"နှလုံးသားထဲက အဖုအထစ်လား..."
သခင်မကြီးဆူးက ချက်ချင်းပင် လှည့်ကြည့်လိုက်ကာ "သမီး... သမီးစိတ်ထဲမှာ တစ်ခုခုရှိရင် မေမေ့ကို ပြောပြလေ။ မေမေ သမီးအလိုရှိတာ မှန်သမျှ ဖြည့်ဆည်းပေးမှာပေါ့"
ဆူးရုယွဲက တုံ့ဆိုင်းနေရင်း "ကျွန်မ... ကျွန်မမှာ ဘာမှ မရှိပါဘူး"
ယဲ့ပုဖန်က ကြားဖြတ်၍ "အသည်းချီ ပိတ်ဆို့တာက နှလုံးသားက ဖြစ်တဲ့ ရောဂါကြောင့်ပဲ ဖြစ်ရမယ်။ တစ်ခါတလေကျရင် ကာယကံရှင်ကိုယ်တိုင်က ဒါကို သတိမထားမိတာမျိုး ဒါမှမဟုတ် တခြားလူတွေကို ပြောပြဖို့ အဆင်မပြေတာမျိုးလည်း ရှိနိုင်တယ်"
သခင်မကြီးဆူးက "ဆရာယဲ့... ဒါဆို ဒီအခြေအနေကို ဘယ်လိုကုရမလဲ" ဟု မေးလိုက်သည်။
"ကျွန်တော့်ကို သုံးရက် အချိန်ပေးပါ။ သခင်မလေးဆူးကို ဒီသုံးရက်အတွင်း ကျွန်တော့်အနားမှာပဲ ရှိနေပါစေ။ သုံးရက်ပြည့်ရင်တော့ သူမရဲ့ နှလုံးသားက အဖုအထစ်တွေ ပြေလျော့သွားပါလိမ့်မယ်"
"ဒါတော့ မဖြစ်နိုင်ဘူး"
သခင်မကြီးဆူးက ခေါင်းခါ၍ ငြင်းဆိုလိုက်သည်။ "ရုယွဲက ဆူးလုပ်ငန်းစုရဲ့ စီအီးအိုပဲလေ။ သုံးရက် အသာထား တစ်ရက်လောက် အလုပ်ကနေ ပျက်ကွက်သွားရင်တောင် လုပ်ငန်းစုရဲ့ လည်ပတ်မှုတွေ ထိခိုက်ကုန်မှာပေါ့။ ဒါ့အပြင် ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ဆူးလုပ်ငန်းစုရဲ့ ရှယ်ယာစျေးနှုန်းတွေကိုပါ ထိခိုက်သွားနိုင်တယ်"
ယဲ့ပုဖန် မျက်မှောင်ကြုတ်သွားရသည်။ ဤအမျိုးသမီးသည် အလွန်ပင် တောင်းဆိုမှု များလွန်းလှသည်။ သူမ၏ သမီးမှာ ဤမျှ ရောဂါပြင်းထန်နေပါလျက် စိတ်ထဲ၌ စီးပွားရေး ကိစ္စများကိုသာ ဦးစားပေးနေဆဲပင်။
"သခင်မကြီးဆူး... တကယ်လို့ သခင်မလေးဆူးရဲ့ ရောဂါသာ ပြန်ဖောက်လာခဲ့ရင် အခြေအနေက အခုထက် ပိုဆိုးသွားလိမ့်မယ်။ နောက်ပြီး ကျွန်တော်က သမားတော် တစ်ယောက်ပါ၊ သခင်မလေးဆူးက ကျွန်တော့်ရဲ့ တစ်ဦးတည်းသော လူနာလည်း မဟုတ်ဘူး။ နောင်ကျရင် ကျွန်တော့်ဘက်က အားချင်မှ အားတော့မှာနော်"
သူသည် လူနာကို လိုက်တောင်းပန်ပြီး ကုသပေးမည့်သူမျိုး မဟုတ်သော်လည်း ဆူးရုယွဲကဲ့သို့ ပြီးပြည့်စုံသော အမျိုးသမီး တစ်ဦး စိတ်ကျရောဂါဖြင့် ညှိုးနွမ်းသွားသည်ကို ယောက်ျားတစ်ယောက် အနေဖြင့် မကြည့်ရက်နိုင်ပေ။ အကယ်၍ ဤရောဂါကို အမြစ်ကနေ မကုသပါက အခြေအနေမှာ ပို၍သာ ဆိုးရွားလာမည်ဖြစ်ပြီး နောက်ဆုံးတွင် သူမသည် ရောင်စုံပွင့်ချပ်များ ကြွေလွင့်သွားသည့် ပန်းတစ်ပွင့်ကဲ့သို့ ဘဝဆုံးသွားနိုင်ပေသည်။
"ဒါကတော့..."
