ချင်းလျန်မြို့၏ စာရင်းအင်းစစ်ဆေးရေးရုံးအတွင်းသို့ သူဌေးအသွင်အပြင် ဝတ်ဆင်ထားသော ဗိုက်ရွှဲရွှဲ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဝင်ရောက်လာသည်။
“သူဌေးဝမ်... လာပါ လာပါ”
စာရင်းအင်းစစ်ဆေးရေးရုံး၏ တာဝန်ခံက လူဝကြီးကို မြင်သည်နှင့် ချက်ချင်းပင် သွားရောက်ကြိုဆိုလေသည်။
“သခင်ကြီးလုံ... ပြီးခဲ့တဲ့အကြိမ်က ကျွန်တော်တို့ သဘောတူထားတဲ့ ဆိုင်ခန်းကို ဝယ်ဖို့ ဒီနေ့ ကျွန်တော် လာခဲ့တာပါ။ ဒီမှာ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ့သုံးဆယ်... ကျွန်တော်တို့ သဘောတူထားတဲ့ ဈေးနှုန်းပါပဲ”
သူဌေးဝမ်ဟု ခေါ်သော လူလတ်ပိုင်းအမျိုးသားက သူ၏လက်ချောင်းများကို အင်္ကျီလက်စဖြင့် ဖုံးကွယ်ကာ လက်လှမ်းပေးလိုက်ပြီး သခင်ကြီးလုံ၏ အင်္ကျီလက်စအတွင်း၌ လက်ဟန်ခြေဟန်တစ်ခု ပြုလုပ်လိုက်သည်။
“သူဌေးဝမ်... စိတ်ချပါ၊ ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။ ခင်ဗျားအတွက် အားလုံး စီစဉ်ထားပြီးပါပြီ”
စာရင်းအင်းစစ်ဆေးရေးရုံး တာဝန်ခံက ပြန်ဖြေလိုက်သည်။
“ဒါဆို သခင်ကြီးလုံကိုပဲ ဒုက္ခပေးရတော့မယ်။ ကိစ္စပြီးသွားရင် ကျွန်တော် ကတိပေးထားတဲ့အတိုင်း သေချာပေါက် လုပ်ပေးပါ့မယ်”
“အားနာစရာတွေ ပြောနေပြန်ပါပြီ... ပြောနေပြန်ပါပြီ”
သခင်ကြီးလုံက ပြုံးလိုက်ပြီး မြေယာပိုင်ဆိုင်မှု စာချုပ်စာတမ်းများကို စတင်လှန်လှောရှာဖွေတော့သည်။
“ဟင်... ဒီနားတင် ရှိနေတာလေ၊ ဘယ်လိုလုပ်ပြီး ရှာမတွေ့တော့တာလဲ။ ရှောင်ချီ... မြို့လယ်က ဆိုင်ခန်းရဲ့ ဂရန်ကို မင်း မြင်လိုက်သေးလား”
သခင်ကြီးလုံက အချိန်အတော်ကြာ ရှာဖွေနေသော်လည်း ဂရန်၏ အရိပ်အယောင်ကိုမျှ မတွေ့ရပေ။ သူက နောက်ဘက်အခန်းဆီသို့ လှမ်းအော်လိုက်ရာ လက်ထောက်ပုံပေါက်သော လူငယ်လေးတစ်ဦး ထွက်လာသည်။
“သခင်ကြီး... မြို့လယ်က စတုရန်းမီတာ နှစ်ရာကျယ်တဲ့ ဆိုင်ခန်းကို ပြောတာလား”
“အေး ဟုတ်တယ်”
“အဲဒါ လွန်ခဲ့တဲ့ နာရီဝက်လောက်က ရောင်းလိုက်ရပြီလေ။ သခင်လေးတစ်ယောက် ဝယ်သွားတာ”
“ရောင်းလိုက်ပြီ”
စာရင်းအင်းစစ်ဆေးရေးရုံးမှ သခင်ကြီးလုံ ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။
