော်ပြောလိုက်သည်။ “ဘိုးဘေးကြီး... နောက်တစ်ခါ ဒီလိုအလုပ်မျိုး ရှိရင် ကျွန်တော့်ကို သတိရပေးပါဦး...”
ဂျိန်း...
ဟင်းလင်းပြင်အက်ကြောင်း ပိတ်သွား၏။ လျူယွမ်ချင်းသည် ဝိညာဉ်ဆေးပင် စိုက်ခင်းဘေးတွင် ပြန်လည်ပေါ်လာပြီး လက်ထဲက ဝိညာဉ်ပုံဆောင်ခဲတစ်ဝက်ကို ကြည့်ကာ သီချင်းလေးတညည်းညည်းဖြင့် ပျော်နေတော့သည်။
တစ်ချိန်တည်းမှာပင် အကျဉ်းခန်း(၀) အတွင်းရှိ အခန်းလေးရှေ့၌…
ချန်ဟွိုက်အန်၏ စနောက်လိုသော အကြည့်များက ပါ့ကျီပေါ် ကျလာသည့်အခါ ဧရာမသားရဲကြီးမှာ ဒူးညွှတ်သွားပြီး ဝပ်ချလိုက်တော့သည်။ သူ၏ ဦးခေါင်းပေါ်တွင် အမွှေးတစ်ကွက်မှ မရှိတော့ချေ။ အဘိုးကြီး နှုတ်ယူသွားစဉ်က ပါ့ကျီတစ်ယောက် မည်သည်မှ မတုံ့ပြန်နိုင်ခဲ့ပေ။
တောက်...
ပါ့ကျီက အေးစက်နေသော ကြမ်းပြင်ကို စိုက်ကြည့်ရင်း စိတ်ပျက်ဝမ်းနည်း နေမိသည်။
မိစ္ဆာအနှစ်သာရအဆင့် ရောက်တာတောင်မှ သခင်ရဲ့ သရုပ်မှန်ကို အရိပ်အမြွက် ကလေးတောင် မမြင်နိုင်သေးဘူးလား။ ငါ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခဲ့ပြီ။
“ရှောင်ချင်းက အခြေခံအုတ်မြစ်အဆင့်မှာတင် စကားပြောတတ်နေပြီ။ မင်းက မိစ္ဆာအနှစ်သာရအဆင့် ရောက်နေပြီ။ စကားပြောတတ်လား၊ မပြောတတ်ဘူးလား။ ဟမ်။ ငါ့မျက်လုံးကို ကြည့်ပြီး ဖြေစမ်း...”
ချန်ဟွိုက်အန်က ပါ့ကျီ၏ ခေါင်းပေါ်က အမွှေးအချို့ကို ဆွဲလိုက်သည်။ မူလက သူ အကြီးအကဲလျူနှင့် ပါ့ကျီကို ခြောက်လှန့်ရန် မရည်ရွယ်ခဲ့သော်လည်း ယခုတော့ ထိုခြောက်လှန့်မှုက ကောင်းမွန်သော ဖိအားတစ်ခု ဖြစ်သွားပုံရသည်။
ပါ့ကျီ တွန့်ဆုတ်နေမိသည်။ စကားပြောတတ်ကို ထုတ်ပြောသင့်လား။
ချန်ဟွိုက်အန်က “ပြောစမ်း...” ဟု ဟောက်လိုက်ရာ ပါ့ကျီ တစ်ကိုယ်လုံး တုန်သွားတော့သည်။ “ပြော…ပြောတတ်ပါတယ်... ဆရာကြီး။ ကျွန်တော် မှားသွားပါတယ်၊ ကျွန်တော် စကားပြောတတ်ပါတယ်...”
ချန်ဟွိုက်အန်က ပါ့ကျီ၏ အမွှေးများကို လွှတ်ပေးလိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်ပြသည်။ “နောက်ဆို မေးတာကို ဖြေ။ အဟန်ဆောင်မနေနဲ့...”
“ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် နားလည်ပါပြီ...”
“ကောင်းပြီ။ ဒါဆို သွားဆော့တော့။ ငါ ကျင့်ကြံတော့မယ်။”
ချန်ဟွိုက်အန်က ဝိညာဉ်စုစည်း အခင်းအကျင်းအတွင်း ထိုင်လိုက်ပြီး ပါ့ကျီ၏ ရှေ့မှာတင် ကျင့်ကြံမှုကို စတင်တော့သည်။ သူက ရွှေရောင်အနှစ်သာရအဆင့်သို့ အမြန်ဆုံး ရောက်ရှိရန် လိုအပ်နေသည် မဟုတ်ပါလား။
...
