ရှန်းယွီသည် သူဖန်တီးထားသော ကမ္ဘာလောကကို အကဲခတ်ကြည့်ရှုလိုက်သည်။
ဤကမ္ဘာငယ်လေးအတွင်း၌ ပြည့်စုံသော သက်ရှိပုံစံများ ဖြစ်တည်ထွန်းကားနေပြီ ဖြစ်ရာ အကယ်၍ သူသာ ဗရမ်းဗတာအခြေအနေကို ဖန်တီးလိုက်ပါက ဘေးထွက်ဆိုးကျိုးများကြောင့် ဤကမ္ဘာလေး ပျက်စီးသွားပေလိမ့်မည်။ ၎င်းကို မပျက်မစီးရအောင် ထိန်းသိမ်းနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ ဤကမ္ဘာကို ဖြစ်တည်မှုတစ်ခုလုံး၏ ဗဟိုချက်အဖြစ် သတ်မှတ်လိုက်ရန်ပင် ဖြစ်သည်။
ဤသို့လုပ်ဆောင်ခြင်းဖြင့် ကမ္ဘာကြီးကို မူလအတိုင်း ထိန်းသိမ်းနိုင်မည်မဟုတ်သော်လည်း ၎င်း၏ ဂုဏ်သတ္တိများကိုမူ ဆက်လက်တည်ရှိစေမည်ပင်။ ဤဂုဏ်သတ္တိများက ဗရမ်းဗတာအတွင်းရှိ အခြားသော ကမ္ဘာသစ်များကို ပိုမိုမြန်ဆန်စွာ တိုးတက်လာစေရန် အထောက်အကူပြုပေလိမ့်မည်။
သူသည် လက်ထဲတွင် စုစည်းထားသော အကြွင်းမဲ့ အရင်းအမြစ်စွမ်းအင်လုံးလေးကို ကောင်းကင်ဘုံခြောက်ခုမြောက်နယ်မြေအတွင်းသို့ ပစ်ထည့်လိုက်သည်။ ထိုစွမ်းအင်မှာ ကမ္ဘာ၏ ဗဟိုချက်အတွင်းသို့ စုပ်ယူခံလိုက်ရပြီး ချက်ချင်းပင် အပြင်ဘက်သို့ ဟုန်ခနဲ ပေါက်ကွဲထွက်သွားခဲ့သည်။ ထိုအချိန်တွင် ရှန်းယွီ၏ ကိုယ်ပွားများနှင့် ဝိညာဉ်တို့မှာ ဖြစ်ပေါ်လာတော့မည့် ဘေးအန္တရာယ်ကို ရှောင်ရှားရန် ဝိညာဉ်ပင်လယ်အတွင်းမှ ကြိုတင်ထွက်ခွာသွားကြပြီ ဖြစ်သည်။
ရှန်းယွီသည် သူ၏ အသိစိတ်မှတစ်ဆင့် အကြွင်းမဲ့ အရင်းအမြစ် သဘောတရားမှာ ဝိညာဉ်ပင်လယ်အတွင်း စတင်စုစည်းလာပြီး အရေးပါသော အမှတ်အစက်တစ်ခုသို့ ရောက်သည်အမျှ ပိုမိုသိပ်သည်းလာသည်ကို စောင့်ကြည့်နေခဲ့သည်။
ထို့နောက်တွင်မူ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့တော့သည်။
ဟင်းလင်းပြင်၊ အချိန်၊ လစ်ဟာမှု၊ ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်းဟူသော သဘောတရားများမှာ တောက်ပသော လှိုင်းတံပိုးများအဖြစ် ပွင့်ထွက်လာခဲ့သည်။ ၎င်းတို့မှာ အချင်းချင်း လှည့်ပတ်တိုက်ခိုက်ကြရင်း အဆုံးမဲ့ ပေါင်းစပ်ခွဲထွက်မှုများမှတစ်ဆင့် သူအလိုရှိသော ရှေးဦးဗရမ်းဗတာကို ဖြစ်ပေါ်စေခဲ့သည်။ ထိုဗရမ်းဗတာအတွင်းမှ ကြယ်တာရာများ၊ နေအဖွဲ့အစည်းများနှင့် ဂလက်ဆီများမှာ ဝိညာဉ်ပင်လယ် တစ်ပြင်လုံးသို့ ပျံ့နှံ့သွားခဲ့သည်။ စကြာဝဠာများစွာ ပွင့်လန်းလာပြီး ၎င်းတို့၏အလွန်တွင် စကြဝဠာအပေါင်းများပါ ပုံဖော်လာခဲ့သည်။
ဤသည်မှာ စစ်မှန်သော ဗရမ်းဗတာပင် ဖြစ်သည်။
ဤအခြင်းအရာကို စောင့်ကြည့်ရင်း ရှန်းယွီသည် သူ၏အတွင်း၌ တစ်စုံတစ်ခု ထူးခြားစွာ ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။
“ဒါက...”