“အဲဒီဆိုင်ကို ရောင်းဖို့ မင်းကို ဘယ်သူက ခိုင်းလို့လဲ”
ရှောင်ချီက အခြေအနေ မဟန်တော့သည်ကို မြင်လိုက်ရသဖြင့် ခါးသီးစွာ ပြုံးလိုက်သည်။
“သခင်ကြီး... ကျွန်တော်မျိုး မသိပါဘူး။ ဆိုင်လာဝယ်တဲ့သူရှိရင် မရောင်းစရာ အကြောင်းမှ မရှိတာ”
သခင်ကြီးလုံ၏ မျက်နှာပေါ်တွင် အမူအရာအမျိုးမျိုး ဖြတ်ပြေးသွားပြီးနောက် စားပွဲကို ဘန်းခနဲ ရိုက်ချလိုက်သည်။ ရှောင်ချီကို အပြစ်တင်၍မရကြောင်း သူသိသည်။ မည်သို့ပင်ဆိုစေကာမူ သူက ဆိုင်ကို အချိန်တိုအတွင်း အဝယ်ခံရလိမ့်မည်မဟုတ်ဟု ထင်ကာ ညွှန်ကြားချက်များ ချန်ထားခဲ့ခြင်း မရှိပေ။
“သခင်ကြီးလုံ... ဆိုင်လည်း ရောင်းလိုက်ရပြီဆိုတော့ ဝမ်ကပဲ အနှောင့်အယှက် ပေးမိသွားပြီ။ ပြီးခဲ့တဲ့အကြိမ်က ကျွန်တော်တို့ ပြောခဲ့တာတွေကို မေ့လိုက်ကြတာပေါ့”
သူဌေးဝမ်က သူ၏ အင်္ကျီလက်စကို ခါလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
“သူဌေးဝမ်... နေပါဦး။ ဆိုင်ကို လွန်ခဲ့တဲ့ နာရီဝက်ကမှ ရောင်းလိုက်ရတာပါ။ ခင်ဗျားနဲ့ကျုပ် အဲဒီလူငယ်လေးကို သွားရှာရင် ပြန်ဝယ်လို့ ရနိုင်ပါသေးတယ်”
ထိုသူနှစ်ဦးက စာရင်းအင်းစစ်ဆေးရေးရုံးမှ ထွက်လာပြီး မြို့လယ်ရှိ ဆိုင်ခန်းဆီသို့ အတူတူ သွားကြသည်။ သူတို့ မရောက်မီမှာပင် ဆိုင်အထဲနှင့် အပြင်တွင် လူအုပ်ကြီး စုရုံးနေသည်ကို တွေ့လိုက်ရသည်။ ဘာဖြစ်တာလဲဟု မေးကြည့်လိုက်သောအခါ လက်သမားလီ၏ ဇနီး အော်ဟစ်နေသည်ကို ကြားပြီး ပွဲလာကြည့်ကြခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
“ဆိုင်တော့ ဝယ်နိုင်တယ်... လက်သမားကျတော့ မငှားနိုင်ဘူး ဟုတ်လား”
သခင်ကြီးလုံနှင့် သူဌေးဝမ်တို့က အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
“လာ... ဖယ်ပေးကြစမ်း၊ ငါ့ကို ဝင်ခွင့်ပေးကြစမ်း”
သခင်ကြီးလုံက သူ၏ အရာရှိဟန်ပန်ကို ဖမ်းကာ လူအုပ်ကြီးကို ထိုးခွဲဝင်ရောက်သွားသည်။
လူအုပ်ကြားထဲတွင် အမျိုးသမီးတစ်ဦးက အဆက်မပြတ် အော်ဟစ်နေသည်ကို ကြားနေရသည်။
“လူတွေ လာကြည့်ကြပါဦးရှင်... ဒီဆင်းရဲသားလေးကို ကြည့်ကြပါဦး။ လက်သမားတောင် မငှားနိုင်ဘဲနဲ့ ဆိုင်လာဖွင့်နေတယ်။ သူက ဘာလုပ်ဖို့ ဟန်ဆောင်နေတာလဲ။ အမြန်ဆုံး အထုတ်သိမ်းပြီး ထွက်သွားတာ ကောင်းမယ်...”
