ရှီးမန်ယွီကျောက်သည် မေးခွန်းထုတ်သလို ပြောပြီးနောက် ယဲ့ပုဖန်ကို ကြည့်ကာ နှာခေါင်း ရှုံ့လိုက်သည်။ "သခင်မလေးဆူး... ကျွန်မ မပြောချင်ပေမဲ့ တစ်ခုတော့ ပြောရမယ်။ သခင်မလေးဆူးက မြို့တော်မှာ ပြီးပြည့်စုံတဲ့ အမျိုးသမီးလို့ နာမည်ကြီးတာလေ။ ဘာပဲလုပ်လုပ် ထိပ်ဆုံးက ဖြစ်ရမယ်။ မိတ်ဆွေထားတာလည်း အတူတူပဲပေါ့။ ဒီလို အဆင့်အတန်းမရှိတဲ့ လူမျိုးတွေနဲ့တော့ မိတ်ဆွေ မလုပ်သင့်ဘူး မဟုတ်လား"
သူမ၏ စကားကို ကြားလျှင် ဆူးရုယွဲက မျက်မှောင်ကြုတ်သွားကာ "သခင်မလေးရှီးမန်... ကျွန်မရဲ့ မိတ်ဆွေကို လေးစားပေးဖို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။
ရှီးမန်ယွီလျန်ကြောင့် သူမသည် ရှီးမန်ယွီကျောက်ကိုလည်း မနှစ်မြို့ပေ။ သို့သော် သူမသည် ကောင်းမွန်သော အဆုံးအမများကို ခံယူထားသူ ဖြစ်သောကြောင့် စိတ်ကို ကောင်းစွာ ထိန်းချုပ်ထားနိုင်လေသည်။
"သခင်မလေးဆူးက ကျွန်မ ဆိုလိုတာကို နားမလည်သေးဘူးပဲ။ ကျွန်မ ပြောပြီးပြီလေ... ဘာပဲလုပ်လုပ် ထိပ်ဆုံးက ဖြစ်ရမယ်။ ပထမ ရတာကမှ အဓိပ္ပာယ်ရှိတာ။ မိတ်ဆွေကောင်း ထားရမယ်လို့ ပြောချင်တာပါ”
ထို့နောက် ရှီးမန်ယွီကျောက်က ယဲ့ပုဖန်ကို တစ်ချက် စွေကြည့်ကာ "အဆင့်အတန်းရှိတဲ့ မိတ်ဆွေကမှ မျက်နှာပွင့်စေတာလေ။ ဒီလို ဘာမဟုတ်တဲ့ လူတွေနဲ့ ပေါင်းနေတာက သခင်မလေးဆူးရဲ့ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေတယ်"
ဆူးရုယွဲ၏ မျက်နှာ အမူအရာ ပျက်ယွင်းလာသည်ကို မြင်သောအခါ ကျင်ကျောက်က ကြားဝင်၍ "သခင်မလေးဆူး... ယွီကျောက်က စေတနာနဲ့ ပြောတာပါ။ လူတွေရဲ့ လေးစားမှုကို ခံရဖို့ဆိုတာ ဘာပဲလုပ်လုပ် ထိပ်ဆုံးမှာ ရှိနေမှ ဖြစ်တာလေ။ ဥပမာတစ်ခု ပေးရရင်... ကမ္ဘာ့အမြင့်ဆုံးတောင်က ဘာလဲဆိုတာ သခင်မလေးဆူး သိလား"
ဆူးရုယွဲက အေးစက်စက်ဖြင့် "သိတာပေါ့... ဧဝရက်တောင်လေ"
ကျင်ကျောက်က ရယ်မောလျက် "တွေ့လား... ပထမဆုံး တစ်ခုကိုတော့ အားလုံး သိကြတယ်။ ဒါဆို ဒုတိယ အမြင့်ဆုံးတောင်က ဘာလဲဆိုတာရော သိလား"
ရှီးမန်ယွီကျောက်က အောင်နိုင်သူ အမူအရာဖြင့် ပြုံးလိုက်ကာ "သခင်မလေးဆူးလည်း သိမှာ မဟုတ်ပါဘူး... အဲဒါကို ပြောတာ..."
