အဆုံးတွင်တော့ လုချန်က အံတင်းတင်းကြိတ်ပြီး ခြေဆောင့်ကာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ်ဖြင့် သဘောတူလိုက်ရတော့သည်။
အရောင်းအဝယ် ပြီးစီးသွားသောအခါ လုချန်သည် လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။ သို့သော် လမ်းဘေးဈေးသည်တစ်ဦးက သူ့ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။
“သခင်လေး… ဒီနားခဏလာပါဦး။ ပြောစရာရှိလို့ပါ”
“ဘာကိစ္စလဲ”
ထိုလူက ဟိုကြည့်ဒီကြည့်ဖြင့် လျှို့ဝှက်သိုသိပ်နေသော အမူအရာကို မြင်သောအခါ လုချန် အနည်းငယ် စပ်စုချင်သွားသည်။
“သံကြမ်း လိုသေးလား။ ကျွန်တော့်ဆီမှာ ရှိတယ်။ ဒါပေမဲ့ ခုနက 'အဒေါ်ကြီး' ကိုတော့ သွားမပြောနဲ့နော်” ဟု ဈေးသည်က လုချန်ကို ဘေးသို့ဆွဲခေါ်ရင်း အဝါရောင်စကတ်နှင့် အမျိုးသမီးကို ခိုးကြည့်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လုချန်၏ ရင်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလိုက်ရသည်။
“ဘာသဘောလဲ”
“သခင်လေးက မသိလို့ပါ။ သခင်လေး လမ်းတစ်လျှောက်လုံး သံကြမ်း လိုက်မေးနေတာကို ကျွန်တော်တို့အားလုံးဆီမှာ တကယ်တော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီ 'အဒေါ်ကြီး' က ကျွန်တော်တို့ကို တစ်ခွန်းမှ အပြောမခံဘူးလေ။ တကယ်လို့ ကျွန်တော်တို့ထဲက တစ်ယောက်ယောက်ကများ အသံထွက်ရဲရင် အခုကစပြီး ဆိုင်သိမ်းရဖို့သာ ပြင်ထားတော့ပဲ”
“လခွမ်းပဲ...”
လုချန်မှာ အသံထွက်၍ပင် ဆဲဆိုလိုက်မိသည်။ ပြန်လှည့်ကြည့်လိုက်သောအခါ အဝါရောင်စကတ်နှင့် အမျိုးသမီးနှင့် အမျိုးသားနှစ်ဦးမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
ထိုအခိုက်အတန့်ကျမှသာ သူ လုံးဝ လိမ်လည်လှည့်ဖြားခံလိုက်ရပြီဖြစ်ကြောင်း လုချန် သဘောပေါက်သွားတော့သည်။
“သခင်လေး… ကျွန်တော့်ဆီက သံကြမ်း ယူဦးမလား”
“မယူတော့ဘူး”
လုချန်က မှုန်ကုပ်ကုပ် မျက်နှာထားဖြင့် လှည့်ထွက်လာခဲ့သည်။
ဒီလိုကိစ္စမျိုး ကြုံပြီးသွားမှတော့ သူ့စိတ်အခြေအနေက ဘယ်လိုလုပ်ပြီး ကောင်းနိုင်တော့မည်နည်း။
“လိမ်စားတဲ့ ကောင်သုံးကောင်… ငါနဲ့ ထပ်မတွေ့စေနဲ့...”
ပြန်ရာလမ်းတစ်လျှောက်လုံး လုချန်သည် သူတို့သုံးယောက်ကို ပြန်တွေ့လျှင် ဘယ်လိုပညာပေးရမလဲဆိုသည်ကို စိတ်ကူးကြည့်လာခဲ့သည်။
အသစ်မွမ်းမံထားသော တည်းခိုခန်းသို့ ပြန်ရောက်သောအခါ လုချန်က မသာယာသော စိတ်အခြေအနေကို ဘေးဖယ်ထားလိုက်ပြီး ရှန်းရှ စက်သေနတ်၏ ပုံစံကြမ်းကို ထုတ်ယူလိုက်သည်။
လိုအပ်ချက်များအရ တပ်ဆင်ရမည့် အဆင့်အနည်းငယ်သာ ရှိသည်။ ပုံစံကြမ်းကြောင့် ပါဝင်ပစ္စည်းများကို သွေးရန်ပင် မလိုအပ်တော့ပေ။ [ဖန်တီးမည် သို့မဟုတ် မဖန်တီးပါ] ဟူသော ရွေးချယ်စရာက သူ၏ စိတ်ထဲတွင် တိုက်ရိုက်ပေါ်လာသည်။
“ဖန်တီးမယ်...”