လူလတ်ပိုင်းအမျိုးသမီးက လုချန်ကပဲ သူမကို အလွန်အမင်း စော်ကားထားသည့်အလား အဆက်မပြတ် အော်ဟစ်နေသည်။
လုချန်က သူမကို စိုက်ကြည့်လိုက်ရာ သူမ၏အနောက်တွင် ရပ်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူက သူ့ကို လက်သမားငှားမလားဟု ဆယ်ကြိမ်ထက်မက ထပ်ခါတလဲလဲ လာမေးခဲ့သော အမျိုးသားပင် ဖြစ်သည်။ ဘာတွေဖြစ်နေလဲဆိုတာကို သူ ချက်ချင်း သဘောပေါက်သွားသည်။
သူမမိသားစုရဲ့ လက်သမားကို မငှားချင်ရုံလေးနဲ့ သူမက မကျေမနပ် ဖြစ်နေတာပေါ့လေ။ သူ့ကို ဒီနေရာမှာ လာပြီး ရွှံ့တွေနဲ့ ပက်နေတာပဲ...
လူအုပ်ထဲမှ သခင်ကြီးလုံနှင့် သူဌေးဝမ်တို့က ရှေ့ဆုံးသို့ တိုးဝင်လာပြီး လုချန်ကို ချက်ချင်း မြင်လိုက်ရသည်။ နှစ်ယောက်စလုံးက မျက်စိလျင်သူများဖြစ်ကြရာ လုချန်ကို ခေါင်းအစ ခြေအဆုံး တစ်စက္ကန့်မျှ အကဲခတ်ကြည့်လိုက်ရုံဖြင့် သူ၏ ဝတ်စားဆင်ယင်မှုကို သိမြင်နိုင်ကြသည်။
“ညီလေး... ကျုပ်က စာရင်းအင်းစစ်ဆေးရေးရုံးက လုံဇီရှန်းပါ။ ဒါက သူဌေးဝမ်တဲ့... သူက မင်းကို ပြောစရာရှိလို့တဲ့”
“ညီလေး... ဒီက အခြေအနေကို ကြည့်ရတာ ဒီဆိုင်ကို ကျုပ်ဆီ ပြန်ရောင်းလိုက်ပါလား။ မင်း ဝယ်ခဲ့တဲ့ဈေးထက် အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ် ပိုပေးမယ်လေ။ အဲဒီလိုဆိုရင် မင်းမှာ လက်သမားငှားဖို့ ပိုက်ဆံရသွားပြီပေါ့။ ဘယ်လိုလဲ”
ထိုသူနှစ်ဦးက လုချန်အနားသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်။
“အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးဆယ်။ အဲဒါက ငါ့မိသားစုရဲ့ လက်သမားခကို ပေးဖို့တောင် မလောက်ပါဘူးအေ”
လူလတ်ပိုင်းအမျိုးသမီးက မျက်လုံးလှန်ကြည့်ကာ မထီမဲ့မြင် ပြောလိုက်သည်။
“ညီလေး... ကျုပ်ရဲ့ အကြံပြုချက်ကို ဘယ်လိုသဘောရလဲ”
သူဌေးဝမ်က လုချန်ကို ကြည့်လိုက်သည်။
“ဆောရီးပဲ... မရောင်းဘူး”
လုချန်က ခေါင်းအနည်းငယ် ခါယမ်းလိုက်ပြီး လူလတ်ပိုင်းအမျိုးသမီးကို လှည့်ပြောလိုက်သည်။
“ဒီမှာ လူတွေ အများကြီးရှိနေတော့ ခင်ဗျားကို ကျုပ် ပြောပြမယ်။ ကျုပ်က လက်သမား မငှားနိုင်တာ မဟုတ်ဘူး၊ ခင်ဗျားတို့ မိသားစုရဲ့ လက်သမားအလုပ်ကို တကယ် အထင်သေးလို့ပဲ”
“ငါ့မိသားစုကို အထင်သေးတယ် ဟုတ်လား”
ဤစကားကြောင့် လူလတ်ပိုင်းအမျိုးသမီးမှာ ချက်ချင်းပင် ဒေါသထွက်သွားသည်။
“ကောင်စုတ်လေး... ဘာအကြောင်းပြချက်နဲ့လဲ”
“အထင်သေးတာက အထင်သေးတာပဲ။ လက်သမားအလုပ်အတွက် ကျုပ်ရဲ့ လိုအပ်ချက်က အနည်းဆုံး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖိုးပဲ။ ခင်ဗျားတို့ မိသားစုရဲ့ အလုပ်က အဲဒီလောက်တန်ဖိုးရှိတယ်လို့ ခင်ဗျား ထင်နေလား”
“ရယ်စရာကောင်းလိုက်တာ... ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖိုးတဲ့လား။ နှုတ်ကျွံသွားမှာကို မကြောက်ဘူးလား”
လူလတ်ပိုင်းအမျိုးသမီးက လုချန်၏ စကားကို တစ်စက္ကန့်မျှပင် မယုံကြည်ပေ။
“မင်းမှာ စွမ်းဆောင်နိုင်ရည်ရှိရင် အဲဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ထုတ်ပြစမ်းပါဦး။ မင်းမှာ တကယ်ပဲ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် ရှိမရှိဆိုတာကို လူတိုင်းကို ပြလိုက်စမ်းပါ။ ဒီနေရာမှာ လာပြီး ဟန်ဆောင်မနေနဲ့...”
