လမ်းမပေါ်တွင် လုချန်က လက်နှစ်ဖက်ကို အဆက်မပြတ် လွှဲကာ ရှေ့မှ လျှောက်သွားနေသည်။
‘ချီးတဲ့မှပဲ... လေ့ကျင့်ခန်း နည်းနည်းလုပ်လိုက်တာနဲ့ ကြွက်သားတွေအကုန် နာကျင်နေပြီ။ ငါ တကယ် အသက်ကြီးနေပြီ ထင်တယ်’
“စတုတ္ထဆရာဦးလေး... ကျေးဇူးတင်ပါတယ်”
ဟွာစစ်ဝေ့က မျက်ရည်များ ဝဲနေသော သူမ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပြောလိုက်သည်။
“ရပါတယ်ကွာ”
လုချန်က ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် အခြားစီနီယာအစ်မများ ဘယ်ရောက်သွားသလဲဟု နောက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
“သူတို့ အရင်ပြန်သွားကြပြီ”
“ကောင်းပြီလေ။ မင်းတို့နှစ်ယောက် ဒီည ဒီမှာပဲ နားလိုက်ပြီး မနက်ဖြန် စောစောပြန်ကြ။ နောက်ရက်အနည်းငယ်နေရင် ငါ့ကို လာအားပေးကြဖို့ သတင်းပါးလိုက်ဦး”
“လာအားပေးဖို့လား”
“အေးလေ။ ငါ တည်းခိုခန်းဖွင့်မယ်လို့ ပြောထားတယ် မဟုတ်လား။ မင်းတို့တွေ အများကြီး လာလေလေ၊ နေရာက ပိုစည်ကားလေလေ၊ စီးပွားရေးလုပ်ရတာ ပိုလွယ်လေလေပဲပေါ့”
“ဆရာဦးလေး... ဆရာဦးလေးရဲ့ တည်းခိုခန်းမှာ အရသာရှိတဲ့ အစားအသောက်တွေ ရမှာလား”
ဟွာစစ်ဝေ့၏ မျက်လုံးဝိုင်းကြီးများက တောက်ပသွားပြီး သူမ၏ ဝမ်းနည်းမှုများမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“သေချာပေါက် ရမှာပေါ့။ မင်းတို့ကို ငါ ဒကာခံမယ်”
“ရေး...”
ဟွာစစ်ဝေ့က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“အစားပုတ်မလေး”
ယွီလီချင်းက သူမ၏ ခေါင်းလေးကို အချစ်ပိုစွာဖြင့် ပုတ်လိုက်သည်။ သူမ၏ ဂျူနီယာညီမလေးက တကယ့်ကို ကလေးစိတ် မကုန်သေးပေ။
သူတို့နှစ်ဦးကြားရှိ အသက်ကွာဟမှုအရဆိုလျှင် ယွီလီချင်းက သူမ၏ မိခင်အရွယ်နီးပါးပင် ရှိနေပြီဖြစ်သည်။
သူတို့သုံးယောက် ညအိပ်ရန် တည်းခိုခန်းတစ်ခုကို ရှာခဲ့သည်။ နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် လုချန်က စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်တဆိတ် ထွက်လာခဲ့ပြီး နေရာရှာဖွေမှုများကို ဆက်လက်လုပ်ဆောင်နေသည်။
နေရာရှာဖွေနေစဉ်အတွင်း မနေ့ညက ဆောင်ကြာမြိုင်အကြောင်း ပြောဆိုနေကြသည်ကို သူ ကြားလိုက်ရသည်။ သခင်လေးကျိက မြောင်ရွှမ်၏ ဂုဏ်ထူးဆောင် ဧည့်သည်ဖြစ်သွားခဲ့ပြီး ထိုနာမည်ကြီး အလှလေးကို အချိန်ကြာမြင့်စွာ တောင့်တနေခဲ့ကြသော မြို့ထဲရှိ အမျိုးသားတိုင်း၏ မနာလိုမှုကို ခံနေရကြောင်း သိလိုက်ရသည်။
ချင်းလွမ်တောင်မှ တပည့်များကို ဆောင်ကြာမြိုင်တွင် တွေ့လိုက်ရသည်ဆိုသော ကောလာဟလမှာလည်း အလျင်အမြန်ပင် ချေပခံလိုက်ရသည်။
မဟာစစ်သူကြီးရှေ့မှ တပ်ဦးစစ်သည်တစ်ဦးက ကြမ်းပြင်ထဲသို့ ခေါင်းစိုက်ဝင်သွားသည်အထိ ရိုက်နှက်ခံလိုက်ရသည်။
ထိုသတင်းကတော့ လုချန်အကြောင်းပင် ဖြစ်သည်။
တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပြောဆိုနေကြရာမှ လုချန်မှာ လူပုံစံပေါက်နေသော သားရဲကြီးတစ်ကောင်၊ ယုံကြည်နိုင်လောက်စရာ မရှိအောင် ရက်စက်ကြမ်းကြုတ်လွန်းသော ခန္ဓာကိုယ်ကြီးမားသည့် လူရိုင်းကြီးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
လုချန်က ကြားရုံသာ ကြားလိုက်ပြီး ရယ်မောလိုက်ရုံသာ ရှိသည်။
‘ကံကောင်းတဲ့ ယုန်ပေါက်လေး။ ငါ့ရဲ့ စက်သေနတ်ကြီးပြီးသွားရင်တော့ သူ့ကို ဒက်ဒက်ဒက်...ဆိုပြီး စက်သေနတ်ပစ်ခတ်မှုနဲ့ အံ့သြသွားအောင် လုပ်ပေးမယ်...’