လုချန်၏ မျက်စိရှေ့တွင် အလင်းတန်းတစ်ခု လင်းလက်သွားသည်။ ထို့နောက် သူ၏ မျက်စိရှေ့တွင် ရှိနေသော အမည်းရောင် 'ကစားစရာကြီး' ကို ကြည့်ရင်း လုချန်၏ မျက်လုံးများ ပြူးကျယ်သွားတော့သည်။
ဒါက ရှင်းရှင်းလင်းလင်းကို အမည်းရောင် ဂက်သလင် စက်သေနတ်ကြီးပင် ဖြစ်သည်။ ယခုအချိန်တွင် အမည်းရောင် ပြောင်းဝဆယ်ခုက လုချန်ဆီသို့ ချိန်ရွယ်ထားသည်။ ကြည့်လိုက်ရုံဖြင့်ပင် လုချန်မှာ ကြက်သီးထသွားသည်။
သေနတ်မကြိုက်သော ယောကျ်ားဟူ၍ မရှိပေ။ ယောကျ်ားများအတွက် စူပါပြိုင်ကားများနှင့် သေနတ်များက မိန်းမများအတွက် မိတ်ကပ်များနှင့် ဘရန်းဒတ် ဒီဇိုင်နာအိတ်များထက် ပို၍ ဆွဲဆောင်မှု ရှိသည်။
ထို့အပြင် ဤအရာက အစုလိုက်အပြုံလိုက် သေကြေပျက်စီးစေနိုင်သော ဧရာမလက်နက်ကြီးဖြစ်သည်။ ယခင်ကဆိုလျှင် အပြင်မှာ မြင်တွေ့ဖူးဖို့နေနေသာသာ၊ ဂိမ်းထဲမှာ ကောက်ရရင်တောင် ဒီဂက်သလင် စက်သေနတ်ကြီးကို လွှင့်ပစ်ဖို့ လုချန် နှမြောနေမည်သာဖြစ်သည်။
၎င်းကို အမည်းရောင် သတ္တုသပ်သပ်ဖြင့် သွန်းလုပ်ထားသည်။ ကိုင်ကြည့်လိုက်သောအခါ အေးစက်နေပြီး ကြက်သီးထဖွယ် အလင်းရောင်များ တောက်ပနေသည်။
မ,ကြည့်လိုက်သောအခါ အလေးချိန်မှာ ကီလိုနှစ်ဆယ်ခန့် ရှိသည်။ လက်ရှိ လုချန်အတွက် ဤအလေးချိန်မှာ လေးလွန်းခြင်း၊ ပေါ့လွန်းခြင်းမရှိဘဲ ကွက်တိဖြစ်နေပြီး လက်ထဲတွင် အလွန်တရာ ခိုင်မာလေးနက်သော ခံစားချက်ကို ပေးစွမ်းသည်။
ထိုနည်းတူစွာပင် ဂက်သလင် စက်သေနတ်၏ အချက်အလက်များကလည်း လုချန်၏ စိတ်ထဲတွင် ပေါ်လာသည်။
၎င်း၏ အရှည်မှာ ၂၁ ရာစုမှ စက်သေနတ်များထက်ပင် ပိုမိုထင်ရှားပြီး ကျည်ဆန်အရွယ်အစားမှာလည်း ပိုကြီးကာ ၉.၆၂ မီလီမီတာအထိ ရှိသည်။ တိတိကျကျပြောရလျှင် ဤရှန်းရှ စက်သေနတ်၏ အရွယ်အစားမှာ ပုံမှန် ဂက်သလင် စက်သေနတ်နှင့် ဗာလကန် အမြောက်ကြီးကြားတွင် ရှိသည်။
၎င်း၏ ကျည်ဆန်များကို ပစ်ခတ်ရန် စိတ်ဝိညာဉ်ကျောက်တုံးများ၏ အထောက်အပံ့ လိုအပ်သည်။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးလျှင် ကျည်ဆန် တစ်ထောင် ပစ်ခတ်နိုင်ပြီး ဤအရာအားလုံးအတွက် တစ်မိနစ်ပင် မကြာပေ။
