"လျှောက်မပြောနဲ့... ဒီလူက သူ့ရဲ့ အရှက်ရစရာ လျှို့ဝှက်ချက်တွေ ပေါ်သွားလို့ ဒေါသအရှိန် ထိန်းမရဘဲ နှလုံးရပ်ပြီး သေသွားတာလေ။ ဒါက ငါ့ရဲ့ ဆရာတူအစ်ကိုနဲ့ ဘာဆိုင်လို့လဲ"
ချောင်ရှင်းဟွာက ချက်ချင်း ရှေ့သို့ တက်လာကာ "ကျွန်တော် သက်သေခံရဲတယ်... အစကနေ အဆုံးအထိ ကျွန်တော့် ဆရာတူအစ်ကိုက သူ့ကို လက်ဖျားနဲ့တောင် မထိခဲ့ဘူး။ သူက လူသတ်တယ် ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဟုတ်တယ်... ကျွန်တော်လည်း သက်သေခံနိုင်တယ်"
လူပိုင်မင်းကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ ထွက်လာ၏။
သူတို့နှစ်ဦးတင်မကဘဲ ထိုနေရာရှိ ဝမ်ရွှမ်တယ် အပါအဝင် တရုတ်တိုင်းရင်းဆေး ဆရာဝန်များ အားလုံးက ယဲ့ပုဖန်ဘက်မှ သက်သေခံရန် အသင့်ရှိကြောင်း ပြောဆိုကြသည်။ အမှားအမှန် ထင်ရှားနေသော အခြေအနေတွင် တရုတ်ဆေးဆရာ အားလုံးမှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြကာ ဘုံရန်သူကို အတူတကွ ရင်ဆိုင်ကြလေတော့သည်။
"ဒါက..."
ရှီးမန်ယွီလျန်မှာ တစ်ခဏမျှ ဆွံ့အသွားရသည်။ ယဲ့ပုဖန်က အဲရစ်ဆင်ကို သတ်လိုက်သည်မှာ သေချာသော်လည်း လူတိုင်း ပြောသကဲ့သို့ပင် သူက လက်တစ်ဖက်မှပင် မလှုပ်ရှားခဲ့သည့်အပြင် မည်သည့် သက်သေအထောက်အထားမျှလည်း မရှိပေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် ရဲခေါ်လျှင်ပင် အမှုဖွင့်၍ ရနိုင်မည်မဟုတ်ဘဲ သက်သေများကလည်း အလွန် များပြားနေသည်။
ထိုစဉ် ဖြောင်းခနဲ ကျယ်လောင်သော လက်ဝါးရိုက်သံ တစ်ခုသည် လေထုထဲ၌ ပဲ့တင်ထပ်သွားကာ ရှီးမန်ယွီလျန်၏ ပါးပြင်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားတော့သည်။
"ရှီးမန်ယွီလျန်... ရှင်က တကယ့်ကို အရှက်မရှိတဲ့ လူယုတ်မာပဲ"
ဆူးရုယွဲ၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် ဖြူဖျော့နေပြီး သူမ၏ မျက်ဝန်းတို့မှာ အမျက်ဒေါသများဖြင့် ပြည့်လျှံနေသည်။
ယဲ့ပုဖန် ပြောသကဲ့သို့ပင် အဲရစ်ဆင်သည် စိတ်ဝိညာဉ်စွမ်းအား မလုံလောက်မှုကြောင့် သူမ၏ မှတ်ဉာဏ်များကို အပြီးအပိုင် မဖျက်နိုင်ခဲ့ဘဲ စိတ်ညို့မှော်အတတ်ကို အသုံးပြုကာ သူမ၏ စိတ်ကို အဓမ္မ ထိန်းချုပ်ထားခြင်းသာ ဖြစ်သည်။
ယခုအခါ မန္တန်စီရင်သူ သေဆုံးသွားပြီ ဖြစ်သဖြင့် ဆူးရုယွဲ၏ စိတ်အတွင်းရှိ မီးခိုးရောင် စွမ်းအင်များမှာ လုံးဝ ကွယ်ပျောက်သွားကာ ယခင်က အတွေးနှင့် မှတ်ဉာဏ်များမှာလည်း ချက်ချင်း ပြန်လည် နိုးထလာခဲ့ချေပြီ။
အဲရစ်ဆင်က သူမအပေါ် စိတ်ညို့မှော်အတတ် သုံးစွဲခဲ့သည့် မြင်ကွင်းကို သူမ ကောင်းကောင်း မှတ်မိနေသည်။
"ငါ... ရုယွဲ... ဘာလို့ ကိုယ့်ကို ရိုက်ရတာလဲ၊ မင်း အချစ်ဆုံးက ကိုယ်ဆိုတာ မေ့သွားပြီလား..."
