“အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးလား”
သက်လတ်ပိုင်းအမျိုးသမီး၏ စကားကို ကြားသောအခါ လုချန်က ပြုံးလိုက်သည်။
“ခင်ဗျားမိသားစုက သစ်သားအလုပ် လုပ်လာတာ ဆယ်စုနှစ်ချီနေပြီဆိုပြီး ဒီလိုမျိုး မွမ်းမံပြင်ဆင်ဖို့ကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးပဲ ကုန်မယ်လို့ ပြောတာလား”
“ဟက်” သက်လတ်ပိုင်းအမျိုးသမီးက လှောင်ပြုံးပြုံးလိုက်သည်။ “ဆယ်တုံးလို့ ပြောတာတောင် မင်းကို မျက်နှာသာပေးထားတာ”
“ကောင်းပြီလေ”
လုချန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် တံခါးဝတွင် ရပ်လျက် အပြင်ဘက်ရှိ လူအုပ်ကြီးကို ကျယ်လောင်စွာ ကြေညာလိုက်သည်။
“အားလုံးပဲ ကြားကြလား။ သူမက ကျွန်တော့်ဆိုင်လိုမျိုး ပြင်ဆင်ဖို့ကို အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးပဲ ကုန်မယ်လို့ ပြောတယ်။ ဒါဆိုရင် ဒီနေ့ ကျွန်တော်က ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် ကြေးထပ်မယ်။ ခင်ဗျားက ဒီအတိုင်း တစ်ထပ်တည်းကျအောင် ပြင်ဆင်ပေးနိုင်ရင် ဒီကျောက်တုံးတစ်ထောင်က ခင်ဗျားအတွက်ပဲ။ တကယ်လို့ မလုပ်နိုင်ရင်တော့ ကျွန်တော့်ကို ဆယ်ဆ ပြန်လျော်ရမယ်...”
လုချန်က တစ်ဟုန်ထိုး ပြောချလိုက်ပြီးနောက် သက်လတ်ပိုင်းအမျိုးသမီးကို မေးလိုက်သည်။
“ခင်ဗျား လက်ခံရဲလား”
သက်လတ်ပိုင်းအမျိုးသမီးက သူမကိုယ်သူမ အကြားအာရုံ ချို့ယွင်းသွားသည်ဟုပင် ထင်လိုက်မိသည်။
“ကောင်စုတ်လေး… ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်တဲ့လား။ မင်းလို သူတောင်းစားမျိုးက အဲဒီလောက် ပေးနိုင်လို့လား”
“အပိုစကားတွေ ပြောမနေနဲ့။ လက်ခံရဲလားလို့ပဲ ကျုပ်မေးနေတာ...”
“ဘာလို့ မရဲရမှာလဲ။ မင်းက လေလုံးမိုးလုံးတွေ ထွားနေပြီး တကယ့်တကယ် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် ထုတ်မပြနိုင်မှာကိုပဲ ငါက စိုးရိမ်နေတာ...”
“ဒီမှာ”
လုချန်က အိတ်ကပ်ထဲမှ လက်ကိုထုတ်လိုက်ပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို သက်လတ်ပိုင်းအမျိုးသမီး၏ ခြေရင်းသို့ ပစ်ချလိုက်သည်။
“ဒီအထဲမှာ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် ရှိတယ်။ မယုံရင် အနောက်မှာရှိတဲ့ ချင်းလွမ်တောင်က နတ်သမီးလေးတွေကို သက်သေလုပ်ခိုင်းလို့ရတယ်”
