လရောင်က မြောင်ရွှမ်၏ ကိုယ်ပေါ်သို့ ရေအလျဉ်ပမာ ဖြာကျနေပြီး သူမကို လရောင်အောက်က နတ်သမီးလေးတစ်ပါးသဖွယ် ပေါ်လွင်စေသည်။ သူမ၏ မျက်ဝန်းများက လှိုင်းထနေပြီး သူမ၏ ကြင်နာယုယမှုများကို ဖော်ပြနေသည်။
ဤမျှ လှပသော အမျိုးသမီးတစ်ဦးကို နက်ရှိုင်းသော ရန်ငြိုးရန်စများ ရှိနေလျှင်ပင် မည်သည့်အမျိုးသားကမှ ရက်ရက်စက်စက် ရိုက်နှက်ရက်မည် မဟုတ်ပေ။ သံသယဖြစ်ရုံ၊ ခန့်မှန်းရုံလောက်ဖြင့်ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
“ငါ လူရှာနေတယ်ဆိုတာ မင်း ဘယ်လိုသိတာလဲ”
“သခင်လေး အထဲဝင်လာကတည်းက သခင်လေးရဲ့ အကြည့်တွေက ဟိုဟိုဒီဒီ ရောက်နေတာလေ။ ဘေးခန်းက လူတွေကလွဲရင် ကျန်တဲ့သူတွေအားလုံးက သခင်လေးရဲ့ရှေ့မှာ တစ်ခါမက ပေါ်လာပြီးသားသူတွေချည်းပဲဆိုတာကို မြောင်ရွှမ် သတိထားမိလိုက်တယ်။ ဒါကြောင့် သခင်လေး ရှာနေတဲ့သူက ဘေးခန်းထဲမှာ ရှိနေတယ်လို့ မြောင်ရွှမ် ကောက်ချက်ချလိုက်တာပါ”
မြောင်ရွှမ်က သူမ၏ ကျောက်စိမ်းရောင် လက်မောင်းလေးကို ဝှေ့ယမ်းလိုက်ရာ ပြတင်းပေါက်တစ်ခုက အနည်းငယ် ဟသွားသည်။ လုချန်က ထိုဟနေသော နေရာလေးမှတစ်ဆင့် ဘေးခန်းရှိ လူကို မြင်နိုင်ပြီ ဖြစ်သည်။
ဘေးခန်းထဲတွင် ချောမောသော သခင်လေးနှစ်ဦးက စားပွဲတစ်လုံးတွင် ထိုင်နေကြသည်။ သူတို့က အလွန်ချောမောလှပကြသော်လည်း သူတို့၏ မျက်နှာအမူအရာများက သိပ်မကောင်းလှပေ။
သူတို့က အတတ်နိုင်ဆုံး ရုပ်ဖျက်ထားကြသော်လည်း ဤသူများမှာ ဟွာစစ်ဝေ့နှင့် ယွီလီချင်းတို့ ဖြစ်ကြောင်းကို လုချန် တစ်ချက်ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။
“သူတို့က တော်တော်လေး ချောမောလှပတဲ့ မိန်းကလေးတွေပဲ... သခင်လေးရဲ့ ချစ်သူတွေများလား”
“အလှတရားအကြောင်း ပြောရမယ်ဆိုရင်တော့ ဒီကျယ်ပြောလှတဲ့ လောကကြီးမှာ မင်းထက်ပိုလှတဲ့ မိန်းကလေးဆိုတာ ခပ်ရှားရှားပဲလို့ ငါထင်တယ်”
လုချန်က အမှန်တရားကိုသာ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏ ပတ်ဝန်းကျင်တွင် အမြဲတမ်း မိန်းမလှလေးများ ဝိုင်းရံနေသော်လည်း ရုပ်ရည်နှင့် ကိုယ်နေဟန်ထားအရဆိုလျှင် ရှောင်ရွှီပင်လျှင် မြောင်ရွှမ်ထက် တစ်ဆင့်နိမ့်နေဦးမည် ဖြစ်သည်။
“မိန်းကလေးတစ်ယောက်က ဘယ်လောက်ပဲ လှလှပပ မွေးဖွားလာပါစေ... အဆုံးမှာတော့ ကိုယ်ချစ်ရတဲ့သူဆီက အပြုံးတစ်ချက်ရဖို့အတွက်ပါပဲ။ ကံမကောင်းစွာနဲ့ပဲ သခင်လေးက မြောင်ရွှမ်ကို စိတ်ဝင်စားပုံမရဘူး”
“ငါကလည်း မင်းချစ်ရတဲ့သူမှ မဟုတ်တာ”
လုချန်က သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး ဓားမြှောင်ကို ခါးတွင် ပြန်ထိုးလိုက်ကာ ပြတင်းပေါက်အဟမှတစ်ဆင့် သေချာ စတင်စောင့်ကြည့်တော့သည်။ ဤမိန်းကလေးနှစ်ယောက် ဆောင်ကြာမြိုင်ထဲတွင် ဘာလာလုပ်နေသနည်းဆိုသည်ကို သူ သိချင်နေသည်။
