နောက်တစ်နေ့ နံနက်စောစောတွင် လုချန်သည် လူသားအခန်းထဲမှ တွားသွားထွက်လာပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။ စိတ်ဝိညာဉ်ချီ မြူခိုးများကြားတွင် သူ အိပ်စက်ရသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်ပြီး နိုးလာသောအခါ အလွန်သက်တောင့်သက်သာရှိလွန်းသဖြင့် အိပ်မက်တစ်ခုလိုပင် ခံစားနေရသည်။
“၂၁ ရာစုမှာသာ ဒီလိုမျိုးရှိခဲ့ရင် သာမန်ရောဂါ တော်တော်များများကို ကာကွယ်နိုင်မှာ သေချာတယ်”
လူသားအခန်းထဲမှ ထွက်လာပြီး ဒုတိယထပ် လသာဆောင်လက်ရန်းကို မှီလိုက်သောအခါ ကြမ်းခင်းကျောက်ပြားများပေါ်ရှိ ရှုခင်းပန်းချီကားကို အကြည့်တစ်ချက်တည်းဖြင့် သူ မြင်တွေ့နိုင်သည်။ တကယ့်ကို လက်ရာမြောက်လွန်းလှပြီး အဆင့်အတန်းမြင့်မားမှု၏ အထွတ်အထိပ်ပင်...
မြေပြင်ပေါ်ရှိ ပုံစံများတစ်လျှောက် အမြဲတမ်း ရွေ့လျားနေသည့် မြကျောက်စိမ်းရောင် အစက်အပြောက်လေးတစ်ခု ရှိနေသည်။ သစ်ပင်မိစ္ဆာမှလွဲ၍ အခြားဘယ်သူ ဖြစ်နိုင်မည်နည်း။
သစ်ပင်မိစ္ဆာက လုချန်ကို မြင်သည်နှင့် တစ်ပြိုင်နက် ခေါင်းကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ကမန်းကတမ်း ပြေးထွက်သွားတော့သည်။ မနေ့ညက အဖြစ်အပျက်က ၎င်းအတွက် သိပ်ကို အမှတ်ရစရာ ဖြစ်နေခဲ့ပုံပေါ်သည်။
“မပြေးနဲ့ဦး… ငါ ပြောစရာရှိတယ်”
“သူ… သူရဲကောင်းကြီး… ပြော… ပြောပါခင်ဗျာ”
သစ်ပင်မိစ္ဆာက တုန်တုန်ယင်ယင်ဖြင့် ပြန်ဖြေသည်။
“ဒီနေ့ကစပြီး မင်းနေဖို့ နေရာ မင်းဘာသာ ရှာတော့။ ငါ ဒီမှာ နေရာချတော့မယ်”
“ဟုတ်ကဲ့ပါ...”
သစ်ပင်မိစ္ဆာက ခေါင်းကို အဆက်မပြတ် ညိတ်ပြသည်။
မျက်နှာသစ်ပြီးနောက် လုချန် တံခါးကို ဖွင့်လိုက်သည်။ အပြင်သို့ ခြေချလိုက်သည်နှင့် မနေ့က သက်လတ်ပိုင်း အမျိုးသမီး ခေါ်လာသော လူအုပ်ကြီး အပြင်ဘက်တွင် စုဝေးနေကြသည်ကို သူ တွေ့လိုက်ရသည်။
ထိုအမျိုးသမီးက လူအုပ်ကြီး၏ အရှေ့ဆုံးတွင် ရှိနေသည်။
“ကြည့်စမ်း… မင်း မျက်နှာပြရဲသေးတယ်ပေါ့လေ… ကောင်စုတ်လေး...”
