“ချင်းရန်... ဆရာ ဒီအတွင်းခံကို တကယ်သဘောကျပါတယ်။ ဒါပေမဲ့... ဒီနောက်က အစိမ်းရောင် လိပ်ခွံပုံစံလေးက ဘာအဓိပ္ပာယ်လဲ။” ချန်ဟွိုက်အန်က ပါ့ကျီကို လွှတ်လိုက်ပြီး ဂိမ်းထဲ ဝင်လာကာ ပညာရပ်ဆိုင်ရာ အကျပ်အတည်း တစ်ခုနှင့် တိုးနေရခြင်း ဖြစ်သည်။
“ဆရာ... အဲဒါ လိပ်လေးပါ...” လီချင်းရန်က နားရွက်ဖျားများအထိ နီမြန်းလျက် ခေါင်းငုံ့ထားရှာသည်။
“အာ... လိပ်လား...”
ချန်ဟွိုက်အန်က ၎င်းကို အတော်ကြာ စိုက်ကြည့်ပြီးနောက် ရှုပ်ထွေးနေသော ပန်းထိုးများကြားမှ လိပ်နှင့်တူသော အစိတ်အပိုင်းအချို့ကို နောက်ဆုံးတွင် ရှာဖွေ တွေ့ရှိသွားသည်။
သူက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ “အင်း... ငါ့ရဲ့ မျက်စိက သိပ်မကောင်းတော့လို့ ထင်တယ်။ တကယ် လိပ်လေးပဲ။ ဒါပေမဲ့ လိပ်ခေါင်းပေါ်က ဟာလေးက... အင်း... ငရုတ်သီးခြောက်လား။ လိပ်က အစပ်ကြိုက်တယ်လို့ ဆိုလိုတာလား။”
“ဆရာ... အဲဒါ... မက်မွန်ပွင့်လေးပါ...”
လီချင်းရန်က အောက်နှုတ်ခမ်းကို ကိုက်ကာ မျက်လုံးများက ဘေးသို့ ရောက်သွားသည်။ တစ်ခုနှင့်တစ်ခု ကျစ်ကျစ်ပါအောင် ဆုပ်ထားသော သူ၏ လက်ချောင်းလေးများက အထုံးဖြစ်သွားတော့မည့်အတိုင်းပင်။
“ဩော်... မက်မွန်ပွင့်လား။ အင်း ဟုတ်မှာပါ။”
ချန်ဟွိုက်အန် အတွင်းခံကို ဟိုဘက်ဒီဘက်လှန်ကာ ပြောင်းပြန်ကြည့်လိုက်သည်။ ဤသို့ကြည့်မှသာ မက်မွန်ပွင့်နှင့် အနည်းငယ် တူသွားတော့သည်။ သူ ပြောင်းပြန် ပန်းထိုးထားမိခြင်း ဖြစ်ရမည်။
“ဒါဆို လိပ်အောက်က ဒီအစိမ်းရောင် အဝတ်စုတ်လေးကရော...”
ချန်ဟွိုက်အန် စကားမဆုံးသေးခင်မှာပင် လီချင်းရန်၏ နီမြန်းနေသော မျက်လုံးများနှင့် ဆူပုတ်နေသော မျက်နှာလေးကို မြင်လိုက်ရသဖြင့် ကျန်ရှိသော စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
အဲဒီ အစိမ်းရောင် အဖတ်ကြီးက ဘာပဲဖြစ်ဖြစ် ဘယ်သူဂရုစိုက်မှာလဲ။
သူ စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။ “ငါ ဒီအတွင်းခံကို တကယ် သဘောကျတယ်။ တစ်နေ့ကို ၁၂ နာရီ၊ နေ့တိုင်း ဝတ်ထားဖို့ စီစဉ်ထားတယ်။ နှစ်ပေါင်းတစ်ထောင်လုံးလုံး လျှော်တောင် မလျှော်ဘဲ ဝတ်ထားမှာ...”