လုချန်၏ အနောက်ဘက်တွင်တော့ လှပသော မျက်ဝန်းတစ်စုံက ဝိုင်သောက်ရင်း သူ့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး တစ်ခါတစ်ရံတွင် စူးစမ်းလိုစိတ်အချို့ကို ပြသနေသည်။
ဘေးခန်းထဲတွင် ယွီလီချင်းနှင့် ဟွာစစ်ဝေ့တို့က စကားမပြောကြပေ။ ယင်းအစား သူတို့၏ ဘေးဘက်ရှိ အခန်းထဲမှနေ၍ ယောကျ်ားများ၏ အော်ဟစ်သံများနှင့် မိန်းမများ၏ တခစ်ခစ် ရယ်မောသံများကို ရံဖန်ရံခါ ကြားနေရသည်။ အသံများက တဖြည်းဖြည်း ပိုကျယ်လာပြီး လုချန်ကတော့ ထိုအသံများမှာ အလွန်တရာ ညစ်ညမ်းလှသည်ဟု ခံစားနေရသည်။ ထိုအခန်းထဲတွင် ကိစ္စတစ်ခုခု ဖြစ်တော့မည်မှာ ထင်ရှားလှသည်။
ထိုအချိန်မှာပင် အမျိုးသမီးနှစ်ဦး မတ်တပ်ရပ်လိုက်ကြသည်။ ဟွာစစ်ဝေ့က သူမ၏ လက်လေးကို ခါယမ်းလိုက်ရာ အားပြင်းလှသော စိတ်ဝိညာဉ်ချီ ပေါက်ကွဲမှုတစ်ခု ထွက်ပေါ်လာပြီး အခန်းနှစ်ခန်းကြားရှိ နံရံကို ချက်ချင်းပင် တစ်စစီ ရိုက်ချိုးပစ်လိုက်သည်။
ကျိုးပဲ့သွားသော နံရံမှတစ်ဆင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးကို ဖရိုဖရဲ အဝတ်အစားများဖြင့် တွေ့လိုက်ရသည်။
ရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုကြောင့် ပြည့်တန်ဆာနှစ်ဦးမှာ အော်ဟစ်ကာ အဝတ်အစားများကို ကမန်းကတန်း ကောက်ဝတ်ပြီး ထွက်ပြေးသွားကြသည်။
အမျိုးသားမှာလည်း ဟွာစစ်ဝေ့ ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ပြာယာခတ်သွားပုံရသည်။
“ဘာလို့လဲ...”
ဟွာစစ်ဝေ့က မျက်ရည်များ ဝဲတက်လာကာ ကျယ်လောင်စွာ မေးလိုက်သည်။
“ကျိုးချွီ... ကျွန်မဂျူနီယာညီမလေးက ရှင် နယ်စပ်မှာ ရှိနေတယ်ထင်ပြီး ရှင့်ကို အထူးတလည် လိုက်ရှာဖို့အတွက်တောင် ရှင့်အပေါ် သစ္စာစောင့်သိခဲ့တာ။ ရှင်က ဒီမှာ ဆောင်ကြာမြိုင် လာတက်နေလိမ့်မယ်လို့ ကျွန်မ လုံးဝ မထင်ထားဘူး”
ယွီလီချင်း၏ လှပသော မျက်ဝန်းများတွင်လည်း ဒေါသများ ပြည့်နှက်နေပြီး အမျိုးသားကို စစ်မေးလိုက်သည်။
ဒီစကားကို ကြားလိုက်ရသောအခါ လုချန် သဘောပေါက်သွားပြီဖြစ်သည်။
သူ ဟွာစစ်ဝေ့နှင့် ယခင်က စကားပြောဖူးသည်လေ။ သူမက ခံတပ်မှာ သူ့ကို လာတွေ့ရတဲ့ အကြောင်းရင်းက သူမရဲ့ ချစ်သူကို လာရှာတာလို့ ပြောခဲ့ဖူးသည်။
ကြည့်ရတာ အပြစ်ကင်းတဲ့ ကောင်မလေးက လူယုတ်မာတစ်ယောက်နဲ့ တွေ့သွားပုံပင်။
နေပါဦး... တစ်ချိန်တည်းမှာ မိန်းမအများကြီးကို ကြိုက်တာက လူယုတ်မာလို့ သတ်မှတ်လို့ရလို့လား။
လုချန်က ခဏတာ ကြောင်အမ်းသွားပြီး ထိုမေးခွန်းကို သူ၏ စိတ်ထဲတွင် ချင့်ချိန်ကြည့်လိုက်သည်။
အဖြေတစ်ခုကို အလျင်အမြန် ရရှိသွားသည်။
၂၁ ရာစုမှာဆိုရင်တော့ ဟုတ်တယ်၊ ဒါပေမဲ့ ဒီမှာတော့ လုံးဝ မဟုတ်ဘူး...