ထိုအခါမှသာ ဘာတွေဖြစ်ပျက်နေသလဲဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူသည် သူ၏အတွင်း၌ ဗရမ်းဗတာတစ်ခုလုံးကို ဖန်တီးနေခြင်းဖြစ်သောကြောင့် သဘောတရားတိုင်းမှာ အကြွင်းမဲ့ အရင်းအမြစ်၏ အစွမ်းဖြင့် ပြန်လည်ဖန်တီးခြင်း ခံနေရခြင်းပင်။ ယခင်က သူ စစ်မှန်သော ကမ္ဘာကို ဖန်တီးစဉ်က နိယာမ သုံးထောင်လုံးကို တတ်မြောက်ခဲ့သကဲ့သို့ပင် ဖြစ်သည်။
ယခုမူ သူ၏ အကြွင်းမဲ့ အရင်းအမြစ်မှာ ကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိထားပြီးဖြစ်ရာ နိယာမအားလုံးမှာလည်း ကျော်လွန်သော နိယာမများအဖြစ် ပြန်လည်မွေးဖွားလာခဲ့သည်။
ခဏချင်းမှာပင် သူသည် ဟင်းလင်းပြင်နိယာမကို ကျော်လွန်သွားခဲ့သည်။ နောက်ထပ် အခိုက်အတန့်တွင် လစ်ဟာမှုထို့နောက် အချိန်၊ ဖန်တီးခြင်း၊ ဖျက်ဆီးခြင်း၊ စနစ်တကျရှိမှု၊ ကံတရား၊ ကံကြမ္မာ၊ လားရာနှင့် အကျိုးအကြောင်း စသည့် မူလနိယာမ သုံးထောင်လုံးမှာ အရှိန်အဟုန်ဖြင့် တစ်ခုပြီးတစ်ခု ကျော်လွန်ခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သို့သော် ထိုနေရာတွင်တင် ရပ်တန့်မသွားခဲ့ပေ။
ထိုလှိုင်းတံပိုးမှာ သူယခင်က ပြန်လည်ဖန်တီးခဲ့ဖူးသော နိယာမပေါင်း တစ်သန်းကျော်အတွင်းသို့ပါ စီးဝင်သွားခဲ့သည်။ သူ၏အတွင်းရှိ ဗရမ်းဗတာမှာ အဆုံးမဲ့ ကြီးထွားလာသည်နှင့်အမျှ နိယာမတစ်ခုစီတိုင်းမှာ ကျော်လွန်ခြင်းအဆင့်သို့ မြှင့်တင်ခံလိုက်ရသည်။
စစ်မှန်သော ဗရမ်းဗတာကဲ့သို့ပင် သူ၏အတွင်းကမ္ဘာမှာလည်း အဆုံးမရှိဘဲ အချိန်တိုင်း ပိုမိုကြီးထွားလာနေသည်။ သူ၏ ဝိညာဉ်ပင်လယ်မှာလည်း ထိုအရာအားလုံးကို ဆံ့ဝင်နိုင်ရန် လိုက်လျောညီထွေ ချဲ့ထွင်လာခဲ့သည်။ ဗရမ်းဗတာ ကြီးထွားလာသည်နှင့်အမျှ သဘောတရားအသစ်များ အမြဲတမ်း ပေါ်ထွက်လာနေသည်။ ၎င်းတို့ ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် သူသည် ထိုအရာများကို အပြည့်အဝ နားလည်သွားကာ ချက်ချင်းပင် ကျော်လွန်သွားခဲ့သည်။
ဤအရှိန်နှုန်းဖြင့်ဆိုပါက တစ်နေ့လျှင် နိယာမပေါင်း ထောင်နှင့်ချီ၍ သူ သင်ယူကျော်လွန်နိုင်မည်ဖြစ်ကြောင်း ရှန်းယွီ သတိပြုမိလိုက်တော့သည်။
