"ဆရာယဲ့... တကယ်ပဲ ပြိုင်မှာလားဟင်" ဆူးရုယွဲ၏ လေသံတွင် စိုးရိမ်ပူပန်မှုများ အရိပ်အယောင် ထင်ဟပ်နေသည်။
ဤလောကထဲတွင် ကျင်လည်နေသူ တစ်ဦးအနေဖြင့် ကျင်ကျောက်၏ ဂေါက်သီးရိုက်နိုင်စွမ်းကို သူမ ကောင်းကောင်း သိထားသည်။ သူသည် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးနှင့် မခြားနားလှပေ။ သူမကိုယ်တိုင်ပင် ကျင်ကျောက်ကို အနိုင်ရရန် မျှော်လင့်ချက် မရှိပါက ဂေါက်သီး တစ်ခါမှ မရိုက်ဖူးသည့် ယဲ့ပုဖန်အတွက်မူ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ပေ။
"ရပါတယ်... စိတ်မပူပါနဲ့။ ကျွန်တော့်ရဲ့ သင်ယူနိုင်စွမ်းက တော်တော်လေး မြင့်မားတယ်ဆိုတာ မကြာခင် သိရမှာပါ"
ယဲ့ပုဖန်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေဆဲပင်။ ဤနေရာ၌ မိမိကိုယ်မိမိ အပြည့်အဝ ယုံကြည်မှု ရှိနေသူမှာ သူတစ်ဦးတည်းသာ ရှိတော့သည်။
ရှီးမန်ယွီကျောက်က နှာခေါင်းရှုံ့လိုက်ကာ "ဟုတ်လို့လား..."
"နင့်ကိုယ်နင် ဒီလောက်တောင် ယုံကြည်မှု ရှိနေရင် ငါ့ကိုပါ အလောင်းအစားထဲ ထည့်လိုက်လေ"
သူမ၏ အမြင်၌ အနှီ တောသားမှာ ဂေါက်သီး မရိုက်တတ်ဘဲနှင့် ဟန်ကိုယ်ဖို့ လျှောက်ပြောနေခြင်းသာ ဖြစ်သည်ဟု ယူဆထားသည်။
"ရတာပေါ့... သခင်မလေးရှီးမန်းက ကစားချင်တယ်ဆိုမှတော့ ခင်ဗျားကိုပါ ထည့်ပေးရမှာပေါ့"
ယဲ့ပုဖန်က ပြန်မေးလိုက်သည်။
"ဘာလောင်းချင်လဲ"
"နင် ရှုံးရင် တစ်ရက်တိတိ ငါ့ရဲ့ ခွေးအဖြစ် နေပေးရမယ်။ လည်ပတ်ကြိုး အစွပ်ခံပြီး ခွေးစာ စားရမယ့် ခွေးမျိုးပေါ့"
သူမ ပြောလိုက်စဉ် ရှီးမန်ယွီကျောက်၏ မျက်နှာပေါ်၌ ရက်စက်မှုနှင့် စိတ်လှုပ်ရှားမှုတို့ ယှက်သန်းသွားသည်။ ဤအခိုက်အတန့်တွင် သူမ၏ ခြေရင်း၌ ယဲ့ပုဖန်က ခွေးတစ်ကောင်လို ဝပ်စင်းနေမည့် မြင်ကွင်းကို သူမ စိတ်ကူးယဉ်နေမိသည်။
"ပြဿနာ မရှိဘူး... ဒါပေမဲ့ ကျုပ်ဘက်ကလည်း အလောင်းအစားကို ထပ်တိုးချင်တယ်။ တကယ်လို့ ကျုပ် နိုင်ရင် ခင်ဗျားကို ပါးရိုက်ချက် (၁၀၀) ပေးရမယ်"
ရှီးမန်ယွီကျောက်က ဝန်မလေးဘဲ ချက်ချင်း သဘောတူလိုက်သည်။ "ကောင်းပြီ... ဒါဆိုရင် အတည်ပဲ။ သခင်မလေးဆူး… ကျွန်မတို့အတွက် သက်သေအဖြစ် ဆောင်ရွက်ပေးပါဦး"