ပါ့ကျီက စိတ်ဝိညာဉ်ချီစွမ်းအင်များ ဝန်းရံနေသော ချန်ဟွိုက်အန်ကို ကြောင်ကြည့် နေမိသည်။ ဝိညာဉ်ပုံဆောင်ခဲ (၁၀)ခု၏ စွမ်းအင်များကို အခင်းအကျင်းက စုပ်ယူကာ ပေါများလှသော ဝိညာဉ်အရည်များအဖြစ် ပြောင်းလဲပေးနေသည်။ သာမန်ကျင့်ကြံသူများအဖို့ ထိုစွမ်းအင်ပမာဏကို စုပ်ယူရန် (၃)ရက်မှ (၅)ရက်အထိ ကြာနိုင်သော်လည်း ဆရာကြီးအတွက်မူ နာရီဝက်သာ ကြာပေလိမ့်မည်။
“ဒီအတိုင်းဆိုရင် ဆရာကြီးက မကြာခင်မှာပဲ ရွှေရောင်အနှစ်သာရအဆင့်ကို ရောက်တော့မှာပဲ။ အဲဒီအခါကျရင် ငါ့ရဲ့ ကျင့်ကြံမှုက သူ့မျက်စိထဲမှာ ဘာမှ မဟုတ်တော့ဘူး...”
သူ အဆင့်မြင့်တက်စဉ်က တွေ့ခဲ့ရသော အမှောင်ထုနှင့် မိစ္ဆာများ၏ မျှော်လင့်ချက် မဲ့နေသော အကြည့်များကို ပြန်သတိရကာ ရင်ထဲ ရုတ်တရက် နာကျင်လာသည်။ တစ်ခုခုကို သူ မေ့နေသလို ခံစားနေရသော်လည်း မည်သို့မျှ ပြန်စဉ်းစား၍ မရချေ။
မျှော်စင်ထဲသို့ ဝင်မှသာ ပျောက်ဆုံးနေသည်များကို ရှာတွေ့နိုင်မည်ဟု သူ ထင်မြင်မိသည်။
ဒါပေမဲ့ ဆရာကြီးက အခု အခင်းအကျင်း လုပ်ထားလိုက်ပြီဆိုတော့ ငါ ဘယ်လိုမှ ထွက်ပြေးလို့ မရတော့ဘူး။ ဆရာကြီးက ငါ့ကို အဲဒီ ခေါ်သွားပါ့မလား။
ပါ့ကျီက ချန်ဟွိုက်အန်၏ ဘေးနားတွင် ဝပ်လျက် အတွေးနက်နေတော့သည်။ ချန်ဟွိုက်အန် သူ့ကို မျှော်စင်ဆီ ခေါ်သွားအောင် သူ တစ်ခုခု ကြံစည်ရပေမည်။
တစ်ချိန်တည်းမှာပင် ချင်းယွန်ဘုံ…
လီချင်းရန်က အတွင်းခံဘောင်းဘီပေါ်မှ လိပ်ပုံလေးကို နောက်ဆုံးတွင် ပန်းထိုး၍ ပြီးစီးသွားခဲ့သည်။ ကြာရွက်ပေါ်တွင် ထိုင်နေသော လိပ်လေး၏ ဦးခေါင်းပေါ်၌ မက်မွန်ပွင့်လေး တစ်ပွင့် ပါရှိသည်။ သို့သော်လည်း ထိုလိပ်ပုံမှာ အနည်းငယ် စိတ်ကူးယဉ်ဆန်လွန်းနေသည်။
“ဒါကို ဆရာ့ဆီ ဘယ်လိုရှင်းပြရမလဲ။ ငါ လိပ်တွေကို ကြိုက်လို့လို့ ပြောရမှာလား။”
လီချင်းရန်က မေးစေ့ကို လက်ဖြင့်ထောက်ကာ ပြတင်းပေါက်အပြင်ဘက်ရှိ ကန်ရေပြင်ကို ကြည့်နေမိသည်။ သို့သော်လည်း သူ၏စိတ်က ဖန်ကျင်းတွင် အကျဉ်းကျနေသော ယွန်စုရှင်းထံ ရောက်နေသည်။
“အစ်မစုရှင်း ဘယ်လိုနေမလဲ မသိဘူး...”