[ လီချင်းရန်၏ သံယောဇဉ် +၃၂၊ လက်ရှိ ♡♡♥၇ ]
သံယောဇဉ် တိုးလာကြောင်း အကြောင်းကြားစာ ပေါ်လာသည်။ သို့သော် လီချင်းရန်က မျက်ရည်ဝိုင်းလျက် ဆူပုတ်နေဆဲဖြစ်ကာ သူ့ကို လှည့်ပင် မကြည့်တော့။
ချန်ဟွိုက်အန်က သူ၏ အော်စကာဆုရလောက်သော သရုပ်ဆောင်မှုကို ကြည့်ပြီး မချီးကျူးဘဲ မနေနိုင်တော့ပေ။
တွေ့လား။ တကယ်လို့ သံယောဇဉ်စနစ် မရှိခဲ့ရင် သူ တကယ် စိတ်ဆိုးနေတုန်းပဲဟု ထင်မိမှာ သေချာတယ်။ သူက စနစ်ရှိလို့ သိရပေမဲ့ သာမန်ယောက်ျားတွေဆိုရင် ဘယ်လိုလုပ်မလဲ။ သူတို့ရည်းစား တကယ် စိတ်ဆိုးတာလား၊ ဟန်ဆောင်တာလား ဆိုတာ ဘယ်လိုခွဲခြားမလဲ။ မှားခန့်မှန်းမိရင်တော့ သွားပြီပဲ။ တစ်ခါတလေကျတော့ မှန်အောင် ခန့်မှန်းမိရင်တောင် အခြေအနေက ပိုဆိုးသွားတတ်သေးတယ်။
“ဆရာရယ်... နှစ်တစ်ထောင်အထိတော့ မလုပ်ပါနဲ့။ ကျွန်မ နောက်ထပ် အများကြီး ချုပ်ပေးပါ့မယ်။ အလှည့်ကျ ဝတ်လို့ရတာပေါ့။”
သူက အချစ်ဆုံး ဆရာ့အပေါ် ၁၀စက္ကန့်ထက် ပိုပြီး စိတ်မဆိုးနိုင်ပေ။ သို့သော်လည်း ပါးလေးဖောင်းလျက် သူက မကျေမနပ် ပြောလိုက်သေးသည်။ “ဒါပေမဲ့... နောက်ခါ ကျွန်မ ဘာပဲ ပန်းထိုးထိုး ဆရာ မမေးရဘူး။ ကျွန်မ ပြောချင်မှ ပြောပြမယ်။ ဆရာက ကြည့်လို့မလှဘူး ထင်ရင်တောင် အောင့်ထားလိုက်... မဟုတ်ရင် ဆရာ့ကို ထာဝရ စကားမပြောဘဲ နေမှာ...”
“ကောင်းပြီ... ကတိပေးပါတယ်။ တစ်ခွန်းမှ မမေးတော့ဘူး...”
ချန်ဟွိုက်အန်က အလွန်လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူက စပ်စုတတ်ခြင်းသာ ဖြစ်သည်။ လူဆိုးတော့ မဟုတ်ပေ။ ထို့အပြင် သူ့တပည့်မလေးက သူ့အတွက် အတွင်းခံချုပ်ပေးနေသည်ကပင် ရင်ထဲတွင် နွေးထွေးနေရလေပြီ။
ပန်းထိုးက ဘယ်လိုပဲ ဖြစ်ဖြစ် ဘာအရေးလဲ။ “ဂျီအေဝိုင်”လို့ ပန်းမထိုးရင် တော်ပါပြီ။
“တပည့်က ဆရာ့အတွက် အတွင်းခံ ချုပ်ပေးတယ်ဆိုတော့ ဆရာကရော တစ်ခုခု ပြန်မပေးသင့်ဘူးလား။”
လီချင်းရန်က မျက်လုံးများကို စနောက်လိုသော အမူအရာဖြင့် မှေးလိုက်သည်။ ကုန်သည်တစ်ယောက်ကဲ့သို့ လက်မနှင့် လက်ညှိုးကို ပွတ်ပြနေသည့် ပုံစံမှာ ဘယ်ကနေ တတ်လာမှန်း မသိသော်လည်း အလွန်ပင် ချစ်စရာကောင်းနေသည်။ သူက ဆရာ့ဆီမှ ဘာမှ မတောင်းဆိုဖူးခဲ့ပေ။
သို့သော် အခု အခြေအနေများက ပြောင်းလဲသွာလေပြီ။ ၎င်းတို့ အားလုံးက ‘ဗျူဟာမှူး’ မိုရှုမိန်၏ သင်ကြားမှုများကြောင့်ပင်။ အမြဲတမ်း ပေးဆပ်နေပြီး ဘာမှ ပြန်မတောင်းခြင်းက သံယောဇဉ်ကို တန်ဖိုးနည်းစေတတ်သည်။ တစ်ခါတလေ တစ်ခုခု တောင်းဆိုခြင်းက လူနှစ်ယောက်ကို ပိုပြီး နီးကပ်သွားစေသည်ဟု မိုရှုမိန် သင်ပေးထားခြင်း ဖြစ်သည်။
“ပြောလေ။ ကောင်းကင်က ကြယ်ကို လိုချင်ရင်တောင် ဆရာ ဆွတ်ခူးပေးဖို့ ကြိုးစားပါ့မယ်...”