ဆူးရုယွဲ သက်ပြင်းချလိုက်မိသည်။ ယခုအချိန်တွင် သူမအနေဖြင့် တားဆီး၍ မရတော့ဘဲ ဘေးမှသာ စောင့်ကြည့်ရန် ရှိတော့သည်။
ယဲ့ပုဖန်က "အလောင်းအစား အတည်ဖြစ်ပြီဆိုတော့ ဘယ်လိုကစားကြမလဲ" ဟု မေးလိုက်သည်။
"ရိုးရိုးလေးပဲ... ဘောလုံးရိုက်ချက် အရေအတွက်ပေါ် မူတည်ပြီး တစ်နာရီအတွင်း ဘယ်သူက ကျင်းထဲကို အနည်းဆုံး အချက်နဲ့ ထည့်နိုင်မလဲ ဆိုတာပဲ"
"ကောင်းပြီလေ" ယဲ့ပုဖန် သဘောတူလိုက်သည်။
"ငါ အရင်စမယ်"
ရှီးမန်ယွီကျောက်မှာ အလွန် စိတ်လှုပ်ရှားနေသည်။ ထိုလူကို အရှက်ခွဲရမည့် အချိန် ရောက်ရှိလာချေပြီ။ သူမက ဂေါက်တံကို ကောက်ယူလိုက်ပုံမှာ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။ သူမ၏ လက်ရည်မှာ ကျင်ကျောက်ကို မမီသော်လည်း အတော်အသင့်တော့ ရှိလှပေသည်။
ယဲ့ပုဖန်က အေးဆေးစွာ ပြုံးလျက် "ခင်ဗျားတို့နှစ်ယောက် အရင်ရိုက်ကြလေ... ကျွန်တော်က နောက်ဆုံးမှပဲ ရိုက်တော့မယ်"
ရှီးမန်ယွီကျောက်သည် အခွင့်အရေးကို အမိအရယူကာ ဘောလုံးတင်သည့် နေရာသို့ လျှောက်သွားလိုက်သည်။ သူမသည် ခြေဟန်လက်ဟန်ကို ချိန်ညှိကာ အဝေးရှိ ကျင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် ဂေါက်တံကို ဝှေ့ယမ်းလိုက်တော့သည်။
'ဖြောင်း' ဟူသော အသံနှင့်အတူ ဂေါက်တံသည် ဖြူလွလွ ဘောလုံးကို တိတိကျကျ ထိမှန်သွားကာ လေထဲ၌ လှပသော စက်ဝိုင်းခြမ်းပုံစံ ရေးဆွဲ၍ ကျင်းနှင့် မနီးမဝေးတွင် ကျဆင်းသွားသည်။
"ကောင်းလိုက်တဲ့ ရိုက်ချက်ပဲ"
သူမ၏ ကိုယ်ရံတော်များက တစ်ပြိုင်နက် လက်ခုပ်တီးကာ အားပေးကြသည်။ ဆူးရုယွဲမှာမူ မျက်မှောင်ကြုတ်နေမိသည်။ ဤအခြေအနေအရ ယဲ့ပုဖန် နိုင်ရန်မှာ မျှော်လင့်ချက် မရှိသလောက်ပင်။
ကျင်ကျောက်ကလည်း ယုံကြည်မှု အပြည့်ဖြင့် သူ၏ ဂေါက်တံကို ကောက်ယူလိုက်သည်။ "ဒုတိယ အချက်ကိုတော့ ငါပဲ ရိုက်ပြမယ်"
သူသည်လည်း ဘောလုံးတင်သည့် နေရာသို့ သွားကာ အာရုံကို စုစည်းလိုက်သည်။ သူ၏ ရပ်နေပုံနှင့် ဂေါက်တံကို ကိုင်ထားပုံမှာ အလွန်ပင် တင့်တယ် လှပလှပြီး ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးနှင့် တစ်ပုံစံတည်းပင်။ ထို့နောက် သူက ဂေါက်တံကို ကျော့ရှင်းစွာ ဝှေ့ယမ်းလိုက်သည်။
'ဘန်း...'
