ဆိုင်တံခါးမကြီး ပိတ်သွားသည်နှင့် လုချန်သည်လည်း လူအများ၏ အမြင်အာရုံမှ ပျောက်ကွယ်သွားလေသည်။
“ကောင်းပြီလေ။ ဘယ်လောက်တောင် စွမ်းတဲ့ ကောင်လေးလဲဆိုတာ ကြည့်ရသေးတာပေါ့။ မနက်ဖြန်ကျရင် အားလုံး ပြန်လာခဲ့ကြဦး။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တန်တဲ့ သစ်သားထည်က ဘယ်လိုပုံစံမျိုးလဲဆိုတာ လာကြည့်ကြတာပေါ့”
သက်လတ်ပိုင်း အမျိုးသမီးက အော်ဟစ်လိုက်ပြီး သတင်းဖြန့်ရန် လူအချို့ကိုပင် စေလွှတ်လိုက်သေးသည်။
ထိုအခါမှ စောင့်ကြည့်နေကြသော လူအုပ်ကြီးလည်း တဖြည်းဖြည်း လူစုကွဲသွားကြတော့သည်။
တံခါးရှေ့တွင်တော့ သခင်ကြီးလုံက သူဌေးဝမ်ကို အားနာနေသော အမူအရာဖြင့် ကြည့်လိုက်သည်။
“သူဌေးဝမ်… ခင်ဗျားလည်း မြင်တဲ့အတိုင်းပဲ… ဒီကိစ္စကလေ…”
သူဌေးဝမ်က သူ့ကို လျစ်လျူရှုကာ အင်္ကျီလက်စကို ခါယမ်း၍ လှည့်ထွက်သွားတော့သည်။
သခင်ကြီးလုံ၏ ရင်ထဲတွင် လေးလံသွားသည်။ အရောင်းအဝယ် ပျက်သွားပြီဖြစ်ကြောင်း သူ သိလိုက်သဖြင့် လုချန်အပေါ် မကျေနပ်ချက်များ ချက်ချင်း ပေါက်ကွဲထွက်လာလေသည်။
ဆိုင်အတွင်းတွင်တော့ လုချန်က အလှဆင်မည့် စာမျက်နှာကို ချက်ချင်း ဝင်မကြည့်သေးဘဲ တံခါးနားတွင် ရပ်လျက် တည်းခိုခန်းအတွင်းသို့ အနည်းငယ် တည်ကြည်သော မျက်နှာထားဖြင့် ကြည့်နေသည်။
“သစ်ပင်မိစ္ဆာ… မင်း ခံစားမိလား”
“သူရဲကောင်း… ကျွန်တော် အခုလေးတင် သတိထားမိတာဗျ”
လုချန်၏ ရင်ဘတ်ထဲမှ သစ်ပင်မိစ္ဆာက မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်ပြီး အစိမ်းရောင် ရေဘဝဲတစ်ကောင်လို မိုးမခကိုင်း အမြောက်အမြားကို ဆန့်ထုတ်လိုက်သည်။
“ဒီနေရာမှာ အငြိုးအတေး ဝိညာဉ်တစ်ခု ရှိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားဘူး”
စောစောက သူဌေးဝမ် သူ့ကို ခြိမ်းခြောက်စကားဆိုချိန်တွင် တည်းခိုခန်းအတွင်းမှ အေးစက်စက် အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရသည်။ ထိုခံစားချက်က ဝိညာဉ်ဝါးမျိုပုလင်းထဲမှ အငွေ့အသက်နှင့် တစ်ထပ်တည်းကျနေသည်။ ဒါက အငြိုးအတေး ဝိညာဉ်များဆီကသာ ရနိုင်သည့် သီးသန့် အငွေ့အသက်မျိုးပင်...