"ဒုတိယ အမြင့်ဆုံးတောင်က K2 လေ။ ဒါကို ကျွန်တော် မူလတန်းကတည်းက သိတာ"
ယဲ့ပုဖန်က မဆီမဆိုင် ကြားဖြတ် ပြောလိုက်သည်။ ရှီးမန်ယွီကျောက်၏ အမူအရာမှာ ခဲသွားတော့သည်။ သူမက ဇွဲမလျှော့ဘဲ "ဒါဆို အဆင့် (၁၀) တောင်ကကော"
"အန်နာပူရန"
ယဲ့ပုဖန်က ထိုင်ခုံမှ ထလိုက်ကာ ထိုသူနှစ်ဦးကို လှောင်ပြောင်သော မျက်ဝန်းတို့ဖြင့် ကြည့်လိုက်သည်။ "ခင်ဗျားတို့ ပြောတာလည်း အဓိပ္ပာယ် ရှိပါတယ်။ ဒီလောက် ရိုးရှင်းတဲ့ မေးခွန်းလေးတောင် မသိကြတဲ့ ခင်ဗျားတို့ရဲ့ IQ ကတော့ ဂေါက်သီးရိုက်ဖို့ သိပ်ပြီး မသင့်တော်ဘူး ထင်တယ်"
"နင်..."
ရှီးမန်ယွီကျောက်မှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းသွားရသည်။ သူမက တစ်ဖက်လူကို အရှက်ခွဲရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် သူမကိုယ်တိုင်သာ အရှက်ကွဲသွားရသည်။
ကျင်ကျောက်သည် သူ၏ အစွမ်းပြရန် အခွင့်အရေး ရပြီဟု ယူဆကာ ရှေ့သို့ တက်လာသည်။ "မင်း... ယဲ့မျိုးရိုးကောင်… ပါးစပ်နဲ့ ပြောနေရုံနဲ့ ဘာထူးမှာလဲ။ မင်း ကျုပ်နဲ့ တစ်ပွဲလောက် ဆော့ရဲလား"
ယဲ့ပုဖန် စကားမပြောရသေးမီ ဆူးရုယွဲက "ကျင်သခင်လေး... ရှင့်ရဲ့ တောင်းဆိုချက်က နည်းနည်းတော့ လွန်မလာဘူးလား။ ဆရာယဲ့က ဒီကို ပထမဆုံး ရောက်တာ။ ဂေါက်သီးလည်း တစ်ခါမှ မရိုက်ဖူးဘူး။ သူက ရှင့်ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ရှီးမန်ယွီကျောက်သည် အခွင့်အရေး ရသွားသဖြင့် နှာခေါင်းရှုံ့ကာ "တောသားကတော့ တောသားပါပဲ။ ဂေါက်သီးတောင် မရိုက်တတ်ဘဲနဲ့ ဒီမှာ ဘာလာလုပ်တာလဲ။ ငါသာ နင့်နေရာမှာဆိုရင် အခုချက်ချင်း ဒီကနေ ထွက်သွားလိုက်ပြီ"
ကျင်ကျောက်ကလည်း "ဂေါက်သီးတောင် မရိုက်တတ်တဲ့သူက သခင်မလေးဆူးရဲ့ မိတ်ဆွေ ဖြစ်ဖို့ မပြောနဲ့။ ဒီလို အဆင့်မြင့်တဲ့ နေရာကို လာဖို့တောင် အရည်အချင်း မရှိပါဘူး။ အဆိုးဆုံးကတော့ ယောက်ျားတစ်ယောက် ဖြစ်ပြီး စိန်ခေါ်မှုကိုတောင် မရင်ဆိုင်ရဲတာပဲ။ ဒါမျိုးက သခင်မလေးဆူးရဲ့ မိတ်ဆွေ ဖြစ်ဖို့ ထိုက်တန်ပါ့မလား"
ရှီးမန်ယွီကျောက်နှင့် ကျင်ကျောက်တို့မှာ တစ်ယောက်တစ်လှည့်ဖြင့် အားရပါးရ ပြောဆိုနေကြသည်။