ကျယ်လောင်ပြတ်သားသော အသံနှင့်အတူ ဘောလုံးမှာ လွင့်ထွက်သွားကာ ကျင်းနှင့် နှစ်စင်တီမီတာပင် မဝေးသော နေရာသို့ ကျဆင်းသွားသည်။ ဤအဆင့်မှာ တကယ့်ကို အံ့မခန်းလှပေသည်။
"အားနာပါတယ်... ကျုပ်ကတော့ အစွမ်းပြသလို ဖြစ်သွားပြီ"
ကျင်ကျောက်၏ မျက်နှာတွင် မောက်မာသော အမူအရာ တစ်ခု ရှိနေသည်။ သူ၏ ဘဝတွင် ဂုဏ်ယူ ဝံ့ကြွားနိုင်သည့် တစ်ခုတည်းသော အရာမှာ ဤဂေါက်သီးရိုက်ခြင်းပင်။
ထို့နောက် သူက နှမြောတသဟန်ဖြင့် ခေါင်းခါကာ "ဒီဂေါက်တံက လက်ထဲမှာ တစ်မျိုးကြီးပဲ... မဟုတ်ရင် ဘောလုံးက ဒီထက်တောင် ပိုဝေးသွားနိုင်သေးတယ်"
"ဒါတောင် တော်တော်လေး ကောင်းနေပါပြီ... ပရော်ဖက်ရှင်နယ် အဆင့်အတန်းနီးပါး ရှိတယ်" ဟု ရှီးမန်ယွီကျောက်က ချီးကျူးလိုက်သည်။
"ပျော်ရုံသက်သက် ကစားတာပါ... ဘာမှ မဟုတ်ပါဘူး။ ဒါနဲ့... မစ္စတာယဲ့ကတော့ မရိုက်ရသေးဘူးနော်။ သူက ကျွန်တော့်ကိုတောင် ကျော်တက်သွားဦးမလား မသိဘူး"
ပြောပြီးနောက် သူက ယဲ့ပုဖန်ကို လှည့်ကြည့်လိုက်သည်။ "မစ္စတာယဲ့... ခင်ဗျား အလှည့်ရောက်ပြီနော်"
ဆူးရုယွဲက တားချင်သော်လည်း ယခုအခါ အလွန် နောက်ကျသွားပြီ ဖြစ်သဖြင့် ပြောမည့် စကားများကို ပြန်လည် မျိုသိပ်ထားလိုက်ရသည်။ ရှီးမန်ယွီကျောက်က လှောင်ပြောင်လျက် "ဟုတ်တယ်... မစ္စတာယဲ့ရဲ့ အစွမ်းကို ကျွန်မတို့ကို ပြပါဦး"
ယဲ့ပုဖန်က ခပ်ဖွဖွ ပြုံးလိုက်ကာ ဂေါက်တံကို ကောက်ယူလိုက်သော်လည်း သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် သာမန်ဆန်လွန်းလှပြီး ပစ္စည်းထမ်းလာသော အလုပ်သမား တစ်ယောက်၏ ပုံစံနှင့် ပို၍ တူနေသည်။ ရှီးမန်ယွီကျောက်နှင့် ကျင်ကျောက်တို့မှာ သူ အရှက်ကွဲမည့် မြင်ကွင်းကို စောင့်ကြည့်နေကြသည်။
သူတို့နောက်က လူအချို့ကလည်း တိုးတိုးတိတ်တိတ် ပြောဆိုနေကြသည်။ "ဘုရားရေ... ဒီတောသားက အခြေခံ အမူအရာတောင် မသိဘဲနဲ့ သခင်မလေးကို သွားပြီး စိန်ခေါ်ရဲတယ်ပေါ့။ ဒါက ကိုယ့်သေတွင်း ကိုယ် တူးနေတာပဲ မဟုတ်လား"
"ဒီလောက် မိုက်မဲတဲ့လူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ အခုမှ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲတယ်ဆိုတာ ဘာလဲဆိုတာ ငါ သိတော့တယ်။ သူ့ခေါင်းထဲမှာ ရေတွေပဲ ပြည့်နေတာ ဖြစ်ရမယ်"
