ချင်းလျန်မြို့သည် ချင်းလွမ်တောင်ခြေတွင် တည်ရှိသည်။ ၎င်း၏ လုံခြုံရေးမှာ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်သောကြောင့် စည်ကားဝပြောသော မြို့တစ်မြို့ဖြစ်လာရန် ဖန်တီးပေးထားသကဲ့သို့ ရှိသည်။ မြို့အတွင်းရှိ ဗိသုကာလက်ရာများမှာ ရှေးဟောင်းတရုတ်ပြည်နှင့် ဆင်တူသော လေးထောင့်ကွက်ပုံစံကို အသုံးပြုထားသည်။ မရေမတွက်နိုင်သော လေးထောင့်ကွက်ငယ်လေးများ ပေါင်းစပ်ကာ ဧရာမလေးထောင့်ကွက်ကြီးတစ်ခု ဖြစ်ပေါ်နေပြီး အပိုင်းတစ်ခုစီတွင် အဆောက်အအုံပေါင်းမြောက်မြားစွာ ပါဝင်သည်။
စည်ကားဝပြောသော မြို့ဖြစ်သည့်အလျောက် ကုန်သွယ်မှုဆိုသည်မှာလည်း မလွဲမသွေ ရှိနေမည်သာဖြစ်သည်။ ထို့အပြင် နယ်စပ်နှင့် နီးကပ်နေခြင်းကြောင့် မြို့အတွင်းတွင် လူတန်းစားပေါင်းစုံ ရောနှောနေကြသည်။ အလုပ်အကိုင်မရှိ လေလွင့်နေသူများအပြင် ကုန်သည်များကိုပင် အမျိုးအစား အများအပြား ခွဲခြားထားနိုင်သေးသည်။
မကြာသေးမီက နယ်စပ်တွင် တင်းမာမှုများ မြင့်တက်လာပြီး တိုက်ပွဲများလည်း ပိုမိုပြင်းထန်လာခဲ့သည်။ လူသစ်စုဆောင်းရေးအဖွဲ့ကြီးများသည် မြို့ရွာအသီးသီးမှ ထွက်ခွာလာကြပြီး နယ်စပ်သို့ အတူတကွ မသွားရောက်မီ ချင်းလွမ်တောင်တွင် လာရောက်စုဝေးနေကြသည်။
လမ်းဘေးတွင် ကုန်သည်များက ဆိုင်ခန်းများ ဖွင့်ထားကြသည်။ သာမန်လူများအတွက် နေ့စဉ်သုံးပစ္စည်းများအပြင် ကျင့်ကြံသူများသာ အသုံးပြုမည့် မှော်ဆေးလုံးများ၊ လက်နက်သွန်းလုပ်ရာတွင်သုံးသော ကုန်ကြမ်းပစ္စည်းများ၊ စိတ်ဝိညာဉ်လက်နက်များနှင့် မှော်ရတနာများလည်း ရှိသည်။
ယနေ့အတွက် လုချန်၏ အဓိကပစ်မှတ်မှာ ထိုလက်နက်သွန်းလုပ်ရာတွင်သုံးသော ကုန်ကြမ်းပစ္စည်းများဖြစ်သည်။
သူ့တွင် အသုံးမပြုရသေးသော လက်မှုပညာပုံစံကြမ်း သုံးခု ရှိနေသေးသည်။
လမ်းတစ်လျှောက်တွင် သူသည် ရပ်လိုက်သွားလိုက်ဖြင့် ပစ္စည်းအတော်များများကို ဝယ်ယူစုဆောင်းနိုင်ခဲ့သည်။
“သံကြမ်း တစ်မျိုးပဲ လိုတော့တယ်။ ဒါပေမဲ့ ဒီပစ္စည်းက ရှာရခက်သားပဲ။ ဆိုင်တော်တော်များများကို မေးကြည့်တာတောင် ဘယ်ဆိုင်မှ မရှိကြဘူး”
လုချန်က သူ့ဘာသာ တိုးတိုးရေရွတ်လိုက်သည်။
သံကြမ်း၏ လုပ်ဆောင်ချက်မှာ စပရင်တစ်ခုနှင့် ညီမျှသည်။ သို့သော် သာမန်စပရင်တစ်ခုနှင့် နှိုင်းယှဉ်ပါက ၎င်း၏ တွန်းကန်ရိုက်ခတ်မှုစွမ်းအားက ဆယ်ဆမက ပိုပြင်းထန်ပြီး ခံနိုင်ရည်လည်း ပိုများသည်။ အရေးအကြီးဆုံးအချက်မှာ ၎င်းက စိတ်ဝိညာဉ်ချီကို ဖြတ်သန်းစီးဆင်းခွင့် ပြုနိုင်ခြင်းဖြစ်သည်။