လုချန် တံခါးဖွင့်လိုက်ချိန်တွင် ယွီလီချင်းတို့ ရောက်ရှိနေပြီဖြစ်သည်။ လုချန်က သူမကို သက်သေလုပ်ခိုင်းသည်ကို ကြားသောအခါ ယွီလီချင်း ချက်ချင်း သဘောပေါက်လိုက်သည်။ စတုတ္ထဆရာဦးလေးက လှည့်ကွက်ခင်းတော့မည်ဖြစ်သည်။
စတုတ္ထဆရာဦးလေး၏ စရိုက်ကို သူမ သိသည်။ 'သူများက ကိုယ့်ကို အရင်မစော်ကားရင် ကိုယ်က ဘယ်တော့မှ သူများကို မစော်ကားဘူး' ဆိုသည့် စရိုက်မျိုးဖြစ်သည်။ အခု သူက လှည့်ကွက်ခင်းတော့မည်ဆိုလျှင် တစ်ဖက်လူက သူ့ကို အရင်ရန်စခဲ့ခြင်းကြောင့်သာ ဖြစ်ရမည်။ ဒီအချက်ကို သူမ နားလည်သော်လည်း စတုတ္ထဆရာဦးလေးကို ရန်စရဲသည့်လူအတွက်တော့ သူမ စိတ်မကောင်းဖြစ်မိသည်။ ထိုသူအတွက် ငရဲခန်းက စောင့်ကြိုနေပြီလေ။ ဟိုတစ်နေ့က သခင်လေးကျန်းကို ဆန်းကြယ်မီးတောက် အလုခံရသည့် မြင်ကွင်းက သူမ၏ မှတ်ဉာဏ်ထဲတွင် ရှင်သန်နေဆဲပင်။
“ချင်းလွမ်တောင်က နတ်သမီးလေးများ” ဟူသော စကားကို ကြားသည်နှင့် လူအုပ်ကြီးက ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။ အစိမ်းရောင်ဝတ်ရုံများနှင့် ခမ်းနားလှပသော မိန်းမလှလေးများအုပ်စုကို မြင်သောအခါ သူတို့၏ ပါးစပ်များ ဟောင်းလောင်းပွင့်သွားပြီး တစ်ခဏမျှ ဆူညံသွားပြီးမှသာ ပြန်လည်ငြိမ်သက်သွားကြသည်။
“ကောင်းပါပြီ။ ဒီသခင်လေးက ကျွန်မကို ယုံကြည်မှတော့ ကျွန်မ သက်သေလုပ်ပေးပါ့မယ်”
ယွီလီချင်းက လူအုပ်ကြားမှ ထွက်လာခဲ့သည်။
“ရှင့်စကားတွေကို ကျွန်မ ကြားပါတယ်။ မျှမျှတတဖြစ်အောင် ဒီထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ကို ကျွန်မ အရင် သိမ်းထားပေးပါ့မယ်။ သခင်မ… ဒီလိုပြင်ဆင်ဖို့ အချိန်ဘယ်လောက် ယူမလဲ”
“မွန်းလွဲပိုင်း တစ်ပိုင်းဆို ရပြီ...”
သက်လတ်ပိုင်းအမျိုးသမီးက မာနတထောင်လွှားဖြင့် ခေါင်းမော့ကာ ပြောလိုက်သည်။
သူမအမြင်တွင် တည်းခိုခန်းဆိုသည်မှာ ကြမ်းခင်းကျောက်ပြားများ ခင်းပြီး စားပွဲ၊ ကုလားထိုင် အနည်းငယ် ချထားရုံသာဖြစ်သည်။ ၎င်းက သူမမိသားစုအတွက်တော့ အသေးအဖွဲ ကိစ္စလေးတစ်ခုသာ ဖြစ်သည်။
“ကောင်းပြီ”
ယွီလီချင်းက ခေါင်းညိတ်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ်က သူမ၏ လက်ထဲသို့ ရောက်ရှိလာသည်။ ချက်ချင်းပင် တောက်ပနေသော ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အမြောက်အမြားက လူအုပ်ကြီးရှေ့တွင် ပေါ်လာသဖြင့် ပွက်လောရိုက်သွားတော့သည်။
ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်... တောက်ပလွန်းလို့ မျက်စိတွေတောင် ကန်းမတတ်ပဲ...
