ကျင်ကျောက်၏ ရင်ထဲ၌ ဝမ်းသာအားရ ဖြစ်သွားသည်။ တစ်ဖက်လူမှာ တောသားတစ်ဦးသာ ဖြစ်သဖြင့် ထိပ်သီးမိသားစုမှ သခင်လေးတစ်ဦးကို မဆော်ကားဝံ့ဘဲ နောက်ဆုတ်သွားပြီဟု သူ ယူဆလိုက်မိသည်။
သို့သော် ထိုစဉ်မှာပင် ယဲ့ပုဖန်က "မင်းကို ရွေးချယ်ခွင့် ပေးမယ်... ဘယ်ဘက်ပါးလား၊ ညာဘက်ပါးလား။ ဒါမှမဟုတ် အဝတ်အစားတွေ အကုန်ချွတ်ပြီး အရိုက်ခံမလား။ ဘယ်လိုပဲဖြစ်ဖြစ် အရေအတွက်ကတော့ ကတိအတိုင်းပဲ ဖြစ်ရမယ်နော်" ဟု ဆိုလိုက်သည်။
"အမ်..."
ဤစကားကြောင့် လူတိုင်း ဆွံ့အသွားကြရသည်။ ဤသည်မှာ ညှိနှိုင်းခြင်း မဟုတ်ဘဲ လုံးဝ အလျှော့အတင်း မရှိသော အမိန့်တစ်ခုပင်။
ကျင်ကျောက်၏ ဦးနှောက်မှာ အလျင်အမြန် အလုပ်လုပ်နေသည်။ ဘယ်ဘက်ပါးဖြစ်စေ၊ ညာဘက်ပါး ဖြစ်စေ အရိုက်ခံရမည်မှာ အတူတူပင်။ အဝတ်အစားချွတ်ပြီး အရိုက်ခံရမည်ဆိုပါက တင်ပါးကို အရိုက်ခံရသဖြင့် အနည်းငယ် သက်သာနိုင်သော်လည်း လူပုံအလယ်၌ အဝတ်ဗလာဖြင့် ရှိနေမည်ဆိုပါက သူကဲ့သို့ သခင်လေး တစ်ယောက်အနေဖြင့် မြို့တော်၌ မည်သို့ မျက်နှာပြရပါမည်နည်း။
ထိုသို့ တွေးမိသည်နှင့် သူသည် လှည့်၍ ထွက်ပြေးလေတော့သည်။ သူ၏ စိတ်ထဲ၌ ကတိမတည်သူဟု အပြောခံရခြင်းမှာ လူပုံအလယ်၌ ဝက်ခေါင်း ဖြစ်အောင် အရိုက်ခံရခြင်းထက် ပို၍ တော်လိမ့်မည်ဟု ယူဆထားသည်။
သို့သော် သူ မမျှော်လင့်ထားသည်မှာ ခြေလှမ်းအနည်းငယ် လှမ်းရုံရှိသေးသည့် 'ဖြောင်း' ဟူသော အသံနှင့်အတူ သူ၏ ခါးပတ်မှာ ပြတ်ထွက်သွားကာ ဘောင်းဘီမှာ ခြေကျင်းဝတ်အထိ လျောကျသွားတော့သည်။ သူ၏ ခြေထောက်နှစ်ဖက်မှာ ငြိသွားကာ 'ဒုတ်' ဟူသော အသံနှင့်အတူ မှောက်ခုံ လဲကျသွားလေတော့သည်။
"သခင်လေးကျင်... ဘယ်ကို ပြေးနေတာလဲ။ ခင်ဗျားက အကြွေးကို လိမ်ချင်နေတာတော့ မဟုတ်ဘူးမလား"
ယဲ့ပုဖန်သည် သနားစရာ ကောင်းလှသည်ဟူသော အမူအရာဖြင့် လျှောက်သွားကာ ကျင်ကျောက်ကို ဆွဲထူလိုက်ပြီးနောက် ပါးရိုက်သံများက 'ဖြောင်း... ဖြောင်း... ဖြောင်း' နှင့် တစ်ဆက်တည်း ပေါ်ထွက်လာတော့သည်။
သူ၏ ပါးရိုက်ချက်တိုင်းမှာ အားပါလှသဖြင့် ကျယ်လောင်ပြတ်သားသော အသံများမှာ ဂေါက်ကွင်း တစ်ခုလုံး၌ ပဲ့တင်ထပ်နေသည်။ ပါးကို အချက်အနည်းငယ် အရိုက်ခံရပြီးနောက် ကျင်ကျောက်မှာ အာရုံများ ဝေဝါးသွားကာ ပါးပြင်နှစ်ဖက်မှာလည်း မို့တက်လာတော့သည်။ သူသည် အကြိမ်အရေအတွက် ဘယ်လောက်ရှိပြီလဲ ဆိုသည်ကိုပင် မမှတ်မိတော့ပေ။
ယဲ့ပုဖန်က ဆူးရုယွဲကို လှည့်ကြည့်ကာ "သခင်မလေးဆူး... ခင်ဗျားလည်း အာသာပြေ ပါးရိုက်ကြည့်ချင်သေးလား။ ရိုက်လို့ တော်တော်ကောင်းတယ်နော်" ဟု မေးလိုက်သည်။
"ဒါကတော့..."