ရုတ်တရက် သူ့ဘယ်ဘက်ဆီမှ အေးစက်သော လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
“သစ်ပင်မိစ္ဆာ… လှုပ်ရှားတော့”
တဖျစ်ဖျစ် မြည်သံနှင့်အတူ မိုးမခကိုင်း နှစ်ကိုင်းက လုချန်၏ ဘယ်ဘက်ခြမ်းဆီသို့ ရိုက်ချလိုက်သည်။ ဘယ်ဘက်ရှိ စွန့်ပစ်ထားသော ဗီဒိုကြီးမှာ သစ်ကိုင်းများ၏ ရိုက်ချက်အောက်တွင် ချက်ချင်း တစ်စစီ ကျိုးပဲ့ပျက်စီးသွားသည်။
“လွဲသွားတယ်”
သစ်ပင်မိစ္ဆာက မိုးမခကိုင်းများကို ဆန့်တန်းထားရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
“ညီလေးက ကျင့်ကြံသူတစ်ယောက်မှန်း ငါ သတိမထားမိလိုက်ဘူး။ မင်းက စိတ်ဝိညာဉ်ချီ လှိုင်းဂယက်တွေ အားလုံးကို ငါ့ဆီကနေ ဖုံးကွယ်ထားနိုင်တာပဲ”
လူနှင့် မိစ္ဆာ အာရုံစိုက်နေကြဆဲမှာပင် လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်လာသည်။ ဆိုင်တံခါးမကြီးက ‘ဘန်း’ ခနဲ ပွင့်ထွက်သွားပြီး ဗိုက်ရွှဲရွှဲနှင့် သက်လတ်ပိုင်း လူဝကြီးက ဖြည်းညင်းစွာ လျှောက်ဝင်လာလေသည်။
သူ ဝင်လာပြီး တစ်စက္ကန့်အကြာတွင် ဆိုင်တံခါးကြီးက ပြန်ပိတ်သွားသည်။
“ခင်ဗျားက အစကတည်းက သိနေတာကိုး”
လုချန်က လူဝကြီးကို ကြည့်ရင်း သူ့လက်က ခါးရှိ ပန်းပုဓားဆီသို့ အလိုအလျောက် ရောက်သွားသည်။
“ညီလေး… ခုနက မင်းကို ဒီဆိုင်လေး ပြန်ရောင်းဖို့ ငါ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းက လက်မခံခဲ့ဘူး။ ဘာလို့ ဒီလောက်ကောင်းတဲ့ ဆိုင်ကို ဘယ်သူမှ မဝယ်ချင်ကြတာလဲ မင်း သိလား”
သူဌေးဝမ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။
“ခင်ဗျား ဘာကိုဆိုလိုတာလဲ”
“ဒါကို ကြည့်စမ်း”
သူဌေးဝမ်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထောင့်တစ်နေရာရှိ ဗီဒိုတစ်လုံး ပြိုကျသွားသည်။ ဖုန်တလိပ်လိပ်ကြားတွင် ဗီဒိုအောက်မှ အရိုးအစအန အပုံလိုက်ကြီးတစ်ခု ပေါ်လာသည်။
“ဘာလို့လဲဆိုတော့ အရင်က ဒီဆိုင်ကို ဝယ်ခဲ့တဲ့သူတိုင်းက သေသွားပြီး ငါ့ရဲ့ သားချစ်လေးအတွက် အာဟာရတွေ ဖြစ်သွားလို့ပဲ။ ဟားဟားဟားဟား”
ဒီတစ်ခါတော့ လုချန်က စကားတစ်ခွန်းမှ ပြောနေစရာ မလိုဘဲ သစ်ပင်မိစ္ဆာက အရင်စတင် လှုပ်ရှားလိုက်သည်။ ၎င်း၏ ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော မိုးမခကိုင်းများ ထွက်ပေါ်လာပြီး သူဌေးဝမ်ကို ရစ်ပတ်ချည်နှောင်ရန် တဟုန်ထိုး ဝင်ရောက်သွားသည်။
“ခုနက ဒီဆိုင်ကို ငါ့ဆီရောင်းဖို့ မင်းကို ငါပြောခဲ့တယ်။ အစကတော့ စိတ်ဝိညာဉ်ချီက လုံလောက်နေပြီဖြစ်လို့ ထပ်ပြီး သတ်ဖြတ်ချင်စိတ် မရှိတော့ပါဘူး။ ဒါပေမဲ့ မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
