"ကျေးဇူးတင်ပါတယ်... ကျွန်တော့်အတွက် မလိုပါဘူး"
ဂေါက်သီးရိုက်ဖို့အတွက် အဝတ်အစား သီးသန့်လဲဖို့ မလိုဘူးဟု ယဲ့ပုဖန် ယူဆထားသည်။ ယနေ့ သူဝတ်ထားသည်မှာ ပေါ့ပေါ့ပါးပါး ဝတ်စုံနှင့် အားကစားဖိနပ် ဖြစ်သဖြင့် အတော်အသင့်တော့ အဆင်ပြေလှပေသည်။
သူက ငြင်းဆိုလိုက်သဖြင့် မန်နေဂျာမာလည်း ဘာမှ ထပ်မပြောတော့ပေ။
ထိုစဉ် ဆူးရုယွဲသည် အဖြူရောင် အားကစားဝတ်စုံလေးကို လဲလှယ်ကာ အပြင်သို့ ထွက်လာသည်။ ဦးထုပ်အဝိုင်းလေးကို ဆောင်းထားသည့် သူမ၏ ပုံစံမှာ လန်းဆန်းတက်ကြွပြီး အလွန်ပင် ကြည့်ကောင်းလှသည်။
ကလပ်ကြီးမှာ အလွန် ကျယ်ဝန်းသဖြင့် မန်နေဂျာမာက သူတို့ကို ဂေါက်ကွင်းသို့ ပို့ဆောင်ရန် လျှပ်စစ်ကားတစ်စီး စီစဉ်ပေးလိုက်သည်။
ဂေါက်ကွင်း၏ အေဇုန်မှာ ဆူးမိသားစုဝင်များအတွက်သာ သီးသန့်သတ်မှတ်ထားသော နေရာဖြစ်ကာ နေကာထီးများ၊ အနားယူရန် ထိုင်ခုံများနှင့် အခြားသော ဝန်ဆောင်မှုများ အပြည့်အစုံ ရှိသည်။ အနား၌လည်း မျက်နှာပြင်ကျယ် တီဗွီတစ်လုံး ရှိနေပြီး မန်နေဂျာမာက အသီးအနှံဗန်းနှင့် ဝိုင်နီများကိုပါ အဆင်သင့် ပြင်ဆင်ပေးထားလေသည်။
"ကောင်းပြီ... မန်နေဂျာမာလည်း သွားပြီး အလုပ်လုပ်တော့လေ"
ဆူးရုယွဲက ဝန်ဆောင်မှုပေးရန် ဝန်ထမ်း တစ်ဦးကိုသာ ချန်ထားရစ်ပြီး မန်နေဂျာမာကို ပြန်လွှတ်လိုက်သည်။
သူမ၏ ကိုယ်ရံတော်များကလည်း အဝေးမှနေ၍သာ စောင့်ကြည့်နေကြပြီး အနားသို့ လာ၍ အနှောင့်အယှက် မပေးကြပေ။ ဤသည်မှာ ဆူးမိသားစုပိုင် အဆင့်မြင့်ကလပ် ဖြစ်သဖြင့် လုံခြုံရေးအတွက် စိုးရိမ်စရာ မရှိပေ။ သူတို့ အဝေးမှ စောင့်ကြည့်နေရသည့် အကြောင်းရင်းမှာ ဆူးရုယွဲနှင့် ယဲ့ပုဖန်တို့ ဘာလုပ်နေကြသလဲဆိုသည်ကို သခင်မကြီးဆူးထံသို့ အချိန်နှင့်အမျှ အစီရင်ခံရန် ဖြစ်သည်။
"ဆရာယဲ့... စမ်းပြီး ရိုက်ကြည့်မလားဟင်"
ဆူးရုယွဲက ပြုံးလျက် မေးလိုက်သည်။
"ကျွန်တော် တစ်ခါမှ မကစားဖူးဘူး... တစ်ခါလောက်တော့ စမ်းကြည့်ရမှာပေါ့"
ယဲ့ပုဖန်က ဝန်ထမ်းပေးသော ဂေါက်တံကို ယူကာ အလိုအလျောက် ဘောလုံးချပေးသည့် စက်ရှိရာသို့ လျှောက်သွားလိုက်သည်။