"ယှဉ်ပြိုင်ချင်တယ်ဆိုလည်း ယှဉ်တာပေါ့။ ဘောလုံးရိုက်တာလေး တစ်ခုကို ဘာတွေ အဲဒီလောက် အော်ကြီးဟစ်ကျယ် လုပ်နေတာလဲ"
ယဲ့ပုဖန်၏ မျက်နှာပေါ်တွင် အေးဆေးသော အပြုံးတစ်ခု ရှိနေဆဲပင်။ သူတို့၏ လှောင်ပြောင်မှုများကို သူက စိတ်ထဲပင် မထားပေ။
ဆူးရုယွဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ယဲ့ပုဖန်သည် သူမက သူ့ဘက်ကနေ ကာကွယ်ပေးနေသည်ကို မသိလေသလား။ ဘောလုံးကိုတောင် ထိအောင် မရိုက်တတ်ဘဲနှင့် သူများကို သွားပြိုင်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေခြင်းသာ ဖြစ်သည်။
"ယဲ့ပုဖန်... ဒါ မင်းပြောတာနော်"
ကျင်ကျောက်၏ စိတ်ထဲ၌ ဝမ်းသာအားရ ဖြစ်သွားသည်။ ယဲ့ပုဖန်က ဆွပေးရုံဖြင့် ကျော့ကွင်းထဲသို့ သက်ဆင်းလာလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ယဲ့ပုဖန်၏ အဆင့်ကို သူ စောစောက ကောင်းကောင်း မြင်ထားပြီးပြီ ဖြစ်သည်။ သူက လက်တစ်ဖက်ဖြင့် ကစားလျှင်ပင် အကြိမ်တစ်ရာမက အနိုင်ရနိုင်ပေသည်။
"ဟုတ်တယ်... ကျုပ် ပြောတာ။ သခင်မလေးရှီးမန်း ပြောသလိုပဲလေ... ယောက်ျားတစ်ယောက် ဖြစ်ပြီး စိန်ခေါ်မှုကို လက်ခံရဲတဲ့ သတ္တိ ရှိရမှာပေါ့။ မဟုတ်ရင် သခင်မလေးဆူးရဲ့ မိတ်ဆွေ ဖြစ်ဖို့ ဘယ်ထိုက်တန်ပါ့မလဲ"
"ဂေါက်သီးရိုက်ရုံသက်သက်ဆိုရင်တော့ သိပ်ပြီး စိတ်ဝင်စားဖို့ မကောင်းဘူး။ အလောင်းအစားလေး ဘာလေး ထည့်ရရင် မကောင်းဘူးလား"
ရှီးမန်ယွီကျောက်က ယဲ့ပုဖန်ကို မကောင်းသော အကြံဖြင့် ကြည့်လိုက်သည်။ ဤသည်မှာ သူမ၏ တကယ့် ရည်ရွယ်ချက်ပင်။ ကျင်ကျောက်ကဲ့သို့ပင် သူမသည်လည်း သူတို့ဘက်က အပြတ်အသတ် နိုင်မည်ဟု ယုံကြည်နေသည်။
"ယွီကျောက် ပြောတာ မှန်တယ်။ ပြိုင်ပွဲဆိုတာ ဆုလာဘ် ရှိမှပေါ့၊ မဟုတ်ရင် ဘာအဓိပ္ပာယ် ရှိမှာလဲ"
ကျင်ကျောက်က ယဲ့ပုဖန်ကို စိုက်ကြည့်ကာ "မင်း ကျုပ်နဲ့ အလောင်းအစား လုပ်ရဲလား"
ယဲ့ပုဖန်က ခပ်ဖွဖွ ပြုံးလိုက်ကာ "ပြောလေ... ဘာလောင်းချင်တာလဲ။ ကျင်သခင်လေး လောင်းရဲသရွေ့ ကျုပ်ကတော့ အဆင်သင့်ပါပဲ"
"ကောင်းပြီ... မင်း ရှုံးရင် ကျုပ်ရဲ့ ဖိနပ်ကို ပြောင်နေအောင် လျက်ပေးရမယ်"