ချန်ဟွိုက်အန်က ပြုံးလျက် သူ၏ ခေါင်းလေးကို ပွတ်ရန် အလိုအလျောက် လက်လှမ်းလိုက်မိသည်။ အရင်လို လက်က ဖောက်ထွက်သွားလိမ့်မည်ဟု သူ ထင်ထားသော်လည်း ယခုတစ်ခါတွင်တော့ သူ၏ နူးညံ့လှသော ခေါင်းလေးကို အစစ်အမှန် ထိတွေ့လိုက်ရ၏။
ပင်လယ်လေညင်းက နှလုံးသားကို ဖြတ်တိုက်သွားသကဲ့သို့ နူးညံ့လှသော ဆံနွယ်လေးများကို သူ ခံစားလိုက်ရသည်။ ရုတ်တရက် ပေါ်ပေါက်လာသော ခံစားချက်ကြောင့် သူ မှင်တက်သွားမိသည်။ လီချင်းရန်လည်း ထိုနည်းတူပင်။ သူက သူ့ကို ငေးကြည့်နေမိပြီးနောက် သူမ၏ လက်ကလေးကို ဖြည်းဖြည်းချင်း မြှောက်ကာ သူ့လက်ဖဝါးမှ နွေးထွေးမှုကို ကိုင်တွယ်ခံစားလိုက်သည်။
[ ကစားသူနှင့် လီချင်းရန်၏ သံယောဇဉ်မှာ ♡♡♥ သို့ ရောက်ရှိသွားပါပြီ။ ခန္ဓာကိုယ် အပြည့်အဝ ထိတွေ့မှုကို အသုံးပြုနိုင်ပါပြီ… ]
[ ကျေးဇူးပြု၍ သင်၏ ပုံရိပ်ယောင်ကောင်မလေး လီချင်းရန်နှင့် သံယောဇဉ်ကို ဆက်လက်မြှင့်တင်ပြီး ကံကြမ္မာကို ပိုမိုနက်ရှိုင်းစေကာ စွမ်းဆောင်ချက် အသစ်များကို ရယူလိုက်ပါ..]
ဂိမ်းမှ အကြောင်းကြားစာ နှစ်ခုက ချန်ဟွိုက်အန်၏ သံသယကို အချိန်ကိုက် ဖြေရှင်းပေးလိုက်သည်။ သူက တည်ငြိမ်သယောင် ဟန်ဆောင်ထားသော်လည်း လက်က ခေါင်းပေါ်မှ ပါးပြင်ဆီသို့ လျောဆင်းသွားကာ လီချင်းရန်၏ နူးညံ့ပြီး အိစက်နေသော ပါးလေးကို ဆွဲညှစ်လိုက်မိသည်။
“ဆရာ... ကျွန်မမျက်နှာက အဲဒီလောက် ဆော့လို့ကောင်းနေလို့လား။”
“အဲ… အင်း... ကောင်းတယ်လေ။” ချန်ဟွိုက်အန်က မစဉ်းစားဘဲ လွှတ်ခနဲ ပြောလိုက်မိသည်။
“ဒါဆိုရင် ကျွန်မကို ဆရာ့ရဲ့ ဘေးမှာပဲ ထားထားလိုက်ပေါ့။ တစ်နေ့ ၁၂ နာရီလုံး။ ဆရာကြိုက်တဲ့အချိန် ဆော့လို့ရတာပေါ့။”
လီချင်းရန်က မျက်လုံးလေးများကို မှိတ်ထားလျက် သူ့ဆီသို့ ပိုတိုးကပ်လာသည်။ သူ၏ တုန်ရီနေသော မျက်တောင်လေးများက သဘောတူညီမှုကို တိတ်တဆိတ် ပြသနေသကဲ့သို့ပင်။
ပြတင်းပေါက်မှ ဝင်လာသော နေရောင်ခြည်က သူ၏ မျက်နှာပေါ်သို့ အလင်းနှင့် အရိပ်တစ်ခု ဖြတ်သန်းကျရောက်နေသည်။ ချန်ဟွိုက်အန်၏ လက်ချောင်းများက ထိုအလင်းတန်းကို ဖြတ်သန်းသွားမိစဉ် သူ သတိပြန်ဝင်လာကာ ချောင်းတစ်ချက် ဟန့်ပြီး လက်ကို အမြန် ပြန်ရုပ်လိုက်သည်။