ဤကဲ့သို့သော ဖိတ်ခေါ်မှုအပေါ် ဆူးရုယွဲမှာ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။ သူမသည် နီမြန်းသော နှုတ်ခမ်းလေးကို ခပ်ဖွဖွ ကိုက်ကာ ခေါင်းခါပြလိုက်သည်။ သူမ၏ မျက်ဝန်းတို့မှာ ရှုပ်ထွေးသော ခံစားချက်တို့ဖြင့် ပြည့်နှက်နေသည်။
"မရိုက်ဘူးဆိုရင်တော့ နှမြောစရာပဲ။ ဒီလို အခွင့်အရေးက နောက်တစ်ခါ ရမှာ မဟုတ်ဘူး"
ယဲ့ပုဖန်က နှမြောတသဟန်ဖြင့် ပြောပြီးနောက် ပါးဆက်ရိုက်လေသည်။
"၄၈... ၄၉... ၅၀၊ ကဲ... ပြီးပြီ"
သူက လက်ကို လွှတ်လိုက်ရာ ဝက်ခေါင်းကဲ့သို့ ဖြစ်နေသော ကျင်ကျောက်မှာ ဒုတ်ခနဲ မြေပြင်ပေါ်သို့ ခွေကျသွားတော့သည်။ ယခုအခါ ကျင်ကျောက်၏ ဦးနှောက်မှာ ထုံထိုင်းနေကာ စဉ်းစားနိုင်စွမ်း လုံးဝ မရှိတော့ပေ။
မူလက ရှီးမန်ယွီကျောက်သည်လည်း ထွက်ပြေးရန် ကြံစည်ခဲ့သော်လည်း ကျင်ကျောက်၏ ဘောင်းဘီ ကျွတ်သွားသည်ကို မြင်သောအခါ သူမ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ကျင်ကျောက်မှာ ယောက်ျား ဖြစ်သဖြင့် အတွင်းခံနှင့် ရှိနေသည်မှာ ပြဿနာ မရှိသော်လည်း သူမကဲ့သို့ အမျိုးသမီးတစ်ဦးမှာမူ လူပုံအလယ်၌ ထိုသို့ အဖြစ်မခံနိုင်ပေ။
ယဲ့ပုဖန်က သူမကို လှည့်ကြည့်လိုက်သောအခါ သူမသည် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်ကာ အပြင်ပန်း၌ မာန်တင်းထားသော်လည်း ရင်ထဲ၌ ကြောက်လန့်တကြားဖြင့် အော်ဟစ်လိုက်သည်။
"ကျွန်မကို မထိနဲ့။ ကျွန်မက ရှီးမန်မိသားစုရဲ့ သခင်မလေးနော်"
ယဲ့ပုဖန်က ရယ်မောလျက် "ရှီးမန်မိသားစုရဲ့ သခင်မလေး ဖြစ်တော့ ဘာဖြစ်လဲ။ အလောင်းအစားမှာ ရှုံးရင် ကတိတည်ရမယ်လေ”
"ယဲ့ပုဖန်... ငါတို့ ညှိနှိုင်းရအောင်။ အဲဒီ အလောင်းအစားကို ပိုက်ဆံနဲ့ ပြန်ဝယ်လို့ ရမလား။ ပါးတစ်ချက်ကို ယွမ်တစ်သောင်းနှုန်းနဲ့ဆိုရင် ဘယ်လိုလဲ... ငါ နင့်ကို တစ်သန်း ပေးမယ်"
ကျင်ကျောက်မှာ လူရုပ်မပေါ်အောင် အရိုက်ခံထားရသည်ကို မြင်သောအခါ ရှီးမန်ယွီကျောက်မှာ အလွန်ပင် ကြောက်လန့်နေမိသည်။ သူမသည် ဤကဲ့သို့ အလောင်းအစားမျိုးကို မိုက်မဲစွာ လုပ်မိခဲ့သည့် အတွက် နောင်တရနေမိသည်။
