“နောက်ဆုံးတော့ အခြေခံအုတ်မြစ်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီ။”
ချန်ဟွိုက်အန်က မျက်လုံးများကို မှေးလိုက်သည်။
ယခုတစ်ခေါက် တံခါးပိတ်ကျင့်ကြံမှုမှာ တစ်ပတ်တိတိ ကြာမြင့်ခဲ့သည်။ သူ၏ အနှိုင်းမဲ့ နားလည်သဘောပေါက်မှု၊ ထူးခြားလှသော စိတ်ဝိညာဉ်၊ မြင့်မြတ်လှသော မူလတာအိုခန္ဓာနှင့် မယုံနိုင်စရာ ကျင့်ကြံမှုနှုန်းတို့ ရှိနေသော်လည်း တစ်ဆို့မှု တစ်ခုနှင့် တိုးမိနေဆဲပင်။
ထိုအတားအဆီးမှာ အလွန်ပင် ပါးလွှာပြီး မသိမသာလေးသာ ဖြစ်သော်လည်း နောက်တစ်ဆင့်သို့ တက်လှမ်းရန်အတွက် အနည်းငယ်မျှ ထပ်မံတွန်းအားပေးရန် လိုအပ်နေသည်။
“တိုက်ပွဲတစ်ခုလောက် ရှာရမယ်ထင်တယ်။”
သူက လက်ဆစ်များကို ချိုးလိုက်ရာ တဖြည်းဖြည်း တင်းကျပ်လာပြီး အသံများ မြည်လာတော့သည်။ သူ၏ မူလတာအိုခန္ဓာနှင့် စိတ်ဝိညာဉ်တို့၏ ပေါင်းစပ်မှုက ချက်ချင်းပင် အဖြေတစ်ခု ထုတ်ပေးလိုက်သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူ၏ ကျင့်ကြံမှုအဆင့်မှာ မြန်လွန်းသဖြင့် မတည်ငြိမ်သေးခြင်း ဖြစ်သည်။ တိုက်ပွဲများမှ တစ်ဆင့်သာ သူ စုဆောင်းထားသော စွမ်းအားများကို ခန္ဓာကိုယ်နှင့် အပြည့်အဝ တစ်သားတည်းဖြစ်အောင် လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ပါ့ကျီက ဘေးနားတွင် ငြိမ်သက်စွာ ဝပ်နေပြီး သူလည်း ကျင့်ကြံနေပုံရသည်။ သူ၏ ပတ်လည်တွင် ဆားမှုန့်များကဲ့သို့ ဖြူဖွေးနေသော အမှုန့်များ ပြန့်ကျဲနေ၏။ ၎င်းတို့မှာ စုပ်ယူခံလိုက်ရသည့် ဝိညာဉ်ပုံဆောင်ခဲများ၏ အကြွင်းအကျန်များပင်။
သူက တစ်နာရီလျှင် ဝိညာဉ်ပုံဆောင်ခဲ (၁၀)ခုနှုန်းဖြင့် တစ်နေ့လျှင် (၁၆)နာရီ ကျင့်ကြံပြီး ကျန်ရှိသော (၈)နာရီကို တရားထိုင်သည်။ (၇)ရက်အကြာတွင် သူ စုဆောင်းထားသော ပုံဆောင်ခဲများမှာ ကုန်သလောက် ဖြစ်နေလေပြီ။
“ဆရာကြီး…”
ချန်ဟွိုက်အန် နိုးလာသည်ကို ပါ့ကျီ သတိပြုမိသွားသည်။ သူက ကြမ်းပြင်ပေါ်မှ အမြန်ထကာ ရိုသေသော အမူအရာဖြင့် ခေါင်းငုံ့လိုက်သည်။
“(၇)ရက်လုံးလုံး အတူတူ ကျင့်ကြံတာတောင် မင်းရဲ့ အရှိန်အဝါက ဘာလို့ သိသိသာသာ တိုးတက်မလာတာလဲ။ ပျင်းနေတာလား။”
“မဟုတ်ပါဘူး။ ကျွန်တော်က ဉာဏ်ထိုင်းလို့ ကျင့်ကြံတဲ့နှုန်းက နှေးနေတာပါ...”