သခင်မကြီးဆူး ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် နောက်ဆုံးတွင်မူ "ဒါဆို ဒီလိုလုပ်ရအောင်... အရင်ဆုံး တစ်ရက်လောက်ပဲ အချိန်ယူကြည့်ပြီး ကုသပေးပါ။ ပြီးမှ လုပ်ငန်းစုရဲ့ အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်တာပေါ့"
ယဲ့ပုဖန် ခေါင်းညိတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ သုံးရက် ဆိုသည်မှာ သူ ခန့်မှန်းထားသည့် အချိန်ဖြစ်သော်လည်း အခြေအနေ ကောင်းပါက တစ်ရက်နှင့်ပင် လုံလောက်နိုင်ပါသည်။
အရာအားလုံး အဆင်ပြေသွားပြီ ဖြစ်သဖြင့် သူက ချောင်ရှင်းဟွာဘက်သို့ လှည့်ကာ "ဆေးခန်းကိုတော့ ခင်ဗျားတို့ပဲ တာဝန်ယူထားလိုက်ပါဦး" ဟု ဆိုသည်။
"စိတ်ချပါ ဆရာတူအစ်ကို... ကျွန်တော် အခုပဲ ပြန်လိုက်ပါ့မယ်။ ကျန်းနန်မှာလည်း ထွေထွေထူးထူး ကိစ္စမရှိတော့တာမို့ ဒီနေ့ကစပြီး မြို့တော်မှာပဲ နေပြီး ဆရာတူအစ်ကို့အနားမှာပဲ နေတော့မယ်"
ချောင်ရှင်းဟွာက အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။ သူ၏ ဆရာတူအစ်ကိုမှာ တကယ့်ကို အံ့မခန်း စွမ်းအားများ ရှိနေပြီး တွေ့ဆုံတိုင်း သူ့ကို အံ့အားသင့်စရာများ ပေးစွမ်းနိုင်သူ ဖြစ်သည်။ ဆရာတူအစ်ကို့အနားမှာသာ နေခွင့်ရမည်ဆိုပါက သူ၏ ဆေးပညာမှာ ပိုမို တိုးတက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
လူပိုင်မင်းကလည်း ဤအခွင့်အရေးကို သဘောပေါက်သွားသဖြင့် "ဆရာတူအစ်ကိုယဲ့... ကျွန်တော်လည်း အလုပ်တွေ သိပ်မရှိပါဘူး။ ကျွန်တော်လည်း ဆရာတူအစ်ကို့ဆီ လိုက်လာလို့ ရမလား"
ယဲ့ပုဖန်က အံ့သြစွာဖြင့် "ခင်ဗျားပါ လိုက်လာရင် ပိုင်ချောင်ထန်က ဘယ်လိုလုပ်မလဲ"
"ရပါတယ်... ကျွန်တော့် အသက်အရွယ်နဲ့ဆို လူနာကြည့်တာ နည်းသွားပါပြီ။ အများအားဖြင့် တပည့်တွေနဲ့ မြေးတပည့်တွေကိုပဲ လွှဲပေးထားတာပါ"
အမှန်စင်စစ် လူပိုင်မင်းသည် အလွန် အလုပ်များသူ ဖြစ်သော်လည်း ဤကဲ့သို့ ရှားပါးသော အခွင့်အရေးကို လက်လွတ်မခံချင်ပေ။
"ကောင်းပြီလေ... ခင်ဗျားတို့ သဘောအတိုင်းပါပဲ"
ယဲ့ပုဖန်က ကုရီမန်ဆေးခန်းကို ထိုလူကြီးနှစ်ဦးအား လွှဲအပ်လိုက်သည်။
ဆူးမိသားစုကလည်း ရောက်ရှိနေသော တရုတ်ဆေးဆရာကြီး တစ်ဦးချင်းစီအား ယွမ်တစ်သိန်းစီ ထည့်ထားသော စာအိတ်နီများ ပေးအပ်ကာ ပြန်လည် ပို့ဆောင်ပေးလိုက်သည်။ သခင်မကြီးဆူးက ယဲ့ပုဖန်အား မှာစရာရှိသည်များ မှာကြားပြီးနောက် ထွက်ခွာသွားသဖြင့် နောက်ဆုံးတွင် ဆူးရုယွဲနှင့် သူသာ ကျန်ရစ်တော့သည်။