သက်လတ်ပိုင်း အမျိုးသမီးက သူ့ကို မြင်သောအခါ အနည်းငယ် အံ့အားသင့်သွားပုံရသည်။
သူ ကြောက်လန့်ပြီး ထွက်ပြေးသွားလိမ့်မည်ဟု သူမ ထင်ထားခဲ့သည်။ သူမက တည်းခိုခန်းရှေ့တွင် ချိတ်ဆွဲရန် လှောင်ပြောင်ရေးသားထားသော စာတန်းတစ်ခုကိုပင် ညတွင်းချင်း အဆင်သင့် ပြင်ဆင်ထားခဲ့သေးသည်။
“ဘာလို့ မျက်နှာမပြရဲရမှာလဲ။ ခင်ဗျားကသာ ဘယ်လို မျက်နှာပြောင်တိုက်ပြီး လာရဲတာလဲလို့ မေးရမှာ။ ထပ်ပြီး အရှက်ကွဲချင်လို့ လာတာလား”
“အပြောတော့ ကောင်းသားပဲ… ကြွက်စုတ်လေး။ ဒီနေ့ လူတွေအကုန် ရောက်နေပြီ။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တန်တယ်ဆိုတဲ့ မင်းရဲ့ သစ်သားထည်တွေကို ကြည့်ရသေးတာပေါ့။ ငါတို့ကို အထင်သေးလောက်အောင် မင်းဆီမှာ ဘာအခွင့်အရေးတွေ ရှိနေလဲဆိုတာ ကြည့်ကြတာပေါ့”
“မကြာခင် ခင်ဗျား မြင်ရမှာပါ”
လုချန်က မနေ့က သူကာရံထားသည့် ခြံဝင်းလေးထဲသို့ လျှောက်သွားလိုက်သည်။ သစ်သားစားပွဲနှင့် ခုံတန်းလျားတစ်ခု အဆင်သင့်ရှိနေပြီး ချင်းလွမ်တောင်မှ လူအုပ်ကြီးကို စောင့်ရန် သူ ထိုင်ချလိုက်သည်။
တည်းခိုခန်းကို တရားဝင် ဖွင့်လှစ်လိုက်မှသာ သူ၏ ပင်မမစ်ရှင် ပြီးဆုံးမည်ဖြစ်သည်။
ယခုအချိန်တွင် တည်းခိုခန်းရှေ့ရှိ လမ်းမပေါ်တွင် ပွဲကြည့်ချင်သော လူအုပ်ကြီး ပြည့်နှက်နေပြီဖြစ်သည်။ မြို့တံခါးဝတွင်လည်း ယောကျ်ားလေးအများစု ပါဝင်သော ပိုမိုများပြားလှသည့် လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။
သူတို့၏ အမြင်အာရုံထဲတွင် တောက်ပသော အပြာရောင်ဝတ်ရုံများကို ဝတ်ဆင်ထားပြီး တစ်ယောက်ချင်းစီက ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင်များဖြစ်ကြသော ချင်းလွမ်တောင်မှ တပည့်တစ်ရာကျော် မြို့ထဲသို့ ဝင်ရောက်လာကြသည်။
“ဟေ့… ကြည့်စမ်း... ချင်းလွမ်တောင်က နတ်သမီးလေးတွေ… ဒီလောက်တောင် အများကြီးပဲ...”
“တစ်ယောက်ထက် တစ်ယောက် ပိုလှကြတယ်… မျက်စိပသာဒ ဖြစ်လိုက်တာကွာ...”
ယောကျ်ားများမှာ သွားရည်ကျမတတ်ဖြစ်နေကြပြီး မျက်လုံးများ အရောင်လက်နေကြသည်။ ဂိုဏ်းက ဘာကြောင့် ဒီလောက် အင်အားအများကြီးနဲ့ ထွက်လာရသလဲဆိုတာကို သူတို့ စဉ်းစားမရဖြစ်နေကြသည်။
“ဟေ့… ကြည့်ကြဦး... ဟိုမှာ ထပ်လာနေသေးတယ်...”
မြို့ရိုးပေါ်မှ လူတစ်ယောက်က အဝေးသို့ မယုံနိုင်စွာ လှမ်းကြည့်ရင်း အော်ဟစ်လိုက်သည်။ နောက်ထပ် အပြာရောင် ပုံရိပ်ထောင်ပေါင်းများစွာက ဒီရေလှိုင်းကြီးတစ်ခုလို မြို့ဆီသို့ ဦးတည်လာနေသည်။
“ချင်းလွမ်တောင် တစ်တောင်လုံး ဆင်းလာကြတာလား”
“ဒီလောက် အင်အားအများကြီးနဲ့ ဘာကိစ္စ ရှိလို့လဲ။ စိတ်ဝိညာဉ်သားရဲတွေ ထပ်ပြီး တိုက်ခိုက်တော့မှာလို့တော့ မပြောနဲ့နော်...”