ကျင်ကျောက်က သူ၏ ဖိနပ်ကို လက်ညှိုးထိုးပြလိုက်သည်။ ဆူးရုယွဲ မျက်နှာ ပျက်သွားရသည်။ ဤလူနှစ်ဦးမှာ ယဲ့ပုဖန်ကို ပစ်မှတ်ထားနေကြပြီ ဖြစ်ကြောင်း သူမ သိလိုက်ပြီ။
"ကျင်သခင်လေး... ဒါက နည်းနည်းတော့ လွန်လွန်းမနေဘူးလား"
ကျင်ကျောက်က အားရပါးရ ရယ်မောလိုက်ကာ "ဒါက ကျွန်တော်တို့ ယောက်ျားချင်း ကိစ္စပါ။ သခင်မလေးဆူး ဝင်မပါပါနဲ့"
သူက ယဲ့ပုဖန်ကို ပြန်ကြည့်ကာ "ဘယ်လိုလဲ... လောင်းရဲလား"
"ခင်ဗျား ရှုံးရင်ရော"
"ကျုပ်က ရှုံးမယ် ဟုတ်လား"
ကျင်ကျောက်က အထင်သေးစွာဖြင့် ခေါင်းခါလိုက်သည်။ သူက အနှီ တောသားကို ရှုံးစရာ အကြောင်း လုံးဝ မရှိပေ။
"အလောင်းအစားဆိုတာ နှစ်ဖက် သဘောတူမှ ဖြစ်မှာလေ။ ကျုပ် ရှုံးရင် မင်း ကြိုက်တာ တောင်းဆိုနိုင်တယ်"
ယဲ့ပုဖန်က သူ၏ လက်ယာဘက် လက်ဝါးကို ဖြန့်ကြည့်လိုက်ကာ "လူကို မရိုက်ရတာ ကြာလို့ လက်တွေက နည်းနည်း ယားနေတာနဲ့ အတော်ပဲ။ တကယ်လို့ ကျင်သခင်လေး ရှုံးရင် ကျွန်တော့်ကို ပါး အချက် ၅၀ ရိုက်ခွင့် ပေးမလား... ဘယ်လိုလဲ"
"ပြဿနာ မရှိဘူး"
ကျင်ကျောက်သည် တစ်ဖက်လူ၏ တောင်းဆိုချက်က လွန်သည်ဟု ထင်သော်လည်း သူ ရှုံးလိမ့်မည်ဟု လုံးဝ မယုံကြည်ပေ။ ဂေါက်သီးရိုက်ရာတွင် ဤအသိုင်းအဝိုင်းအတွင်း သူ့ကို ယှဉ်နိုင်သူ အနည်းငယ်သာ ရှိသည်။ ဆူးရုယွဲပင် သူ့ကို မယှဉ်နိုင်ပါက ဂေါက်တံတောင် မကိုင်တတ်သော တောသားတစ်ယောက်က သူ့ကို မည်သို့ နိုင်ပါမည်နည်း။
ဆူးရုယွဲက "ဆရာယဲ့... ပြန်ပြီး စဉ်းစားပါဦး" ဟု အကြံပေးသည်။
ယဲ့ပုဖန်မှာ သူမ၏ ကျေးဇူးရှင် ဖြစ်သဖြင့် သူက ကျင်ကျောက်၏ ဖိနပ်ကို လျက်ပေးရမည့် မြင်ကွင်းကို သူမ မကြည့်ရက်နိုင်ပေ။ ထိုသို့ ဖြစ်သွားပါက အလွန်ပင် အရှက်ရစရာ ကောင်းလှပေလိမ့်မည်။
ယဲ့ပုဖန်က စဉ်းစားဟန်ဖြင့် "သခင်မလေးဆူး ပြောတာ မှန်တယ်... ကျုပ် ပြန်စဉ်းစားရမယ်"
ကျင်ကျောက် မျက်နှာ ပျက်သွားကာ "ယဲ့ပုဖန်... မင်း ခုနကပဲ သဘောတူပြီးပြီလေ။ အခုမှ နောက်ဆုတ်လို့ မရဘူးနော်"
"နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်ကို (၁၀) မိနစ်လောက် အချိန်ပေးပါ။ အဲဒီ သင်ကြားရေး ဗီဒီယိုကို လေ့လာချင်လို့ပါ"
"ကောင်းပြီ... (၂၀) မိနစ်တောင် ပေးလိုက်မယ်"