ကျည်ဆန် ပစ်ခတ်နှုန်းမှာ တစ်မိနစ်လျှင် အတောင့် သုံးထောင်မှ ခြောက်ထောင်အထိ ရှိသည်။ ဆိုလိုသည်မှာ တစ်မိနစ်မပြည့်မီအချိန်အတွင်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်တုံး ကုန်ခမ်းသွားနိုင်သည်။
ဤမျှလောက် ကုန်ကျစရိတ်များသည့်တိုင် ၎င်း၏ စွမ်းအားကလည်း အလွန်အမင်း အထင်ကြီးလောက်စရာ ဖြစ်သည်။ ကျည်ဆန်တစ်တောင့်စီသည် ကပ်ဘေးကျော်ဖြတ်ခြင်း ဆဋ္ဌမအဆင့် ပညာရှင်တစ်ဦး၏ အားကုန်ထုတ်သုံးထားသော တိုက်ခိုက်မှုနှင့် ညီမျှသည်။
ထိုသို့သော စွမ်းအားမျိုးက ကြားရုံဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
ကပ်ဘေးကျော်ဖြတ်ခြင်း ဆဋ္ဌမအဆင့် ပညာရှင်တဲ့... သူတို့က ကောင်းကင်နှင့် မြေကြီး ဥပဒေသများကိုပင် အသုံးပြုနိုင်နေပြီဖြစ်သော အားကောင်းလှသည့် တည်ရှိမှုများဖြစ်သည်။ ထိုကဲ့သို့ တိုက်ခိုက်မှုတစ်ချက်က ဧရာမတောင်ကြီးတစ်တောင်ကို ခွဲဖြာပစ်ရန် လုံလောက်သည်။ သို့သော် အဲဒါက အကြောက်စရာအကောင်းဆုံး အပိုင်း မဟုတ်သေးပေ။ အစစ်အမှန် စွမ်းအားက ဘယ်မှာလဲ။ ကျည်ဆန်တစ်တောင့်စီက ဆယ်မီလီမီတာတောင် မပြည့်ဘူးလေ...
ဆိုလိုသည်မှာ ၎င်းသည် ကပ်ဘေးကျော်ဖြတ်ခြင်း ဆဋ္ဌမအဆင့် ပညာရှင်တစ်ဦး၏ အားကုန်ထုတ်သုံးထားသော တိုက်ခိုက်မှုသာမက ဖိသိပ်ထားသော တိုက်ခိုက်မှုလည်း ဖြစ်နေသည်။ ထိုးဖောက်နိုင်စွမ်းက ဆယ်ဆမက ကြီးမားသွားသည်။ ကပ်ဘေးကျော်ဖြတ်ခြင်း နဝမအဆင့် ပညာရှင်တစ်ဦးပင် ဤကျည်ဆန်ကို အကာအကွယ်မပါဘဲ မခံယူရဲဘူးဟု ပြောလျှင် ပိုလွန်းမည် မဟုတ်ပေ။ မြေကြီးကို ထိမှန်သွားသောအခါ ဆက်တိုက် ပေါက်ကွဲနေသကဲ့သို့ ခံစားရမည်ဖြစ်သည်။
အကယ်၍ ၎င်း၏ရှေ့တွင် ဧရာမတောင်ကြီးတစ်တောင် ရှိနေပါက တစ်မိနစ်ခန့် ဆက်တိုက်ပစ်ခတ်လိုက်ရုံဖြင့် ထိုတောင်ကြီးကို လုံးဝ မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားစေနိုင်ကြောင်း စိတ်ကူးကြည့်နိုင်သည်။
မဟုတ်သေးဘူး... မြေကြီးထဲကို မီတာဆယ်ဂဏန်းလောက် နက်တဲ့ တွင်းကြီးတစ်ခုတောင် တူးပစ်နိုင်သေးတယ်...