"ဆရာယဲ့... ဒီနေ့ ကူညီပေးခဲ့တာတွေအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်"
ဆူးရုယွဲက ထပ်မံ ကျေးဇူးတင်စကား ဆိုပြန်သည်။ သူမ၏ အပြောအဆို၊ အမူအရာနှင့် ရပ်နေပုံတို့မှာ မြင့်မြတ်သော သခင်မလေးတစ်ဦး၏ ပုံစံမျိုးဖြစ်ကာ အမျိုးသမီး စီအီးအိုတစ်ဦး၏ အရှိန်အဝါများလည်း ကိန်းဝပ်နေလေသည်။
"ရပါတယ်... ကျွန်တော်က သမားတော်ပဲလေ။ ဒါက ကျွန်တော် လုပ်သင့်တဲ့ အလုပ်ပါ"
ဆူးရုယွဲက "ဆရာယဲ့... နောက်ထပ် ကျွန်မတို့ ဘာလုပ်ကြမလဲ" ဟု မေးလိုက်သည်။
"စိတ်ခံစားချက်ကို ပြုပြင်ပြောင်းလဲဖို့ အကောင်းဆုံးနည်းလမ်းကတော့ အားကစားလုပ်တာပဲ။ သခင်မလေးဆူး... ပုံမှန်ဆိုရင် ဘယ်လိုအားကစားမျိုးကို အကြိုက်ဆုံးလဲ"
"ဂေါက်သီးရိုက်တာပါ။ ပုံမှန်ဆိုရင်တော့ ကျွန်မ ဂေါက်သီးရိုက်ရတာ အကြိုက်ဆုံးပဲ"
"ဒါတစ်ခုတည်းပဲလား"
ဂေါက်သီးရိုက်ခြင်းမှာ ချမ်းသာသူများ၏ အားကစား ဖြစ်သည်။ ယဲ့ပုဖန်သည် ယခုအခါ ယွမ်သန်းပေါင်းများစွာ ချမ်းသာနေပြီ ဖြစ်သော်လည်း ဂေါ့ဖ်အားကစားနည်းကို တစ်ခါမှ မကစားဖူးပေ။
"ဟုတ်တယ်... မေမေက ပြောတယ်။ ဂေါက်သီးရိုက်တာကမှ ကျွန်မရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီတာတဲ့။ ဘောလုံးကန်တာ၊ ဘတ်စကက်ဘောနဲ့ ဘော်လီဘော ကစားတာမျိုးက ကျွန်မရဲ့ မိန်းကလေးဆန်တဲ့ အမူအရာကို ထိခိုက်စေနိုင်လို့ ဆိုပြီး မေမေက လုံးဝ ခွင့်မပြုဘူးလေ"
ဆူးရုယွဲက ဆက်ပြောသည်မှာ "တကယ်တော့ ဂေါက်သီးရိုက်ရတာလည်း ကောင်းပါတယ်။ ဒါက စိတ်ထဲမှာ ပိတ်လှောင်နေတာတွေကို အပြင်ထုတ်ဖို့ ကူညီပေးနိုင်တာပဲ"
"ကောင်းပြီလေ... ဒါဆိုရင် ဂေါက်သီးသွားရိုက်ကြတာပေါ့။ သင့်တော်တဲ့ နေရာ သိလား"
ယဲ့ပုဖန်အတွက်မူ မည်သည့် အားကစား ဖြစ်သည်မှာ အရေးမကြီးပေ။
"ကျွန်မတို့ ဆူးမိသားစုပိုင်တဲ့ ကလပ်ကို သွားကြရအောင်။ အဲဒီမှာ အကုန်လုံး ရှိတယ်"
ဆူးရုယွဲက ပြောပြီးနောက် ယဲ့ပုဖန်၏ ကားထဲသို့ ဝင်ထိုင်လိုက်သည်။ သူမ၏ နောက်တွင်မူ ကိုယ်ရံတော် ခုနစ်ယောက် ရှစ်ယောက်ခန့်က ကားနှစ်စီးဖြင့် ထပ်ချပ်မကွာ လိုက်ပါလာကြသည်။
ယဲ့ပုဖန်က "သခင်မလေးဆူး အပြင်ထွက်တိုင်း အမြဲတမ်း ကိုယ်ရံတော်တွေ အဲဒီလောက် အများကြီး လိုက်ရတာလား" ဟု မေးလိုက်သည်။
"ရွေးချယ်စရာ မရှိဘူးလေ..."