ပွဲကြည့်ပရိသတ်များက ကြည့်ရှုရင်း ထင်ကြေးပေးနေကြသည်။
တည်းခိုခန်းရှေ့တွင်တော့ လက်သမားလီ၏ ဇနီးက ခါးထောက်လျက် ရပ်နေသည်။
“ကဲ… ကောင်စုတ်လေး… လူတွေအကုန် ရောက်နေပြီ။ မင်း ဘာစောင့်နေတာလဲ။ တံခါးဖွင့်စမ်း… မင်းရဲ့ သစ်သားထည်တွေကို ငါ လှောင်ရယ်ချင်နေပြီ”
သူမ၏ အပေါင်းအပါများကလည်း အနောက်မှနေ၍ သံယောင်လိုက်ကာ လှောင်ပြောင်ကြသည်။
“ဒီနေ့ မင်းကို ငါ အနိုင်မကျင့်ပါဘူး။ မင်း ပြောတဲ့ဈေးနဲ့ မင်းရဲ့ လက်ရာက တန်မတန် ဆုံးဖြတ်ပေးဖို့ မဟာဆရာသခင်ကျန်းကိုတောင် ငါ ဖိတ်ခေါ်လာသေးတယ်။ မင်းက ဟန်လုပ်နေတဲ့ သူတောင်းစားတစ်ယောက်ဆိုတာ ဒီနေ့ ငါတို့ ဖော်ထုတ်ပြမယ်။ ဖွင့်စမ်း...”
“ခဏလောက် စောင့်ဦး။ ငါ့သူငယ်ချင်းတချို့ကို စောင့်နေလို့”
“သူငယ်ချင်းလား။ ဟားဟား... မင်းလို သူတောင်းစားမျိုးနဲ့ ဘယ်သူက သူငယ်ချင်း လုပ်ချင်မှာလဲ”
မြို့တံခါးဝတွင်မူ လူတိုင်းက မြို့ထဲသို့ ဝင်ရောက်လာသော ချင်းလွမ်တောင်မှ တပည့်များကို ငေးကြည့်နေကြသည်။ ဆယ်စုနှစ်တစ်ခုအတွင်း မြင်တွေ့ရခဲသော အလွန်လှပသည့် မြင်ကွင်းတစ်ခုပင်။
တူညီသော ဝတ်ရုံများကို ဝတ်ဆင်ထားသည့် မိန်းမလှ ထောင်ပေါင်းများစွာ။ သူတို့၏ အပြုံးတစ်ချက်စီက လူတစ်ယောက်၏ ဝိညာဉ်ကို လုယူသွားနိုင်လောက်အောင်ပင်။
သို့သော် လူတစ်ယောက်ကတော့ ထိုမြင်ကွင်းကို ဂရုမစိုက်ပေ။ သူကတော့ ကျိချန်ဟယ် ဖြစ်သည်။
ချင်းလျန်မြို့၏ မြို့စားကြီးက မြို့တံခါးအပြင်ဘက်တွင် ရိုသေလေးစားသော မျက်နှာထားဖြင့် ရပ်နေသည်။ ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦး ရောက်လာတော့မည်ကို သိထားသဖြင့် သူပင်လျှင် ဟန်မလုပ်ရဲပေ။
အဝေးဆီ မိုးကုပ်စက်ဝိုင်းတွင် ပုံရိပ်နှစ်ခု ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် အလွန်သေးငယ်သည့်အရာမှ ခြေလှမ်းတစ်ရာအကွာသို့ ရောက်ရှိလာသည်။ ၎င်းမှာ 'မြေကမ္ဘာကို ခေါက်သိမ်းခြင်း' ဟူသော နတ်ဘုရားစွမ်းရည်ပင် ဖြစ်သည်။
ကျိချန်ဟယ်က ချက်ချင်း အရိုအသေပေးလိုက်သည်။
“စတုတ္ထသခင်လေးနဲ့ စီနီယာဟူကို ကျွန်တော်မျိုး ဂါရဝပြုပါတယ်”
တစ်ယောက်က အိုမင်းပြီး နောက်တစ်ယောက်က ငယ်ရွယ်သည်။ နှစ်ယောက်စလုံး သာမန် လျှော်တေအဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူတို့ကို မြင်သူတိုင်း မထီမဲ့မြင် ပြုဝံ့မည် မဟုတ်ပေ။
လူငယ်လေးက သာမန်ဝတ်စားထားသော်လည်း လူ့လောကအထက် နတ်ပြည်မှ နယ်နှင်ခံရသော အင်မော်တယ်နတ်မင်းတစ်ပါးနှင့် တူသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လူများက အနားကပ်ရန် ကြောက်ရွံ့သွားကြသည်။
သူ၏ မျက်နှာက သာမန်ဖြစ်သော်လည်း အဆုံးမရှိသော ဆွဲဆောင်မှုများ ဖြာထွက်နေသည်။