"ငါ လောင်းရဲတယ်... သူ (၁၀) ချက်အတွင်း ကျင်းထဲဝင်အောင် မရိုက်နိုင်ဘူး။ တကယ်လို့ သူ (၁၀) ချက်အတွင်း သွင်းနိုင်ရင် ငါ အဲဒီဘောလုံးကို အစိမ်းလိုက် စားပြမယ်"
ယဲ့ပုဖန်က ဘေးလူများကို လုံးဝ ဂရုမစိုက်ဘဲ ဘောလုံးတင်သည့် နေရာသို့ သွားကာ ဂေါက်တံကို နှစ်ကြိမ်ခန့် ဝှေ့ယမ်းကြည့်သည်။ သူ၏ လှုပ်ရှားမှုများမှာ တောင့်တင်းနေဆဲပင်။
ကျင်ကျောက်က လှောင်ပြောင်လျက် "မစ္စတာယဲ့... စောစောက ဗီဒီယို ကြည့်တာ သိပ်ပြီး မထိရောက်ဘူး ထင်တယ်နော်။ ထပ်ပြီး လေ့လာဦးမလား"
"မလိုပါဘူး... ခင်ဗျားတို့ကို အနိုင်ယူဖို့ ဒီလောက်ဆို လုံလောက်ပါပြီ"
ပြောပြီးနောက် ယဲ့ပုဖန်က လှုပ်ရှားမှု အားလုံးကို ရပ်တန့်လိုက်သည်။ သူသည် မျက်လုံးများကို မှိတ်ကာ ခဏမျှ အာရုံခံလိုက်ပြီးနောက် ဂေါက်တံကို ဝှေ့ယမ်းလိုက်တော့သည်။
ဤအခိုက်အတန့်၌ သူ၏ တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ ပြောင်းလဲသွားကာ သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် တိကျပြတ်သားပြီး ကျော့ရှင်းလှပသွားရသည်။
'ဖြောင်း' ဟူသော အသံနှင့်အတူ ဂေါက်သီးလေးမှာ လေထဲသို့ ပျံတက်သွားကာ လှပသော စက်ဝိုင်းခြမ်းပုံစံ ရေးဆွဲပြီးနောက် ကျင်းအတွင်းသို့ တည့်တည့်မတ်မတ် ကျဆင်းသွားတော့သည်။
လှပ ကျော့ရှင်းသော အချက်ပင်။
ထိုအချိန်၌ ဂေါက်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားကာ လူတိုင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။ ကျင်ကျောက်နှင့် ရှီးမန်ယွီကျောက်တို့မှာ မျက်လုံးများ ပြူးထွက်မတတ် အံ့သြသွားကြရသည်။
အစက ဘာမှ မဟုတ်သလို နေခဲ့သော ဤလူက တစ်ချက်တည်းနှင့် ကျင်းစိမ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။
တစ်ချက်တည်းနှင့် ကျင်းစိမ်ခြင်း ဆိုသည်မှာ သူတို့အတွက် စိတ်ကူးတောင် မယဉ်နိုင်သော အရာပင်။ ပုံမှန်အားဖြင့် ကံကောင်းလွန်းမှသာ ကြုံတွေ့ရတတ်သည့် အခြေအနေ ဖြစ်သည်။ သို့သော် တောသားမှာ ဂေါက်သီး မရိုက်တတ်ဘဲနှင့် ဗီဒီယို ခဏလေး ကြည့်ရုံမျှဖြင့် မည်သို့ ဤမျှ တိကျနိုင်ပါမည်နည်း။
