ဤစကားများကို ကြားလိုက်ရသောအခါ ရှီးမန်ယွီလျန်မှာ အလွန်အမင်း ထိတ်လန့်သွားရ၏။ တစ်ဖက်လူက သူ၏ အစီအစဉ်ကို ဤမျှလောက် အသေးစိတ် သိနေလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့ပေ။
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲရစ်ဆန်ကလွဲလို့ ဒီလျှို့ဝှက်ချက်ကို သူ ဘယ်သူ့ကိုမှ မပြောခဲ့ဘူးလေ။ ဒီလူက ဘယ်လိုလုပ် သိနေရတာလဲ။
ထို့နောက် သူ၏ မျက်လုံးများထဲတွင် ဒေါသနှင့် ရက်စက်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏။ သူသည် ဤအစီအစဉ်အတွက် အချိန်အတော်ကြာ ပြင်ဆင်ခဲ့ရခြင်း ဖြစ်ပြီး အောင်မြင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်ရာ မည်သူ့ကိုမျှ ဖျက်ဆီးခွင့် ပေးနိုင်မည် မဟုတ်ပေ။
သူက အဲရစ်ဆန်ကို ကြည့်ကာ လှုပ်ရှားရန် အချက်ပြလိုက်လေသည်။
အဲရစ်ဆန်က အဓိပ္ပာယ်ကို နားလည်သွားပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "အရှက်မရှိတဲ့ တရုတ်ကောင်... မင်းက စကားတွေကို ဘာလို့ ဒီလိုမျိုး ကွေ့ကောက်ပြောနေတာပဲ။ မင်းက ငါလို နာမည်ကြီး စိတ်ပညာ ဆရာဝန် တစ်ယောက်ကို စော်ကားလိုက်တာပဲ။ ငါ့ကို ချက်ချင်း တောင်းပန်ဖို့ တောင်းဆိုတယ်"
သူက စကားပြောနေသည့် အခွင့်အရေးကို အသုံးချကာ ယဲ့ပုဖန်၏ မျက်လုံးများကို စိုက်ကြည့်ရန် အခွင့်ရေးကောင်း ရှာနေလေသည်။ ထိုအခိုက်အတန့်၌ပင် ယဲ့ပုဖန်ကလည်း သူ့ကို ပြန်လည် စိုက်ကြည့်လိုက်ရာ သူတို့နှစ်ဦး၏ အကြည့်ချင်းမှာ တည့်တည့်တိုးသွားကြလေတော့သည်။
"သွားသေလိုက်တော့..."
အဲရစ်ဆန်သည် စိတ်ထဲမှ ကြုံးဝါးလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အနီရောင်အလင်းတန်းတစ်ခု ထပ်မံ ဝင်းခနဲ ထွက်ပေါ်လာပြန်သည်။
ဤအနီရောင်အလင်းတန်းမှာ အလွန် လျင်မြန်လှသဖြင့် အခြားသူများ၏ အာရုံစိုက်မှုကို မခံရပေ။ သူ အသုံးပြုလိုက်သည့် အတတ်မှာ စိတ်ဝေဝါးမန္တန် ဟု ခေါ်သည့် ယုတ်မာသော စိတ်စွမ်းအားသုံး မှော်အတတ် တစ်ခု ဖြစ်ပြီး လူတစ်ဦး၏ အသိစိတ်ကို ထိန်းချုပ်နိုင်ရုံသာမက ထိုလူကို ရူးသွပ်သွားအောင်ပါ ပြုလုပ်နိုင်စွမ်း ရှိပေသည်။
ယခု သူ လုပ်ဆောင်ရမည့်အရာမှာ ယဲ့ပုဖန်ကို နေရာမှာတင် ရူးသွပ်သွားအောင် လုပ်ရန်ပင် ဖြစ်သည်။ ထိုသို့ဖြစ်သွားမှသာ သူတို့ လုံခြုံပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ရူးနေသူတစ်ယောက်၏ စကားကို မည်သူမျှ ယုံကြည်မည် မဟုတ်သောကြောင့်ပင်။
သို့သော် ကံဆိုးချင်တော့ သူ ရွေးချယ်လိုက်သည့် ပစ်မှတ်မှာ လုံးဝ မှားယွင်းသွားခဲ့သည်။ တစ်ဖက်လူမှာ စိတ်စွမ်းအားတွင် သူ့ထက် အဆပေါင်း ထောင်နှင့်ချီ၍ သာလွန်သော မှော်အတတ် မဟာဆရာကြီး တစ်ဦး မဟုတ်ပါလား…။
သူတို့၏ အကြည့်ချင်း ဆုံသွားသည်နှင့် တပြိုင်နက် အဲရစ်ဆန်၏ စိတ်အာရုံထဲတွင် 'ဘုန်း' ဟူသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီးနောက် သူသည် သတိလစ်သွားကာ ရွှံ့ရုပ်တုတစ်ခုအလား မတ်တပ်ရပ်လျက်သား ငြိမ်သက်သွားတော့သည်။
ယဲ့ပုဖန်သည် တစ်ဖက်လူ၏ အတွေးကို သိရှိထားပြီး ၎င်းမှာ သူ လိုချင်သည့် ရလဒ်လည်း ဖြစ်ပေသည်။
သူက ခပ်ဟဟ ပြုံးလိုက်ပြီး "မင်းရဲ့ ဆရာက မင်းကို မပြောဖူးဘူးလား... ဒီလို စိတ်စွမ်းအားသုံး မှော်အတတ်မျိုးကို ကိုယ့်ထက် သာလွန်တဲ့သူအပေါ်မှာ သုံးလို့မရဘူးဆိုတာကိုလေ..."
