“စီနီယာက ဘယ်အချိန်အထိ တံခါးပိတ်ကျင့်ကြံနေဦးမှာလဲ။”
ဝမ်ရှိုယီက အကျဉ်းခန်းနံပါတ်(၀) ရှေ့တွင် ပျာပျာသလဲ လမ်းလျှောက်နေမိသည်။ အထဲဝင်သွားချင်သော်လည်း စီနီယာကို မလေးမစားလုပ်မိပြီး အနှောင့်အယှက် ဖြစ်စေမှာကို သူ ကြောက်နေမိသည်။
စီနီယာက တစ်ပတ်တိတိ လူလုံးမပြခဲ့ချေ။ တံခါးဝတွင် နေ့စဉ် ချထားသော ဝိညာဉ်ဆေးပင်များကို ယူဆောင်သွားခြင်း မရှိပါက စီနီယာမှာ လောကကြီးထဲက ပျောက်ကွယ်သွားပြီဟုပင် သူ သံသယဝင်မိပေလိမ့်မည်။
အစပိုင်းတွင် သူ စိတ်အေးအေးထားနိုင်ခဲ့သော်လည်း ယခုအခါ သားရဲဒီရေ၏ ဒုတိယလှိုင်း စတင်နေပြီ ဖြစ်သည်။ ဂိုဏ်းအတော်များများမှာ တိုက်ခိုက်သူများကို တွန်းလှန်နိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သော ကျင့်ကြံသူများက အရင်းအမြစ်များကို ပိုမိုရရှိကာ တိုက်ပွဲဝင် လက်ရွေးစင်များအဖြစ် ပေါ်ထွက်လာကြသည်။
မိစ္ဆာချိပ်ပိတ်မျှော်စင်ကို ပြန်လည်တိုက်ခိုက်မည့် အစီအစဉ် စတင်တော့မည် ဖြစ်သည်။ အဓိကဂိုဏ်းကြီးများက သူတို့အစီအစဉ်များကို အတည်ပြုပြီးပြီဖြစ်ကာ မနက်ဖြန်တွင် မျှော်စင်တစ်ခုချင်းစီကို တိုက်ခိုက်ရန် အဖွဲ့များ ခွဲဝေတော့မည် ဖြစ်သည်။
သူ စီနီယာကို ခေါ်သွားပေရမည်။ မိစ္ဆာများကို သတ်ဖြတ်ပြီး ကြီးမားသော အရင်းအမြစ်များကို ရယူနိုင်မည့် ထိုအခွင့်အရေးကြီးကို သူတို့ လက်လွှတ်ခံ၍ မဖြစ်ပေ။
“မင်းတို့ထဲမှာ စီနီယာကို ဆက်သွယ်လို့ရမယ့်သူ ရှိလား။”
ပိတ်ထားသော ဟိုက်ဒရောလစ် သတ္တုစပ်တံခါးကို ကြည့်ရင်း ဝမ်ရှိုယီ တစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူက ကျောက်ရင်း၊ ရှန့်ရှောင်ယွမ်နှင့် ပတ်စားနေသော လိုလီ လင်းလင်လင်တို့ဘက်သို့ လှည့်ကြည့်လိုက်သည်။
“မရှိဘူး…” ကျောက်ရင်းက ပုခုံးတွန့်ပြလိုက်သည်။ “ကမ္ဘာပျက်တော့မယ့် အခြေအနေ ဒါမှမဟုတ် အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုး မဟုတ်ရင် လုံးဝ မနှောင့်ယှက်ဖို့ အုပ်ချုပ်ရေးမှူးက မှာထားတယ်။ မဟုတ်ရင်... အကျိုးဆက်ကို ခံစားရလိမ့်မယ်တဲ့။”
လင်းလင်လင်က စုပ်လုံးကို လျက်ရင်း မျက်လုံးလေးတွေ တောက်ပလာသည်။ “လူကြီးမင်းတို့... အုပ်ချုပ်ရေးမှူး ထွက်လာအောင် ကျွန်မမှာ အစီအစဉ်တစ်ခု ရှိတယ်။”