သူဌေးဝမ်က ထိုနေရာတွင်သာ မတ်တပ်ရပ်နေပြီး သစ်ပင်မိစ္ဆာ လွှတ်တင်လိုက်သည့် မိုးမခကိုင်းများကို တစ်ချက်ပင် စောင်းငဲ့မကြည့်ပေ။
ထိုသစ်ကိုင်းများ သူ့အနားသို့ မရောက်လာနိုင်မီမှာပင် လေထဲတွင် အားလုံး အေးခဲသွားကြသည်။
“အဆင့်နိမ့် အပင်စိတ်ဝိညာဉ်မိစ္ဆာလေးကများ ငါ့ကို ထိဖို့ အိပ်မက်မက်ရဲသေးတယ်ပေါ့လေ”
သူဌေးဝမ်က လှောင်ပြုံးပြုံးလိုက်ပြီး လေဟာပြင်ထဲသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
သစ်ပင်မိစ္ဆာက ထူးဆန်းသော အော်သံတစ်ချက် ပြုလိုက်ပြီး ၎င်း၏ တည်နေရာကို ပြောင်းလဲရန် သစ်ကိုင်းများဖြင့် မြေပြင်ကို ဆက်တိုက် ရိုက်နှက်လိုက်သည်။ ၎င်း ရွေ့လျားသွားသည်နှင့် တစ်ပြိုင်နက် ခုနက ရပ်နေသော နေရာမှာ ကွဲအက်သွားလေသည်။
လုချန် ရှေ့တစ်လှမ်း တိုးလိုက်ပြီး ကောင်ဆိုးလေးရဲ့ ခြေကလိမ်ထိုးခြင်း စွမ်းရည်ကို အသုံးပြုရန် ပြင်လိုက်သော်လည်း သူဌေးဝမ်က သူ့ကို အနားကပ်ရန် အခွင့်အရေး မပေးချေ။ သူဌေးဝမ်က လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်နှင့် လုချန်မှာ မျက်မြင်မရသော ဧရာမလက်ဝါးကြီး တစ်ခုဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မရစွာ အပေါ်သို့ လွင့်စဉ်သွားပြီး ဒုတိယထပ်ရှိ အခန်းတစ်ခန်းထဲသို့ ပြုတ်ကျသွားကာ နံရံတွင် အက်ကွဲကြောင်းများပင် ထင်သွားသည်။
“ကျွတ်… တကယ် နာတာပဲ”
ထိုရိုက်ချက်ကြောင့် လုချန်မှာ အသက်ရှူရပ်သွားမတတ် ခံစားလိုက်ရသည်။ သူ၏ ခါးရိုးဆစ် ဒဏ်ရာရသွားသဖြင့် အသက်ရှူသွင်းရန်ပင် ခက်ခဲနေသည်။
“မင်းမှာ စွမ်းရည်နည်းနည်းပါးပါး ရှိမယ်ထင်နေတာ။ တကယ်တော့ လူသစ်လေးပဲကိုး”
သူဌေးဝမ်က ကျောဘက်တွင် လက်ပိုက်ရပ်နေပြီး သူ့ပတ်လည်တွင် အေးစက်သော လေပြင်းများ ဝေ့ဝဲနေသည်။
နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေသော်လည်း ဆိုင်အတွင်းပိုင်းမှာ ရုတ်တရက် အမှောင်ကျသွားသည်။
သူဌေးဝမ်၏ နောက်ကျောဘက်တွင် တောက်ပနေသော အစိမ်းရောင် မျက်လုံးတစ်စုံ ပေါ်လာသည်။ ထိုမျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းပြီး သစ်ပင်မိစ္ဆာကို စိုက်ကြည့်နေသောကြောင့် ၎င်းကို ကြက်သီးမွေးညင်းများပင် ထသွားစေသည်။
“သူ… သူရဲကောင်းကြီး…” သစ်ပင်မိစ္ဆာ၏ အသံက တုန်ယင်နေသည်။ “ဒီမှာ… ဒီမှာ သရဲကြီးဗျ”
“သရဲ... မင်းအမေကြီးတော်ကို သရဲလား... ငါ့လခွမ်းတဲ့မှ။ အဲဒါ … အငြိုးအတေး ဝိညာဉ်ကွ… မသိဘူးလား။ မင်းကိုယ်တိုင်က မိစ္ဆာဖြစ်နေပြီးတော့များ...”