ကံမကောင်းစွာဖြင့် ယခုအခါ အဲရစ်ဆန်မှာ ရွှံ့ရုပ်တု တစ်ခုအလား မတ်တပ်ရပ်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မရှိတော့ချေ။
စိတ်စွမ်းအား တုံ့ပြန်မှုကြောင့် သူသည် ယဲ့ပုဖန်ကို မထိန်းချုပ်နိုင်ခဲ့သည့်အပြင် သူ၏ ကိုယ်ပိုင် စိတ်စွမ်းအားမှာပါ တစ်ဖက်လူ၏ အပြည့်အဝ ထိန်းချုပ်ခြင်းကို ခံလိုက်ရလေပြီ။ ယခုအခါ သူသည် ရုပ်သေးရုပ် တစ်ရုပ်သာ ဖြစ်ပြီး ခိုင်းသမျှကိုသာ လုပ်ဆောင်ရတော့မည် ဖြစ်သည်။
ယင်းမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှီးမန်ယွီလျန်၏ ရင်ထဲတွင် အေးစက်သွား၏။
အဲရစ်ဆန်သည် သူ ငွေအမြောက်အမြား ပေး၍ ငှားရမ်းထားသည့် ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး စိတ်စွမ်းအား မှော်အတတ်တွင် အလွန် ထူးချွန်သူ ဖြစ်သော်လည်း လူငယ်လေး တစ်ယောက်၏ လက်ထဲတွင် ဤမျှလွယ်လွယ်နှင့် ရှုံးနိမ့်သွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။
သခင်မကြီးဆူးက "သမားတော်ယဲ့... တကယ်တော့ ဘာတွေ ဖြစ်နေတာလဲ" ဟု မေးလိုက်သည်။
ယဲ့ပုဖန်က "စိတ်မပူပါနဲ့... အခု သူ့ကိုပဲ အန်တီ့ကို ပြောခိုင်းလိုက်ပါ့မယ်" ဟု ဆိုလေသည်။
ယဲ့ပုဖန်က အဲရစ်ဆန်ကို ကြည့်ကာ "ပြောစမ်း... အမှန်အတိုင်း ပြောပြစမ်း။ မင်းက ဘယ်သူလဲ။ တရုတ်ပြည်ကို ဘယ်လို ရောက်လာတာလဲ။ ပြီးတော့ မင်း ဘာလုပ်ချင်နေတာလဲ" ဟု အမိန့်ပေးလိုက်၏။
"ငါက စိတ်ပညာရှင် မဟုတ်ဘူး... စိတ်စွမ်းအားသုံး မှော်ဆရာ တစ်ယောက်ပဲ။ ငါ သုံးတဲ့ အတတ်က 'စိတ်ဝေဝါးမန္တန်' လို့ ခေါ်ပြီး လူတစ်ယောက်ရဲ့ အသိစိတ်ကို ထိန်းချုပ်နိုင်တယ်။ ရှီးမန်ယွီလျန်က ငါ့ကို ယွမ် သန်း ၃၀ ပေးပြီး တရုတ်ပြည်ကို ခေါ်လာတာ..."
"သခင်မလေး ဆူးရုယွဲကို ရောဂါကုပေးတယ်လို့ ဟန်ဆောင်ပြီး သူ့ရဲ့ အသိစိတ်ကို ဖျောက်ဖျက်ဖို့၊ ရှီးမန်ယွီလျန်ကို သူ့ရဲ့ ချစ်သူ အဖြစ် အသိအမှတ်ပြုလာအောင် လုပ်ဖို့နဲ့ ဆူးမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ သူ ခိုင်းခဲ့တာပဲ။ ဒါမှသာ သူက သခင်မလေးရော၊ ဆူးမိသားစုရဲ့ ကြီးမားလှတဲ့ ပိုင်ဆိုင်မှုတွေကိုပါ အပိုင်ရမှာလေ..."
