"ယွီကျောက်... စိတ်မလောနဲ့ဦး။ အဲဒီကောင်က ကံကောင်းလို့ ဝင်သွားတာပါ။ သူ့ရဲ့ အရည်အချင်းက ငါတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"
ကျင်ကျောက်က အလျင်အမြန်ပင် အားပေးစကား ဆိုလိုက်သည်။
"ငါ သိပါတယ်"
ရှီးမန်ယွီကျောက်သည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထားလိုက်သည်။ သူမ ဂေါက်တံကို ဝှေ့ယမ်းလိုက်ရာ ဘောလုံးလေးမှာ လေထဲ၌ ဝှစ်ခနဲ ပျံတက်သွားပြီး ကျင်းနားသို့ ကျရောက်သွားသည်။
"တစ်စင်တီမီတာပဲ ဝေးတော့တယ်"
"ယွီကျောက်... တော်လိုက်တာ"
ကံကောင်း၍လော သို့မဟုတ် ယဲ့ပုဖန်၏ ဖိအားကြောင့်လော မသိရသော်လည်း ရှီးမန်ယွီကျောက်သည် ဤတစ်ကြိမ်တွင် အလွန်ပင် လက်ရည်ပြောင်လှသည်။ ကျင်ကျောက်ကလည်း သူမအတွက် ဝမ်းသာအားရ လက်ခုပ်တီးပေးနေသည်။
"ဟွန်း... နင် တကယ် သတ္တိရှိရင် ငါ့ကို နောက်တစ်ခါ ထပ်နိုင်အောင် ကြိုးစားကြည့်စမ်းပါဦး"
ရှီးမန်ယွီကျောက်က နှာခေါင်းရှုံ့လျက် ယဲ့ပုဖန်ကို မောက်မာသော အကြည့်ဖြင့် ကြည့်လိုက်သည်။
နောက်တစ်လှည့်တွင် ကျင်ကျောက်က ဘောလုံးတင်သည့် နေရာသို့ လျှောက်သွားသည်။ လူတိုင်း၏ အားပေးသံများကြားတွင် သူသည် ယခင်က ယုံကြည်မှုများကို ပြန်လည် ရရှိလာပြီ ဖြစ်သည်။ သူက အသက်ကို ပြင်းပြင်းရှူကာ နဖူးပေါ်မှ ဆံပင်စလေးကို မှုတ်ထုတ်လိုက်ပြီးနောက် ဂေါက်တံကို ဝှေ့ယမ်းလိုက်တော့သည်။
'ဖြောင်း'
ကျယ်လောင်ပြတ်သားသော အသံနှင့်အတူ ဂေါက်သီးလေးမှာ လေထဲသို့ ပျံတက်သွားကာ ကျင်းအနားသို့ ကျဆင်းသွားသည်။ ဤတစ်ကြိမ်တွင် ကျင်းနှင့် သုည ဒသမ ငါး စင်တီမီတာသာ ဝေးတော့သည်။ တစ်ချက်တည်းဖြင့် ကျင်းစိမ်နိုင်ရန် လက်တစ်လုံးအလိုသာ လိုတော့သဖြင့် ရှီးမန်ယွီကျောက်၏ ရိုက်ချက်ထက်ပင် ပိုကောင်းလှပေသည်။
"ကျင်ကျောက်... အံ့မခန်းပဲ။ ဒီအချက်က ပရော်ဖက်ရှင်နယ် အဆင့်ကို ရောက်နေပြီ"
ရှီးမန်ယွီကျောက်က သူ့ကို လက်မထောင်ပြလိုက်သည်။ ထို့နောက် သူမက လှောင်ပြောင်သော လေသံဖြင့် "ဟေ့... တောသား… နင့်မှာ သတ္တိရှိရင် ငါ့ရှေ့မှာ နောက်ထပ်တစ်ခါ တစ်ချက်တည်းနဲ့ ကျင်းစိမ်နိုင်အောင် ထပ်ရိုက်ပြစမ်းပါဦး"
ယဲ့ပုဖန်က လျှောက်လာကာ အနားရှိ ဝန်ထမ်းကို စကားအနည်းငယ် ပြောလိုက်သည်။ ထိုဝန်ထမ်းမှာ တစ်ချက် မှင်တက်သွားသော်လည်း ယဲ့ပုဖန် ခိုင်းသည့်အတိုင်း ဂေါက်သီး (၂၀) ကို တစ်ပြိုင်နက် ယူလာကာ အနား၌ အဆင်သင့် ပြင်ပေးလိုက်သည်။