ပါးစပ်ကသာ ထိုသို့ပြောနေရသော်လည်း ပါ့ကျီ၏ စိတ်ထဲတွင်မူ ငိုချင်နေပြီ ဖြစ်သည်။ အစပိုင်းတွင် သူက ချန်ဟွိုက်အန်၏ ဘေးနားမှ စိတ်ဝိညာဉ် ချီစွမ်းအင် အနည်းငယ်ကို ခိုးယူစုပ်ယူနိုင်ခဲ့သည်။ သို့သော် ချန်ဟွိုက်အန် အခြေခံအုတ်မြစ် နှောင်းပိုင်းသို့ ရောက်သွားချိန်မှစ၍ စိတ်ဝိညာဉ်ချီစွမ်းအင် စုပ်ယူမှုမှာ အကန့်အသတ်မရှိ ဖြစ်သွားခဲ့သည်။ အထွတ်အထိပ်သို့ ရောက်သွားသည့် အခါတွင်တော့ ပို၍ ကြောက်စရာကောင်းလာသည်။ သူက အရာအားလုံးကို ဝါးမျိုပစ်သည့် လေဟာနယ်တစ်ခုကဲ့သို့ ဖြစ်နေသည်။
အကယ်၍ သူသာ မိစ္ဆာအမြုတေရှိသော မိစ္ဆာ မဟုတ်ခဲ့လျှင် သူ့မိစ္ဆာစွမ်းအားများပါ စုပ်ယူခံလိုက်ရပြီး အခြောက်လှန်းခံလိုက်ရမည်မှာ သေချာသည်။
“ညီလေး... မင်း နောက်ကျကျန်ခဲ့ပြီနော်။ နောက်ခါကျရင် ပိုကြိုးစားဦး။”
ချန်ဟွိုက်အန်က ကျောက်ရင်းနှင့် တခြားသူများဆီမှ စာဝင်မဝင် သိရန် ဖုန်းကို ထုတ်လိုက်သည်။ ထို့နောက် သူ၏ ကမ္ဘာငယ်လေးနှင့် ချစ်စရာကောင်းသော တပည့်မလေး အကြောင်းကိုလည်း စဉ်းစားမိသည်။ လွန်ခဲ့သော အပတ်အတွင်း လီချင်းရန်နှင့် နေ့တိုင်း စကားပြောဖြစ်သော်လည်း သူကိုယ်တိုင် လူကိုယ်တိုင် ဆင်းမသွားခဲ့ချေ။ တပည့်မလေး စိတ်ကောက်နေလောက်ပြီ ဖြစ်သည်။
“ဆရာကြီး... ဆရာကြီးအတွက် စီးတော်ယာဉ် လိုသေးလား။”
ချန်ဟွိုက်အန် စာများကို မစစ်ဆေးခင်မှာပင် ပါ့ကျီက ရုတ်တရက် ထပြောလိုက်သည်။
“စီးတော်ယာဉ် ဟုတ်လား။” သူက ခေါင်းလှည့်ကာ ပါ့ကျီကို ထူးဆန်းသလို ကြည့်လိုက်သည်။
သူ၏ အကြည့်မှာ ပါ့ကျီ၏ မြင့်မားသော ကိုယ်ထည်နှင့် ခန့်ညားသော အသွင်ပေါ် ရပ်တန့်သွားသည်။ အစတွင် ထိုသို့ မတွေးမိသော်လည်း ယခု ကြည့်လိုက်သည့် အခါတွင် သူ၏ တင်ပါးက ယားကျိကျိ ဖြစ်လာကာ တစ်ခုခုပေါ်တွင် ထိုင်ချင်စိတ် ပေါက်လာသည်။
“မင်း မပြောနဲ့။ တကယ် မပြောနဲ့ဦး။”
ချန်ဟွိုက်အန် ပါ့ကျီကို ပတ်ပတ်လည် ကြည့်လိုက်ပြီး ခေါင်းတညိတ်ညိတ်နှင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ “မင်းရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်က ဂိမ်းထဲမှာဆိုရင် ကောင်းကင်ဘုံဆုလာဘ်ကျောက်တုံး ၃..၄..၅..တုံးလောက် တန်မှာပဲ။ အဆင့် နည်းနည်း ထပ်တင်လိုက်ရင် သိန်းပေါင်းများစွာ တန်သွားမယ်။ အေးလေ။ မင်းက စီးတော်ယာဉ် ဖြစ်ဖို့ သင့်တော်ပါတယ်။ ဒါပေမဲ့ မင်းက တကယ်ပဲ ငါ့ရဲ့ စီးတော်ယာဉ် လုပ်ချင်တာလား။”
“ဆရာကြီး... ကျေးဇူးပြုပြီး... ဆရာကြီးရဲ့ စီးတော်ယာဉ်အဖြစ် အမှုထမ်းရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ...”