"ပါးစပ်ပိတ်စမ်း"
ဆူးရုယွဲက အလွန်အမင်း ဒေါသထွက်နေကာ "ရှင်က တကယ့်ကို ယုတ်မာတဲ့ ကောင်ပဲ... အဲဒီ နိုင်ငံခြားသားကို ကျွန်မအပေါ် အောက်တန်းကျတဲ့ နည်းလမ်းတွေ သုံးခိုင်းတယ်ပေါ့လေ"
စိတ်ညို့မှော်အတတ်၏ လွှမ်းမိုးမှုအောက်တွင် သူမက ထိုလူအား အချစ်ဆုံးပါဟု ပြောဆိုခဲ့သည်များကို ပြန်လည် တွေးမိသောအခါ သူမ၏ ကျောပြင်မှာ စိမ့်ခနဲ ဖြစ်သွားပြီး ရင်ထဲ၌ ပျို့အန်ချင်စိတ်များ ပေါ်ပေါက်လာရသည်။
သခင်မကြီးဆူးက "ရုယွဲ... အခြေအနေက ဘယ်လိုဖြစ်ရတာလဲ" ဟု မေးလိုက်သည်။
"ဒီလူယုတ်မာပဲ... ဒါတွေ အားလုံးက သူ့ရဲ့ လုပ်ကြံမှုတွေပဲ မေမေ..."
မူလက ဆူးရုယွဲသည် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသိမ်မွေ့သော အမျိုးသမီး တစ်ဦး ဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ ဒေါသလွန်ကာ ကြမ်းတမ်းသော စကားများပင် ထွက်ပေါ်လာတော့သည်။ သူမ တကယ့်ကို ဒေါသထွက်နေသည်။
ထို့နောက် အဲရစ်ဆင်က သူမအပေါ် စိတ်ညို့မှော်အတတ် စီရင်ခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည် ပြောပြလိုက်သည်။ ထိုအခါမှသာ ကျန်ရှိနေသူများမှာ ဆူးရုယွဲ၏ ပြောင်းလဲမှုသည် အဘယ်ကြောင့် ဤမျှ ပြင်းထန်ရသနည်းဟူသည်ကို သဘောပေါက်သွားကြတော့သည်။
သူမ၏ ကိုယ်ပိုင်ဆန္ဒကြောင့် မဟုတ်ဘဲ မိစ္ဆာအတတ်ဖြင့် သူမ၏ စိတ်ကို လှည့်စားခြင်း ခံခဲ့ရခြင်း ဖြစ်ပေသည်။
သခင်မကြီးဆူး၏ မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားသည်။ အလွန်ပင် ဂရုစိုက်ဟန်ပြနေသော ရှီးမန်ယွီလျန်က ဤမျှ အောက်တန်းကျသော နည်းလမ်းကို သုံးလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
အကယ်၍ တစ်ဖက်လူမှာ ရှီးမန်မိသားစု၏ သခင်လေးသာ မဟုတ်ပါက သူမအနေဖြင့် ထိုလူအား ချက်ချင်း သတ်ပစ်ချင်စိတ် ပေါက်နေမိသည်။
"လူယုတ်မာ... ခုချက်ချင်း ထွက်သွားစမ်း။ နင့်ကို ဒီမှာ မကြိုဆိုဘူး... နောက်ပြီး ကျွန်မတို့ ဆူးမိသားစုထဲကိုလည်း ဘယ်တော့မှ ခြေမချနဲ့တော့"
အရာအားလုံး ပေါ်သွားပြီး အစီအစဉ် ပျက်စီးသွားပြီ ဖြစ်သဖြင့် ရှီးမန်ယွီလျန်သည် ယဲ့ပုဖန်ကို စူးစူးဝါးဝါး တစ်ချက် ကြည့်လိုက်ကာ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"နေဦးလေ..."