ဆူးရုယွဲသည် ယဲ့ပုဖန် အကြီးအကျယ် ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်ထားသော်လည်း ယခု ရလဒ်ကြောင့် အံ့အားသင့်နေမိသည်။ ယဲ့ပုဖန်က ဂေါက်တံကို ချလိုက်ကာ လက်ကောက်ဝတ်ကို လှည့်၍ ကျင်ကျောက်၏ လေသံကို အတုခိုးလျက် ပြောလိုက်သည်။
"အားနာပါတယ်... ကျုပ်လည်း သိပ်ပြီး မရိုက်တတ်လို့ပါ။ ဒီဂေါက်တံက လက်ထဲမှာ တစ်မျိုးကြီးပဲ... မဟုတ်ရင် ဒီထက်တောင် ပိုကောင်းတဲ့ ရလဒ် ထွက်လာနိုင်သေးတယ်"
ယင်းစကားကို ကြားလိုက်ရသဖြင့် ရှီးမန်ယွီကျောက်နှင့် အခြားသူများ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးသွားကြသည်။
"တောက်... တစ်ချက်တည်းနဲ့ ကျင်းထဲဝင်နေတာကို ဒီထက် ပိုကောင်းချင်သေးတယ် ဟုတ်လား။ ဒီထက် ပိုကောင်းအောင် ဘယ်လိုလုပ်မှာလဲ... အပိုတွေ ပြောလွန်းတာပဲ"
ရှီးမန်ယွီကျောက်၏ လက်အောက်ခံ တစ်ဦးက အော်ဟစ်လိုက်သည်။ "ဒါ ကံကောင်းတာပဲ ဖြစ်ရမယ်။ ဒီတောသားက ကံမကောင်းဘူးဆိုရင် ငါ အဲဒီဘောလုံးကို အစိမ်းလိုက် စားပြမယ်"
ယဲ့ပုဖန်က သူ့ကို လှည့်ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။ "စောစောက မင်းပဲ ပြောတာလေ... ငါ (၁၀) ချက် အတွင်း ကျင်းထဲသွင်းနိုင်ရင် ဘောလုံးကို စားမယ်ဆိုတာ။ အခု မင်းရဲ့ ကတိကို တည်ရမယ့် အချိန် ရောက်ပြီ မဟုတ်လား"
"ငါ..."
ထိုလူမှာ စကားပင် မထွက်နိုင်တော့ဘဲ မျက်နှာတစ်ခုလုံး ဝက်အသည်းရောင် သန်းသွားကာ ပါးစပ်ပိတ်သွားတော့သည်။
သို့သော် ဤစကားကြောင့် ကျင်ကျောက်လည်း သတိဝင်လာကာ ယဲ့ပုဖန်၏ အချက်မှာ ကံကောင်းမှုသက်သက်သာ ဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။
"မစ္စတာယဲ့... ခင်ဗျားရဲ့ ကံက တော်တော်လေး ကောင်းတာပဲ။ ဒီတစ်ပွဲတော့ ကျုပ်တို့ အရှုံးပေးလိုက်ပါမယ်။ နောက်တစ်ပွဲမှာလည်း ဒီလို ကံကောင်းပါစေဦးလို့ ဆုတောင်းပေးပါတယ်"
ယဲ့ပုဖန်က "ကံကောင်းတာ ဟုတ်လား... ဒါက ကျုပ်ရဲ့ အရည်အချင်းပဲ။ ကျုပ် ခုနက ပြောပြီးပြီလေ... ကျုပ်ရဲ့ သင်ယူနိုင်စွမ်းက တော်တော်လေး မြင့်မားတယ်လို့"
"ဒါဆိုရင် ဒုတိယပွဲ စကြတာပေါ့" ရှီးမန်ယွီကျောက်က မကျေမနပ်ဖြစ်ကာ ဂေါက်တံကို ဆွဲ၍ ဘောလုံးတင်သည့် နေရာသို့ လျှောက်သွားတော့သည်။
***