“ကျုပ်က ဘာကိစ္စ ခင်ဗျားကို ထုတ်ပြရမှာလဲ။ ခင်ဗျားက တန်တယ်လို့ ထင်ရင် ခင်ဗျားရဲ့ လက်သမားကို အခုပဲ သွားခေါ်လိုက်လေ။ ခင်ဗျားတို့ မိသားစုမှာ အရည်အချင်းမရှိဘူးလို့ ထင်ရင်တော့ ဒီကနေ အမြန်ထွက်သွားတော့...”
“ကောင်စုတ်လေး... မင်းက ငါ့ကို လူလည်ကျနေတာပဲ။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆိုတဲ့ ပမာဏကိုရော မင်း နားလည်ရဲ့လား”
“ကျုပ်က ခင်ဗျားတို့ မိသားစုမှာ အလှဆင်ဖို့ အရည်အချင်း ရှိမရှိ မေးနေတာ။ မရှိရင် ထွက်သွား...”
“ဟားဟား...”
လူလတ်ပိုင်းအမျိုးသမီးက နှစ်ချက်မျှ ရယ်မောလိုက်ပြီး ပွဲကြည့်ပရိသတ်များကို အော်ပြောလိုက်သည်။
“အားလုံးပဲ ကြားကြရဲ့လား။ ဒီကောင်လေးက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖိုးရှိတဲ့ လက်သမားအလုပ်ကို လုပ်ချင်တယ်တဲ့။ အားလုံးပဲ သက်သေလုပ်ပေးကြပါ... သူက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တန်တဲ့ လက်သမားအလုပ်ကို ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ ကျွန်မ ကြည့်ချင်သေးတယ်”
အော်ဟစ်ပြီးနောက် လူလတ်ပိုင်းအမျိုးသမီးက လုချန်ဘက်သို့ ပြန်လှည့်လာသည်။
“ကောင်စုတ်လေး... အလှဆင်တာကို ဘယ်နှစ်ရက်အတွင်း ပြီးအောင် လုပ်ဖို့ စီစဉ်ထားလဲ။ ငါးရက်လား။ ဆယ်ရက်လား”
“ကျုပ် ဘယ်နှစ်ရက် အချိန်ယူယူ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ ကျုပ်က ခင်ဗျား ဒီအလုပ်ကို လက်ခံမလားလို့ပဲ မေးနေတာ။ လက်မခံရင် ဒီမှာ လာဟောင်မနေနဲ့တော့...”
“ငါ့မိသားစုက လက်သမားအလုပ် လုပ်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ စတုရန်းမီတာ နှစ်ရာကျယ်တဲ့ ဆိုင်ခန်းတစ်ခုအတွက် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ဖိုး ကုန်တဲ့ လက်သမားအလုပ်ဆိုတာ ငါ တစ်ခါမှ မကြားဖူးဘူး...”
“ဒါဆို ခင်ဗျားက လက်မခံဘူးပေါ့လေ။ လက်မခံရဲဘဲနဲ့ ပါးစပ်က ဆက်တိုက် အော်ဟစ်နေသေးတယ်။ ထွက်သွား...”