"ပါးတစ်ချက်ကို တစ်သောင်းလား... နည်းလွန်းတယ် မထင်ဘူးလား။ ကျွန်တော်က သဘောမတူတာ မဟုတ်ပေမဲ့ ဒီစျေးနှုန်းက ခင်ဗျားရဲ့ ဂုဏ်ဒြပ်နဲ့ မလိုက်ဖက်ဘူးလေ။ ခင်ဗျားက ရှီးမန်မိသားစုရဲ့ သခင်မလေးပဲဥစ္စာ။ ပါးတစ်ချက်ကို တစ်သောင်းပဲ တန်တယ်ဆိုတာ အပြင်မှာ ပေါက်ကြားသွားရင် ခင်ဗျားပဲ သိက္ခာကျမှာပေါ့"
အပြုံးမျက်နှာဖြင့် ပြောနေသော ယဲ့ပုဖန်ကို ကြည့်ကာ ရှီးမန်ယွီကျောက်မှာ ဒေါသထွက်လွန်း၍ အံကြိတ်နေမိသည်။ သို့သော် သူမတွင် ရွေးချယ်စရာ မရှိသဖြင့် "ဒါဆိုရင် နင်က ဘယ်လောက် လိုချင်တာလဲ" ဟု မေးလိုက်ရသည်။
ယဲ့ပုဖန်က ပြုံးလျက် "သခင်မလေးရှီးမန်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် အနည်းဆုံး ပါးတစ်ချက်ကို တစ်သန်းတော့ ရှိသင့်တာပေါ့"
"နင် ငါ့ကို ဓားပြတိုက်နေတာလား"
ရှီးမန်ယွီကျောက်က မကျေမနပ်ဖြင့် အော်လိုက်သည်။ "နင့်ရဲ့ စျေးက သိပ်ကြီးလွန်းတယ်။ ငါ့မှာ အဲဒီလောက် ပိုက်ဆံ မရှိဘူး"
"ဒါဆိုရင်တော့ ကျွန်တော်လည်း ဘာမှ မတတ်နိုင်ဘူး။ စျေးနှုန်းက သိပ်နည်းနေရင် ခင်ဗျားရဲ့ ဂုဏ်ဒြပ်ကို စော်ကားရာ ရောက်မှာပေါ့"
"နင်..."
ရှီးမန်ယွီကျောက်၏ မျက်ဝန်းတို့မှာ ဒေါသကြောင့် မီးပွင့်မတတ် ဖြစ်နေသော်လည်း သူမကိုယ်တိုင် ပြောခဲ့သော စကားဖြစ်သဖြင့် ငြင်း၍ မရပေ။ သူမသည် ဆူးရုယွဲဘက်သို့ လှည့်ကြည့်လိုက်သည်။
“သခင်မလေးဆူး... ကျွန်မ အစ်ကို့ရဲ့ မျက်နှာကို ထောက်ပြီး ကျွန်မဘက်ကနေ စကားလေး တစ်ခွန်းလောက် ပြောပေးပါဦး..."
ဤနေရာမှာ ဆူးမိသားစုပိုင် ကလပ်ဖြစ်သဖြင့် အကယ်၍ သူမက သူမ၏ အစ်ကိုအကြောင်းကို မပြောခဲ့ပါက ဆူးရုယွဲအနေဖြင့် ကူညီကောင်း ကူညီနိုင်ပေလိမ့်မည်။ သို့သော် ယခုမူ ကိစ္စက လုံးဝ ပြောင်းလဲသွားပြီ ဖြစ်သည်။
ယခု ဆူးရုယွဲ အမုန်းဆုံး လူမှာ သူမ၏ ဘဝကို ဖျက်ဆီးရန် ကြံစည်ခဲ့သော ရှီးမန်ယွီလျန်ပင် ဖြစ်သည်။
ဆူးရုယွဲ၏ မျက်နှာမှာ တည်တင်းနေကာ "အားနာပါတယ် မရှီးမန်။ ကျွန်မက ဒီပြိုင်ပွဲရဲ့ သက်သေအဖြစ် ဆောင်ရွက်ခဲ့တာပါ။ ရှုံးရင်တော့ ရှုံးတဲ့အတိုင်း လက်ခံရပါလိမ့်မယ်။ ရှင့်အတွက် ကျွန်မ စကားပြောပေးလို့ မရပါဘူး"
"ဒါက..."