ယဲ့ပုဖန်က ဂေါက်တံကို ကိုင်ကာ အနေအထား ယူလိုက်သည်။ လူတိုင်း သတိမမူမိခင်မှာပင် သူသည် လက်ထဲမှ ဂေါက်တံကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်တော့သည်။
"ဟာ... သူ ဘာလို့ ဒီလောက် မြန်မြန် ရိုက်လိုက်တာလဲ။ ဒီအရှိန်နဲ့ဆိုတော့ တိကျမှာ မဟုတ်တော့ဘူး"
"သူ လက်လျှော့လိုက်ပြီ ထင်တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီးပဲဆိုတာ သူ သိသွားပြီလေ။ အရင်တစ်ခါက ကံကောင်းတာသက်သက်ပဲဥစ္စာ"
"ဒီတစ်ပွဲတော့ သူ ရှုံးမှာ သေချာတယ်..."
သူက ခြေဟန်လက်ဟန်ကိုပင် သေချာ မချိန်ဘဲ ရိုက်လိုက်သည်ကို မြင်သောအခါ လူတိုင်းက အထင်သေးစွာ ဝေဖန်နေကြသည်။ သို့သော် ထိုသူများ စကားပင် မဆုံးသေးမီမှာပင် ဂေါက်သီးလေးမှာ ကျင်းထဲသို့ ရွှစ်ခနဲ တည့်တည့်မတ်မတ် ဝင်သွားတော့သည်။
ဘတ်စကက်ဘော ကစားရာတွင် ဘောလုံးက ကွင်းကိုပင် မထိဘဲ ပိုက်အတွင်း တိုးဝင်သွားသကဲ့သို့ပင် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ကျင်းထဲသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
"အမ်..."
ထိုအခိုက်အတန့်၌ လူတိုင်းမှာ လည်ပင်းညှစ်ခံထားရသော ကြက်ဖများကဲ့သို့ အသံတိတ်သွားကြ၏။ စကားလုံးများထက် လက်တွေ့လုပ်ရပ်က ပို၍ ကျယ်လောင်လှပေသည်။
ဤအချက်မှာ နောက်ထပ် တစ်ချက်တည်းဖြင့် ကျင်းစိမ်ခြင်း တစ်ခု ဖြစ်ကာ စောစောက အထင်သေးခဲ့သူများ၏ ပါးကို လက်ဝါးဖြင့် ရိုက်လိုက်သကဲ့သို့ပင်။
ဆူးရုယွဲ၏ လှပသော မျက်ဝန်းအစုံမှာ ထူးခြားသော အရောင်အဝါများဖြင့် တောက်ပနေသည်။ သူမသည်လည်း ယခင်က ယဲ့ပုဖန်မှာ ကံကောင်း၍သာဟု ထင်ခဲ့သော်လည်း ယခု နောက်ထပ် တစ်ကြိမ် ထပ်မံ မြင်တွေ့ရသောအခါ ဤသည်မှာ ကံကောင်းမှုသက်သက် မဟုတ်တော့ကြောင်း သဘောပေါက်သွားသည်။
ရှီးမန်ယွီကျောက်နှင့် ကျင်ကျောက်တို့မှာမူ အရူးများကဲ့သို့ ရပ်နေမိကြပြီး အဝေးရှိ ကျင်းကို ငေးကြည့်နေမိကြသည်။ သူတို့၏ မျက်နှာပေါ်တွင် "မဖြစ်နိုင်ဘူး" ဟူသော စာလုံးများကို ရေးထွင်းထားသယောင် ရှိလှသည်။
သို့သော် သူတို့၏ အံ့အားသင့်မှုမှာ အစပြုရုံသာ ရှိသေးသည်။ ဤတစ်ကြိမ်တွင် ယဲ့ပုဖန်က ရပ်တန့်ရန် အစီအစဉ် မရှိဘဲ ဂေါက်တံကို တစ်ချက်ပြီး တစ်ချက် ဝှေ့ယမ်းနေတော့သည်။
တစ်ချက်... တစ်လုံး။ နောက်တစ်ချက်... နောက်တစ်လုံး
နောက်ထပ် တစ်ချက်တည်းဖြင့် ကျင်းစိမ်ခြင်း
လူတိုင်း၏ မယုံကြည်နိုင်သော မျက်ဝန်းများအောက်တွင် သူသည် ဂေါက်တံကို အရှိန်မပြတ် ဝှေ့ယမ်းနေသည် - တတိယမြောက်၊ စတုတ္ထမြောက်၊ ပဉ္စမမြောက်...