"ခုနက အခန်းထဲမှာ ငါ အဲဒီနည်းလမ်းကို သုံးခဲ့ပြီးပြီ။ အခုဆို သခင်မလေး ဆူးရုယွဲကို ငါ အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ..."
သူ၏ စကားများကို ကြားလိုက်ရသောအခါ လူတိုင်းမှာ အလွန်အမင်း ထိတ်လန့်သွားကြရ၏။ ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်နိုင်လိမ့်မည်ဟု မည်သူမျှ မယုံကြည်နိုင်အောင် ဖြစ်နေကြသည်။
သခင်မကြီးဆူး၏ မျက်နှာမှာ အလွန်ပင် တင်းမာအုံ့မှိုင်းသွားပြီး ရှီးမန်ယွီလျန်ကို စူးရှစွာ စိုက်ကြည့်လိုက်လေသည်။
"အန်တီ... သူ လျှောက်ပြောနေတာတွေကို မယုံပါနဲ့။ ဒါတွေ အားလုံးက အလိမ်အညာတွေပဲ။ ကျွန်တော် တကယ့် စိတ်ပညာရှင် ဆရာဝန် တစ်ယောက်ကို ဖိတ်လာခဲ့တာပါ... ရုယွဲကို ကုသပေးဖို့ ရည်ရွယ်ချက်ပဲ ရှိတာပါ..."
ယဲ့ပုဖန်သည် ပျာပျာသလဲ ဖြစ်နေသော ရှီးမန်ယွီလျန်ကို လျစ်လျူရှုလိုက်ပြီး အဲရစ်ဆန်ကို ထပ်မံ မေးမြန်းလိုက်သည်။ "မင်းတို့ရဲ့ အစီအစဉ်က တိုင်းရင်းဆေးပညာနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ တိုင်းရင်းဆေးပညာကို အတင်းအကျပ် သိက္ခာချဖို့ ကြိုးစားနေရတာလဲ"
အဲရစ်ဆန်က ဖြေလေသည်။ "ရှီးမန်ယွီလျန်က ငါ့ကို ပြောတယ်... တရုတ်တိုင်းရင်းဆေး ကျွမ်းကျင်သူ အချို့က ငါ့ရဲ့ စိတ်ဝေဝါးမန္တန်ကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်တဲ့။ ဒါကြောင့် ငါတို့က တိုင်းရင်းဆေးပညာရဲ့ ဂုဏ်သိက္ခာကို အရင်ဆုံး အပြီးတိုင် ဖျက်ဆီးပစ်ဖို့ လိုအပ်တယ်။ ဒါမှ လူတွေက တိုင်းရင်းဆေးကို မယုံကြည်တော့မှာလေ။ အဲဒီလို လုပ်မှသာ နောက်ကွယ်က အန္တရာယ်တွေကို ရှင်းထုတ်နိုင်မှာ..."
"အဲဒါကြောင့် ငါ တရုတ်ပြည်ကို ရောက်လာကတည်းက တိုင်းရင်းဆေးကို နည်းလမ်းမျိုးစုံနဲ့ သိက္ခာချခဲ့တာပဲ။အထူးသဖြင့် ဆူးမိသားစုအနေနဲ့ တိုင်းရင်းဆေးကို လုံးဝ မယုံကြည်တော့အောင်လို့ပေါ့"
"ခွေးမသား... တကယ့်ကို ယုတ်မာလိုက်တာ။ သူတို့ ဒီလိုမျိုးအထိ လုပ်ရက်ကြတယ်ပေါ့..."