ကျင်ကျောက်က ချက်ချင်း သဘောတူလိုက်ကာ စိတ်ထဲမှ ယဲ့ပုဖန်ကို အရူးတစ်ယောက်ဟု ဆဲရေးနေမိသည်။ ဂေါက်သီးရိုက်ခြင်းမှာ နှစ်ပေါင်းများစွာ လေ့ကျင့်မှ ရနိုင်သည့် အတတ်ပညာ ဖြစ်သည်။
သူကိုယ်တိုင်ပင် ငယ်စဉ်ကတည်းက ကြိုးစားခဲ့ရခြင်း ဖြစ်သည်။ ယခု ဤလူက ဗီဒီယို ကြည့်ရုံဖြင့် သူ့ကို ယှဉ်မည်ဟု ဆိုနေခြင်းမှာ စိတ်ကူးယဉ်အိပ်မက် မက်နေခြင်းသာ ဖြစ်တော့သည်။
ဆူးရုယွဲလည်း စိတ်ထဲမှ တိတ်တဆိတ် ခေါင်းခါလိုက်မိသည်။ ဤမျှ ထူးချွန်သော ဆေးပညာရှင် တစ်ဦးက အဘယ်ကြောင့် ဤမျှ မိုက်မဲသော လုပ်ရပ်ကို လုပ်ရသနည်း။ ဂေါက်သီးရိုက်ခြင်းကို ချက်ချင်း လေ့လာပြီး ချက်ချင်း ပြိုင်ခြင်းမှာ မည်သို့မျှ အလုပ်မဖြစ်နိုင်ပေ။
"ဒါဆိုရင် အတည်ပဲနော်။ သခင်မလေးဆူး... ကျွန်တော်တို့အတွက် သက်သေအဖြစ် ဆောင်ရွက်ပေးပါ။ (၁၀) မိနစ်နေရင် ပြိုင်ပွဲ စကြတာပေါ့"
သူက ဝန်ထမ်းဘက်သို့ လှည့်ကာ "ဒီဗီဒီယိုကို အမြန်ဆုံးနှုန်းနဲ့ ဖွင့်ပေးပါ" ဟု ဆိုလိုက်သည်။
ဝန်ထမ်းကလည်း ယဲ့ပုဖန်မှာ အရူးတစ်ယောက် ဖြစ်သည်ဟု သတ်မှတ်လိုက်ပြီ ဖြစ်သော်လည်း သူက သခင်မလေး၏ ဧည့်သည်ဖြစ်သဖြင့် မငြင်းရဲပေ။ သူသည် ရီမုဒ်ကို ယူကာ ဗီဒီယိုကို အမြန်ဆုံးနှုန်းဖြစ်သော ၃၂ ဆဖြင့် ဖွင့်ပေးလိုက်သည်။
တီဗွီဖန်သားပြင်ပေါ်ရှိ ပုံရိပ်များမှာ အလွန် လျင်မြန်စွာ ဖျတ်ခနဲ ဖျတ်ခနဲ ဖြတ်သန်းသွားကာ သာမန်လူ မခွဲခြားနိုင်လောက်အောင်ပင် မြန်ဆန်လှသည်။ ရှီးမန်ယွီကျောက်နှင့် အခြားသူများကမူ လှောင်ပြုံး ပြုံးနေကြသည်။
ဤမျှ မြန်သောနှုန်းဖြင့် သူ ဘာကို မြင်နိုင်မည်နည်း။ သူကိုယ်သူ စူပါမင်းဟု ထင်နေပုံ ရသည်။
ယဲ့ပုဖန်ကမူ ဘယ်သူ့ကိုမှ ဂရုမစိုက်ပေ။ သူ့တွင် စိတ်ဝိညာဉ်အာရုံ ရှိသဖြင့် ၃၂ ဆ နှုန်းမှာပင် နှေးနေသည် ဟုပင် ခံစားရသည်။ (၁၀) မိနစ် မပြည့်မီမှာပင် ဗီဒီယိုကို ကြည့်ရှုပြီးသွားကာ ဂေါက်သီးရိုက်ခြင်း၏ စည်းမျဉ်းများ၊ နည်းစနစ်များနှင့် လှုပ်ရှားမှုများကို သူ အလွတ်မှတ်မိသွားပြီ ဖြစ်သည်။
ထို့နောက် သူသည် မတ်တပ်ရပ်လိုက်ကာ ကျင်ကျောက်ကို ကြည့်၍ ပြောလိုက်သည်။ "ကဲ... အခု ပြိုင်ပွဲ စလို့ ရပြီ"
***