ရှန်းယွီသည် စိတ်ကိုတည်ငြိမ်အောင် ထိန်းသိမ်းရင်း အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ဗရမ်းဗတာကို ဖန်တီးသည့် အစီအစဉ်မှာ သူ မျှော်လင့်ထားသည်ထက်ပင် ပိုမိုအောင်မြင်ခဲ့သည်ဟု ဆိုရမည်။ သူ၏ အဆင့်မှာ အပြောင်းအလဲ မရှိသေးသော်လည်း နိယာမပေါင်း တစ်သန်းကျော်ကို ကျော်လွန်ပြီးနောက် စီးဆင်းလာသော စွမ်းအားများမှာ ယခင်ကနှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်တော့ပေ။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း ယခုဆိုလျှင် တတိယတာအို ပညာရှိကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေမလားဟု တွေးတောမိသည်။ နိယာမအားလုံးကို ကျော်လွန်ခြင်းသည်လည်း ပညာရှိနယ်ပယ်၌ အဆင့်တက်လှမ်းနိုင်သည့် ထူးခြားသော လမ်းကြောင်းတစ်ခု ဖြစ်ပုံပင်။
သူ ခပ်တိုးတိုး ရယ်လိုက်မိသည်။ သို့သော် ၎င်းမှာ နိယာမပေါင်း သန်းနှင့်ချီ၍ ကျော်လွန်ရန် လိုအပ်သည်။ သူသည် လက်ကို ဝေ့ယမ်းလိုက်ရာ ကိုယ်ပွားများအားလုံးနှင့် ဝိညာဉ်တို့မှာ ဝိညာဉ်ပင်လယ်အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြသည်။ ယခင်က ခြောက်သွေ့နေခဲ့သော ဝိညာဉ်ပင်လယ်မှာ ယခုမူ ဗရမ်းဗတာ၏ အလှတရားများဖြင့် စူးရှတောက်ပနေတော့သည်။
“တစ်နေ့ကျရင် မိန်းမကိုလည်း ဒါတွေကို လာကြည့်ခိုင်းရမယ်”
သူ ပြုံးလျက် တွေးလိုက်မိသည်။
ထို့နောက် သူ၏ ခန္ဓာကို စစ်ဆေးကြည့်ရာ ကြယ်တာရာခန္ဓာကြောင့် အရေပြားပေါ်တွင် ဗရမ်းဗတာ၏ အငွေ့အသက်များ ထင်ဟပ်နေသည်ကို တွေ့ရသည်။ တစ်ချိန်တည်းမှာပင် ကြယ်တာရာခန္ဓာနှင့် ထူးကဲသာလွန်သော တာအိုခန္ဓာတို့မှာလည်း အဆင့်တက်ရန် လှုပ်ရှားလာကြရာ ရှန်းယွီသည် တရားထိုင်ကာ စွမ်းအင်များကို လည်ပတ်စေလျက် အဆင့်တစ်ဆယ်သို့ တက်လှမ်းရန် ပြင်ဆင်လိုက်သည်။
ဝိညာဉ်ပင်လယ်အတွင်းရှိ သူ၏ ဝိညာဉ်သည်လည်း အခြားအလုပ်များကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ သူသည် ဗရမ်းဗတာအတွင်းရှိ ကြယ်များကို ကြည့်ရှုရင်း စိတ်ပျက်စွာ သက်ပြင်းချလိုက်မိသည်။ ဗရမ်းဗတာမှာ ကောင်းကင်ဘုံခြောက်ခုမြောက်နယ်မြေနှင့် နှိုင်းယှဉ်လျှင် အတိုင်းအဆမရှိ ကြီးမားလွန်းလှသဖြင့် ၎င်း၏ ဂုဏ်သတ္တိများမှာ ပြန့်နှံ့သွားသည့်အခါ အလွန်အမင်း ကျဲပါးသွားခဲ့သည်။
“တော်သေးတာပေါ့ ဒါကို ငါ သိမ်းထားမိလို့”