လုချန်က ဒုတိယထပ် နံရံကို မှီကာ အသက်ရှူဝအောင် လုရှူနေရသည်။ သစ်ပင်မိစ္ဆာတစ်ကောင် အသက်လုပြေးရမတတ် ကြောက်ရွံ့နေသည်ကို မြင်သောအခါ သူ မခံစားနိုင်တော့ဘဲ အော်ဟစ်ဆဲဆိုလိုက်သည်။
“သူရဲကောင်းကြီး… ကျွန်တော်… ကျွန်တော် ကြောက်တယ်ဗျ”
သစ်ပင်မိစ္ဆာ ဆန့်ထုတ်ထားသော မိုးမခကိုင်းများမှာ ညှိုးနွမ်းသွားပြီး ၎င်း၏ အသံမှာလည်း တောက်လျှောက် တုန်ယင်နေသည်ကို မြင်တွေ့နိုင်သည်။
“သောက်ကျိုးနည်း… ငါ့ကို အသားရှောင်တဲ့ အကျင့်အောင် မင်းက အတင်းလုပ်နေတာလား”
လုချန်က နံရံကို အားပြုကာ ကြမ်းပြင်ပေါ်မှ ထိုင်ထနိုင်ရန် ရုန်းကန်လိုက်ရသည်။
အောက်ထပ်တွင်မူ တောက်ပသော အစိမ်းရောင်မျက်လုံးများနှင့် ဝိညာဉ်က သစ်ပင်မိစ္ဆာဆီသို့ ပြေးဝင်လာသည်။
“အား... သူရဲကောင်းကြီးရေ… ကယ်ပါဦး...”
သစ်ပင်မိစ္ဆာက ငိုယိုလိုက်ပြီး ၎င်း၏ ဆန့်ထုတ်ထားသော သစ်ကိုင်းများအားလုံး ချက်ချင်းပင် ဘောလုံးတစ်လုံးပုံစံ အလုံးလိုက်ကြီး ဖြစ်သွားအောင် ရစ်ပတ်လိုက်တော့သည်။
ထိုအချိန်မှာပင် ဆိုင်၏ ဒုတိယထပ်မှ အားကောင်းသော စုပ်ယူမှုစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ထိုစုပ်ယူမှုက လူသားများအပေါ် သက်ရောက်မှု မရှိသော်လည်း အငြိုးအတေး ဝိညာဉ်အတွက်မူ မလွန်ဆန်နိုင်သော အရာဖြစ်နေသဖြင့် ဝိညာဉ်မှာ အကျယ်ကြီး အော်ဟစ်လိုက်ရသည်။
ဝိညာဉ်ဝါးမျိုပုလင်းဆိုသည်မှာ ဝိညာဉ်အမျိုးအစား သက်ရှိများ၏ သဘာဝရန်သူပင် ဖြစ်သည်။
ထိုနေရာတွင် ရပ်နေသော သူဌေးဝမ်က ရုတ်တရက် အသံထွက် ရယ်မောလိုက်သည်။
“အားကောင်းတဲ့ ဝိညာဉ်အနံ့ကို ငါ ရနေတယ်။ ကောင်လေး… မင်းဆီမှာ ဒီလိုရတနာမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။ ဒါက ငါ့အတွက်တော့ တကယ့် လက်ဆောင်ကြီးပဲ။ ငါ့ရဲ့ သားချစ်လေးအတွက် အစားအသောက် ပူစရာမလိုတော့ဘူးပေါ့”
“ဟက်ဟက်”
လုချန်၏ တိုးညင်းသော ရယ်သံ ထွက်ပေါ်လာသည်။ နံရံကို မှီထားရင်း အခြားအခန်းတစ်ခန်းဆီသို့ စမ်းတဝါးဝါး သွားနေသည်ကို မြင်လိုက်ရသည်။ သူက တံခါးကိုဖွင့်ပြီး အထဲသို့ လိမ့်ဝင်သွားကာ တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်သည်။
စုပ်ယူမှုစွမ်းအားက ဆက်လက်တည်ရှိနေပြီး အငြိုးအတေး ဝိညာဉ်ကို ထိုအခန်းထဲသို့ ဆွဲငင်နေသည်။
“ကောင်လေး… သေစမ်း...”