ဒါပေမဲ့ လူအများကြီးကို ကြိုက်တာက လူယုတ်မာ မဟုတ်ဘူးဆိုပေမဲ့ ဆောင်ကြာမြိုင် သွားတာကတော့ မှားတယ်လေ... ဒါက လုံးဝကို မတူညီတဲ့ ကိစ္စနှစ်ခုပဲ...
ကျိုးချွီ အမည်ရသော အမျိုးသားမှာ အမျိုးသမီးနှစ်ဦး ရုတ်တရက် ပေါ်လာမှုကြောင့် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“ရယ်စရာကောင်းလိုက်တာ။ ငါ ဘာလုပ်လုပ် မင်းတို့နဲ့ ဘာဆိုင်လို့လဲ။ ဟွာဆိုတဲ့ ကောင်မ... မင်းနဲ့ငါကြားက ကိစ္စက ယာယီသာယာမှု သက်သက်ပဲ။ ငါ မင်းအပေါ် ဘာခံစားချက်မှ မရှိဘူး။ မင်းကသာ ငါ့ကို လိုက်ကပ်တွယ်နေခဲ့တာ... အခု ငါက စစ်ရေးစွမ်းဆောင်မှုအကြီးကြီးတွေ လုပ်ပြီး နန်းတွင်းအရာရှိတစ်ယောက် ဖြစ်နေပြီဆိုတော့ ငါ လုပ်ချင်တာကို လုပ်လို့ရပြီ။ မင်း သဘောမကျဘူးဆိုရင်လည်း ငါက ကွာရှင်းစာချုပ် ရေးပေးပြီး စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်လို့ ရတယ်လေ”
“ကျိုးချွီ... ရှင် ဘာပြောလိုက်တယ်”
ယွီလီချင်း၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားပြီး မျက်လုံးများ နီရဲနေပြီဖြစ်သော ဟွာစစ်ဝေ့ကို မသိစိတ်အရ လှမ်းကြည့်လိုက်သည်။
“ကျိုးချွီ... ရှင် ဒီကနေ့ ဒီနေရာကို ရောက်လာတာ ဘာကြောင့်လဲဆိုတာ မမေ့နဲ့နော်။ ဂျူနီယာညီမလေးကသာ ဆရာ့ကို သွားမတောင်းပန်ခဲ့ဘူးဆိုရင် အဲဒီတုန်းက ကိစ္စအတွက် ရှင် ကွပ်မျက်ခံရပြီးနေပြီ... လွန်ခဲ့တဲ့ တစ်နှစ်က ချင်းလွမ်တောင်အောက်မှာ ရှင် ရပ်နေခဲ့ရတဲ့ အချိန်ကို ရှင် မမှတ်မိတော့ဘူးလား”
“ဟွန့်... အဲဒါက လွန်ခဲ့တဲ့ တစ်နှစ်ကလေ။ အခုတော့ အခြေအနေတွေက မတူတော့ဘူး။ ငါက အရင်ကလို ဆင်းရဲသားလေး မဟုတ်တော့ဘူး၊ ပြီးတော့ ချင်းလွမ်တောင်ရဲ့ သဘောထားကိုလည်း ငါ ဂရုစိုက်နေစရာ မလိုတော့ဘူး”
ကျိုးချွီက မထီမဲ့မြင် ကြည့်လိုက်ပြီး အပျော်မယ်ခေါင်းဆောင်မိန်းမကြီးကို ခေါ်ကာ သူတို့ကို မောင်းထုတ်ခိုင်းလိုက်သည်။ ထို့အပြင် ဆောင်ကြာမြိုင်ထဲတွင် ချင်းလွမ်တောင်မှ တပည့်များကို တွေ့ရှိကြောင်းကိုလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်သေးသည်။
ဤအော်ဟစ်သံက ကျောက်ခဲတစ်လုံးက ရေပြင်ကို ဂယက်ထသွားစေသကဲ့သို့ပင် ပွဲကြည့်ပရိသတ် မရေမတွက်နိုင်အောင် ချက်ချင်း ရောက်လာစေခဲ့သည်။