သူသည် လက်ဝေ့ယမ်းကာ စုစည်းထားသော ဟင်းလင်းပြင်စွမ်းအင်လုံးလေးကို ထုတ်ဖော်လိုက်သည်။ ထိုစွမ်းအင်လုံးအတွင်း၌ ကောင်းကင်ဘုံခြောက်ခုမြောက်နယ်မြေမှ အဆင့်မြင့်သက်ရှိများ၊ အပင်များနှင့် အရာအားလုံး ပါဝင်နေသည်။ သူသည် နေထိုင်ရန် အသင့်တော်ဆုံး ကြယ်အချို့ကို ရွေးချယ်ကာ ထိုသက်ရှိပုံစံများကို ပြန့်နှံ့စေလိုက်သည်။ ဤသည်မှာ ကြီးထွားမှုကို ပိုမိုမြန်ဆန်စေရန် အထောက်အကူပြုပေလိမ့်မည်။
ရှန်းယွီသည် အချိန်နိယာမကို အာရုံစိုက်ကာ သူအပြည့်အဝ ထိန်းချုပ်ထားနိုင်သော ဝိညာဉ်ပင်လယ်အတွင်း၌ အချိန်အရှိန်မြှင့်မှုကို စတင်လိုက်သည်။ ကျော်လွန်သော အချိန်နိယာမဖြင့် သူသည် အချိန်ကို အဆပေါင်း သန်းတစ်ထောင်အထိ အရှိန်မြှင့်လိုက်ရာ ပြင်ပကမ္ဘာ၏ တစ်ရက်သည် အတွင်း၌ နှစ်ပေါင်း သုံးသန်းနှင့် ညီမျှသွားတော့သည်။
ဤမျှကြာမြင့်သော အချိန်အတွင်း၌ သူ၏ ဝင်စားသူများအနေဖြင့် နိယာမတစ်ခုကို ကျော်လွန်အောင် မလုပ်နိုင်စရာ အကြောင်းမရှိဟု သူ ယုံကြည်သည်။ သို့သော် သူသည် ဝင်စားခြင်းလုပ်ငန်းစဉ်ကို ချက်ချင်း မစတင်သေးဘဲ ဗရမ်းဗတာအတွင်း၌ အင်အားစုများ ပေါ်ထွက်လာရန် ပြင်ပကမ္ဘာ၏ တစ်ရက်ခန့်ကို စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။
သူသည် ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတများ၊ ရင်းမြစ်များနှင့် ဗရမ်းဗတာမှ သဘာဝအတိုင်း ပေါက်ဖွားလာသော ရင်းမြစ်များကို ပြန့်နှံ့ထားပြီး ဖြစ်သည်။ နှစ်ပေါင်း သုံးသန်းအတွင်း အင်အားစုမျိုးစုံနှင့် နတ်ဘုရားအဆင့် ဖြစ်တည်မှုများပင် ပေါ်ပေါက်လာနိုင်သည်။ ရှန်းယွီသည် သူ၏ ဝင်စားသူများအတွက် ကစားကွင်းတစ်ခု ဖန်တီးပေးလိုခြင်းပင်။ ရန်သူများနှင့် မိတ်ဆွေများအဖြစ် ရှိနေမည့် ကြီးမားသော အင်အားစုများက သူတို့၏ ကြီးထွားမှုကို လှုံ့ဆော်ပေးလိမ့်မည်ဟု သူ ယူဆသည်။
အခြားအကြောင်းပြချက်တစ်ခုမှာ သူသည် ကျင့်ကြံခြင်းစာကြည့်တိုက်ကို တာအိုအဆင့်သို့ အဆင့်မြှင့်တင်လိုခြင်းပင်။ တာအိုခန္ဓာများ ဖန်တီးနည်းကို သိရှိသွားပါက ဝင်စားသူများအတွက် တာအိုခန္ဓာများကို ဖန်တီးပေးမည်ဖြစ်ပြီး ထိုသို့ဆိုလျှင် နိယာမကို ကျော်လွန်ရန် ပိုမိုလွယ်ကူသွားပေလိမ့်မည်။ သူ မြင်တွေ့ခဲ့ရသလောက်ဆိုလျှင် နိယာမကို ကျော်လွန်လိုပါက ၎င်းကို သူဘာသာ နားလည်ရန် ကြိုးစားနေမည့်အစား တာအိုခန္ဓာတစ်ခုကို အဆင့်တစ်ဆယ်သို့ မြှင့်တင်လိုက်ခြင်းက ပိုမိုထိရောက်သော နည်းလမ်းပင် ဖြစ်သည်။
***