သက်လတ်ပိုင်းအမျိုးသမီးက ကျောက်တုံးများကို စိုက်ကြည့်ရင်း တံတွေးမြိုချလိုက်သည်။ လုချန်က ဤမျှများပြားသော ပိုင်ဆိုင်မှုမျိုး ထုတ်ပြနိုင်လိမ့်မည်ဟု သူမ တကယ်ကို မယုံကြည်နိုင်ဖြစ်နေပုံရသည်။
“ဒီမွန်းလွဲပိုင်းအတွင်းမှာ ဒီအခန်းကို အပြီးပြင်ဆင်နိုင်ရင် ဒီထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်က ခင်ဗျားအတွက်ပဲ။ တကယ်လို့ မလုပ်နိုင်ရင်တော့ ခင်ဗျားဘက်က ဆယ်ဆ ပြန်လျော်ရမယ်။ ခင်ဗျား ကတိမဖျက်ဘူးလို့ မျှော်လင့်ပါတယ်”
လုချန်က စကားပြောပြီးသည်နှင့် အခန်းထဲသို့ ပြန်ဝင်ရန် လှည့်လိုက်သည်။
“ရယ်ရတယ်... ငါတို့မိသားစုက ဒီမြို့မှာ အခြေချလာတာ ဆယ်စုနှစ်တွေချီနေပြီ။ မင်းလို ကောင်စုတ်လေးကို ကတိဖျက်စရာ လိုလို့လား”
သက်လတ်ပိုင်းအမျိုးသမီးက အင်္ကျီလက်စကို ခေါက်တင်လိုက်ပြီး သူမအနောက်ရှိ အမျိုးသားကို အကူအညီသွားခေါ်ခိုင်းလိုက်သည်။
ရုတ်တရက် လူအုပ်ကြားမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“နေပါဦး...”
လျှော်တေအဝတ်အစား ဝတ်ဆင်ထားသော လူငယ်တစ်ဦး လူအုပ်ကြားမှ ထွက်လာသည်။ သူ၏ ရုပ်ရည်က သာမန်မျှသာဖြစ်သော်လည်း ထိုနေရာတွင် ရပ်နေသည့် သူ၏ဟန်ပန်က အရာအားလုံး၏ ဗဟိုချက်မဖြစ်နေသကဲ့သို့ ရှိသည်။ သူ၏ ခြေလှမ်းများက ပေါ့ပါးသော်လည်း တောင်ကြီးတစ်တောင်ကဲ့သို့ ကြီးမားသော ဖိအားကို ပေးစွမ်းနေသည်။
ဤဖိအားက တမင်တကာ ထုတ်လွှတ်ထားခြင်းမဟုတ်ဘဲ ရာထူးကြီးကြီးကို အချိန်ကြာမြင့်စွာ ရယူထားဖူးသူများသာ ပိုင်ဆိုင်သော မွေးရာပါ အရှိန်အဝါမျိုး ဖြစ်သည်။
“သူဌေး… ခင်ဗျားဆိုင်ရဲ့ မွမ်းမံပြင်ဆင်စရိတ်က ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် ကုန်တယ်ဆိုတာ ဟုတ်ပါသလား”
လူငယ်က လူအုပ်ရှေ့သို့ လျှောက်လာရင်း မေးလိုက်သည်။
“ဟုတ်တယ်” လုချန်က ခေါင်းညိတ်လိုက်သည်။
“သူ ကြွားနေတာတွေကို နားမထောင်နဲ့။ ဒီလိုပစ္စည်းမျိုးက အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးတောင် တန်တာ မဟုတ်ဘူး။ သူက ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ငှားဖို့အတွက် မနေ့ကတည်းက သူသိတဲ့လူတွေဆီ အကုန်လိုက်တောင်းရမ်းနေရတာ ဖြစ်မှာ...”