ချင်းလွမ်တောင်ဆိုသည်မှာ ဟူတိုင်းပြည် ပြည်သူများ၏ နှလုံးသားထဲတွင် သန့်စင်ခြင်း၏ သင်္ကေတတစ်ခု ဖြစ်သည်။ သို့သော် ယခု ဆောင်ကြာမြိုင်တွင် ပေါ်လာသောအခါ လူများမှာ မအံ့သြဘဲ မနေနိုင်ကြတော့ပေ။
“ချင်းလွမ်တောင်အတွက်လည်း ဘဝက မလွယ်ကူတော့ဘူး ထင်ပါတယ်။ ရပ်တည်ဖို့ ခက်ခဲလာလို့ ပိုက်ဆံရှာဖို့ တောင်အောက်ကို တပည့်တွေ လွှတ်လိုက်တာ နေမှာပေါ့”
“ဒီမယ် မမကြီး... ဒီလောက်ကောင်းတဲ့ ကောင်မလေးတွေကို ဘယ်တုန်းက ရလိုက်တာလဲ။ ပျော်စရာလာရှာဖို့ ကျွန်တော်တို့ကိုတောင် မပြောဘူးနော်”
“ချင်းလွမ်တောင်က သန့်စင်ပြီး မြင့်မြတ်တယ်လို့ အမြဲတမ်း ထင်ခဲ့တာ... ဒီလိုမျိုးဖြစ်နေမယ်လို့တော့ မထင်ထားဘူး”
“ဟားဟားဟား... သူတို့ တကယ်ပဲ စားစရာ မရှိတော့ဘူးဆိုရင် တောင်တံခါးဝမှာ ဆိုင်းဘုတ်လေးတစ်ခု ထောင်ထားလိုက်ရုံပဲလေ။ စီးပွားရေး အရမ်းကောင်းမှာ သေချာတယ်”
လူအုပ်ကြားမှ ထိုကဲ့သို့သော အသံများ ထွက်ပေါ်လာသောအခါ ယွီလီချင်း၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားသည်။
လုချန်က ကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ စကားပုံတစ်ခုရှိသည်လေ။ အစွန်းရောက်မှုတွေက အဆုံးမှာ ဆုံတွေ့တတ်ကြတယ်တဲ့။
မိုးလင်းခါစက ချင်းလျန်မြို့မှ လူတိုင်းက သူတို့၏ လက်ရှိဘဝကို အဆုံးအစမရှိ ကျေနပ်နေကြသည့်အလား ပြုံးရွှင်နေကြသည်ကို သူ တွေ့ခဲ့ရသည်။ တကယ်တမ်း၌ ထိုအပြုံးများ၏ နောက်ကွယ်တွင် ပုံပျက်ပန်းပျက်ဖြစ်လုနီးပါး စိတ်ဓာတ်များ ရှိနေကြသည်။
စစ်ပွဲအတွင်းတွင် ငြိမ်းချမ်းရေးကို တောင့်တကြသလိုမျိုး၊ စားဝတ်နေရေး ပြည့်စုံလာသောအခါ သူတို့၏ နှလုံးသားထဲမှ အမှောင်တိုက်က ကြီးထွားလာပြီး ဖောက်ပြန်သော အရာများကို တောင့်တလာကြသည်။
ချင်းလျန်မြို့၏ လက်ရှိ သာယာဝပြောမှုက ချင်းလွမ်တောင်အပေါ် မှီခိုနေရသည်။ ချင်းလွမ်တောင်က ဤနေရာ၏ မဏ္ဍိုင်ကြီးဖြစ်သလို နှလုံးသား မည်းညစ်သူများ အပြိုလဲဆုံး ဖြစ်ချင်သည့် နေရာလည်း ဖြစ်သည်ဟု ဆိုနိုင်သည်။
ယခုအခါ ချင်းလွမ်တောင်နှင့်ပတ်သက်၍ ပြဿနာအရိပ်အယောင် အနည်းငယ် ပြလာသည်နှင့်တစ်ပြိုင်နက် လူတိုင်းက အတတ်နိုင်ဆုံး စိတ်ကူးယဉ်ကြပြီး အမှောင်မိုက်ဆုံး အလင်းရောင်ဖြင့် ပုံဖော်ကြတော့သည်။ အမှန်တကယ်တော့ ထိုသို့မဟုတ်ကြောင်းကို လူအများစုက ရင်ထဲတွင် သိနေကြသော်လည်းပင်။