“ဘာအစီအစဉ်လဲ။ မြန်မြန်ပြော။” ဝမ်ရှိုယီ၏ မျက်လုံးများ လင်းလက်သွား၏။
လင်းလင်းက ဗျူဟာမှူးတစ်ယောက်လို ခေါင်းလေးကို လှုပ်ယမ်းလျက် ပြောသည်။ “ဒီအစီအစဉ်ကိုတော့ ကျွန်မကိုသုံးပြီး အုပ်ချုပ်ရေးမှူးကို အမိန့်ပေးခြင်းလို့ ခေါ်ပါတယ်။ ကျွန်မက ပြောရရင် သူ့ရဲ့ တပည့်တစ်ပိုင်း ဖြစ်နေတာပဲ။ သူ ကျွန်မ ဘေးကင်းဖို့ကို ဂရုစိုက်ရမှာပေါ့။ အစ်ကိုဝမ် လုပ်ရမှာက ခေါင်းမှာ ခြေအိတ် အမည်းကြီး စွပ်လိုက်၊ နိုင်ငံတကာ ရာဇဝတ်ကောင် တစ်ယောက်လို ဟန်ဆောင်ပြီး ကျွန်မကို ဓားစာခံ လုပ်လိုက်ရုံပဲ။ ပြီးရင်တော့ ဓားကို ကျွန်မလည်ပင်းမှာ ထောက်ထားပြီး အကျဉ်းခန်း(၀) အရှေ့မှာ အော်လိုက်... သုံးမိနစ်အတွင်း သူ ထွက်လာမယ်လို့ ကျွန်မ အာမခံတယ်...”
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့မှာ ဆွံ့အသွားကြသည်။ ဝမ်ရှိုယီလည်း တိတ်ဆိတ်သွားသော်လည်း မျက်လုံးများကတော့ လှုပ်ခတ်နေသည်။ ထိုအစီအစဉ် အလုပ်ဖြစ်မဖြစ်ကို သူ အလေးအနက် စဉ်းစားနေမိခြင်း ဖြစ်သည်။
ထို့နောက် သူက လင်းလင်လင်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်ရာ လင်းလင်း တစ်ကိုယ်လုံး တုန်သွား၏။ “ကျွန်…ကျွန်မ စတာပါ။ အစ်ကိုဝမ်... အစ်ကို တကယ်ကြီး လုပ်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော်။”
သို့သော် အခြေအနေက အရေးကြီးနေပြီ ဖြစ်သည်။ သူက ဂိုဏ်းများကို စုစည်းရမည်ဖြစ်ကာ မကြာမီ သူကိုယ်တိုင်ပင် အချိန်ရတော့မည် မဟုတ်ချေ။ သို့သော် လင်းလင်လင်က သူ့ကို ရှုထောင့်အသစ်တစ်ခု ပေးလိုက်သည်။ သူကိုယ်တိုင် လုပ်စရာမလိုဘဲ စိတ်အနှောင့်အယှက်ပေးတတ်သော စီနီယာအစ်ကို လီပုယီကို ခိုင်းလိုက်လျှင် ရနိုင်သည်။
ဝမ်ရှိုယီ အစီအစဉ်ဆွဲရန် ပြင်လိုက်စဉ်မှာပင်…
အကျဉ်းခန်း(၀)၏ တံခါးကြီး ပွင့်လာတော့သည်။ ဟိုက်ဒရောလစ် တံခါးကြားမှ ရေငွေ့များ ထွက်ပေါ်လာပြီးနောက်…
ပထမဆုံး ထွက်လာသည်မှာ ဧရာမ အမည်းရောင် သားရဲခြေသည်း တစ်ဖက်ပင် ဖြစ်သည်။ အမည်းရောင် စွမ်းအင်များမှာ အရည်ကဲ့သို့ ပျစ်ခဲစွာ ဝန်းရံနေပြီး ကြမ်းပြင်ပေါ်သို့ ပျံ့နှံ့သွား၏။ ၎င်းမှာ ထူထပ်လှသော မိစ္ဆာအရှိန်အဝါပင်။