ဤဂက်သလင် စက်သေနတ်တွင် သာမန်တွေ့မြင်ရလေ့ရှိသော ကျည်ဆန်ထောင်ချီ ရစ်ပတ်ထားသည့်ပုံစံမျိုး မဟုတ်ဘဲ ကျည်ဆန်ထည့်သည့် အပေါက်မရှိပေ။ ၎င်းတွင် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခြောက်တုံး ဆံ့သော ကျည်အိမ်တစ်ခုသာ ပါရှိသည်။
ပြောင်းဝ၏ ပါဝင်ပစ္စည်းမှာ အအေးသံဖြစ်ပြီး အလွန်အမင်း အပူဒဏ်ကို ခံနိုင်ရည်ရှိသည်။ ကျည်ဆန် ခြောက်ထောင် ပစ်ခတ်ပြီးနောက် အနိမ့်ဆုံးအပူချိန်သို့ ပြန်လည်အေးသွားရန် ဆယ်စက္ကန့်သာ လိုအပ်သည်။ ၎င်းက ဂက်သလင် စက်သေနတ်များ၏ အကြီးမားဆုံး ပြဿနာများထဲမှ တစ်ခုကို ထိရောက်စွာ ဖြေရှင်းပေးလိုက်ခြင်းပင်။
၎င်းကို ကိုင်ထားရင်း လုချန်၏ ရင်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံးများ ထည့်ကာ ခလုတ်ကို ဆွဲချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။
အကယ်၍သာ ခုနက လိမ်စားသွားသည့် ကောင်သုံးကောင်နှင့် ပြန်တွေ့လျှင် သူတို့ခန္ဓာကိုယ်တွေကို အပြာရောင်မီးတောက်တွေ ထွက်နေတဲ့ ဇကာပေါက်တွေ ဖြစ်သွားအောင် 'ဒက်ဒက်ဒက်ဒက်' ဆိုပြီး ပစ်ခတ်ပစ်မယ်လို့ သူ တွေးလိုက်မိသည်။
ထိုအချိန်မှာပင် တည်းခိုခန်းရှေ့ရှိ လမ်းသွယ်လေးတစ်ခုထဲတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရပ်နေကြပြီး တည်းခိုခန်းဆီမှ အကြည့်ကို ရုပ်လိုက်ကြသည်။
“ဟတ်ချိုး...”
အဝါရောင်စကတ်နှင့် အမျိုးသမီးက အကျယ်ကြီး နှာချေလိုက်ပြီးနောက် သူမ၏ ပြားချပ်နေသော နှာခေါင်းကို ပွတ်သပ်လိုက်သည်။ “ဘယ်ကောင်မကများ ငါ့ကို ကျိန်ဆဲနေတာလဲ”
“ဟားဟားဟား… အစ်မကြီးရေ… ဒီနေ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ခုနစ်ဆယ်တောင် ရထားတာ။ ကျိန်ဆဲချင်လည်း ဆဲပါစေပေါ့… ဘယ်သူက ဂရုစိုက်မှာလဲ။ ခုနစ်ဆယ်နော်... အဲဒါက ငါတို့ ခြောက်လစာ ဝင်ငွေထက်တောင် များသေးတယ်” အမျိုးသားတစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
“ငတုံးတွေဆိုတာ တွေ့ရခဲပါတယ်။ အစ်မကြီးက အကင်းပါးလွန်းလို့သာ သားကောင်ကို တစ်ချက်ကြည့်ရုံနဲ့ သိတာ။ ငါတို့တောင် လွတ်သွားမလို့ပဲ။ အဲဒီငတုံးသာ နောက်ထပ် ဆိုင်နည်းနည်းလောက် ထပ်သွားရင် ငါတို့အတွက် ဘာမှကျန်မှာ မဟုတ်ဘူး”
အဝါရောင်စကတ်နှင့် အမျိုးသမီးကလည်း ပြုံးလိုက်သည်။
“သွားကြစို့… ဒီနေ့တော့ ငါတို့ ထောပြီပဲ။ နင်တို့နှစ်ယောက်ကို ငါ အပျော်အပါး ဒကာခံမယ်။ ပြီးတော့ နင်တို့နှစ်ယောက်လုံး ဒီလောက်တောင် အရူးအမူးဖြစ်နေရတဲ့ သခင်မလေး မြောင်ရွှမ်က ဘယ်လောက်တောင် လှလို့လဲဆိုတာ ငါကိုယ်တိုင် သွားကြည့်ရသေးတာပေါ့”
“အစ်မကြီး… ချစ်လိုက်တာဗျာ...”
သခင်မလေး မြောင်ရွှမ်ဆိုသော နာမည်ကို ကြားသည်နှင့် အမျိုးသားနှစ်ဦး၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားပြီး အဝါရောင်စကတ်နှင့် အမျိုးသမီးကို ပြေးဖက်ကြသည်။
“သောက်ကျိုးနည်း… ဖယ်စမ်း...”
ဖြန်း... ဖြန်း...