ပါ့ကျီက သူ၏ကိုယ်ကို ပို၍ ဝပ်ချလိုက်သည်။ ၎င်းမှာ သူ၏ အစီအစဉ်ပင်။ အကယ်၍ သူသာ ဆရာကြီး၏ စီးတော်ယာဉ် ဖြစ်သွားလျှင် ဆရာကြီး သွားလေရာ သူ လိုက်သွားရတော့မည်။ ထိုအခါကျလျှင် သူ မိစ္ဆာချိပ်ပိတ်မျှော်စင်ထဲသို့ပင် လိုက်သွား၍ ရနိုင်ပြီ ဖြစ်သည်။
“မဆိုးပါဘူး။ မင်းက သိတတ်သားပဲ။”
ချန်ဟွိုက်အန်က ပါ့ကျီကို သဘောကျသလို ကြည့်လိုက်သည်။ အမှန်တော့ သူ သဘောကျသော်လည်း ခေါင်းခါလိုက်ပြန်သည်။ “မင်းက အရမ်းကို အန္တရာယ် များတယ်။ မင်းကို လက်ခံချင်ပေမဲ့ မင်းက ပတ်ဝန်းကျင်အတွက် ခြိမ်းခြောက်မှု ဖြစ်နေတာကို ထည့်တွေးရဦးမယ်။”
ပါ့ကျီက မယုံကြည်နိုင်ဘဲ မျက်တောင်ခတ်လိုက်မိသည်။
ဒီလောက်အထိ လုပ်တာတောင် ငါ့ကို လက်မခံသေးဘူးလား။ ငါက ဒီလောက် ခန့်ညားတာကို။ ငါက ဒဏ္ဍာရီထဲက တောက်တီး သားရဲကြီးလေ...
ဒီလို စီးတော်ယာဉ်မျိုးကို မြင်တာတောင် စိတ်မလှုပ်ရှားဘူးလား။ တောက်... ဒါကမှ တကယ့် ဆရာကြီးပဲ။ ဒီလူက အရင်ဘဝတုန်းက နဂါးတွေ၊ ဇာမဏီတွေကို စီးလာတာ ဖြစ်ရမယ်။ ဒါကြောင့် ငါ့လို ရှေးဟောင်းသားရဲကြီးက သူ့မျက်စိထဲ မဝင်တာနေမှာ။
ဒါဆိုရင်တော့ အပိုင်ကွက်ကို သုံးရတော့မယ်...