ယဲ့ပုဖန်က သူ့ကို လှမ်းခေါ်လိုက်သည်။
"ယဲ့ပုဖန်... မင်းက ဘာလုပ်ချင်သေးတာလဲ"
ရှီးမန်ယွီလျန်၏ မျက်ဝန်းတို့မှာ အမုန်းတရားများဖြင့် ပြည့်နှက်နေသည်။ အကယ်၍ ဤလူငယ်သာ ဝင်မရှုပ်ပါက သူသည် ဆူးမိသားစုတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
ယဲ့ပုဖန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ကာ "သခင်လေးရှီးမန်... ခင်ဗျားက ကျွန်တော့်အပေါ် သဘောထား သိပ်မကောင်းလှဘူးပဲ။ ကျွန်တော် ခင်ဗျားအတွက် ယွမ်သန်း ၃၀ တောင် ချွေတာပေးခဲ့တာနော်"
သူက လက်ညှိုးဖြင့် မြေပြင်ပေါ်ရှိ အဲရစ်ဆင်ကို ညွှန်ပြလိုက်ကာ "သူ့ကို ခင်ဗျား ခေါ်လာတာဆိုတော့ ခင်ဗျားပဲ ပြန်သယ်သွားဖို့ တာဝန်ရှိတာပေါ့"
ရှီးမန်ယွီလျန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ တံခါးဝရှိ ကိုယ်ရံတော်နှစ်ဦးကို ခေါ်၍ အဲရစ်ဆင်၏ အလောင်းကို ဆူးမိသားစု အိမ်တော်အတွင်းမှ ဆွဲထုတ်သွားကြလေသည်။
"ဆရာယဲ့... ကျေးဇူးတင်ပါတယ်ရှင်။ ဒီတစ်ကြိမ်မှာ ဆရာက ကျွန်မတို့ ဆူးမိသားစုကို အများကြီး ကူညီပေးခဲ့တာပါ"
သခင်မကြီးဆူးမှာ စည်းကမ်းကြီးသူ ဖြစ်သော်လည်း ယဲ့ပုဖန်ကို ကျေးဇူးတင်စကား ဆိုလိုက်သည်။ ဤတစ်ကြိမ်တွင် ယဲ့ပုဖန်၏ ကြားဝင်မှုကြောင့်သာ ရှီးမန်ယွီလျန်၏ လုပ်ကြံမှုကို ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ပြီး သို့မဟုတ်ပါက ရလဒ်မှာ တွေးဝံ့စရာပင် မရှိပေ။
ဆူးရုယွဲကလည်း ရိုရိုသေသေ အရိုအသေပေးကာ "ကျေးဇူးတင်ပါတယ် ဆရာယဲ့" ဟု ဆိုသည်။
ချောင်ရှင်းဟွာက ဝမ်းသာအားရ ပြုံးလျက် "ဒါကြောင့်လည်း ဆရာတူအစ်ကိုယဲ့ လို့ ခေါ်ရတာပေါ့... သူ့ရဲ့ အစွမ်းတွေက တကယ်ကို ထူးခြားတာ။ ကံကောင်းလို့ ဒီနေ့ ကျွန်တော် သူ့ကို ဖိတ်ခဲ့တာပေါ့၊ မဟုတ်ရင် ဒီလူလိမ် နိုင်ငံခြားသားရဲ့ ဇာတ်လမ်းကို သိရမှာ မဟုတ်ဘူး"
"ဟုတ်ပါတယ်... ဆရာတူအစ်ကိုယဲ့ရဲ့ လုပ်ရပ်တွေက တကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော်လည်း အပြည့်အဝ အသိအမှတ်ပြုပါတယ်"
ယခင်က ယဲ့ပုဖန်၏ တိတ်ဆိတ်နေမှုအပေါ် ဝေဖန်ချင်စိတ် ရှိခဲ့သော်လည်း ယခုမူ လူပိုင်မင်းမှာ အကြွင်းမဲ့ ယုံကြည်သွားပြီ ဖြစ်သည်။ တစ်ဖက်လူ၏ အားနည်းချက်ကို ယဲ့ပုဖန်က ကြိုတင် မြင်ထားခဲ့ခြင်း ဖြစ်ပေသည်။
ဤနေရာရှိ အခြား တရုတ်ဆေးဆရာကြီးများကလည်း လေးစားမှုကို ဖော်ပြကြသည်။