သူသည် ဂေါက်သီး တကယ် မရိုက်ဖူးခြင်း ဖြစ်သည်။ သူ၏ ရပ်နေပုံနှင့် ဂေါက်တံ ကိုင်ပုံတို့မှာ လုံးဝ မမှန်ကန်ဘဲ ပထမဆုံးအကြိမ် ဝှေ့ယမ်းလိုက်ရာ၌ ဘောလုံးကို လုံးဝ မထိဘဲ လွဲချော်သွားရသည်။
ဆူးရုယွဲက ဘေးမှနေ၍ ခပ်ဖွဖွ ပြုံးလိုက်ရုံသာ ပြုံးနေပြီး ဘာမှ မပြောပေ။
"နောက်တစ်ခါ ထပ်စမ်းကြည့်ဦးမယ်"
ယဲ့ပုဖန်က ရယ်မောလျက် နောက်တစ်ကြိမ် ထပ်မံ ဝှေ့ယမ်းလိုက်ပြန်သည်။
ဤတစ်ကြိမ်မှာ ယခင်အကြိမ်ထက် ပိုဆိုးသွားသည်။ ဘောလုံးကို ထိသွားသော်လည်း သူက အားပြင်းပြင်းဖြင့် ရိုက်လိုက်သဖြင့် ဂေါက်တံပါ လက်ထဲကနေ လွင့်ထွက်သွားလေတော့သည်။
"အားနာပါတယ် မဆူး... ကျွန်တော်ကတော့ ရယ်စရာ ဖြစ်အောင် လုပ်နေသလို ဖြစ်သွားပြီ။ ကျွန်တော် နည်းနည်းလောက်တော့ လေ့လာဦးမှ ဖြစ်မယ်"
ဆူးရုယွဲက ယဉ်ကျေးစွာ ပြုံးလိုက်ပြီး "ရပါတယ်... ပထမဆုံး ကစားဖူးတဲ့သူတိုင်း ဒီလိုပါပဲ။ ဆရာ့အတွက် ပရော်ဖက်ရှင်နယ် နည်းပြတစ်ယောက် ခေါ်ပေးရမလား"
"မလိုပါဘူး... ကျွန်တော် ဗီဒီယိုလေးတွေ ကြည့်လိုက်ရင် ရပါပြီ"
ကျင့်ကြံသူတစ်ဦး ဖြစ်သဖြင့် ယဲ့ပုဖန်၌ စိတ်ဝိညာဉ်အာရုံ ရှိသည်။ ထို့ကြောင့် မည်သည့်အရာကိုမဆို အံ့သြဖွယ် ကောင်းလောက်အောင် မြန်ဆန်သော အရှိန်ဖြင့် သင်ယူနိုင်သည်။ သူက ဝန်ထမ်းကို လှည့်မေးလိုက်သည်။
"ဒီမှာ သင်ကြားရေး ဗီဒီယိုတွေ ရှိလား"
"ရှိပါတယ် ခင်ဗျာ"
ဝန်ထမ်းက အနားရှိ တီဗွီကို ဖွင့်ကာ အဆင်သင့်ရှိသော သင်ကြားရေး ဗီဒီယိုကို ပြသပေးလိုက်သည်။ သို့သော် သူ၏ စိတ်ထဲ၌မူ ဤလူငယ်ကို အထင်သေးနေမိသည်။
ဂေါက်သီးရိုက်ခြင်းမှာ အတတ်ပညာ တစ်ခုပင် ဖြစ်သည်။ ဤကဲ့သို့ ဗီဒီယို ကြည့်ရုံမျှဖြင့် မည်သို့ ထိရောက်နိုင်ပါမည်နည်း။
"သခင်မလေးဆူး... သခင်မလေးဆူး ဘာသာ အရင်ကစားနှင့်လေ။ ကျွန်တော် ခဏလောက် လေ့လာလိုက်ဦးမယ်"
ယဲ့ပုဖန်က ပြောပြီးနောက် တီဗွီရှေ့ရှိ ထိုင်ခုံတွင် ထိုင်ကာ ဗီဒီယိုကို အာရုံစိုက် ကြည့်နေတော့သည်။
ဆူးရုယွဲသည် ဘောလုံးချပေးသည့် စက်အနားသို့ လျှောက်သွားကာ ဂေါက်တံကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ အနေအထားကို နှစ်ကြိမ်ခန့် ချိန်ညှိလိုက်ပြီးနောက် အားပါပါ ဝှေ့ယမ်းလိုက်သည်။