သူ၏ ဘေးကင်းမှုမှာ ဆရာဖြစ်သူနှင့် ယွန်ပိုင်ယွီတို့၏ ဆက်ဆံရေးသာမက ဓားကျောင်းတော်နှင့် လင်းရှီးတောင်ကြားတို့၏ ဆက်ဆံရေး အပေါ်တွင်ပါ သက်ရောက်မှု ရှိနေသည်။ အကယ်၍ ယွန်စုရှင်းသာ လူသားဆေးလုံးအဖြစ် ဖော်စပ်ခံလိုက်ရလျှင် ယွန်ပိုင်ယွီ စိတ်ဓာတ်ပြိုလဲသွားပြီး ကလဲ့စားချေရန်အတွက် ဘာမဆို လုပ်သွားနိုင်သည်။
ယခုအခါ ယောင်ချီနှင့် ဖန်ကျင်း မြင့်မြတ်နယ်ေမြ နှစ်ခုလုံး တိတ်ဆိတ်နေခြင်းမှာ တစ်ခုခုကို ကြံစည်နေသကဲ့သို့ပင်။ လီချင်းရန်၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားနေရသည်။ သူ၏ အလိုလိုသိစိတ်မှာ အမြဲတမ်း မှန်ကန်လေ့ရှိသည် မဟုတ်ပါလား။
ယောင်ချီမြင့်မတ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာ။
ပြင်ပလောကနှင့် လုံးဝအဆက်ပြတ်နေသော သွေးရောင်လွှမ်းသည့် ဟင်းလင်းပြင် တစ်ခုအတွင်း၌…
သူတော်စင် ယွိယောင်က တရားထိုင်နေပြီး ပတ်လည်တွင် လူခေါင်းအရွယ်အစား ရှိသော သွေးလုံး(၇)လုံးက လှည့်ပတ်နေသည်။ ကျင့်စဉ် တစ်ပတ်လှည့်လိုက်တိုင်း ထိုသွေးလုံးများမှာ မှိန်ဖျော့သွားပြီး စွမ်းအင်များကို ခန္ဓာကိုယ်ထဲ စီးဝင်စေသည်။
အချိန်အတော်ကြာပြီးနောက် သူက မျက်လုံးကို ဖွင့်လိုက်သည်။ သွေးလုံးများ၏ အလင်းရောင် မှိန်သွားသည်ကို ကြည့်ကာ သူ၏ အကြည့်တွင် ဝမ်းနည်းမှု အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားသော်လည်း ထိုဝမ်းနည်းမှုမှာ အေးစက်သော အမူအရာဖြင့် ချက်ချင်း အစားထိုးခံလိုက်ရသည်။
“အကြီးအကဲတို့... ဒီသခင်မက မင်းတို့အတွက် ကလဲ့စားချေပေးပါ့မယ်။”
ယွိယောင် မတ်တပ်ရပ်လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ ကမ္ဘာငယ်လေးမှာ နောက်ကျောဘက်တွင် တစ်ဝက်တစ်ပျက်သာ မြင်တွေ့ရတော့သည်။ အများစုမှာ သူ၏ ဒန်တျန်အတွင်းသို့ ဝင်ရောက်သွားကာ သူ့ခန္ဓာကိုယ်၏ စွမ်းအားအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူများက ကမ္ဘာငယ်လေးကို တည်ဆောက်ကြသည်။
မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူများသည် ၎င်းကို ပြန်လည်ဖော်စပ်ပြီး မိမိကိုယ်တွင်းသို့ သွင်းယူကြသည်။
ကမ္ဘာငယ်လေးတစ်ခုလုံး ခန္ဓာအတွင်းသို့ အပြည့်အဝ စုပ်ယူနိုင်သွားသည့်အခါ ၎င်းမှာ မဟာတက်လှမ်းခြင်းအဆင့်၏ အထွတ်အထိပ်ပင်။
“တကယ့်ကို အင်မော်တယ်တစ်ပါး ပေးအပ်ခဲ့တဲ့ ပညာရပ်ပဲ။”
ယွိယောင်က မိမိကိုယ်တွင်းရှိ ကြီးမားလှသော စွမ်းအားများကို ခံစားရင်း ပြုံးလိုက်သည်။
“ဒီနေ့မှာ ဒီသခင်မက မဟာတက်လှမ်းခြင်းအဆင့် ဒုတိယမြောက် အတိဒုက္ခကို ပြန်ာက်သွားပြီ။ ဒါပေမဲ့ ဒါက မလုံလောက်သေးဘူး...”
…
***