တကယ်တမ်းတော့ ဤစွမ်းရည်များအပြင် လုချန်တွင် ပင်မမစ်ရှင်မှ ဆုလာဘ်အဖြစ် ရရှိထားသော ကျင့်စဉ်တစ်ခုလည်း ရှိသေးသည်။
[စနစ်တကျ သိုင်းပညာရပ် ကျမ်းစာအုပ်]
သို့သော်လည်း ၎င်းကို ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ထိုကျွမ်းကျင်မှုကို အသုံးမပြုဘဲ မြှုပ်နှံထားရန် သူ ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ ၎င်းက အလွန်အမင်း အဓိပ္ပာယ်မရှိလွန်းသောကြောင့်ပင်။ ၎င်းကို အသုံးပြုလိုက်မည်ဆိုလျှင် [ကောင်ဆိုးလေးရဲ့ ခြေကလိမ်ထိုးခြင်း] ထက်ပင် သူ၏ ပုံရိပ်ကို ပိုမို ဆိုးရွားစွာ ပျက်စီးသွားစေမည် ဖြစ်သည်။
မွန်းလွဲပိုင်းတွင်တော့ နေရာတစ်ခုကို သူ အတည်ပြုလိုက်နိုင်ပြီ ဖြစ်သည်။ လူစည်ကားသော လမ်းမကြီးပေါ်တွင် တည်ရှိပြီး ကျယ်ဝန်းသော မျက်နှာစာနှင့် နှစ်ထပ်အဆောက်အအုံ ဖြစ်ကာ အရွယ်အစားလည်း ကွက်တိပင်။ အကောင်းဆုံးအချက်မှာ အရှေ့ဘက်တွင် ကျယ်ဝန်းသော ရင်ပြင်တစ်ခုရှိနေခြင်းဖြစ်ပြီး လူတန်းစီရန်အတွက် အလွန်သင့်တော်လှသည်။
ရွေးချယ်မှု ပြီးဆုံးသွားသောအခါ စိတ်ဝိညာဉ်ကျောက်တုံးများ အဆက်မပြတ် အသုံးပြုကာ စာရွက်စာတမ်း ကိစ္စများကို ချောမွေ့စွာ ဖြေရှင်းလိုက်သည်။ အမြဲတမ်း ပြတ်သားလေ့ရှိသော လုချန်က မြေဂရန်ကို အပြီးအပိုင် ဝယ်ယူလိုက်သည်။ သူက တတ်နိုင်သည်လေ။
တံခါးရှေ့တွင် ရပ်နေရင်း သူက သက်ပြင်းရှည်ကြီးတစ်ခုကို ဖြည်းညင်းစွာ ချလိုက်သည်။ ဤနေရာက သူ၏ အခြေစိုက်စခန်း ဖြစ်လာမည်ဖြစ်ပြီး ဤနေရာမှနေ၍ မဟာတောရိုင်းနယ်မြေ၏ အရာအားလုံး စတင်တော့မည် ဖြစ်သည်။
သူ အထဲသို့ ဝင်သွားလိုက်သည်။ ထင်ထားသလို ဖုန်တက်နေခြင်းမျိုး မရှိဘဲ နေရာက သပ်ရပ်နေသည်။ ဆိုင်ခန်းက မကြာသေးမီကမှ လက်ပြောင်းလက်လွှဲ လုပ်ထားခြင်းဖြစ်ပုံရသည်။
“သခင်လေး... ဆိုင်ခန်းဖွင့်မလို့လား။ အလှဆင်ဖို့ရော လိုသေးလား”
လုချန် ဝင်လာသည်နှင့်တစ်ပြိုင်နက် အမျိုးသားတစ်ဦးက သူ့ကို လာရောက် စကားပြောလေသည်။
“စိတ်မဝင်စားဘူး”
လုချန်က သူ့ကို လက်ဝှေ့ယမ်းပြလိုက်သည်။
“သခင်လေး... ကျွန်တော်တို့ဆီမှာ မြို့ထဲက အကောင်းဆုံး လက်သမားတွေ ရှိတယ်။ ရလဒ်ကောင်းဖို့ အာမခံပါတယ်”
“တကယ် မလိုပါဘူး”