ပါးရိုက်သံ နှစ်ချက်နှင့်အတူ အမျိုးသားနှစ်ဦးလုံး မျက်နှာကိုအုပ်ကာ မကျေမနပ်ဖြစ်နေသော အမူအရာများဖြင့် ရပ်နေကြသည်။
“အစ်မကြီးကလည်း… ငါတို့က သွေးသစ္စာဆိုထားတဲ့ မောင်နှမတွေပဲကို… ဘာလို့ ဒီလောက်တောင် စိမ်းကားနေရတာလဲ”
“နင်တို့ အပျော်အပါး သွားဦးမှာလား”
“သွားမှာပေါ့... သွားမှာပေါ့...”
'အပျော်အပါး' ဟူသော စကားကို ကြားသည်နှင့် သူတို့၏ မျက်နှာပေါ်မှ မကျေမနပ်ဖြစ်မှုများ အားလုံး ပျောက်ကွယ်သွားပြီး ဖားယားသော အပြုံးများဖြင့် အစားထိုးသွားသည်။
“သွားမယ်… လမ်းပြစမ်း...”
အဝါရောင်စကတ်နှင့် အမျိုးသမီးက လက်ယမ်းလိုက်ပြီး သူတို့သုံးယောက်သား ပြည့်တန်ဆာရုံဆီသို့ စိတ်လှုပ်ရှားစွာ ထွက်ခွာသွားကြသည်။
လမ်းထောင့်ချိုးသို့ အရောက်တွင် အဝါရောင်စကတ်နှင့် အမျိုးသမီးက တည်းခိုခန်းဆီသို့ သံသယဖြစ်နေသော အကြည့်ဖြင့် တမင်တကာ လှည့်ကြည့်လိုက်သေးသည်။
‘စိတ်ဝိညာဉ်ချီ လှိုင်းဂယက်လေးတောင် မရှိတဲ့ လူငယ်လေးတစ်ယောက်က သံကြမ်းတွေကို ဒီလောက်တောင် အရေးတကြီး ဘာလုပ်ဖို့ လိုနေတာလဲ။ လမ်းတစ်လျှောက်လုံး သူဝယ်သွားတဲ့ ပါဝင်ပစ္စည်းတွေကို ကြည့်ရတာ အားလုံးက မြို့ရိုးဖျက်လက်နက်တွေ သွန်းလုပ်တဲ့နေရာမှာ သုံးတာတွေချည်းပဲ။ သူက တကယ်ပဲ ကျောက်တိုင်းပြည်က သူလျှိုများ ဖြစ်နေမလား’
“အစ်မကြီး… ဘာတွေ တွေးနေတာလဲ။ သွားကြစို့လေ” အမျိုးသားတစ်ဦးက လောဆော်လိုက်သည်။
“လာပြီ” အမျိုးသမီးက သံသယများကို ဘေးဖယ်ထားလိုက်ပြီး အလျင်အမြန် လိုက်သွားလေသည်။
သူတို့ ထွက်သွားပြီး ငါးမိနစ်အကြာတွင် တည်းခိုခန်းအတွင်းမှ 'ဒက်ဒက်ဒက်ဒက်' မြည်သံများ ပဲ့တင်ထပ်လာပြီး ပြတင်းပေါက်မှတစ်ဆင့် ဆက်တိုက် တောက်ပနေသော အပြာရောင်အလင်းတန်းများကို မြင်တွေ့ရသည်။
“သနားပါဗျာ... သူရဲကောင်းကြီး… သနားပါဦး... အား... ဝါး...”
သစ်ပင်မိစ္ဆာက အပေါ်ခုန်လိုက် အောက်ခုန်လိုက် ဖြစ်နေသည်။ ၎င်း၏ ရှေ့တွင် လုချန်က ခလုတ်ကို ရူးသွပ်စွာ ဆွဲနေလေသည်။
တစ်မိနစ်အကြာတွင်တော့ သစ်ပင်မိစ္ဆာသည် တည်းခိုခန်း အဝင်ဝတွင် ခွေခွေလေး လဲကျသွားတော့သည်။
လုချန်ကလည်း ကျေနပ်စွာဖြင့် ဂက်သလင် စက်သေနတ်ကြီးကို ကောင်တာအနောက်တွင် ထားလိုက်သည်။ ၎င်း၏ စွမ်းအားကို သူ မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီဖြစ်သည်။ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားပြင်းလွန်းလှသည်...
*