လမ်းပေါ်တွင် ဈေးသည်များ အများအပြား ကျန်ရှိနေသေးသည်။ ယခု လုချန်ရောက်ရှိနေသော လမ်းမှာ ကျင့်ကြံသူများအတွက် သီးသန့် ပါဝင်ပစ္စည်းများ ရောင်းချသောလမ်းဖြစ်ပြီး သူက ဆက်လက်၍ လိုက်လံမေးမြန်းနေသည်။
“သံကြမ်းလား… ငါ့ဆီမှာတော့ နည်းနည်းရှိတယ်”
ကောင်းကင်ဘုံက ကြိုးစားသူကို မျက်နှာသာပေးသည် ထင်သည်။ လမ်းတစ်လျှောက်လုံး လိုက်မေးပြီးနောက်တွင်တော့ လမ်းအဆုံးနားရှိ ဆိုင်တစ်ဆိုင်တွင် လုချန် ရှာတွေ့သွားတော့သည်။
“ဒါပေမဲ့ ခုနလေးတင် မိန်းကလေးတစ်ယောက် အားလုံးဝယ်သွားပြီ။ ဟိုမှာ ကြည့်လိုက်… ရှေ့နားတင်ပဲ ရှိသေးတယ်”
လုချန်က လှမ်းကြည့်လိုက်ရာ ဘဲငန်းအဝါရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး သူ့ရှေ့တွင် လမ်းလျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။
သူလည်း ခပ်သုတ်သုတ် ပြေးလိုက်သွားလိုက်သည်။
“သခင်မလေး… ခဏလောက် စောင့်ပါဦး”
လုချန်၏ စကားသံကို ကြားသောအခါ ထိုအမျိုးသမီးက လှည့်ကြည့်လာသည်။ အကယ်၍ သူမကို အနောက်ဘက်မှသာ ကြည့်မည်ဆိုပါက လူဆယ်ယောက်တွင် ဆယ်ယောက်စလုံးက သူမကို အလှလေးဟု ထင်မှတ်ကြမည်ဖြစ်သည်။ ထိုသွယ်လျသော ခန္ဓာကိုယ်၊ ရှည်လျားသော ခြေတံများနှင့် သေးကျဉ်သော ခါးလေးတို့မှာ အချိုးအစား ပြေပြစ်လွန်းလှပြီး ရာဇဝတ်မှုကျူးလွန်ချင်စိတ်များကိုပင် နှိုးဆွပေးနိုင်သည့် ပုံစံမျိုးဖြစ်သည်။
သို့သော် သူမ လှည့်ကြည့်လာသောအခါ လုချန်မှာ မသိမသာ ခြေနှစ်လှမ်းခန့် ဆုတ်မိသွားသည်။ မှဲ့ခြောက်များ အပြည့်နှင့် မျက်နှာ၊ တွန့်လိမ်နေသော မျက်နှာအချိုးအစားနှင့် မဖွင့်နိုင်လောက်အောင် သေးငယ်လှသော မျက်လုံးပုစိလေးများက သူ၏ မျက်စိရှေ့တွင် ပေါ်လာသောကြောင့် ဖြစ်သည်။ ကံကောင်း၍ သစ်ပင်မိစ္ဆာသာ ဒီနေရာတွင် မရှိနေခြင်းဖြစ်သည်။ မဟုတ်လျှင် ပွဲချင်းပြီး မိုးကြိုးပစ်ချသလို တိုက်ခိုက်မိမည်မှာ သေချာသည်။
“ဘာကိစ္စလဲ”
အမျိုးသမီး၏ ခန္ဓာကိုယ်က ပိန်ပါးနုနယ်ပုံ ပေါက်နေသော်လည်း သူမ၏ အသံမှာ အလွန်တရာ ဩရှပြီး အားပါနေသည်။
“ဟိုလေ… ခင်ဗျား ခုနကဝယ်သွားတဲ့ သံကြမ်းတွေကို ပြန်ခွဲရောင်းပေးလို့ ရမလားလို့ပါ”
“သံကြမ်းကို ရှင်က ဘာလုပ်မလို့လဲ” အမျိုးသမီးက လက်ပိုက်လိုက်ပြီး အတွေ့အကြုံရင့်ကျက်သူတစ်ယောက်လို လုချန်ကို အထက်အောက် အကဲခတ်ကြည့်လိုက်သည်။ “အခု ခံတပ်က အကျပ်အတည်း ဖြစ်နေတာ။ သံကြမ်းက လက်နက်တွေသွန်းလုပ်ဖို့ အရေးကြီးတဲ့ ပါဝင်ပစ္စည်းပဲ။ ရှင်က အင်ပါယာက လွှတ်လိုက်တဲ့ သူလျှိုတော့ မဟုတ်ပါဘူးနော်”
လုချန်၏ နဖူးမှ ချွေးများ စီးကျလာပြီး မျက်မှောင်ကြုတ်သွားသည်။ ဒီအမျိုးသမီး ဘာတွေ ပြောနေတာလဲ။