ပါ့ကျီက ချန်ဟွိုက်အန်၏ ခြေရင်းသို့ အမြန်တိုးသွားကာ သူ၏ ဧရာမဦးခေါင်းကို ကြမ်းပြင်ပေါ် တင်လိုက်ပြီး စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။
“ဆရာကြီး... လုံခြုံရေးအတွက် စိတ်မပူပါနဲ့။ ကျွန်တော် ဆရာကြီးနဲ့ သွေးစာချုပ် ချုပ်ဆိုဖို့ အသင့်ပါပဲ။ အဲဒီအခါကျရင် ကျွန်တော် စိတ်ရူးပေါက်လာရင်တောင် ဆရာကြီးက ကျွန်တော့်ကို ထိန်းချုပ်ထားနိုင်မှာပါ။”
“စာချုပ် ဟုတ်လား။” ချန်ဟွိုက်အန်၏ မျက်နှာပေးမှာ ပို၍ ထူးဆန်းသွားသည်။ “မင်းက ငါ့ရဲ့ စီးတော်ယာဉ် ဒီလောက်တောင် ဖြစ်ချင်တာလား။”
အမှန်တကယ်တွင် ပါ့ကျီက စီးတော်ယာဉ် မလုပ်ချင်ပေ။ သို့သော်လည်း သူက မြှောက်ပြောလိုက်သည်။
“အဓိကကတော့ ဆရာကြီးရဲ့ စွမ်းအားကို အံ့သြမိလို့ပါ။ နောက်ပြီး ကျွန်တော် ကမ္ဘာကြီးကို ပိုမြင်ချင်လို့ပါ။ ဒီနေရာက ကောင်းပေမဲ့ ဒီမှာပဲ အမြဲနေရတာက လှောင်အိမ်ထဲက ငှက်လိုပဲ။ ကမ္ဘာကြီးက ကျယ်ပြောပါတယ်။ ကျွန်တော် အဲဒါကို မြင်ချင်တယ်...”
“ကောင်းပြီလေ...” ချန်ဟွိုက်အန်က ပါ့ကျီ၏ စိတ်ရင်းမှန်နှင့် အိပ်မက်များကို ကြားရသောအခါ စိတ်လှုပ်ရှားသွားပြီး လက်ခုပ်တီးလိုက်သည်။ “ကောင်းပြီ... မင်းက အချောင်သမား မိစ္ဆာတစ်ကောင်ပဲ ထင်နေတာ၊ မင်းမှာ ရည်မှန်းချက်တွေ ရှိနေတာပဲ။ ကောင်းပြီ... ငါ မင်းနဲ့ စာချုပ် ချုပ်ပေးမယ်...”
မည်သူကမှ ဤကဲ့သို့ ခန့်ညားသော စီးတော်ယာဉ်ကို မငြင်းချင်ပေ။ စောစောက သူ အခြေအနေကို စမ်းကြည့်ရုံသာ ရှိပါသေးသည်။ ယခုတော့ ချန်ဟွိုက်အန် အမှန်တကယ် သဘောတူလိုက်လေပြီ။
...
စာချုပ်က ရိုးရှင်းပေသည်။ ပါ့ကျီ၏ နဖူးပေါ် သွေးတစ်စက် ချလိုက်ရုံသာ။
တောက်ပလှသော အထူးပြုလုပ်ချက် အလင်းတန်းများနှင့်အတူ စာချုပ်က ပြီးမြောက်သွားခဲ့သည်။ ချန်ဟွိုက်အန်က ယခုအခါ ပါ့ကျီ၏ တည်ရှိမှုကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ၎င်းမှာ ထူးဆန်းသော်လည်း အံ့သြဖွယ် ခံစားချက်ဖြစ်ပြီး အကွာအဝေးကြောင့် မှေးမှိန်သွားခြင်း မရှိပေ။ ပါ့ကျီက ကမ္ဘာကြီး၏ အစွန်အဖျားတွင် ရှိနေလျှင်ပင် ချန်ဟွိုက်အန်က သူ့နေရာကို သိနိုင်သလို သူ၏မြင်ကွင်းကိုပါ မြင်နိုင်စွမ်း ရှိသွား ပြီဖြစ်သည်။
“ဒါက ဘယ်လို စာချုပ်မျိုးလဲ။ ငါက ရက်စက်တတ်တဲ့လူ မဟုတ်ပါဘူး။ မင်းက လူမဟုတ်ရင်တောင် အတင်းအကျပ် မလုပ်ချင်ဘူး။”
ပါ့ကျီ စိတ်လှုပ်ရှားသွား၏။
ဆရာကြီးက တကယ့်ကို လူကောင်းပဲ။ သားရဲတစ်ကောင် အပေါ်မှာတောင် အခွင့်အရေး မယူတတ်ဘူး။
သူ အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ဒါက နှစ်ဦးသဘောတူ စာချုပ်ပါ။ ကျွန်တော့်ရဲ့ စွမ်းအားက ဆရာကြီးထက် ကျင့်ကြံမှုအဆင့် အဆင့်ကြီး သာမလွန်မချင်း ဆရာကြီးက ကျွန်တော့်အပေါ် အာဏာ ရှိနေဦးမှာပါ။”
“ဩော်။” ချန်ဟွိုက်အန်က မျက်တောင်ခတ်လိုက်ပြီး ခေတ္တရပ်ကာ ရုတ်တရက် မေးလိုက်သည်။
“နှစ်ဦးသဘောတူ စာချုပ်ကနေ ကျွန်-သခင်စာချုပ် ဘယ်လိုပြောင်းရမလဲ သိလား။ အဲဒီလို မကြည့်နဲ့လေ။ ငါက စပ်စုချင်လို့ မေးတာပါ။ ဘာလဲ... မင်းက ငါ့ကို အဲဒီလိုလူစားမျိုး ထင်လို့လား။”
ပါ့ကျီ - “...”