သစ်ပင်မြင့်ရင် လေတိုက်ခံရမယ်၊ အစွန်းရောက်ရင် ဆုံတွေ့မယ်ဆိုတာက ထာဝရအမှန်တရားပဲလေ။
“ကြည့်စမ်း... ဒီကောင်မလေးနှစ်ယောက် မျက်နှာတွေ နီနေပြီ။ မရှက်ပါနဲ့... ဈေးသာပြောလိုက်။ ဒီသခင်ကြီးက ဒီည မင်းတို့နှစ်ယောက်လုံးကို ဧည့်ခံပေးနိုင်တယ်။ နဂါးတစ်ကောင်နဲ့ ဖီးနစ်နှစ်ကောင်ဆိုလည်း အဆင်ပြေပါတယ်ကွာ”
“ရှင် သေချင်နေတာလား”
ဤကဲ့သို့ စော်ကားခံရမှုမျိုးကို အသဘောအကောင်းဆုံး လူပင်လျှင် သည်းခံနိုင်မည် မဟုတ်ပေ။ အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာဆိုသည်မှာ အရာအားလုံးပင် ဖြစ်သည်။ ယွီလီချင်းက ထိုပါးစပ်သရမ်းသောလူကို ဆုံးမရန်အတွက် လက်နှစ်ဖက်ဖြင့် ရိုက်ချလိုက်သည်။
“ရိုင်းစိုင်းလိုက်တာ... ငါက ဒီက အရာရှိတစ်ယောက်ပဲ၊ မင်းတို့ကို ဒီလိုရမ်းကားခွင့် ဘယ်လိုလုပ်ပေးနိုင်မလဲ”
ကျိုးချွီက ဝင်ရောက်တားဆီးကာ ယွီလီချင်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည်။
“ကျိုးချွီ... ရှင် အရှက်မရှိဘူးလား”
ယွီလီချင်းက ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသည်။
လွန်ခဲ့သည့် တစ်နှစ်က ကျိုးချွီ၏ မိသားစုမှာ ကြီးမားသော အပြောင်းအလဲတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး သူက လုပ်ကြံခံရကာ အလိုက်ခံခဲ့ရသည်။ မူလက ချင်းလွမ်တောင်က ဟူတိုင်းပြည်၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်မည် မဟုတ်သော်လည်း ဟွာစစ်ဝေ့၏ အသည်းအသန် တောင်းပန်မှုကို မလွန်ဆန်နိုင်ခဲ့ပေ။ သူမက ဂိုဏ်းချုပ်၏ တံခါးရှေ့တွင် သုံးရက်သုံးညတိတိ ဒူးထောက်တောင်းပန်ခဲ့ရာ အဆုံးတွင် ဂိုဏ်းချုပ်က သဘောတူလိုက်ပြီး ကျိုးချွီ၏ မိသားစုကို ကယ်တင်ရန် လူလွှတ်ပေးခဲ့သည်။
ထိုမတိုင်မီက ကျိုးချွီက ဟွာစစ်ဝေ့ကို တောင်းပန်ခဲ့ပြီး တစ်သက်တာ သစ္စာအဓိဋ္ဌာန်ပြုခဲ့သည်။ ကျိုးချွီ၏ ယနေ့အောင်မြင်မှုသည် ချင်းလွမ်တောင်၏ ကျေးဇူးကြောင့်ဟု ဆိုနိုင်သည်။
သို့သော် ယနေ့တွင် သူက ချင်းလွမ်တောင်ကို တက်ကြွစွာ စော်ကားပုတ်ခတ်နေသူ ဖြစ်နေပြီး သူကိုယ်တိုင်ပင် ဝင်ရောက်တိုက်ခိုက်နေသည်။ ဤသည်မှာ ကျေးဇူးကန်းခြင်း၏ အထွတ်အထိပ်ပင် ဖြစ်သည်။
*