“သခင်မလေး… အထင်မလွဲပါနဲ့။ ကျွန်တော်က သုတေသန နည်းနည်းပါးပါး လုပ်စရာရှိလို့ နည်းနည်းလေးပဲ လိုတာပါ”
လုချန်က လက်ချောင်းလေးနှစ်ချောင်းဖြင့် အရွယ်အစားကို ပြလိုက်သည်။ သူ့အတွက် လက်ညှိုးတစ်ဆစ်စာလောက်သာ လိုအပ်ခြင်းဖြစ်သည်။
“ရှင့်ကို ရောင်းပေးမယ်ဆိုလည်း ရောင်းပေးလို့ရပါတယ်” အမျိုးသမီးက ခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်ကာ သံကြမ်း အတုံးသေးသေးလေးတစ်တုံးကို ထုတ်ပြလိုက်သည်။ “ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်။ လိုချင်ရင် ယူသွား”
“သောက်ကျိုးနည်း...”
လုချန်မှာ ဆဲရေးတိုင်းထွာမှုကိုပင် မထိန်းချုပ်နိုင်တော့ပေ။
ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်တဲ့လား။ ဒါက နေ့ခင်းကြောင်တောင် ဓားပြတိုက်နေတာပဲ...
ခုနက ဆိုင်ရှင်ကို မေးကြည့်တော့ သံကြမ်း အတုံးကြီးတစ်တုံးမှ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးသာ တန်ဖိုးရှိသည်။ ဒီလောက် သေးငယ်တဲ့ အတုံးလေးကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး အစအနလေးတွေနဲ့တောင် ဝယ်လို့ရသည်။
“သခင်မလေး… ခင်ဗျားရဲ့ ဈေးက နည်းနည်းလေးများ မများလွန်းဘူးလား”
“များတယ်လား” အမျိုးသမီး၏ ထူထဲသော မျက်ခုံးများက တွန့်ကွေးသွားသည်။ “များတယ်ထင်ရင် ရှင့်ဘာသာ သွားရှာလေ။ တခြားဘယ်နေရာမှာ သံကြမ်း ရှာတွေ့ဦးမလဲ ကြည့်ရသေးတာပေါ့”
လုချန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူက လမ်းအဆုံးနားကို ရောက်လုနီးပါး ဖြစ်နေပြီး ခုနက ဆိုင်တစ်ဆိုင်တည်းကိုသာ တွေ့ခဲ့ရသည်။ တကယ်လို့ သူ ထပ်ရှာမယ်ဆိုရင်တောင် ထပ်တွေ့ဖို့ သေချာပါ့မလား။
သူ့စိတ်ထဲတွင် ဒွိဟဖြစ်နေစဉ်မှာပင် အမျိုးသားနှစ်ဦးက အမျိုးသမီးဆီသို့ ပြေးလာကြသည်။ “အစ်မကြီး… လမ်းတစ်လျှောက်လုံးက သံကြမ်းတွေ အကုန် ဝယ်လာခဲ့ပြီ”
‘လခွမ်းပဲ...’ လုချန် စိတ်ထဲမှ တရစပ် ဆဲဆိုနေမိသည်။
သူတို့တွေ ဘာလုပ်ချင်နေကြတာလဲ။ ဈေးကွက်တစ်ခုလုံးကို သိမ်းကျုံးဝယ်ဖို့ ကြိုးစားနေတာလား။
“ကောင်းပြီလေ… အကုန်ဝယ်လာရင် ပြီးတာပါပဲ။ ဒီနေ့ ခံတပ်ကိုသွားပြီး ပစ္စည်းတွေ သယ်သွားကြမယ်”
အမျိုးသမီးက ထိုသို့ပြောရင်း လုချန်ကို ရန်စသလို လှမ်းကြည့်လိုက်သည်။ ‘ကြားတယ်မလား… လမ်းတစ်လျှောက်လုံး ကုန်သွားပြီ’ ဟု ပြောချင်နေသည့်ပုံပင်။
စကားပြောပြီးနောက် အမျိုးသမီးက လှည့်ထွက်သွားရန် ပြင်လိုက်သည်။
“သခင်မလေး… နေပါဦး။ ခဏလေး စောင့်ပါဦး” လုချန်က အလျင်အမြန် ရှေ့တိုးသွားလိုက်သည်။ “နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား”