သက်လတ်ပိုင်းအမျိုးသမီးက လက်ပိုက်လိုက်သည်။
“လာပါ… မဟာဆရာသခင်ကျန်းရဲ့ နာမည်ကို အားလုံးသိကြပါတယ်။ မင်းရဲ့ သစ်သားထည်တွေက ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ ဒီနေ့ သူ အားလုံးကို ပြောပြပါလိမ့်မယ်”
မဟာဆရာသခင်ကျန်းမှာ အသက် ခြောက်ဆယ်ခန့်ရှိ အဘိုးအိုတစ်ဦးဖြစ်သည်။ သူ၏ မျက်နှာက အိုမင်းရင့်ရော်နေပြီး လက်များတွင် အသားမာများ အထပ်ထပ်တက်နေခြင်းက သူသည် တစ်သက်လုံး လက်သမားအလုပ်ကို လုပ်ကိုင်ခဲ့ကြောင်း သက်သေပြနေသည်။
“ညီလေး… ငါ့ရဲ့ လေးဆယ့်တစ်နှစ်ကြာ လက်သမားအတွေ့အကြုံအရ ဒီပစ္စည်းတွေက တကယ်ကို တန်ဖိုးမရှိပါဘူး”
မဟာဆရာသခင်ကျန်းက တည်းခိုခန်းကို အကဲခတ်ကြည့်လိုက်သည်။ “ပန်းပုထုထားတဲ့ လက်ရာတွေက သေသပ်လှပမှု မရှိဘူး။ အတွေ့အကြုံနည်းနည်းရှိတဲ့ လက်မှုပညာရှင်တိုင်း လုပ်နိုင်တဲ့ အရာတွေချည်းပဲ”
မဟာဆရာသခင်ကျန်းက တည်းခိုခန်းအတွင်းသို့ ထပ်မံဝင်ရောက်သွားသည်။
“ကြမ်းခင်းကျောက်ပြားတွေက သာမန် အပြာရောင်ကျောက်ပြားတွေကိုပဲ သုံးထားတာဆိုတော့ ဘာမှထူးခြားမှုမရှိဘူး။ အခန်းတစ်ခုလုံးက ခမ်းနားကြွယ်ဝတဲ့ ခံစားချက်ကို ပေးစွမ်းနေတယ်ဆိုပေမဲ့ ဒါက နံရံက ပန်းချီကား သုံးချပ်နဲ့ ကျယ်ဝန်းတဲ့ ခန်းမကြောင့်ပဲ။ တကယ်လို့ မင်းက စားပွဲနည်းနည်းလောက် ထပ်ချလိုက်ရင် ဒီခံစားချက်က လုံးဝ ပျောက်ကွယ်သွားလိမ့်မယ်။ တည်းခိုခန်းတစ်ခုဖြစ်နေပါလျက်နဲ့ ဒီခံစားချက်လေးရဖို့အတွက် နေရာလွတ်တွေကို အလဟဿ ဖြုန်းတီးထားတယ်။ ဒါက လှည်းကို မြင်းရှေ့ထားသလို (အရေးကြီးတာနဲ့ အရေးမကြီးတာ မှားလုပ်နေခြင်း) ဖြစ်နေတယ်”
“ပြီးတော့ ကောင်တာကလည်း ကြီးလွန်းပြီး နေရာယူတယ်။ ကြွယ်ဝတဲ့ ခံစားချက်လေး ရဖို့အတွက် လှည်းကို မြင်းရှေ့ထားသလို ထပ်ဖြစ်နေပြန်ရော။ အလှစိုက်အပင် သုံးအိုးကလည်း အရောင်တွေ တူနေတော့ အမြင်အာရုံကို လွယ်လွယ်ကူကူ ပင်ပန်းသွားစေတယ်။ ဒီလို မွမ်းမံပြင်ဆင်မှုပုံစံကို ကြည့်ရတာ မင်းငှားထားတဲ့ လက်သမားက အတွေ့အကြုံ သိပ်မရှိဘူးဆိုတာ သိသာတယ်”
တစ်ပတ်လည်အောင် လျှောက်ကြည့်ပြီးနောက် မဟာဆရာသခင်ကျန်းက အပေါ်ထပ်သို့ပင် မတက်တော့ဘဲ အပြင်သို့ ပြန်ထွက်လာခဲ့သည်။
“ကြားတယ်မလား ကောင်စုတ်လေး။ မင်း ဘာလို့ ဟန်လုပ်နေသေးတာလဲ”
“ဟက်ဟက်” လုချန်က ရယ်မောလိုက်သည်။ “ပါးစပ်လေး တစ်ပေါက်တည်းနဲ့တော့ အားကိုးမနေနဲ့။ ဒီနေ့ မွန်းလွဲပိုင်းမတိုင်ခင် အပြီးပြင်ရမယ်နော်။ မဟုတ်ရင် ဆယ်ဆ ပြန်လျော်ရမယ်”
“ဟွန့်... မင်းရဲ့ ပစ္စည်းတွေအတွက် ငါတို့က မွန်းလွဲပိုင်း တစ်ပိုင်းလုံးတောင် အချိန်ယူစရာ မလိုဘူး...”