'ဖြောင်း' ဟူသော ကျယ်လောင်ပြတ်သားသည့် အသံနှင့်အတူ ဖြူလွလွ ဂေါက်သီးလေးမှာ လေထဲသို့ ပျံတက်သွားကာ အဝေးသို့ ရောက်ရှိသွားတော့သည်။
ဂေါက်ကွင်း၏ အခြားတစ်ဖက်တွင်မူ လူငယ်အချို့နှင့် အမျိုးသမီးအချို့သည် ရယ်မောလျက် လျှောက်လာကြသည်။ သူတို့ကို ဦးဆောင်လာသူမှာ အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမမှာ ရှီးမန်မိသားစုမှ သခင်မလေး ရှီးမန်ယွီကျောက်ပင် ဖြစ်သည်။ သူမ၏ ဘေးတွင်မူ ကျင်မိသားစု၏ သခင်လေး ကျင်ကျောက်က လိုက်ပါလာသည်။
ကျင်ကျောက်သည် ရှီးမန်ယွီကျောက်ကို ပိုးပန်းနေသူ ဖြစ်ပြီး ယနေ့ သူတို့နှစ်ဦး ဤကလပ်၌ ဂေါက်သီးအတူ ရိုက်ရန် ချိန်းထားခြင်း ဖြစ်သည်။
ကျင်ကျောက်သည် အေဇုန်ဘက်သို့ ရံဖန်ရံခါ လှမ်းကြည့်နေမိသည်။ တစ်ဖက်လူမှာ ကျောပေးထားသဖြင့် သူသည် ယဲ့ပုဖန်ကို မမှတ်မိပေ။ သို့သော် အလွန် လှပသော ဆူးရုယွဲကိုမူ ဘေးတိုက်မြင်ရရုံဖြင့် သူ မှတ်မိလိုက်သည်။
"ယွီကျောက်... ဟိုမှာကြည့်စမ်း။ အဲဒါ ဆူးမိသားစုရဲ့ သခင်မလေး မဟုတ်လား။ မင်းရဲ့ အစ်ကိုက ဆူးရုယွဲကို ပိုးပန်းနေတယ်လို့ ငါ မှတ်မိနေတယ်။ ဒါပေမဲ့ သူမက ဘာလို့ တခြားယောက်ျား တစ်ယောက်နဲ့ ဂေါက်သီးအတူ ရိုက်နေတာလဲ"
ရှီးမန်ယွီလျန်သည် ဆူးရုယွဲကို ပိုးပန်းနေသည်မှာ လူကုံထံလောကအတွင်း လျှို့ဝှက်ချက် တစ်ခု မဟုတ်သဖြင့် ကျင်ကျောက် သိနေသည်မှာ မဆန်းပေ။
"ဟုတ်လို့လား..."
ရှီးမန်ယွီကျောက်လည်း ထိုဘက်သို့ လှမ်းကြည့်လိုက်သည်။ ဆူးရုယွဲမှာ ဂုဏ်သတင်း အလွန်ကောင်းသူ ဖြစ်ပြီး သူမအနေဖြင့် မည်သည့် ယောက်ျားနှင့်မျှ သီးသန့် ဂေါက်သီးရိုက်သည်ကို တစ်ခါမျှ မတွေ့ဖူးပေ။ ရှီးမန်ယွီလျန်က မည်မျှပင် ဖိတ်ခေါ်ခဲ့ပါစေ သူမက အမြဲတမ်း ငြင်းဆိုခဲ့သည်သာ။
"သူမ တကယ်ပဲ"
သူတို့ စောင့်ကြည့်နေစဉ်မှာပင် ယဲ့ပုဖန်က ဘောလုံးကို နှစ်ကြိမ်ဆက်တိုက် လွဲချော်အောင် ရိုက်နေသည်ကို မြင်လိုက်ရသည်။
ကျင်ကျောက်က နှာခေါင်းရှုံ့လျက် "ဆူးရုယွဲ ရူးသွားပြီလား။ ဒီလို လူညံ့တစ်ယောက်နဲ့ ဂေါက်သီးအတူ ရိုက်ရတယ်လို့။ ဒီလူက ဘယ်သူလဲတော့ မသိဘူး။ အခြေခံ အမူအရာတောင် မသိဘဲနဲ့ ဒီမှာလာပြီး လူပြက်လုပ်နေတာပဲ"