ရှီးမန်ယွီကျောက်မှာ ဆွံ့အသွားရသည်။ သူမသည် သူမအစ်ကို၏ လုပ်ရပ်များကို မသိသဖြင့် ဆူးရုယွဲ၏ တုံ့ပြန်မှုအပေါ် အံ့သြနေမိသည်။
"ဘယ်လိုလဲ သခင်မလေးရှီးမန်... စဉ်းစားလို့ ပြီးပြီလား။ ကျွန်တော်ကတော့ အလောင်းအစား အကြွေးတွေကို တောင်းတော့မယ်နော်"
ယဲ့ပုဖန်က ပြုံးရွှင်စွာဖြင့် လျှောက်လာသည်။
"ဟေ့လူ... အဲဒီမှာ ရပ်လိုက်စမ်း။ သခင်မလေးရှီးမန်ကို ထိရဲရင် ခင်ဗျား ချက်ချင်း နောင်တရစေရမယ်..."
ရှီးမန်ယွီကျောက် ခေါ်လာသော လူအချို့မှာ ယဲ့ပုဖန် မည်မျှ အစွမ်းထက်သည်ကို မသိကြပေ။ သူတို့သည် မျက်နှာလိုမျက်နှာရ ဖြစ်စေရန် ယဲ့ပုဖန်ကို တားဆီးရန် ရှေ့သို့ တိုးလာကြသည်။ သို့သော် အရက်နှင့် မိန်းမကြား၌ အချိန်ကုန်နေသော အနှီ သခင်လေးများမှာ ယဲ့ပုဖန်၏ ပြိုင်ဘက် မဟုတ်ကြပေ။ စက္ကန့်ပိုင်းအတွင်းမှာပင် ထိုသူများမှာ မြေပြင်ပေါ်၌ ခွေခေါက် လဲကျကုန်ကြတော့သည်။
ထို့နောက် ယဲ့ပုဖန်က လက်ကို ဝှေ့ယမ်းလိုက်ရာ 'ဖြောင်း' ဟူသော အသံနှင့်အတူ ရှီးမန်ယွီကျောက်၏ ပါးပြင်ပေါ်သို့ ပါးရိုက်ချက် တစ်ချက် ကျရောက်သွားပြီး နီရဲသော လက်ဝါးရာကြီး ထင်ကျန်ရစ်ခဲ့သည်။
"ရှီးမန်မိသားစုရဲ့ သခင်မလေးဆိုတော့ ရိုက်ရတာ တကယ့်ကို ရိုက်လို့ ကောင်းတာပဲ"
"မျိုးရိုးယဲ့... နင် ငါ့ကို ရိုက်ရဲတယ်ပေါ့လေ..."
ရှီးမန်ယွီကျောက်မှာ ဒေါသကြောင့် ရူးမတတ် ဖြစ်နေရသည်။ သူမ၏ ဘဝတစ်လျှောက်လုံး၌ မည်သူမျှ သူမကို လက်ဖျားနှင့်ပင် မထိခဲ့ဖူးပေ။ ယခုမူ လူပုံအလယ်၌ ပါးရိုက်ခံလိုက်ရချေပြီ။
"မယုံဘူးလား... ဒါဆိုရင် နောက်တစ်ခါ ထပ်ပြီး သက်သေပြပေးရမှာပေါ့"
ယဲ့ပုဖန်က လက်ပြန်ဖြင့် နောက်တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။
ဖြောင်း…
ရှီးမန်ယွီကျောက်က တစ်ခုခု ပြောရန် ကြံသော်လည်း ဆက်တိုက် ကျရောက်လာသော ပါးရိုက်ချက်များကြောင့် စကားပင် ဆုံးအောင် မပြောနိုင်တော့ပေ။
"တော်ပြီ။ ငါ ပေးမယ်။ တစ်ချက်ကို တစ်သန်းနှုန်းနဲ့ ငါ ပေးမယ်!"