“အစ်မကြီး… ဘာ 'လျှော့ပေး' တာလဲ။ သူက အစ်မကြီးနဲ့ ပျော်ပါးချင်နေတာလား” အမျိုးသားတစ်ဦးက မေးလိုက်သည်။
“သောက်ရူး… နင့်ပါးစပ်က ကောင်းတာကို မထွက်ဘူး” အမျိုးသမီးက ထိုအမျိုးသားကို ခြေစုံကန်ချလိုက်ရာ လေခွင်းသံကြီးပင် ထွက်ပေါ်လာသဖြင့် သူမ၏ ကြောက်မက်ဖွယ် ခွန်အားကို သက်သေပြနေသည်။
အမျိုးသားက ရယ်မောရင်း အလျင်အမြန် ရှောင်တိမ်းလိုက်သည်။
“သူက ငါ့ဆီက သံကြမ်း ဝယ်ချင်နေတာ။ ဒါပေမဲ့ ဈေးများတယ်ထင်နေလို့”
“သံကြမ်းလား” ထိုစကားကို ကြားသောအခါ အမျိုးသား၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး လုချန်ကို ပြောလိုက်သည်။ “ညီလေး… ဒီလိုအချိန်မျိုးမှာ သံကြမ်းဝယ်ဖို့ ကြိုးစားတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ သံကြမ်းက သံမဏိအမြောက်တွေ သွန်းလုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေထဲက တစ်ခုဆိုတာ အားလုံးသိကြတယ်။ ဟူတိုင်းပြည် တစ်ခုလုံးမှာ သိပ်မကျန်တော့ဘူး။ ငါတို့ဆီမှာပဲ နည်းနည်းပါးပါး ရှိတော့တာ။ အခု မဝယ်ရင် နောက်ရက်အနည်းငယ်နေလို့ ခံတပ်ကို ပို့လိုက်ရင် မင်း ဝယ်ချင်ရင်တောင် ဝယ်လို့ရမှာ မဟုတ်တော့ဘူး”
“ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ဈေးက ယုတ္တိမရှိလွန်းဘူးလေ။ ဒီလောက် သေးသေးလေးကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်တောင် တောင်းနေတာ”
“ညီလေး… မင်းက နားမလည်ပါဘူး။ အခု အခြေအနေက တင်းမာနေတာ။ ငါတို့မှာ အဆက်အသွယ်တွေ မရှိရင် ဒီပစ္စည်းတွေကို လိုက်စုဖို့တောင် ရဲမှာ မဟုတ်ဘူး။ ငါတို့က ကြီးမားတဲ့ စွန့်စားမှုကြီး လုပ်နေရတာကွ”
အမျိုးသမီးက မျက်စိခဏခဏ မှိတ်ပြနေသည်ကို မြင်သောကြောင့် အမျိုးသားက တမင်တကာ လေးနက်သော လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
လုချန် မသိခဲ့သည်မှာ သူသည် ဤအဝါရောင်စကတ်နှင့် အမျိုးသမီး၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်မှာ ကြာပြီဖြစ်ကြောင်းပင်။ သူက လမ်းတစ်လျှောက်လုံး သံကြမ်းအကြောင်း မေးမြန်းလာခဲ့သဖြင့် သူ အလွန်အမင်း လိုအပ်နေသည်မှာ ရှင်းလင်းနေသည်။ ထို့အပြင် စောစောက သူဝယ်ခဲ့သော ပစ္စည်းများအတွက်လည်း လုံးဝ ဈေးမဆစ်ဘဲ တောင်းသလောက် ပေးဝယ်ခဲ့သည်။ သူ၏ ဝတ်စားဆင်ယင်မှုက စုတ်ပြတ်နေသော်လည်း အဝါရောင်စကတ်နှင့် အမျိုးသမီး၏ အတွေ့အကြုံအရ သူသည် ငွေပေါသောသူတစ်ယောက်ဖြစ်ကြောင်း သိနေသည်။
“နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား။ ခင်ဗျားတို့ ဒီအကုန်လုံးကို ဝယ်တာတောင် သိပ်များများစားစား ကုန်တာမှ မဟုတ်တာ”