စက်မှ ချပေးလိုက်သော ဂေါက်သီးများမှာ နေရာတကျ ဖြစ်သည်နှင့် တစ်ပြိုင်နက် ယဲ့ပုဖန်၏ ရိုက်ချက်နှင့် ဆုံတွေ့သွားကြသည်။ ခဏအတွင်းမှာပင် ဖြူလွလွ ဘောလုံးလေးများသည် ဥက္ကာခဲများကဲ့သို့ ပျံထွက်သွားကာ ကောင်းကင်ယံ၌ လှပသော စက်ဝိုင်းခြမ်းပုံစံ ရေးဆွဲပြီး တစ်လုံးပြီး တစ်လုံး ကျင်းထဲသို့ စုပြုံဝင်သွားကြတော့သည်။
အနှီ မြင်ကွင်းမှာ မှော်အတတ်တစ်ခုနှင့်ပင် ဆင်တူလှသည်။ အစပိုင်း၌ ဘေးမှ ဝန်ထမ်းမှာ မှင်တက်နေသော်လည်း သတိဝင်လာသောအခါ ရင်ခုန်စိတ်လှုပ်ရှားစွာ အော်ဟစ် ရေတွက်လေတော့သည်။
"၁၂ လုံးမြောက်... ၁၆ လုံးမြောက်... ၁၈ လုံးမြောက်... တစ်ချက်ထဲနဲ့ ကျင်းစိမ်ခြင်း"
သူ စိတ်လှုပ်ရှားနေသည်မှာ မဆန်းပေ။ ဂေါက်ကွင်း၌ အလုပ်လုပ်လာသော နှစ်ပေါင်းများစွာအတွင်း ဤကဲ့သို့ ကစားနိုင်သူမျိုးကို တစ်ခါမျှ မတွေ့ဖူးပေ။ ဤသည်မှာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခု ဖြစ်ကာ ပရော်ဖက်ရှင်နယ် ကစားသမားများပင် ဤမျှ လှပအောင် မရိုက်နိုင်ကြပေ။
အချိန်ကြာလာသည်နှင့်အမျှ ကျင်ကျောက်နှင့် ရှီးမန်ယွီကျောက်တို့၏ ပါးစပ်များမှာ ဂေါက်သီးနှစ်လုံး ဝင်လောက်အောင် ဟောင်းလောင်းကြီး ပွင့်သွားကြရသည်။ ယဲ့ပုဖန်၏ ဂေါက်တံမှာမူ အရှိန်အဟုန်ဖြင့် လှုပ်ရှားနေဆဲပင်။
ဆူးရုယွဲသည် သူ့ကို စိုက်ကြည့်နေမိကာ ရင်ထဲ၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေရသည်။
"၁၈ လုံးမြောက်... ၁၉ လုံးမြောက်... ၂၀ လုံးမြောက်"
ယဲ့ပုဖန်က နောက်ဆုံးတစ်လုံးကို ရိုက်လိုက်ရာ ၎င်းမှာလည်း လှပစွာ ပျံတက်သွားပြီး ကျင်းထဲသို့ တိကျစွာ ကျဆင်းသွားတော့သည်။ နှစ်မိနစ်ပင် မပြည့်သော အချိန်အတွင်း အချက် (၂၀) စလုံးကို ပြုလုပ်ခဲ့ပြီး အားလုံးမှာ တစ်ချက်တည်းဖြင့် ကျင်းစိမ်ခြင်းများ ဖြစ်ကြသည်။
ပြိုင်ပွဲ၏ ရလဒ်မှာ ယခုပင် အဆုံးအဖြတ် ပေးပြီးသွားချေပြီ။