ပုံစံကို အပြည့်အဝ မမြင်ရသေးမီမှာပင် အမည်းရောင် မြူခိုးများကြားမှ တောက်ပနေသော နီမြန်းသည့် မျက်လုံးတစ်စုံက ထိုးဖောက်ထွက်ပေါ်လာ၏။ မျက်လုံးတစ်လုံးစီမှာ ခေါင်းတစ်လုံးခန့် ရှိနေသည်။ ထိုအရာက အနည်းဆုံး ဆင်တစ်ကောင်လောက် ကြီးရပေမည်။ မြူခိုးထဲမှ ပုံရိပ်အရဆိုလျှင် ၎င်းမှာ စတော်ဘယ်ရီဝက်ဝံ မဟုတ်သလို... ပုစွန်ထုပ်လစာဘုရင်လည်း မဟုတ်သည်မှာ သေချာသည်။
“အုပ်ချုပ်ရေးမှူးက အထဲမှာ ဒီလောက်ကြီးတဲ့ အကောင်ကြီးကို ဘယ်တုန်းက မွေးထားတာလဲ။”
“မဟုတ်ဘူး... နေဦး။ ဒါက သာမန်သားရဲ မဟုတ်ဘူး...” ဝမ်ရှိုယီ မျက်နှာ ပျက်သွားပြီး တခြားသူများ၏ ရှေ့တွင် ရပ်လိုက်သည်။ သူ၏ အသံမှာလည်း တုန်ရီနေ၏။ “သာမန်သားရဲဆိုရင် ဒီလောက် မိစ္ဆာအရှိန်အဝါ မထွက်နိုင်ဘူး...”
အရှိန်အဝါက အရည်လို ကျနေခြင်းမှာ ထိုသားရဲက အစွမ်းထက်ရုံသာမက မြင့်မြတ်သော သွေးမျိုးဆက် ရှိနေခြင်းကိုလည်း ပြသနေလေသည်။ ဝမ်ရှိုယီ၏ ခန့်မှန်းချက်မှာ မှန်သွားခဲ့သည်။ ထိုသားရဲ၏ အဆင့်ကို အာရုံခံမိလိုက်သည်နှင့် သူ ရင်လေးသွားတော့သည်။ သူကိုယ်တိုင်က ရွှေရောင်အနှစ်သာရအဆင့်သိုု့ ရောက်နေသော်လည်း ထိုသားရဲနှင့် ယှဉ်လျှင် အရာအားလုံးက ပြိုလဲသွားသကဲ့သို့ ခံစားရသည်။
ရွှေရောင်အနှစ်သာရအဆင့် သားရဲကြီး။ ဒါက စီနီယာ့အခန်းထဲကို ဘယ်လို ရောက်နေတာလဲ။... စီနီယာက အခြေခံအုတ်မြစ်အဆင့်ပဲ ရှိသေးတာ။ စီနီယာက ဒီသားရဲရဲ့ အစားခံလိုက်ရပြီလား...
ဘုန်း... ဘုန်း... ဘုန်း...
လေးလံသော ခြေလှမ်းသံများက ကြမ်းပြင်ကို တုန်ခါစေသည်။ မြူခိုးများကြားမှ သားရဲခေါင်း ထွက်လာသောအခါ ခြင်္သေ့နှင့်တူသော ခန့်ညားသည့် မျက်နှာ၊ စူးရှသော အစွယ်များ၊ ရှည်မြောမြော ဦးခေါင်းခွံနှင့် မီးရောင်အောက်တွင် တောက်ပနေသော အမည်းရောင် ဦးချိုကြီးများကို သူတို့ မြင်လိုက်ရ၏။
ရွှေရောင်မျက်လုံးသူငယ်အစင်းကြောင်း ပါရှိသော နီမြန်းသည့် မျက်လုံးများက အမဲလိုက် သားရဲတစ်ကောင်၏ ဖိအားကို ထုတ်လွှတ်နေသဖြင့် အားလုံးမှာ သားကောင်များကဲ့သို့ ခံစားနေရသည်။ ဝမ်ရှိုယီသည် ခေတ္တမျှ ကြောက်ရွံ့၍ သွားသော်လည်း ဒေါသက ချက်ချင်း လွှမ်းမိုးသွားသည်။
စီနီယာ အစားခံလိုက်ရပြီ ဆိုသည်မှာ သေချာသလောက်ပင်...