“ချက်ချင်းကြီးတော့ ပြောင်းလို့မရပါဘူး၊” သူက အမှန်အတိုင်း ဖြေလိုက်သည်။ “ဒါပေမဲ့ ဆရာကြီးရဲ့ ကျင့်ကြံမှုက ကျွန်တော့်ထက် အဆင့်ကြီး နှစ်ဆင့် ကျော်သွားရင်တော့ လက်ရှိစာချုပ်ကို ဖျက်ပြီး အသစ်ချုပ်လို့ ရပါတယ်။ အဲဒီအခါ ဆရာကြီးက ကျွန်-သခင်စာချုပ်ကို ရွေးချယ်လို့ ရပါတယ်။”
သူ လိမ်ပြောနေခြင်း မဟုတ်ပေ။ ထိုအဆင့်ရောက်သွားလျှင် ကျင့်ကြံသူများကို အခြေတည်ဝိညာဉ်အဆင့်များက ဘိုးဘေးကြီးဟု ခေါ်ကြပြီး အလိမ်အညာ မှန်သမျှကို ရိပ်မိနိုင်စွမ်း ရှိကြသည်။ သို့သော်လည်း သူ့တွင် ကိုယ်ပိုင် အစီအစဉ် ရှိနေသည်။
ဆရာကြီးက ကျင့်ကြံသူတစ်ယောက် ပြန်ဝင်စားတာ ဖြစ်နိုင်ပြီး ကျင့်ကြံနှုန်း မြန်တယ်။ ဒါပေမဲ့ သူက တောက်တီးလေ။ စားနိုင်သရွေ့ သူ့ရဲ့ တိုးတက်မှုနှုန်းက အနှိုင်းမဲ့ပဲ။ နောက်ပြီးတော့လည်း မိစ္ဆာချိပ်ပိတ်မျှော်စင်ထဲ ရောက်သွားရင် သူက အခွင့်အရေးကောင်းတွေ တွေ့နိုင်ပါတယ်။ ဆရာကြီးက သူ့ထက် အဆင့်ကြီး နှစ်ဆင့်စလုံး ကျော်သွားဖို့ဆိုတာ မလွယ်ဘူး။
တကယ်လို့ သူ အခွင့်အရေးကောင်း ရသွားရင် ဆရာကြီး သူ့ကို ပြန်မှီပါ့မလား။ တစ်နေ့ကျရင် ဆရာကြီးက သူ့ကို ပြန်ပြီး အားကိုးရတာမျိုးတောင် ဖြစ်နိုင်တယ်။ အဲဒီအခါကျရင် ပြောင်းပြန်ဖြစ်သွားပြီး သူက ဆရာကြီး ဖြစ်လာမှာပေါ့...
ထိုအနာဂတ်ကို စိတ်ကူးကြည့်ရုံနှင့်တင် ပါ့ကျီ၏ အမြီးမှာ အလိုအလျောက် နန့်နေမိတော့သည်။
…
***