တစ်ကွင်းလုံး တိတ်ဆိတ်သွားကာ လူတိုင်းမှာ မိမိမျက်လုံးကိုယ်တိုင်ပင် မယုံနိုင်လောက်အောင် မှင်တက်နေကြရသည်။ ပထမတစ်လုံးတွင် အချို့လူများက ကံကောင်း၍ဟု သံသယဝင်ခဲ့သော်လည်း ယခုမူ အရည်အချင်းက အရာအားလုံးကို သက်သေပြလိုက်ပြီ ဖြစ်သည်။
သူသည် ကံကို အားကိုးနေခြင်း မဟုတ်ဘဲ အံ့မခန်းလှသော နည်းစနစ်ကို အသုံးချနေခြင်းပင်။
အချက် (၂၀) စလုံး တစ်ချက်တည်းဖြင့် ကျင်းစိမ်ခြင်း ရခြင်းဟူသော နတ်ဘုရားတစ်ပါးကဲ့သို့ အစွမ်းမျိုးက လူတိုင်းကို ပါးစပ်ပိတ်သွားစေခဲ့သည်။ ဤကဲ့သို့ ဂေါက်သီးရိုက်ရာ၌ မှော်ဆန်သော အဆင့်မျိုးကို ကျင်ကျောက်ကော ဆူးရုယွဲပါ တစ်ခါမျှ မတွေ့ဖူးခဲ့ကြပေ။
ရှီးမန်ယွီကျောက်သည် သူမ၏ မျက်လုံးများကို ပွတ်ကာ မယုံနိုင်စွာ ရေရွတ်လိုက်သည်။ "အလုံး (၂၀) စလုံး ဝင်သွားတာလား"
ကျင်ကျောက်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရသည်။ သူ၏ ပါးစပ်ထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်နေကာ "ဟုတ်တယ်... အကုန်ဝင်သွားတာ"
သူသည် ဤအရာအားလုံးကို အိပ်မက်ဟုသာ ထင်ချင်မိသော်လည်း ယဲ့ပုဖန် ရိုက်လိုက်သော ဘောလုံးများမှာ ကျင်းထဲ၌ ရှိနေကြပြီး သူတို့ ရိုက်ထားသော ဘောလုံးနှစ်လုံးသာ ကျင်းအပြင်ဘက်၌ ရှိနေကြသည်။
"ဆရာယဲ့... ဆရာ့ရဲ့ ဂေါက်သီးရိုက်နိုင်စွမ်းက တကယ့်ကို အံ့မခန်းပါပဲ။ နောင်ကျရင် ဆရာ့ဆီကနေ အများကြီး သင်ယူရပါဦးမယ်"
ဆူးရုယွဲသည် ယဲ့ပုဖန်၏ ရှေ့သို့ လျှောက်လာကာ ယဉ်ကျေးစွာ ချီးကျူးလိုက်သည်။
"ချီးကျူးတာ ကျေးဇူးတင်ပါတယ် သခင်မလေးဆူး"
ယဲ့ပုဖန်က ခပ်ရေးရေး ပြုံးလိုက်ကာ ရှီးမန်ယွီကျောက်နှင့် ကျင်ကျောက်ကို လှမ်းခေါ်လိုက်သည်။ "ခင်ဗျားတို့နှစ်ယောက်... ဆက်ပြီး ရိုက်ရမယ့် အလှည့်ရောက်ပြီနော်"
ဤစကားကြောင့် ထိုသူနှစ်ဦးမှာ ဤသည်မှာ ပြိုင်ပွဲတစ်ခုဖြစ်ကြောင်းနှင့် အလောင်းအစားများ လုပ်ထားကြောင်းကို သတိဝင်လာကာ ချက်ချင်းပင် ဆွံ့အသွားကြရသည်။ တစ်ဖက်လူက အချက် (၂၀) စလုံး တစ်ချက်တည်းဖြင့် ကျင်းစိမ်ခြင်း ရထားသည်ကို သူတို့ မည်သို့ ဆက်ပြိုင်နိုင်ပါမည်နည်း။