ဆူးရုယွဲ၏ လှပသော မျက်နှာလေးပေါ်တွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွားသည်။ "ဒါတွေ အားလုံးက မေမေ စီစဉ်ထားတာတွေပါ။ ကျွန်မ ဘယ်နေရာကို သွားနေသလဲ ဆိုတာ သူ အမြဲတမ်း သိနေမှ ဖြစ်မှာလေ။ တစ်စက္ကန့်လေးတောင် အလွတ်မပေးဘူး"
ယဲ့ပုဖန်က "ဒါဆို သခင်မလေးဆူးမှာ လွတ်လပ်မှု လုံးဝ မရှိဘူးပေါ့" ဟု ဆိုလိုက်သည်။
"လွတ်လပ်မှုလား... အဲဒါ ဘာလဲဆိုတာတောင် ကျွန်မ မေ့နေပါပြီ"
ဆူးရုယွဲက ရှုပ်ထွေးသော အမူအရာဖြင့် "နေ့တိုင်း ဘယ်လိုအဝတ်အစားမျိုး ဝတ်ရမယ်၊ ထမင်း တစ်နပ်ကို ဘယ်လောက် စားရမယ်၊ လမ်းလျှောက်ရင် ဘယ်လိုပုံစံ လျှောက်ရမယ်၊ နောက်ဆုံး လူတွေနဲ့ စကားပြောရင်တောင် ဘယ်လိုပြောရမယ်၊ ဘယ်လိုပြုံးရမယ် ဆိုတာအဆုံး မေမေက အကုန် သတ်မှတ်ပေးထားတာ။ ဘာလို့လဲဆိုတော့ ကျွန်မက ပြီးပြည့်စုံတဲ့ အမျိုးသမီး ဖြစ်ရမယ်လေ။ ဘာအပြစ်အနာအဆာမှ ရှိလို့ မရဘူး။ သူများတွေ ကျွန်မရဲ့ အားနည်းချက်ကို ရှာတွေ့ခွင့် မပေးနိုင်ဘူး"
ယဲ့ပုဖန် တစ်ခဏမျှ မှင်တက်သွားကာ ဤအမျိုးသမီး အဘယ်ကြောင့် စိတ်ကျရောဂါ ခံစားနေရသည်ကို သဘောပေါက်သွားတော့သည်။ ဤမျှ ပြင်းထန်သော စည်းကမ်းချက်များ အောက်တွင် မည်သည့် သာမန်လူသားမျှ ခံနိုင်ရည် ရှိမည်မဟုတ်ပေ။
ဆူးရုယွဲသည် ဆူးလုပ်ငန်းစု၏ စီအီးအိုအဖြစ် ယွမ်သန်းပေါင်း ရာနှင့်ချီသော စီးပွားရေး အင်ပါယာကြီးကို အုပ်ချုပ်နေရသူ ဖြစ်သဖြင့် အပြင်ပန်းကြည့်လျှင် အလွန်ပင် ချမ်းသာလှသည် ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ သူမ၏ ဘဝမှာ အလွန်ပင် သနားစရာ ကောင်းလှပေသည်။
မကြာမီ သူတို့နှစ်ဦးသည် မြို့တွင်းမှ ထွက်လာကာ မြို့ပြင်ရှိ ဆူးမိသားစုပိုင် ကိုယ်ပိုင်ကလပ်သို့ ရောက်ရှိလာကြသည်။
ယွမ်သန်းပေါင်း ရာနှင့်ချီ ချမ်းသာသော မိသားစုကြီး ဖြစ်သဖြင့် ဤနေရာမှာ ဆူးမိသားစု၏ ကိုယ်ပိုင် အဆောက်အအုံ ဖြစ်ကာ အဖွဲ့ဝင်စနစ်ဖြင့်သာ လည်ပတ်ခြင်း ဖြစ်သည်။ အကယ်၍ အဖွဲ့ဝင် မဟုတ်ပါက ပိုက်ဆံ ဘယ်လောက်ရှိရှိ ဝင်ခွင့်ရမည် မဟုတ်ပေ။
ယဲ့ပုဖန်က ကားကို ကလပ်၏ ရှေ့ဘက်တွင်ရှိသော အလွန် ကျယ်ဝန်းသည့် ကားပါကင်အတွင်းသို့ မောင်းဝင်လိုက်သည်။