သခင်မကြီးဆူးက ဆူးရုယွဲအား "သမီး... သမီးရဲ့ရောဂါက ဘယ်လိုလဲ။ သက်သာသွားပြီလား" ဟု မေးလိုက်သည်။
"မသက်သာပါဘူး မေမေ... အဲဒီ နိုင်ငံခြားသားက သူ့ရဲ့ မိစ္ဆာအတတ်ကို သုံးပြီး သမီးရဲ့ အာရုံတွေကို ပိတ်ထားတာပဲ ရှိတာ။ ရောဂါက ရှိနေတုန်းပါပဲ... လုံးဝ မပျောက်သွားပါဘူး"
သခင်မကြီးဆူးက လှည့်ကြည့်လိုက်ကာ "ဆရာယဲ့... ကျွန်မ သမီးကို ကုပေးဖို့ အကူအညီ တောင်းပါရစေ။ သူ့ကို ကုဖို့ အချိန် ဘယ်လောက်လောက် ကြာမလဲဟင်"
"သခင်မလေးဆူးရဲ့ အခြေအနေက ရောဂါကြီးကြီးမားမား မဟုတ်ပါဘူး။ အသည်းကို အေးမြစေပြီး ချီဓာတ်ကို ထိန်းညှိပေးမယ့် အပ်စိုက်နည်းကို သုံးလိုက်ရင် (၁၀) မိနစ်အတွင်းမှာပဲ သက်သာသွားမှာပါ"
သူ စကားပြောပြီးသည်နှင့် လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်။ ယခင်က အမြန်ဆုံး ကုသချိန်မှာ ဝမ်ရွှမ်တယ် ဖြစ်ပြီး သူပင်လျှင် အာနိသင်ပြရန် (၁၀) ရက်နှင့် အမြစ်ပြတ်ရန် (၂၀) ရက် ကြာမည်ဟု ပြောခဲ့သည်။
အဲရစ်ဆင်ပင် နာရီဝက် ကြာမည်ဟု ဆိုသော်လည်း ယခု လူငယ်ကမူ (၁၀) မိနစ်သာ လိုသည်ဟု ဆိုနေသည်။ အကယ်၍ ယဲ့ပုဖန်သာ စောစောက အစွမ်းမပြခဲ့ပါက ယခုအချိန်တွင် တစ်စုံတစ်ဦးက သရော်နေမည်မှာ အသေအချာပင်။
သခင်မကြီးဆူးက မသင်္ကာသဖြင့် "ဆရာယဲ့... ဆရာ နောက်နေတာ မဟုတ်ဘူးမလား"
"မဟုတ်ပါဘူး... (၁၀) မိနစ်အတွင်းမှာပဲ သခင်မလေးဆူးရဲ့ ရောဂါကို အပြီးအပိုင် ကုသပေးနိုင်ပါတယ်"
ယဲ့ပုဖန်၏ အမူအရာက အလေးအနက် ရှိနေသဖြင့် သခင်မကြီးဆူးက "ဒါဆိုရင် ဆရာ့ကိုပဲ အားကိုးပါရစေတော့" ဟု ဆိုသည်။
"ရပါတယ်..."
ယဲ့ပုဖန်သည် ဆူးရုယွဲကို ထိုင်ခိုင်းလိုက်ကာ ကြိုးကြာပျံ နတ်အပ်ကို ထုတ်ယူ၍ အပ်စိုက်ကုသမှုကို စတင်လေတော့သည်။
"ဒါ... ဒါက ကြိုးကြာပျံ နတ်အပ်တွေ မဟုတ်လား"
ဤနေရာရှိ လူအများစုမှာ တရုတ်ဆေးပညာ ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် ဤရွှေအပ်များ၏ တန်ဖိုးကို ချက်ချင်း သိရှိသွားကြသည်။
ဝမ်ရွှမ်တယ်၏ မျက်ဝန်းထဲတွင်မူ ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ယခင်က သူသည် ထိုနတ်အပ်များကို လိုချင်တပ်မက်ခဲ့၍သာ သူ့ဆေးခန်းကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်ပေသည်။
ယဲ့ပုဖန်က ဘေးလူများကို ဂရုမစိုက်ဘဲ ရွှေအပ်တစ်ချောင်းကို ယူကာ ဆူးရုယွဲ၏ ရင်ဘတ်ရှိ ထန်ကျုံး အပ်စိုက်မှတ်သို့ ညင်သာစွာ ထိုးစိုက်လိုက်သည်။ ရွှေအပ်ကို ထည့်သွင်းလိုက်သည်နှင့် အပ်ဖျားရှိ ကြိုးကြာတောင်ပံလေးမှာ တုန်ခါသွားပြီး သက်ရှိအတိုင်း အသက်ဝင်နေသယောင် ရှိလှသည်။