“သားရဲစုတ်... ငါ ဒီနေ့ ဒီမှာ သေရင်သေပါစေ၊ စီနီယာအတွက် ကလဲ့စား ချေပေးမယ်...”
ဝမ်ရှိုယီက ဓားကို ဆွဲထုတ်လိုက်ပြီး ပါ့ကျီ၏ ခေါင်းပေါ်သို့ ခုန်တက်ကာ လက်နှစ်ဖက်ဖြင့် ခုတ်ချလိုက်သည်။ ဓားသွားမှ သုံးမီတာခန့်ရှိသော ဓားချီ အလင်းတန်း ထွက်ပေါ်လာပြီး ဆင်နှင့် နဂါးတို့၏ ဟိန်းဟောက်သံများ ပဲ့တင် ထပ်သွားသည်။ ၎င်းမှာ သူ၏ အစွမ်းထက်ဆုံး တောင်ဖြိုဓားသဏ္ဌာန်ပင်။
သို့သော် ဓားချက်မှာ ပါ့ကျီ၏ ခေါင်းပေါ်သို့ ရောက်ရန် လက်မအနည်းငယ် အလိုမှာပင်…
ဝုန်း... အမည်းရောင် ဒိုင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ ဝမ်ရှိုယီ၏ ဓားချီမှာ ထိုဒိုင်းကို ထိမှန်သွားသော်လည်း ဒိုင်းမှာ အနည်းငယ် ချိုင့်ဝင်သွားရုံမှလွဲ၍ ဘာမှမဖြစ်ပေ။
“အားး...” ဝမ်ရှိုယီက ဒေါသတကြီး အော်ဟစ်ကာ စွမ်းအင်တွေ ပိုထည့်ရန် ကြိုးစားနေသည်။
ပါ့ကျီမှာလည်း တစ်ယောက်ယောက်၏ စီးတော်ယာဉ် လုပ်ရ၍ စိတ်တိုနေရသည့် အချိန် အပြင်ထွက်လာချင်း ဘယ်ကမှန်းမသိသော ကျင့်ကြံသူတစ်ယောက်က သူ့ကို လာတိုက်ခိုက်နေသဖြင့် ဒေါသထွက်သွား၏။
သူ အရှေ့ကို တစ်လှမ်းတိုးလိုက်ရာ ဒိုင်းက အားပြင်းစွာ ပေါက်ကွဲထွက်သွားပြီး ဝမ်ရှိုယီကို အမြောက်ဆန်တစ်ခုလို နံရံဆီသို့ လွင့်စင်သွားစေသည်။
“ပါ့ကျီ... မင်း ဘာတွေ လုပ်နေတာလဲ...”