အဘိုးအိုကတော့ အိပ်မောကျနေသော သားရဲကြီးတစ်ကောင်နှင့် တူသည်။ ဆံပင်ဖြူဖြူ၊ မျက်နှာတွန့်လိမ်လိမ်နှင့်မို့ တစ်ချက်ကြည့်ရုံဖြင့် အန္တရာယ်ကင်းပုံပေါ်သော်လည်း ဒေါသထွက်လာပါက စစ်တပ်ကြီးများပင် တုန်လှုပ်သွားရမည်ဖြစ်သည်။
“ဒီနေ့ တော်တော်စည်ကားပါလား… ကိစ္စကြီးတစ်ခုခု ဖြစ်တော့မှာလား”
ကျိချန်ဟယ်က နှိမ့်ချစွာ ဆက်နေသော်လည်း လူငယ်လေးက မာနမထောင်လွှားဘဲ မြို့ကို စူးစမ်းချင်စိတ်ဖြင့် ကြည့်ရှုနေသည်။
“ဒီနေ့ ချင်းလွမ်တောင်က အင်အားအများကြီးနဲ့ ဆင်းလာကြတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး”
“အိုး... ချင်းလွမ်တောင်… မိန်းမလှတွေချည်းပဲ ရှိတဲ့ ဂိုဏ်းပေါ့လေ”
လူငယ်လေးက မြို့ထဲသို့ ဝင်ရန် ခြေလှမ်းသွက်လိုက်သည်။
ကျိချန်ဟယ်က အလျင်အမြန် လိုက်သွားရန် ပြင်လိုက်သော်လည်း အဘိုးအို၏ စိုက်ကြည့်မှုအောက်တွင် အေးခဲသွားပြီး အဘိုးအိုက လူငယ်လေး၏ အနောက်မှ လျှောက်သွားသောအခါမှသာ ဆက်လျှောက်ရဲတော့သည်။
တပည့်များ ရောက်ရှိလာခြင်းကြောင့် ချင်းလျန်မြို့၏ လမ်းမများတွင် ပိတ်ဆို့နေသည်။
လူထောင်ပေါင်းများစွာ ဝင်ရောက်လာခြင်းက ပြဿနာမဟုတ်သော်လည်း တကယ့်ပြဿနာမှာ သူတို့ကို ငေးကြည့်နေသော ဧရာမလူအုပ်ကြီးပင် ဖြစ်သည်။
“စီနီယာအစ်မ… ဆရာဦးလေးက ဘာလို့ ကျွန်မတို့ကို စတုတ္ထဆရာဦးလေးကို မသိဟန်ဆောင်ခိုင်းတာလဲ”
အမျိုးသမီးတပည့်တစ်ဦးက ယွီလီချင်းကို နောက်ပြောင်သည့်လေသံဖြင့် မေးလိုက်သည်။
“မသိဘူးလေ။ အမိန့်က အမိန့်ပဲပေါ့”
သူတို့ရှေ့တွင် လူအုပ်ကြီးကို မြင်နေရပြီဖြစ်သည်။ လက်သမားလီ၏ ဇနီး ခေါ်လာသော ပွဲကြည့်ပရိသတ်များပင် ဖြစ်သည်။
လုချန်က ချင်းလွမ်တောင်မှ အဖွဲ့ကို မြင်သောအခါ ပြုံးလိုက်ပြီး သက်လတ်ပိုင်း အမျိုးသမီးကို ပြောလိုက်သည်။
“ထားလိုက်တော့… ငါ့သူငယ်ချင်းတွေ မလာကြတော့ဘူး ထင်တယ်”
“သူငယ်ချင်းမရှိတာကို မရှိဘူးပေါ့… စကားကို အလှဆင်နေသေးတယ်။ တံခါးဖွင့်စမ်းပါ”
“ကောင်းပြီလေ”
လုချန်က ရှေ့တိုးသွားပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်သည်။
အတွင်းဘက်တွင် စားပွဲဆယ့်တစ်လုံးနှင့်အတူ လင်းထိန်နေသော ခန်းမတစ်ခုကို အထင်းသား မြင်တွေ့လိုက်ရသည်။
“ဟားဟား... ဒါက မင်းရဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တန်တဲ့ သစ်သားထည်လား”
တံခါးပွင့်သွားသည်နှင့် သက်လတ်ပိုင်းအမျိုးသမီးက ရယ်မောလိုက်သည်။
“ဟုတ်တယ်… ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ မွမ်းမံထားတာ”
“လိမ်နေတာ... ငါတို့မိသားစုက သစ်သားအလုပ် လုပ်လာတာ ဆယ်စုနှစ်တွေချီနေပြီ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အရည်အသွေးကို ငါ သိတယ်။ ဒီပစ္စည်းတွေက အလွန်ဆုံး အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက်ပဲ ကုန်မှာ...”
*