ထိုစဉ် ယဲ့ပုဖန်က လှည့်လာကာ အနားယူရာ နေရာသို့ လျှောက်သွားသဖြင့် ရှီးမန်ယွီကျောက်က သူ့ကို ချက်ချင်း မှတ်မိသွားတော့သည်။
"အဲ့ဒီ လူယုတ်မာပဲ... တောသားပဲ"
ရှီးမန်ယွီကျောက်၏ မျက်ဝန်းတို့မှာ ဒေါသကြောင့် တောက်လောင်လာသည်။ သူမသည် အမြဲတမ်း စိတ်ကျဉ်းမြောင်းကာ ရန်ငြိုးထားတတ်သူ ဖြစ်သည်။ ရှီးမန်မိသားစု၏ သခင်မလေး ဖြစ်သော သူမကို မည်သူမျှ မစော်ကားဝံ့ခဲ့သော်လည်း ပြီးခဲ့သည့် အကြိမ်က ယဲ့ပုဖန်သည် သူမအား အကြီးအကျယ် အရှက်ကွဲအောင် လုပ်ခဲ့သည်။ သူမသည် ဤအကြွေးကို မှတ်ထားခဲ့ပြီး ယနေ့ ဤနေရာ၌ ဆုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
ကျင်ကျောက်လည်း ယဲ့ပုဖန်ကို မှတ်မိသွားကာ "ယွီကျောက်... မင်း ဒီလူကို သိတာလား" ဟု မေးလိုက်သည်။
"သိတာပေါ့... သူ့ကို သတ်တောင် ပစ်ချင်နေတာ"
ရှီးမန်ယွီကျောက်က အံကြိတ်လျက် ပြောလိုက်သည်။ "နင်သာ ဒီနေ့ ဒီလူကို ငါ့ရှေ့မှာ အရှက်ကွဲအောင် လုပ်နိုင်ရင်... ငါ နင့်ရဲ့ ရည်းစားအဖြစ် လုပ်ပေးမယ်”
ဤစကားကို ကြားလိုက်ရသဖြင့် ကျင်ကျောက်၏ ရင်ထဲ၌ ဝမ်းသာအားရ ဖြစ်သွားသည်။ ကျင်မိသားစုမှာ တတိယတန်းစား မိသားစုသာ ဖြစ်သော်လည်း ရှီးမန်ယွီကျောက်မှာမူ ထိပ်သီးမိသားစုမှ သခင်မလေး ဖြစ်သည်။
အကယ်၍ အနှီ အမျိုးသမီးကိုသာ အရယူနိုင်ပါက သူ၏ မိသားစုအတွင်း အဆင့်အတန်းမှာ မြင့်တက်လာမည်မှာ သေချာလှသည်။ သို့သော် သူ စိတ်လှုပ်ရှားနေသော်လည်း အရူးတစ်ယောက်ကဲ့သို့ မလုပ်ဆောင်ပေ။
ယဲ့ပုဖန်မှာ ရိုးရှင်းသူ မဟုတ်ကြောင်း သူ သိထားသည်။ ပြီးခဲ့သည့် အကြိမ်က သူ၏ ရိုးလ်ရွိုက်စ် ကားအသစ်ကိုပင် ဆုံးရှုံးခဲ့ရသေးသည် မဟုတ်ပါလား…။
သို့သော် ရှီးမန်ယွီကျောက်၏ ရှေ့၌ အရှက်ကွဲ၍ မဖြစ်ပေ။ သူက "ယွီကျောက်... အမှန်အတိုင်း ပြောရရင် ငါလည်း သူ့အပေါ် ရန်ငြိုးရှိတယ်။ ဒါပေမဲ့ ဒါက ဆူးမိသားစုရဲ့ ကလပ်လေ။ နောက်ပြီး ဆူးရုယွဲကလည်း ဟိုမှာ ရှိနေတာ။ တိုက်ရိုက် လက်နက်သုံးပြီး ဖြေရှင်းတာက သိပ်ပြီး အဆင်မပြေဘူး မဟုတ်လား" ဟု ဆိုသည်။