အဝတ်အစား အပြည့်အစုံဖြင့် အထဲမှ ထွက်လာသော ချန်ဟွိုက်အန်က မျက်စိရှေ့မှ မြင်ကွင်းကြောင့် ဒေါသထွက်သွားကာ ပါ့ကျီ၏ ခြေထောက်ကို ကန်လိုက်သည်။ ကံကောင်းစွာဖြင့် ပါ့ကျီက လျှော့ပေးထားခဲ့သည်။ မိစ္ဆာနှိမ်နင်းသူ ဗျူရိုမှ လူများက သူ့ဆရာကြီး၏ မဟာမိတ်များမှန်း သူ သိထားသောကြောင့်ပင်။
ဝမ်ရှိုယီက နံရံတွင် ကပ်နေပြီး သွေးအချို့ အန်လိုက်ရသော်လည်း ကံကောင်း ထောက်မစွာဖြင့် ဒဏ်ရာ ပြင်းထန်ခြင်း မရှိပေ။
“စီနီယာ... စီနီယာ အဆင်ပြေရဲ့လား။”
ချန်ဟွိုက်အန် ပေးသော အဆင့်မြင့် အားဖြည့်ဆေးလုံးကို သောက်လိုက်ပြီးနောက် ဝမ်ရှိုယီ၏မျက်နှာ အနည်းငယ် ပြန်ကောင်းလာသည်။ သူက ချန်ဟွိုက်အန်နှင့် ဘေးနားက ဧရာမသားရဲကြီးကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
“ငါက ဘာဖြစ်ရမှာလဲ။ ခုနကက အထင်မှားမှုအတွက် တောင်းပန်ပါတယ်။ ငါ အပြင်ထွက်လာတာကို အသိမပေးမိလိုက်ဘူး။”
ချန်ဟွိုက်အန်က ပြုံးလျက် ဘေးနားက သတ္တဝါကြီးကို ညွှန်ပြလိုက်သည်။ “မိတ်ဆက်ပေးမယ်။ ကျောက်ရင်း၊ မင်း ဒါကို သိမှာပါ။ ဒါက အဆင့်တက်သွားတဲ့ ပါ့ကျီပဲ။ ငါ့ရဲ့ စီးတော်ယာဉ်အသစ်ပေါ့။ အခု ရွှေရောင်အနှစ်သာရအဆင့် အလယ်အလတ်မှာ ရှိနေတယ်။ ဘုရင်အဆင့် ဒါမှမဟုတ် ဧကရာဇ်အဆင့်နဲ့ ညီမျှမှာပေါ့။”
“ဒါ... ဒါက ပါ့ကျီလား။”
ကျောက်ရင်း၏ မျက်နှာမှာ “နောက်နေတာလား”ဟု မေးနေသကဲ့သို့ပင်။ ရှန့်ရှောင်ယွမ်လည်း အခြေအနေ သိပ်မထူးပေ။ သူက နံရံကို အားပြုရပ်နေရပြီး ခြေထောက်များ တုန်နေဆဲပင်။
ပါ့ကျီကတော့ ဂုဏ်ယူစွာဖြင့် ရင်ဘတ်ကို ကော့ကာ ခေါင်းကို မော့ထားလျက် သူ၏ ခန့်ညားလှသော ပုံစံကို ပြသနေတော့သည်။
...
နာရီဝက်ခန့် ကြာပြီးနောက်…
အားလုံးက ပါ့ကျီမှာ ဧရာမသားရဲကြီး ဖြစ်သွားပြီဟူသော အမှန်တရားကို လက်ခံလိုက်ကြသည်။ ဝမ်ရှိုယီမှာတော့ အခုထိ ရင်တုန်နေဆဲ ဖြစ်သည်။ ပါ့ကျီက အဆင့်အလယ်အလတ်မှာပဲ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆင့်မြင့်ပိုင်း ကျင့်ကြံသူတစ်ယောက်နှင့်ပင် ယှဉ်နိုင်နေ၏။
ဝမ်ရှိုယီက ပါ့ကျီ မည်ကဲ့သို့ အဆင့်တက်သွားကြောင်း ချန်ဟွိုက်အန်ကို မေးရန် ပြင်လိုက်စဉ်မှာပင်…
ကောင်းကင်ယံမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာသည်။ တစ်စုံတစ်ခု လေထဲတွင် အရှိန်အဟုန်ဖြင့် ပျံသန်းလာသော အသံပင်။ ဝမ်ရှိုယီက အာရုံစိုက် ကြည့်လိုက်ရာ သူ၏မျက်နှာ ပျက်သွားတော့သည်။
“မကောင်းတော့ဘူး... ဒီအရှိန်အဝါက ကျွန်တော့်ရဲ့ စီနီယာအစ်ကိုပဲ။”
…
***