ရောက်ရှိနေသော အဘိုးကြီး တိုင်းရင်းဆေးဆရာ တစ်ဒါဇင်ကျော်မှာ ဒေါသထွက်လွန်း၍ မုတ်ဆိတ်မွှေးများပင် တုန်ယင်လာကြလေသည်။ အရာအားလုံးမှာ ရှီးမန်ယွီလျန်၏ ပူးပေါင်းကြံစည်မှု ဖြစ်နေသည် မဟုတ်ပါလား…။
ယဲ့ပုဖန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်ထွက်လာ၏။ ဤအရာမှာ 'ဉာဏ်များသူ ဘေးသင့်' ဆိုသည့် စကားအတိုင်းပင် ဖြစ်ချေပြီ။
အကယ်၍ အဲရစ်ဆန်သာ တိုင်းရင်းဆေးကို သိက္ခာမချဘဲ သူ၏ အစီအစဉ်ကို တိတ်တဆိတ် လုပ်ဆောင်ခဲ့မည် ဆိုပါက ချောင်ရှင်းဟွာက သူ့ကို ဤနေရာသို့ ဖိတ်ခေါ်လိမ့်မည် မဟုတ်ဘဲ သူတို့၏ အကွက်မှာ အမှန်တကယ်ပင် အောင်မြင်သွားနိုင်ပေသည်။
သခင်မကြီးဆူး၏ အကြည့်များမှာ ပို၍ပို၍ ရန်လိုလာသည်ကို မြင်သောအခါ ရှီးမန်ယွီလျန်က အားယူကာ အော်ဟစ်လိုက်၏။ "အန်တီပိုင်... ကျေးဇူးပြုပြီး သူ့ရဲ့ လျှောက်ပြောနေတာတွေကို မယုံပါနဲ့။ ရုယွဲနဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက အတူ ကြီးပြင်းလာခဲ့တဲ့ ငယ်သူငယ်ချင်းတွေပါ... ဒါက စစ်မှန်တဲ့ အချစ်ပါ။ ဒါက ကျွန်တော်တို့ကို ခွဲအောင် သွေးထိုးနေတာပဲ... သူ ကျွန်တော့်ကို မနာလိုဖြစ်နေလို့ပါ..."
သူက ခေါင်းလှည့်ကာ ဆူးရုယွဲကို လှမ်းခေါ်လိုက်သည်။ "ရုယွဲ... လူတိုင်းကို အမှန်တရား ပြောပြလိုက်စမ်းပါဦး"
ဆူးရုယွဲက "ဟုတ်ပါတယ်... ယွီလျန်နဲ့ ကျွန်မက တကယ် ချစ်နေကြတာပါ။ သူက ကျွန်မ အချစ်ဆုံးသူပါ" ဟု ဆိုလေသည်။
ရှီးမန်ယွီလျန်က ကမန်းကတန်း အော်ပြောလိုက်၏။ "အန်တီပိုင်... ကြားလား။ ဒါက ရုယွဲရဲ့ စစ်မှန်တဲ့ ခံစားချက်တွေပဲ"
ယခုအခါ သခင်မကြီး ဆူးသည်လည်း အနည်းငယ် တွေဝေသွားရ၏။ မည်သူ့ကို ယုံကြည်ရမည်ကို သူမ မဝေခွဲနိုင်တော့ချေ။
ယုတ္တိတန်တန် စဉ်းစားကြည့်လျှင် ယဲ့ပုဖန် ပြောဆိုသည်မှာ မှန်ကန်နိုင်သော်လည်း သူမ၏ သမီး ကိုယ်တိုင်က ထုတ်ပြောနေခြင်း ဖြစ်ပြီး သူမ၏ အသိစိတ်မှာလည်း ကြည်လင်နေပုံရကာ မှော်အတတ် ခံထားရသည့် လက္ခဏာ တစ်ခုမျှ မတွေ့ရပေ။
ရှီးမန်ယွီလျန်၏ မျက်လုံးများထဲတွင် အောင်နိုင်သူ အမူအရာတစ်ခု ပေါ်ထွက်လာ၏။ တော်သေးသည်မှာ သူက တစ်လှမ်း ကြိုနေခဲ့ခြင်းပင် ဖြစ်သည်။ ဆူးရုယွဲသာ သူ၏ ဘက်မှ ရပ်တည်နေသရွေ့ တစ်ဖက်လူက မည်သို့မျှ ပြဿနာရှာနိုင်မည် မဟုတ်ပေ။
ယဲ့ပုဖန်က ခပ်ဟဟ ပြုံးလိုက်ပြီး "ရှီးမန်သခင်လေး... မင်း စိတ်စွမ်းအားသုံး မှော်အတတ်တွေ အကြောင်းကို ဘယ်လောက်များ သိလို့လဲ" ဟု မေးလိုက်သည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ ငါ မသိဘူး။ အဲဒီအရာတွေကို ငါ နားမလည်သလို သိဖို့လည်း မလိုဘူး"
"မင်း သိထားသင့်တဲ့ အရာအချို့တော့ ရှိတယ်"
ယဲ့ပုဖန်က ပြောင်လှောင်သော အပြုံးဖြင့် ဆိုလိုက်သည်။ "ငါ မင်းကို အခု သင်ခန်းစာတစ်ခု ပေးလိုက်မယ်။ စိတ်ဝေဝါးမန္တန်လိုမျိုး ယုတ်မာတဲ့ စိတ်စွမ်းအားသုံး မှော်အတတ်တွေက အဲဒီအတတ်ကို စီရင်တဲ့သူ သေသွားတာနဲ့ တပြိုင်နက် အစီအရင်က ချက်ချင်း ပျက်ပြယ်သွားတတ်တယ်..."