“ရယ်စရာကောင်းလိုက်တာ။ လက်သမား မငှားနိုင်ရင်လည်း မငှားနိုင်ဘူးပေါ့။ ဘာလို့ ဟန်ဆောင်နေရတာလဲ”
သူဌေးဝမ်ကလည်း မျက်မှောင်ကြုတ်ကာ ရှေ့သို့ထွက်လာပြီး လုချန်ကို ပြောလိုက်သည်။
“ညီလေး... မင်းရဲ့ စကားတွေက နည်းနည်း ကြီးကျယ်လွန်းနေတယ်။ ဒီနေ့ ဒီမှာ လူတွေအများကြီး ရှိနေတဲ့အချိန်မှာ မင်းက ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်အကြောင်း ပြောလိုက်တာပဲ။ လူတိုင်းက စောင့်ကြည့်နေမှာ သေချာတယ်။ တကယ်လို့ မင်း တကယ်မလုပ်နိုင်ခဲ့ဘူးဆိုရင် မင်းက လူရယ်စရာ ဖြစ်သွားလိမ့်မယ်။ အဲဒီအစား ဒီဆိုင်ကို ကျုပ်ဆီ ရောင်းလိုက်တာ ပိုမကောင်းဘူးလား”
“မရောင်းဘူး”
လုချန်က လက်ဝှေ့ယမ်းပြလိုက်သည်။
“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ပဲလေ... အလှဆင်ဖို့ ကျုပ် အလွယ်တကူ စီမံနိုင်ပါတယ်။ ငါ့ရဲ့ ဒီဆိုင်ကို မနက်ဖြန် ဖွင့်လှစ်တော့မှာ...”
မနက်ဖြန်သည် လုချန်၏ မစ်ရှင် နောက်ဆုံးရက်ဖြစ်ပြီး ယမန်နေ့က ယွီလီချင်းကို ပေးထားသော နှစ်ရက်တာ သတ်မှတ်ရက်လည်း ဖြစ်သည်။
“မနက်ဖြန်။ ဟားဟားဟားဟား...”
လုချန်၏ စကားကို ကြားလိုက်ရသောအခါ လူလတ်ပိုင်းအမျိုးသမီးက ရိုင်းစိုင်းစွာ ရယ်မောလိုက်သည်။
“မနက်ဖြန် ဖွင့်မယ် ဟုတ်လား။ ကောင်းတယ်... ကောင်စုတ်လေး... မနက်ဖြန်ကျရင် မင်း ဘယ်လို အလှဆင်မှုမျိုး ပြီးစီးမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။ လူတွေက မေ့သွားလိမ့်မယ်လို့ မထင်နဲ့နော်။ မနက်ဖြန်ကျရင် မြို့ထဲက လူတိုင်းကို မင်းရဲ့ လူရယ်စရာပုံစံကို လာကြည့်ဖို့ ငါ အသိပေးလိုက်မယ်...”
“ရပါတယ်... ကျေးဇူးအများကြီးတင်တယ်”
လုချန်က မျက်ခုံးပင့်လိုက်သည်။ ဒါက သူ့အတွက် အခမဲ့ ကြော်ငြာပေးနေတာ မဟုတ်ဘူးလား။ သဘောကောင်းလိုက်တဲ့ လူကြီးပါလား...
“ညီလေး... မင်း တကယ်ပဲ မရောင်းဖို့ စီစဉ်ထားတာလား”
သူဌေးဝမ်၏ မျက်မှောင်ကြုတ်မှုက ပိုမို နက်ရှိုင်းသွားသည်။
“မရောင်းဘူး...”
လုချန်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။
“မင်း သေချာ စဉ်းစားသင့်တယ်နော်”
သူဌေးဝမ်၏ လေသံတွင် လေးနက်မှုတစ်ချို့ ပါဝင်နေပြီး သေချာနားထောင်မည်ဆိုပါက ခြိမ်းခြောက်မှု အရိပ်အယောင်တစ်ခုကိုပင် ကြားနိုင်သည်။
“မရောင်းဘူးဆိုရင် မရောင်းဘူးပဲ”
လုချန်က လှည့်ကာ ဆိုင်ထဲသို့ ဝင်သွားပြီး တံခါးကို ဘန်းခနဲ ပိတ်ပစ်လိုက်သည်။
*