သူက စနစ်၏ အလှဆင်မှုများကို အသုံးပြုရန် စီစဉ်ထားပြီးဖြစ်သည်။
“သခင်လေး... ဈေးနှုန်းတွေကို ညှိနှိုင်းလို့ရပါတယ်။ ဘယ်သူမှ ကျွန်တော်တို့လောက် ကျွမ်းကျင်မှု မရှိပါဘူး”
“ကျေးဇူးပါပဲ... ဒါပေမဲ့ တကယ် မလိုအပ်လို့ပါ”
ထိုအမျိုးသားက အဆက်မပြတ် အရောင်းမြှင့်တင်ရေး စကားများကို ပြောဆိုနေပြီး ဆယ်ကြိမ်ထက်မက ငြင်းပယ်ခံရပြီးနောက်မှသာ နောက်ဆုတ်သွားတော့သည်။
အပြင်ရောက်သွားသောအခါ သူ၏ ယဉ်ကျေးသော မျက်နှာဖုံးက ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ တံတွေးထွေးချလိုက်သည်။
“ဒီမောက်မာပြီး ဆင်းရဲတဲ့ကောင်က သူ့ကိုယ်သူ ဘာကောင်မှတ်နေလဲ။ ဆေးသုတ်ဖို့တောင် ပိုက်ဆံမရှိတဲ့ကောင်က”
အမျိုးသားက လမ်းမတစ်လျှောက် လျှောက်သွားပြီး အိမ်တစ်လုံးထဲသို့ ဝင်သွားသည်။ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက သူ့ကို လာကြိုလေသည်။
“ငွေရှင်ကြေးရှင်ကြီးက ငါတို့ကို သဘောမကျဘူးတဲ့”
“သဘောမကျဘူး ဟုတ်လား”
သူမက မဲ့ပြုံးပြုံးလိုက်သည်။
“ရဲတင်းလှချည်လား... သူက ဘယ်လိုကောင်မို့လို့ ငါတို့ကို အထင်သေးရတာလဲ”
“ပိုက်ဆံမရှိတဲ့ ကောင်လေးတစ်ယောက်ပါ”
“လာခဲ့... ငါတို့ သူ့ကို ပညာပြပေးရမယ်...”
သူမက ဒေါသတကြီးဖြင့် အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။
သူ ရန်သူတွေ ဖန်တီးမိနေပြီဆိုသည်ကို မသိလိုက်သော လုချန်ကတော့ အလှဆင်ခြင်း မီနူးကို ဖွင့်လိုက်ရာ ယခင်က မီးခိုးရောင်ဖြစ်နေသော ရွေးချယ်စရာများက ယခုအခါ လင်းလက်နေပြီဖြစ်သည်ကို မြင်လိုက်ရသည်။ ၎င်းတို့မှာ ပြီးစီးခဲ့သော မစ်ရှင်များမှ ရရှိထားသည့် ဆုလာဘ်များ ဖြစ်သည်။
‘စားပွဲအသေး ရှစ်လုံး၊ အကြီး သုံးလုံး... ဒီထက်ပိုရင် ငါ မနိုင်တော့ဘူး။ ဟော့ပေါ့စားဖို့ စားပွဲအကြီးတွေကို နေရာချမယ်။ ငါ့အတွက် ပြတင်းပေါက်နားမှာ လက်ဖက်ရည်စားပွဲလေး တစ်လုံး... အထာဖမ်းဖို့ ကွက်တိပဲ။ အရင်ကြမ်းခင်းကြွေပြား ဒီဇိုင်းပဲ သုံးမယ်၊ စားပွဲတွေရဲ့ အရည်အသွေးကိုတော့ အဆင့်မြှင့်လိုက်မယ်။ ဟို လှေကားကတော့ အထာဖမ်းဖို့အတွက် အဖိုးတန်ရတနာလေးပဲ... သေချာပေါက် သုံးရမယ်။ ကာကွယ်ရေးစနစ်တွေကိုလည်း မြှင့်တင်ရမယ်...’