ဤနေရာမှာ မြို့တော်၏ မြောက်ဘက် ဆင်ခြေဖုံးတွင် ရှိသဖြင့် မြို့ထဲမှ တစ်နာရီခန့် မောင်းနှင်ရသော်ငြား ဤကလပ်မှာ အလွန်ပင် ခေတ်မီလေသည်။ အရေးကြီးဆုံး အချက်မှာ ဤနေရာမှာ သာမန်လူတို့ စိတ်ကူးထားသည်ထက်ပင် အဆမတန် ကျယ်ဝန်းလှကာ အဆုံးမရှိသယောင် ထင်ရခြင်းပင်။
ခြုံပြောရလျှင် ဤသည်မှာ သူဌေးကြီးများအတွက် သီးသန့် အနားယူရာ နေရာတစ်ခုပင် ဖြစ်တော့သည်။
အတွင်းသို့ ဝင်လိုက်သည်နှင့် အလွန်မြင့်မားလှသည် မဟုတ်သော်လည်း ဒီဇိုင်းပိုင်း အလွန် ကောင်းမွန်ကာ အလွန် ကျယ်ဝန်းသော အဆောက်အအုံကြီးကို တွေ့ရသည်။ ဤနေရာ၌ စားသောက်ဆိုင်နှင့် တည်းခိုခန်းများသာမက ဘိုလင်း၊ ဂေါက်သီး၊ ရေကူးနှင့် အားကစားခန်းမများ စသည့် ဖျော်ဖြေရေး ပေါင်းစုံ ရှိသည့်အပြင် ဧည့်သည်များအတွက် ၂၄ နာရီ ဝန်ဆောင်မှု ပေးမည့် အိမ်တော်ထိန်းများလည်း ရှိသည်။
ဤနေရာ၌ အဖွဲ့ဝင်စနစ်ကို အဆင့်များ ခွဲခြားထားသည်။ အနိမ့်ဆုံးအဆင့်မှာ ရွှေကတ် ဖြစ်ပြီး တစ်နှစ်လျှင် ယွမ် သုံးသိန်း ပေးရသည်။ ထိုသုံးသိန်းမှာ ကတ်ဖွင့်ခသက်သက်သာ ဖြစ်ပြီး စားသောက်မှုများအတွက် သီးသန့် ထပ်ပေးရသေးသည်။
နောက်ထပ် အဆင့်မြင့်သော အဆင့်မှာ ရွှေနက်ကတ် ဖြစ်ကာ တစ်နှစ်လျှင် ယွမ် တစ်သန်း ပေးရသည်။
အမြင့်ဆုံး အဆင့်မှာမူ စိန်ကတ်ပင် ဖြစ်သည်။ ဤကတ်ကို ပိုက်ဆံရှိရုံဖြင့် ရနိုင်မည်မဟုတ်ဘဲ လုံလောက်သော အဆင့်အတန်းနှင့် ဂုဏ်ဒြပ် ရှိမှသာ ရရှိနိုင်မည် ဖြစ်သည်။
အဆင့်အမျိုးမျိုး ရှိသော အဖွဲ့ဝင်များမှာ ရရှိသော ဝန်ဆောင်မှုများတွင်လည်း ကွာခြားလှပေသည်။ ဆူးရုယွဲသည် ဤနေရာ၏ ပိုင်ရှင်ဖြစ်သဖြင့် သူမသည် စိန်ကတ်ထက်ပင် သာလွန်သော ဝန်ဆောင်မှုကို ရရှိမည်မှာ သေချာလှသည်။
သူတို့ ရောက်ရှိလာသည်နှင့် စီးပွားရေးဝတ်စုံ ဝတ်ဆင်ထားသော မန်နေဂျာမှာ အပြုံးများဖြင့် ချက်ချင်း ကြိုဆိုလေသည်။
"စီအီးအို... ရောက်လာပြီလားခင်ဗျာ"
ဆူးရုယွဲက ခေါင်းညိတ်ပြလိုက်ကာ ယဲ့ပုဖန်အား "ဆရာယဲ့... ဒါ ကျွန်မတို့ရဲ့ မန်နေဂျာမာပါ။ ကျွန်မ အဝတ်အစားသွားလဲလိုက်ဦးမယ်။ လိုအပ်တာရှိရင် သူ့ကို ပြောလို့ရပါတယ်"
ပြောပြီးနောက် သူမသည် အနားရှိ သီးသန့် အဝတ်လဲခန်းထဲသို့ ဝင်သွားတော့သည်။
မန်နေဂျာမာသည် ဆူးရုယွဲက ဤကလပ်သို့ တစ်စုံတစ်ဦးကို ပထမဆုံးအကြိမ် ခေါ်လာသည်ကို မြင်ဖူးခြင်း ဖြစ်သဖြင့် ချက်ချင်းပင် ရိုသေသေဖြင့် "မစ္စတာယဲ့... ဘာများ လိုအပ်ပါသလဲခင်ဗျာ" ဟူ၍ မေးလိုက်လေသည်။
***