လုချန်လည်း အလျင်လိုနေသည်။ ဒီနေ့ပြီးသွားလျှင် သူ တည်းခိုခန်းထဲတွင်သာ နေရတော့မည်ဖြစ်ပြီး ဒီပစ္စည်းတွေကို ပြန်ထွက်ရှာဖို့ အချိန်မရှိတော့ပေ။
“ညီလေး… ငါပြောတာကို မင်း သဘောမပေါက်ဘူးလား။ ဒီပစ္စည်းတွေက တန်ဖိုးမရှိပေမဲ့ လမ်းကြောင်းပွင့်အောင် ပေးရတဲ့ ပိုက်ဆံက အစစ်အမှန် ရွှေငွေတွေကွ။ အရာအားလုံး အဆင်ပြေဖို့အတွက် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ထောင်ချီပြီး ကုန်ထားရတာ။ ပြီးတော့ လမ်းတစ်လျှောက်မှာလည်း အန္တရာယ်တွေကို ရင်ဆိုင်ရသေးတယ်” အမျိုးသားက အခက်အခဲကြုံနေရသည့် ရုပ်မျိုး ဖမ်းလိုက်သည်။
“ကောင်းပြီ... ကောင်းပြီ...” လုချန်က စိတ်မရှည်စွာဖြင့် လက်ယမ်းလိုက်သည်။ အမျိုးသား၏ စကားများကို သူ လုံးဝ မယုံကြည်သော်လည်း ထပ်ပြီး ငြင်းခုံမနေချင်တော့ပေ။ “ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်ဆိုလည်း ငါးဆယ်ပေါ့။ အရောင်းအဝယ် လုပ်လိုက်ကြစို့...”
လုချန်က စိတ်မြန်လက်မြန်ရှိသူဖြစ်သည်။ အကယ်၍ သူသာ ဒီနေ့ ပါဝင်ပစ္စည်း သုံးလေးမျိုးလောက် လိုနေသေးလျှင် သည်းခံနိုင်ကောင်း သည်းခံမည်ဖြစ်သော်လည်း ယခုမူ တစ်မျိုးတည်းသာ လိုတော့သည်။ သူ ဘယ်လိုလုပ်ပြီး စောင့်နိုင်ပါတော့မလဲ။ ဝယ်လိုက်ရုံပေါ့...
လုချန် အလျှော့ပေးလိုက်သည်ကို ကြားသောအခါ အမျိုးသား၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ပေါ်လာသည်။
သူ အံ့ဩသွားရသည်မှာ အဝါရောင်စကတ်နှင့် အမျိုးသမီးက ဆက်မရောင်းချင်တော့ခြင်းပင်။
“ထားလိုက်တော့။ ငါ အခုလေးတင် စစ်ကြည့်လိုက်တာ ငါတို့ဆီမှာလည်း သံကြမ်း သိပ်မကျန်တော့ဘူး”
“ဘာသဘောလဲ” လုချန်က မျက်မှောင်ကြုတ်သွားသည်။
“ရှင့်ကို ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ်နဲ့ ရောင်းလိုက်ရင် အဆက်အသွယ်တွေအတွက် ကုန်ကျစရိတ်တွေ နှုတ်လိုက်ရင် ကျွန်မအတွက် ကျောက်တုံးတစ်တုံးပဲ မြတ်မှာ။ အဲဒါက ကျွန်မတို့ ရင်ဆိုင်ရမယ့် အန္တရာယ်နဲ့ မကာမိဘူး။ ရှင် လိုချင်ရင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ်… အပိုစကား တစ်ခွန်းမှ ထပ်မပြောနဲ့”
“သောက်ကျိုးနည်း… ခင်ဗျားက ဈေးကို ချက်ချင်းကြီး တင်လိုက်တာပဲ...”
“ညီလေး… အဲဒီလို ပြောလို့ မရဘူးလေ။ ဈေးက ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာပဲ။ ဘယ်သူကမှ မင်းကို အတင်းအကျပ် ဝယ်ခိုင်းနေတာ မဟုတ်ဘူး။ ငါတို့ကလည်း ကုန်သည်တွေဆိုတော့ ငါတို့ရဲ့ ကုန်ကျစရိတ်ကို ထည့်တွက်ရမှာပေါ့” အမျိုးသားက ချောမွေ့သော စကားလုံးများဖြင့် ထပ်မံ ဖြောင်းဖျဝင်ရောက်လာသည်။
*