"ပြီးတော့ နောက်တစ်ချက်က မင်း ငှားလာတဲ့လူက အစွမ်းအစ သိပ်မရှိဘူးဗျ။ သူ့ရဲ့ စိတ်စွမ်းအားက မလုံလောက်တော့ သခင်မလေးဆူးရဲ့ မှတ်ဉာဏ်တွေကို ဖိနှိပ်ထားရုံပဲ တတ်နိုင်တယ်။ အပြီးတိုင် ဖျက်ဆီးပစ်နိုင်စွမ်း မရှိဘူး။ ဒါကြောင့် စိတ်ဝေဝါးမန္တန် ပျက်ပြယ်သွားတာနဲ့ သခင်မလေး ဆူးရုယွဲက အမှန်တရားကို ပြောပြပါလိမ့်မယ်"
"ဒါ... ဒါက..."
ဤစကားများသည် ရှီးမန်ယွီလျန်အပေါ် ကြီးမားသော ထိုးနှက်ချက် ဖြစ်သွားစေသည်မှာ အမှန်ပင်။ သို့သော် တစ်ဖက်လူ ပြောဆိုသည်မှာ အမှန်လား၊ အမှားလား ဆိုသည်ကို သူ မဝေခွဲနိုင်ဘဲ ဘာလုပ်ရမှန်း မသိ ဖြစ်နေလေသည်။
"ယဲ့ပုဖန်... လျှောက်ပြောမနေနဲ့။ ဒါက ဥပဒေ စိုးမိုးတဲ့ လူ့အဖွဲ့အစည်းကွ။ လူတစ်ယောက်ကို သတ်တာက ဥပဒေနဲ့ မကင်းဘူး"
ယဲ့ပုဖန်က အေးစက်စွာ ပြုံးလိုက်ပြီး သူ၏ အရှေ့မှ အဲရစ်ဆန်ကို ကြည့်လိုက်၏။ "ကျင့်ကြံသူ တစ်ယောက် ဖြစ်နေပြီး ငွေအတွက်နဲ့ သာမန်လူတွေကို ဒုက္ခပေးတယ်။ မိစ္ဆာတွေဘက်က ကူညီတယ်ဆိုတော့... မင်းက သေထိုက်တယ်"
သူ၏ စကားသံ ဆုံးသွားသည်နှင့် တပြိုင်နက် ထိုနေရာတွင် မတ်တပ်ရပ်နေသော အဲရစ်ဆန်၏ အင်္ဂါ ခုနစ်ပါးမှ သွေးများ ရုတ်တရက် စီးကျလာလေသည်။ မြင်ရသည်မှာ အလွန်ပင် ထိတ်လန့်စရာ ကောင်းလှပြီးနောက် သူသည် ဒုတ်ခနဲ မြေပြင်ပေါ်သို့ လဲကျ သေဆုံးသွားလေတော့သည်။
ဤအရာမှာ စိတ်စွမ်းအားသုံး မှော်အတတ်၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင် ဖြစ်ပေသည်။ စွမ်းအား ပြန်ကန်မှုကို ခံလိုက်ရသည်နှင့် တစ်ပြိုင်နက် မိမိ၏ အသက်မှာ ပြိုင်ဘက်၏ လက်ထဲသို့ ရောက်ရှိသွားတော့ခြင်း ဖြစ်၏။
အနှီ မြင်ကွင်းကို ကြည့်ပြီး လူတိုင်းမှာ ထိတ်လန့်သွားကြရကာ သခင်မကြီး ဆူး၏ မျက်နှာပင် ပျက်ယွင်းသွားရလေသည်။ အဲရစ်ဆန်က ဤကဲ့သို့ ရုတ်တရက် သေဆုံးသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ မည်သို့ပင်ဆိုစေ လူ့အသက် တစ်ချောင်း မဟုတ်ပါလား…။
ရှီးမန်ယွီလျန်မှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် အော်ဟစ်လိုက်၏။ "ယဲ့ပုဖန်... မင်းက တကယ်ပဲ လူသတ်ရဲတယ်ပေါ့။ ငါ အခု ချက်ချင်း ရဲခေါ်မယ်။ မင်းလို လူသတ်သမားကို ဥပဒေအရ အပြစ်ပေးရမယ်" ဟု ကြုံးဝါးလိုက်လေတော့သည်။
***