“ငါတော့ အဲဒီလို မထင်ဘူး”
ခုနက ထွက်လာသော လူငယ်က ဝင်ပြောလိုက်သည်။
“ခုနက မဟာလက်မှုပညာရှင်ကြီးနဲ့ ယှဉ်ရင် ကျွန်တော့်မှာ မတူညီတဲ့ အမြင်တချို့ ရှိတယ်။ ဒါပေမဲ့ ဒီဆိုင်ရဲ့ မွမ်းမံပြင်ဆင်စရိတ်က ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် မတန်ဘူးဆိုတာကိုတော့ ငါတို့ နှစ်ယောက်စလုံး သဘောတူပါတယ်”
လူငယ်ကလည်း တည်းခိုခန်းရှေ့သို့ လျှောက်သွားပြီး တံခါးဘောင်ကို သေချာကြည့်လိုက်သည်။ “ပထမဆုံးအနေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေက ပတ်ဝန်းကျင်က ဆိုင်တွေနဲ့ အတူတူပဲ။ ဘာမှ ထူးခြားချက် မရှိဘူး”
တည်းခိုခန်း တံခါးဝသို့ ခြေလှမ်းဝင်လိုက်ပြီးနောက် သူက မေးလိုက်သည်။ “အပြာရောင် ကျောက်ပြားတွေလား”
သူက အောက်သို့ ငုံ့ကာ ကြမ်းခင်းကျောက်ပြားကို လက်ဖြင့် ခေါက်ကြည့်လိုက်ရာ ကြည်လင်ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် သူသည် ကျောက်ထိုင်ခုံတစ်ခုဆီသို့ လျှောက်သွားပြီး လက်ဖြင့် ပွတ်သပ်ကြည့်လိုက်သည်။ သူ၏ လက်ချောင်းများက ကျောက်ထိုင်ခုံနှင့် ထိတွေ့သွားသည်နှင့် သူ၏ မျက်နှာပေါ်တွင် အံ့ဩသွားသော အမူအရာတစ်ခု ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ထို့နောက် သူက နံရံဆီသို့ သွားကာ ချိတ်ဆွဲထားသော ပန်းချီကားလိပ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီး နောက်ဆုံးတွင် တည်းခိုခန်းအတွင်းပိုင်းကို တစ်ချက်ဝေ့ကြည့်ကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။
“ခုနက မဟာလက်မှုပညာရှင်ကြီးက ဆိုင်မွမ်းမံပြင်ဆင်စရိတ်က ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင် မတန်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ ဒီဆိုင်က ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ထက် အများကြီး ပိုတန်တယ်...”
“ပိုတန်တယ်လား”
လူငယ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီးထံမှ သံသယဝင်နေသော အသံများ ချက်ချင်း ထွက်ပေါ်လာသည်။
“ဒီဆိုင်လေးက သေးသေးလေး။ ပြီးတော့ အထဲမှာလည်း တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဘာမှမရှိဘူး။ ဘယ်လိုလုပ်ပြီး ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ထောင်ထက် ပိုတန်မှာလဲ။ အဲဒီငွေပမာဏဆိုရင် ဆိုင်တစ်ဆိုင်တည်း မကဘူး တောင်ပိုင်းမြို့က ကုန်သည်တွေပိုင်တဲ့ စံအိမ်တိုင်းကိုတောင် ပြင်ဆင်လို့ ရတယ်...”
“ကောင်လေး… မင်းက သူငှားထားတဲ့ လူယုံတော့ မဟုတ်ပါဘူးနော်”
သက်လတ်ပိုင်းအမျိုးသမီးက လက်ပိုက်လျက် မေးလိုက်သည်။
“မဟုတ်ပါဘူး” လူငယ်က ခေါင်းခါလိုက်သည်။ “မဟာလက်မှုပညာရှင်ကြီး ပြောခဲ့သလိုပဲ ကြမ်းခင်းကို အပြာရောင် ကျောက်ပြားတွေနဲ့ ခင်းထားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါတွေက သာမန် အပြာရောင် ကျောက်ပြားတွေ မဟုတ်ဘူး။ သေချာကြည့်မယ်ဆိုရင် ကျောက်ပြားတိုင်းမှာ အရောင်ဆိုးဆေးတွေ ပါနေတာကို တွေ့ရလိမ့်မယ်”
လူငယ်၏ စကားသံ အဆုံးတွင်တော့ လုချန်က သူ့ကို အံ့ဩတကြီး ကြည့်လိုက်မိသည်။ ဒီလူငယ်လေးရဲ့ လေ့လာဆန်းစစ်နိုင်စွမ်းက ဒီလောက်အထိ အသေးစိတ်ကျလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
*