“ဆရာက စတာပါ... အင်း။ ဘာလိုချင်လဲဆိုတာ အခုထိ မပြောရသေးဘူးနော်။”
လီချင်းရန်က လက်ဆောင်တစ်ခု တောင်းရန် စီစဉ်ထားသော်လည်း ဆရာ့၏ လက်ကို အမှန်တကယ် ထိတွေ့နိုင်ပြီဟု သိလိုက်ရသည့် ခဏမှာပင် အတွေးများ ပြောင်းလဲသွားသည်။
“ကျွန်မ အခုတလော ဆေးဖော်စပ်တဲ့နေရာမှာ အခက်အခဲလေးတွေ ရှိနေလို့... ဆရာ့ဆီကနေ ထိုက်ဟွာအဂ္ဂိရတ်ပညာကို သင်ချင်ပါတယ်။”
“ပြီးတော့... ကျွန်မ ကျင့်ကြံမှုက ရွှေရောင်အနှစ်သာရ အဆင့်မြင့်ပိုင်း ရောက်ဖို့ တစ်လှမ်းပဲ လိုတော့တယ်။ အဆင့်တက်ဖို့အတွက် တိုက်ပွဲတစ်ခု လိုအပ်နေသလို ခံစားရတယ်။ ဒါပေမဲ့ ဒီကမ္ဘာငယ်လေးထဲမှာ ဘာသားရဲမှ မရှိဘူး။ စီနီယာအစ်ကိုနဲ့ လေ့ကျင့်တာလည်း ဖိအားမရှိသလိုပဲ။ အဲဒါကြောင့် ဆရာနဲ့အတူ အပြင်ထွက်ပြီး လေ့ကျင့်ချင်ပါတယ်။”
ယခုလေးတင် သူ၏ အသက်စည်းနှောင်ရတနာ တုန်ခါသွားခဲ့သည်။ ၎င်းမှာ “ဝိညာဉ်လွှင့်ခြင်း”ကို ပြန်သုံးနိုင်ပြီဟု ဆိုလိုခြင်း ဖြစ်သည်။ သူ၏ ကျင့်ကြံမှု အတားအဆီးနှင့် ဆရာဖြစ်သူကို ထိတွေ့နိုင်မှုတို့ ပေါင်းစပ်လိုက်သည့်အခါ အချိန်အခါမှာ အင်မတန် ကွက်တိ ဖြစ်နေတော့သည်။
“ဩော်... မင်းက တိုက်ပွဲကတစ်ဆင့် စွမ်းအားတွေကို တည်ငြိမ်အောင်လုပ်ပြီး အဆင့်တက်ချင်တာပေါ့။”
ချန်ဟွိုက်အန်က သူ၏ အခြေအနေကို မြင်နိုင်သဖြင့် အမှန်အတိုင်း ပြောနေမှန်း သိသည်။ သူက မိမိဆီတွင် အဂ္ဂိရတ်ပညာ သင်ချင်သလို အပြင်လောကမှာလည်း အတူတူ လေ့ကျင့်ချင်နေသည်။ ထိုတောင်းဆိုချက်လေးများက ရိုးရှင်းသလိုနှင့် တကယ်တမ်း အတော်လေးကို အသားယူထားခြင်းပင်...
အခုလောလောဆယ် အခြေအနေတစ်ခုကိုသာ ဖြည့်ဆည်းပေး၍ ရသေးသည်။ သူ သံယောဇဉ်စနစ်ကို ဖွင့်လိုက်ပြီး အနီရောင်နှလုံးသားလေးကို နှိပ်လိုက်၏။
ဂိမ်းအချက်ပေးချက် နှစ်ခု ပေါ်လာသည်။
[ နှလုံးသားချင်း ထပ်တူကျမှုအဆင့် ပြည့်မီသွားပါပြီ။ ပုံရိပ်ယောင်ကောင်မလေးကို ဆင့်ခေါ်နိုင်ပါပြီ ]
[ လက်ရှိ အမြင့်ဆုံး ဆင့်ခေါ်ချိန် - ၇၂ နာရီ ]
ချန်ဟွိုက်အန်က ပြုံးလိုက်မိသည်။
“လုပ်လိုက်တော့...”
…
***