"ဘယ်သူက လက်နက်သုံးမယ် ပြောလို့လဲ။ နင်က ဝက်လို ဉာဏ်တိမ်တာပဲလား။ တခြားနည်းလမ်း မစဉ်းစားတတ်ဘူးလား"
ကျင်ကျောက်မှာ အခြားသူများရှေ့တွင် သခင်လေးကျင် ဖြစ်သော်လည်း ရှီးမန်ယွီကျောက်၏ ရှေ့တွင်မူ ဘာမှ မဟုတ်ပေ။ သူမက ဆက်လက်၍ "ဒါက ဂေါက်ကွင်းပဲလေ။ ငါတို့ ဟိုဘက်ကို သွားပြီး သူနဲ့အတူ ဆော့မယ်... ပြီးရင် သူ့ကို အကြီးအကျယ် အရှက်ခွဲပစ်မယ်"
"ဒါကတော့ ပြဿနာ မရှိပါဘူး"
ကျင်ကျောက်က "ယွီကျောက်... စိတ်မပူနဲ့။ ဒါကို ငါ တာဝန်ယူတယ်။ သူ့ကို လုံးဝ အရှက်ကွဲစေရမယ်" ဟု အာမခံလိုက်သည်။
သူသည် အခြားကိစ္စများ၌ ထူးချွန်ခြင်း မရှိသော်လည်း ဂေါက်သီးရိုက်ရာ၌မူ အလွန် ကျွမ်းကျင်သူ ဖြစ်ကာ လူကုံထံ အသိုင်းအဝိုင်း၌ နာမည်ကျော်ကြားသည်။ ယနေ့ပင် သူက ရှီးမန်ယွီကျောက်၏ နည်းပြအဖြစ် လိုက်လာခြင်း ဖြစ်သည်။
ယခုအခါ ဂေါက်သီးရိုက်ရုံဖြင့် ကြီးမားသော အကျိုးကျေးဇူးကို ရရှိမည်ဖြစ်သလို ရန်ငြိုးကိုလည်း ဖြေရှင်းနိုင်မည် ဖြစ်သဖြင့် သူက ငြင်းဆိုစရာ အကြောင်းမရှိပေ။ သူတို့နှစ်ဦး တိုင်ပင်ပြီးနောက် လက်အောက်ခံ အချို့ကို ခေါ်ကာ အေဇုန်သို့ လျှောက်သွားကြတော့သည်။
"သခင်မလေးဆူး... ဒီမှာ ဂေါက်သီးလာရိုက်နေတာလား"
ကျင်ကျောက်က ဖားယားသော အမူအရာဖြင့် ဆူးရုယွဲကို နှုတ်ဆက်လိုက်သည်။ သူ၏ ပစ်မှတ်မှာ ယဲ့ပုဖန်သာ ဖြစ်ပြီး ဆူးမိသားစု၏ သခင်မလေးကိုမူ မဆော်ကားဝံ့ပေ။
ဆူးရုယွဲသည် ဂေါက်တံကို ချကာ လှည့်ကြည့်လိုက်သည်။ ကျင်ကျောက်နှင့် ရှီးမန်ယွီကျောက်တို့ကို မြင်သောအခါ သူမက ယဉ်ကျေးစွာ ပြုံးပြလိုက်သည်။
"ရှင်တို့လည်း ကစားဖို့ ရောက်လာတာလား"
သူမ၏ အပြောအဆိုတိုင်းမှာ သိမ်မွေ့လှပေသည်။ ရှီးမန်ယွီကျောက်က "သခင်မလေးဆူး တစ်ယောက်တည်း ကစားနေတာလား" ဟု မေးလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်မရဲ့ မိတ်ဆွေ ပါလာပါတယ်"
ဆူးရုယွဲက ယဲ့ပုဖန်ကို မိတ်ဆက်ပေးလိုက်သည်။ "ဒါက ဆရာယဲ့ပါ"
ယဲ့ပုဖန်လည်း ထိုသူနှစ်ဦးကို လှည့်ကြည့်လိုက်ပြီးနောက် စိတ်ထဲမှ ရယ်မိသွားသည်။ ကမ္ဘာကြီးက တကယ့်ကို ကျဉ်းမြောင်းလှသည်။
ရန်သူတို့သည်ကား ထပ်မံ ဆုံတွေ့ရချေပြီ။
***