ဆူးရုယွဲမှာလည်း သူမ၏ ရင်ဘတ်အတွင်း ချက်ချင်းပင် သက်သာသွားသည်ကို ခံစားလိုက်ရသည်။ ရွှေအပ် ကျရောက်သွားသည်နှင့် ယခင်က ရင်ကျပ်နေမှုများမှာ မျက်စိတစ်မှိတ်အတွင်း ကွယ်ပျောက်သွားသည်။
ယဲ့ပုဖန်က အပ်တစ်ချောင်းပြီး တစ်ချောင်း ထိုးစိုက်လိုက်တိုင်း သူမ ပို၍ ပို၍ သက်သာလာသည်။
အသည်းကို အေးမြစေပြီး ချီကို ထိန်းညှိပေးခြင်းသည် ယဲ့ပုဖန်အတွက် အလွန်ပင် လွယ်ကူလှသည်။ သူ၏ ချီစွမ်းအင်များ ဖြတ်သန်းသွားသည့် နေရာတိုင်း၌ ပိတ်ဆို့နေသော ချီလမ်းကြောင်းများမှာ ချက်ချင်းပင် ပွင့်ထွက်သွားလေတော့သည်။
(၁၀) မိနစ်ခန့် ကြာပြီးနောက် သူက ရွှေအပ်အားလုံးကို ပြန်လည် နုတ်ယူလိုက်သည်။ ဆူးရုယွဲ၏ ယခင်က ခေါင်းကိုက်ခြင်းနှင့် ရင်ကျပ်ခြင်း ဝေဒနာများမှာ တောင်ကြီးတစ်လုံးကို ဖယ်ရှားလိုက်သကဲ့သို့ ပျောက်ကွယ်သွားကာ စိတ်ကြည်လင် လန်းဆန်းသွားရသည်။
သခင်မကြီးဆူးက စိုးရိမ်တကြီးဖြင့် "သမီး... ဘယ်လိုနေသေးလဲ"
"မေမေ... သမီး အခု လုံးဝ သက်သာသွားပြီ"
ဆူးရုယွဲက ယဲ့ပုဖန်ကို တစ်ဖန် ဦးညွှတ်ကာ "ဆရာယဲ့... သမီးရဲ့ရောဂါကို ကုပေးလို့ ကျေးဇူးအများကြီး တင်ပါတယ်" ဟု ယဉ်ကျေးစွာ ပြောလိုက်သည်။
ဘေးမှ ကြည့်နေသူများမှာ မှင်တက်သွားကြသည်။ သူတို့လည်း အပ်စိုက်ပညာကို သိသော်လည်း ယဲ့ပုဖန်က အပ်အနည်းငယ်ဖြင့် (၁၀) မိနစ်အတွင်း တကယ် ကုသနိုင်လိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
"ကျေးဇူးတင်ဖို့က နည်းနည်း စောပါသေးတယ်"
ယဲ့ပုဖန်က ဆိုလိုက်သည်။ "အခု ခံစားနေရတဲ့ လက္ခဏာတွေ ပျောက်သွားပေမဲ့ ရောဂါရဲ့ အမြစ် တွယ်နေတဲ့ အကြောင်းရင်းက ရှိနေတုန်းပဲ။ အခု ကုလိုက်လို့ ပျောက်သွားပေမဲ့ သိပ်မကြာခင်မှာပဲ ပြန်ဖြစ်လာမှာပါ"
"ရှင်..."
သခင်မကြီးဆူး၏ မျက်နှာပေါ်မှ အပြုံးများမှာ ချက်ချင်းပင် ခဲသွားတော့သည်။ သူမက အလျင်အမြန်ပင် "ဆရာယဲ့... ရုယွဲရဲ့ ရောဂါကို အမြစ်ပြတ်အောင် ကုဖို့ တခြား နည်းလမ်း ရှိသေးလားရှင်" ဟု မေးလိုက်သည်။
"နည်းလမ်းကတော့ ရှိတာပေါ့"
ယဲ့ပုဖန်က ဆိုသည်။ "နှလုံးသားရောဂါ ဆိုတာ နှလုံးသားဆေးနဲ့မှ ကုလို့ရတာပါ။ သခင်မလေးဆူးရဲ့ စိတ်ထဲမှာ ဖြစ်နေတဲ့ အဖုအထစ်တွေကို အကုန်လုံး ဖြေရှင်းပစ်နိုင်မှ ဖြစ်မှာပါ..."
***