ဤမျှ ထူးချွန်သော ဆရာကြီး တစ်ဦး၏ ရှေ့တွင် သေအောင် ကစားလျှင်ပင် နိုင်ရန် မျှော်လင့်ချက် မရှိပေ။ ဆက်ပြိုင်နေမည်ဆိုပါက ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲနေခြင်းသာ ဖြစ်တော့မည်။
ကျင်ကျောက်၏ လက်ထဲမှ ဂေါက်တံမှာ မြေပြင်ပေါ်သို့ ဒုတ်ခနဲ ကျသွားကာ သူ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ သူသည် ဤအလောင်းအစားတွင် အကြီးအကျယ် ရှုံးနိမ့်သွားပြီ ဖြစ်ကြောင်း သိလိုက်ရပြီ။
အနှီ လူယုတ်မာသည် 'ဝက်ယောင်ဆောင်ပြီး ကျားကိုစားခြင်း' လုပ်နေခြင်းသာ ဖြစ်သည်။ ဂေါက်သီး မရိုက်တတ်ဘူး၊ ဘောလုံးကို မထိဘူး၊ ဂေါက်တံ လွင့်ထွက်သွားတယ် ဆိုတာတွေ အားလုံးက လိမ်ညာနေခြင်းသာ ဖြစ်ရမည်။
အကြောင်းရင်းက မည်သို့ပင် ရှိစေကာမူ သူတို့ ရှုံးသွားပြီ ဖြစ်သည်။ အပြတ်အသတ်ကို ရှုံးသွားခြင်းပင်။
ယဲ့ပုဖန်က ဂေါက်တံကို ကိုင်ကာ သူတို့အနားသို့ လျှောက်လာသည်။ "ခင်ဗျားတို့နှစ်ယောက်... ဆက်ကစားဦးမှာလား ဒါမှမဟုတ် ချက်ချင်း အရှုံးပေးမှာလား။ ကစားချင်ရင်လည်း မြန်မြန်လုပ်၊ အရှုံးပေးရင်လည်း အလောင်းအစားအတိုင်း ကတိတည်ကြပါ”
"ဒါက..."
ထိုသူနှစ်ဦးမှာ ခန္ဓာကိုယ်များ တောင့်တင်းသွားကြရသည်။ စောစောက သူတို့သည် ယဲ့ပုဖန်ကို အရှက်ခွဲရန် စိတ်အားထက်သန်စွာ ရောက်လာခဲ့ကြသော်လည်း ယခုကဲ့သို့ ရလဒ်ထွက်လာလိမ့်မည်ဟု ဘယ်သူမှ ထင်မထားခဲ့ပေ။ အလောင်းအစား လုပ်ထားသည်များကို ပြန်လည် တွေးမိသောအခါ သူတို့၏ ကျောပြင်များ စိမ့်တက်သွားရသည်။
တစ်ကွင်းလုံး တိတ်ဆိတ်နေကာ မည်သူမျှ စကားမပြောဝံ့ကြပေ။ ခဏအကြာတွင် ကျင်ကျောက်က အလွန်ခက်ခဲစွာ ပြောလိုက်သည်။ "ကျွန်တော်တို့ အရှုံးပေးပါတယ်။ ဒါပေမဲ့ အလောင်းအစားကို ညှိနှိုင်းလို့ ရမလား"
"ရတာပေါ့... ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေပဲဥစ္စာ။ ညှိနှိုင်းလို့ ရပါတယ်"
ယဲ့ပုဖန်က ပြုံးလိုက်သည်။ သူ၏ အမူအရာမှာ အလွန်ပင် ဖော်ရွေလှပေသည်။
***