သူဌေးဝမ်က မြေပြင်မှ ခုန်တက်ကာ အခန်းထဲသို့ ပြေးဝင်သွားသည်။
ထိုအချိန်မှာပင်…
“လေ… လာခဲ့”
လုချန်၏ အသံက အခန်းတွင်းမှ ထွက်ပေါ်လာသည်။
သူ စကားပြောလိုက်သည်နှင့် ပြင်းထန်သော လေမုန်တိုင်းတစ်ခု ပေါ်လာပြီး သူဌေးဝမ်ကို ဝိုင်းရံသွားသည်။ ထိုလေပြင်းက အလွန်ကြမ်းတမ်းလှသဖြင့် သူဌေးဝမ်ကိုပင် အဟန့်အတား ဖြစ်စေသည်။
“တိမ်… လာခဲ့”
လေပြင်းထဲတွင် အဖြူရောင် တိမ်တိုက်တစ်ခု ရုတ်တရက် ပေါ်လာပြီး သူဌေးဝမ်ကို ဖုံးလွှမ်းသွားသည်။ ထိုအခိုက်အတန့်တွင် သူဌေးဝမ်မှာ တကယ်ပင် ချည်နှောင်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး တိမ်တိုက်ထဲတွင် သူ၏ လက်ခြေများကို လှုပ်ရှားရန် ခက်ခဲသွားသည်။
“မီး… လာခဲ့”
ဖြူစင်သော တိမ်တိုက်က ချက်ချင်းပင် တောက်ပသော အနီရောင်အဖြစ် ပြောင်းလဲသွားပြီး မီးတောက်များ ဟုန်းခနဲ တောက်လောင်လာသည်။
မီးတောက်များ ထတောက်လာသည်နှင့် တစ်ပြိုင်နက် သူဌေးဝမ်ထံမှ စူးရှသော အော်သံကြီး ထွက်ပေါ်လာသည်။ သူ ချည်နှောင်ခံထားရသည့် နေရာများမှာ မျက်မြင်ကိုယ်တွေ့ပင် အရည်ပျော်ကျနေသော်လည်း သူက လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ပေ။
“မိုးကြိုး… လာခဲ့”
လေပြင်းနှင့် တိမ်တိုက်များကြားတွင် မိုးကြိုးပစ်သံတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။
အကယ်၍ ဆိုင်အပြင်ဘက်မှ ကြည့်မည်ဆိုပါက ဆိုင်အတွင်း၌ မျက်စိတစ်မှိတ်အတွင်း တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ ဆိုင်အတွင်းသို့ ပြန်ကြည့်လိုက်သောအခါ သူဌေးဝမ်၏ ပုံရိပ်ကို မတွေ့ရတော့ပေ။
အရာအားလုံးက ဘာမှမဖြစ်ခဲ့သလိုမျိုး ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
‘ကျွိ’ ခနဲ အသံနှင့်အတူ အခန်းတံခါး ပွင့်လာသည်။ လုချန်က နံရံကို မှီလျက် ထွက်လာသည်။ အောက်ထပ်တွင် ဘောလုံးတစ်လုံးလို ကွေးကွေးလေး ဖြစ်နေဆဲဖြစ်သော သစ်ပင်မိစ္ဆာကို မြင်သောအခါ ၎င်းကို နှုတ်ပိတ်ပစ်မည့် အတွေးကိုပင် သူ စွန့်လွှတ်လိုက်သည်။
“ကဲ… ပုန်းမနေနဲ့တော့။ ပြီးသွားပြီ”
“ပြီး… ပြီးသွားပြီလား” သစ်ပင်မိစ္ဆာ၏ သစ်ကိုင်းများက တဖြည်းဖြည်း ပြန်ဖြန့်လာသည်။ “သူ… သူရဲကောင်းကြီး… သရဲကြီးရော”
“မင့်အမေကြီးတော်ကိုသရဲ။ အဲဒါ အငြိုးအတေး ဝိညာဉ်လို့ ငါပြောသားပဲ။ သူက ဒီထဲမှာရောက်နေပြီ”
လုချန်က ဝိညာဉ်ဝါးမျိုပုလင်းကို ထုတ်ပြလိုက်သည်။
ပုလင်းထဲတွင် ခုနက ဝိညာဉ်သည် လှည့်လည်သွားလာနေသည်။ ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုက ရှေ့သို့ ပြေးဝင်လာပြီး နောက်တစ်စက္ကန့်တွင် ထိုဝိညာဉ်မှာ အော်ဟစ်ချိန်ပင် မရလိုက်ဘဲ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရသည်။
“ဟို မဟာယာနအဆင့် ပညာရှင်ကြီးရော”
“သေသွားပြီ”
“သေ… သေ… သေသွားပြီလား”
“ငါ ဘယ်လိုလုပ်လိုက်လဲ မမေးနဲ့။ ငါ အဲဒီအကြောင်း မပြောချင်ဘူး”
*