သူက သူ၏ စိတ်ထဲတွင် အပြင်အဆင်များကို စဉ်းစားနေစဉ် စူးရှသောအသံတစ်ခုက သူ၏ အာရုံစူးစိုက်မှုကို ဖျက်ဆီးပစ်လိုက်သည်။
“ငါတို့ကို အထင်သေးတဲ့ကောင်က ဘယ်ကောင်လဲ... အခု ထွက်ခဲ့စမ်း...”
စူးရှကျယ်လောင်သော အသံပိုင်ရှင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး အတင်းဝင်လာပြီး သူ၏ အတွေးများကို ဖရိုဖရဲ ဖြစ်သွားစေသည်။
“ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားကို ဘယ်သူက အထဲပေးဝင်တာလဲ”
“မင်းက ငါတို့ရဲ့ လက်သမားအလုပ်ကို အထင်သေးတဲ့ကောင်ပေါ့လေ”
သူမက သူ့ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။
“တောသားတစ်ယောက်လို ဝတ်ထားပြီးတော့များ မောက်မောက်မာမာ လုပ်နေသေးတယ်။ သွားပြီး သေးပေါက်ပြီး ကိုယ့်ရုပ်ကိုယ် သေးခွက်ထဲ ပြန်ကြည့်လိုက်စမ်းပါ...”
“ခင်ဗျား ရူးနေလား။ ခင်ဗျားကို ကျုပ် မသိဘူး... ထွက်သွား”
“ဟက်... ငါ့ကို ထွက်သွားအောင် လုပ်ကြည့်လေ။ ဆင်းရဲတဲ့ ကောင်စုတ်လေး”
သူမက ရင်ဘတ်ပေါ် လက်ပိုက်လိုက်ပြီး ဘယ်မှ မသွားတော့မည့်ဟန် ပြလိုက်သည်။
“ကျုပ်မှာ ပိုက်ဆံရှိတာ မရှိတာ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ဒီနေရာက ကျုပ် ပိုင်တဲ့နေရာ... ထွက်သွား၊ မဟုတ်ရင် အစောင့်တွေကို ခေါ်လိုက်မယ်”
“ခေါ်လိုက်လေ... ငါ စိန်ခေါ်တယ်။ ဘယ်အစောင့်ကများ ငါ့ကို ထိရဲလဲ ကြည့်ရသေးတာပေါ့...”
ပွဲကြည့်ပရိသတ်တွေအတွက်တော့ သူမရဲ့ ရန်လိုနေတဲ့ အပြုအမူက လုချန်ကပဲ သူမကို ရန်စခဲ့သလို ထင်ရစေသည်။
“ခင်ဗျား ဘာပြဿနာရှိနေတာလဲ”
သူက မျက်မှောင်ကြုတ်လိုက်ပြီး ကွန်ဘိုစွမ်းရည် သုံးလိုက်ရမလားဟု စဉ်းစားနေသည်။
“ငွေမရှိတဲ့ ကောင်စုတ်လေး... လက်သမားတောင် မငှားနိုင်ရင် ဆိုင်မဖွင့်နဲ့။ မြို့အပြင်ဘက် သွားပြီး လယ်သွားလုပ်”
“အရူးမ... ထွက်သွားစမ်း...”
သူက သူမကို တံခါးခုံအပြင်ဘက်သို့ တွန်းထုတ်လိုက်ရာ သူမက ချက်ချင်းပင် စတင်အော်ဟစ်တော့သည်။
“လာကြည့်ကြပါဦးရှင်... ဆင်းရဲသားတစ်ယောက်က လက်သမားတောင် မငှားနိုင်ဘဲ ဆိုင်လာဖွင့်နေတယ်။ ဒီစုတ်ပြတ်သတ်နေတဲ့ နေရာကို သပိတ်မှောက်ကြ...”
သူမ၏ ကျယ်လောင်စွာ ဆဲဆိုအော်ဟစ်မှုကြောင့် လူအုပ်ကြီး ရောက်လာခဲ့သည်။
တစ်စုံတစ်ယောက်က ဘာဖြစ်တာလဲဟု မေးလိုက်သည်။
“ဒီကောင်လေးက သစ်သားအလုပ်တွေအတွက် ပိုက်ဆံမပေးနိုင်ဘူးလေ။ ဒီနေရာက အသုံးမကျတဲ့ နေရာဖြစ်သွားတော့မှာပဲ။ ဒီလို နေရာကောင်းကြီးက နှမြောစရာကြီးဟယ်”
*