ရှီးမန်ယွီကျောက်က အော်ဟစ်လိုက်သည်။ တစ်ဖက်လူမှာ သူမ၏ အဆင့်အတန်းကို လုံးဝ ဂရုမစိုက်ကြောင်း သူမ သေချာသွားပြီ ဖြစ်သည်။
"ပေးမယ်ဆိုရင်လည်း အတော်ပဲပေါ့။ ပါးရိုက်ရတာလည်း ပင်ပန်းတဲ့ အလုပ်ပဲဥစ္စာ"
ယဲ့ပုဖန်က လက်ကောက်ဝတ်ကို လှုပ်ရှားလျက် ပြုံးရွှင်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ကျုပ်ဆီမှာ လျှော့စျေးတို့၊ အကြွေးထားတာတို့ မရှိဘူးနော်။ အခု ခင်ဗျားကို ဆယ်ချက် ရိုက်ပြီးပြီဆိုတော့ (၉၀) ကျန်သေးတယ်။ တစ်ချက်ကို တစ်သန်းဆိုတော့ စုစုပေါင်း ယွမ်သန်း (၉၀) ပေါ့"
"ငါ့မှာ အဲဒီလောက် မရှိဘူး။ ယွမ် သန်း (၆၀) ပဲ ရှိတယ်"
ရှီးမန်ယွီကျောက်မှာ သခင်မလေး ဖြစ်သော်လည်း သုံးဖြုန်းမှု များပြားသဖြင့် သူမ၏ စုဆောင်းငွေမှာ ဤမျှသာ ရှိသည်။ သူမ စကားပြောအပြီး ယဲ့ပုဖန်က နောက်တစ်ကြိမ် ရိုက်ရန် ပြင်လိုက်သည်ကို မြင်သောအခါ သူမ အလျင်အမြန်ပင် အော်ပြောလိုက်သည်။
"ဒါပေမဲ့ ကျန်တာကိုတော့ ကျွန်မ အကြွေးမှတ်တမ်း ရေးပေးပါ့မယ်။ နောက်မှ ပြန်ဆပ်မယ်လေ"
"အကြွေးမှတ်တမ်းလား... ရတာပေါ့။ ကျွန်တော်က ယဉ်ကျေးတဲ့သူ ဆိုတော့ အကြမ်းဖက်ရတာကို သိပ်မကြိုက်ဘူး"
ယဲ့ပုဖန်က သဘောတူလိုက်သည်။ သူသည် ရှီးမန်မိသားစုကို မကြောက်သော်လည်း ပြဿနာ များရသည်ကို မနှစ်သက်ပေ။ ယွမ်သန်း (၃၀) တန် အကြွေးမှတ်တမ်းကို လက်ဝယ် ထားရှိခြင်းဖြင့် ဤအမျိုးသမီးကို နောင်တွင် အငြိုးမထားနိုင်အောင် ထိန်းချုပ်ထားနိုင်မည် ဖြစ်သည်။
ရှီးမန်ယွီကျောက်မှာ သက်ပြင်းချနိုင်တော့သည်။ အကယ်၍ နောက်ထပ် ပါးရိုက်ချက် (၉၀) သာ ကျရောက်လာပါက သူမ၏ ရုပ်ရည်မှာ မည်သို့ ဖြစ်သွားမည်ကို မတွေးရဲပေ။ သူမသည် ရင်ထဲမှ မကျေနပ်မှုများကို အောင့်အီးကာ ဖုန်းဖြင့် ယဲ့ပုဖန်၏ အကောင့်ထဲသို့ ယွမ်သန်း (၆၀) လွှဲပေးလိုက်ပြီးနောက် အကြွေးမှတ်တမ်း ရေးပေးလိုက်လေသည်။
ယဲ့ပုဖန်က အကြွေးမှတ်တမ်းကို ကြည့်ကာ "ကဲ... သွားလို့ ရပါပြီ။ ပိုက်ဆံကိုတော့ မြန်မြန် ပြန်ဆပ်ဖို့ မမေ့နဲ့ဦးနော်"
ရှီးမန်ယွီကျောက်သည် သူ့ကိုရော ဆူးရုယွဲကိုပါ အမုန်းတရားများဖြင့် တစ်ချက် စိုက်ကြည့်လိုက်ကာ သူမ၏ လူများကို ခေါ်၍ အရှက်တကွဲဖြင့် ကလပ်အတွင်းမှ ထွက်ခွာသွားလေတော့သည်။
***