"အစ်ကိုကြီးချင်... အင်မော်တယ် ဖြစ်ပါစေ..."
အအမလေး မျက်လုံးများ မှိတ်လိုက်ပြီး သူမ၏ အသက်ရှူသံမှာ လျင်မြန်စွာ မှေးမှိန်သွားသည်။
"ကောင်းကောင်း အနားယူလိုက်ပါ... အားလုံး အဆင်ပြေသွားလိမ့်မယ်" ချင်စန်း သူမနားနားကပ်၍ တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် ထပ်မံ တွေဝေမနေတော့ဘဲ ကောင်းကင်အလောင်းကောင် တာအိုအဆောင်ကို အအမလေး မူလဝိညာဉ်နယ်မြေထဲ ရိုက်နှိပ်ထည့်သွင်းပြီး ချိပ်ပိတ်အတားအဆီးများ တစ်လွှာပြီးတစ်လွှာ ဖန်တီးတော့၏။
နောက်ဆုံးတွင် အအမလေး နှစ်ခြိုက်စွာ အိပ်ပျော်သွားလေပြီ။ သို့တိုင် သူမမျက်နှာပေါ် အပြုံးရိပ်တစ်ခု တွဲခိုကျန်ရစ်နေဆဲပင်။ သူမက ရည်ရွယ်ချက်ရှိရှိ ပြုံးထားခြင်း မဟုတ်သော်လည်း ထိုအပြုံးမှာ မိုးရွာပြီးစ ကြည်လင်နေသော ညကောင်းကင်ယံကဲ့သို့ တိတ်ဆိတ်ပြီး နူးညံ့စွာ တည်ရှိနေသည်။
ချင်စန်း သူမကို အချိန်အကြာကြီး ငေးကြည့်နေမိသည်။ ရုတ်တရက် သူ့ပခုံးပေါ်သို့ ကြီးမားသော တာဝန်တစ်ခု ရောက်လာသလို ခံစားလိုက်ရသည်။
သူ နှစ်ပေါင်းတစ်ရာ ကျင့်ကြံခဲ့ပြီး လူအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရ၏။ ထိုအထဲတွင် ထူးချွန်သော အမျိုးသမီးများစွာ ပါဝင်သည်။ သို့သော် တစ်ခါမျှ သံယောဇဉ် တွယ်ငြိခွင့် မပြုခဲ့ဖူးပေ။
အခွင့်အရေး မရခဲ့၍ မဟုတ်။ တကယ်တမ်း သူကသာ အမြဲတမ်း ဦးအောင် လက်လွှတ်ခဲ့သူ ဖြစ်သည်။
ကတိအချို့ကို အလွယ်တကူ မပေးနိုင်သလို ဝန်ထုပ်ဝန်ပိုး အချို့ကိုလည်း ထမ်းရွက်ဖို့ မလွယ်ကူပေ။
ယခု အအမလေး၏ မူလဝိညာဉ်ကို ကောင်းကင်အလောင်းကောင် တာအိုအဆောင်ဖြင့် ချိပ်ပိတ်ထားလိုက်ပြီ ဖြစ်သော်လည်း ချင်စန်းအနေဖြင့် ပြန်ဖြေနိုင်မည့် အာမခံချက် မရှိချေ။ သူကိုယ်တိုင် အလောင်းကောင်ရုပ်သေး ဖြစ်ခဲ့ဖူးသဖြင့် ဤအဆောင် မည်မျှ ဆိုးညစ်ကြောင်း ကောင်းကောင်း နားလည်ထားသည်။
ကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားတော်ကဲ့သို့ အံ့ဖွယ်ပစ္စည်းသာ မရှိခဲ့လျှင် သူဘယ်တော့မှ လွတ်မြောက်နိုင်ခဲ့မည် မဟုတ်ပေ။
သို့သော် အအမလေး၏ ဒုက္ခမှာ သူနှင့် နီးကပ်စွာ ဆက်နွယ်နေသည်။ သူမ သေဆုံးသွားသည်ကို လက်ပိုက်ကြည့်မနေနိုင်ပေ။ သူမ သဘောတူခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်နိုင်ချေ မည်မျှနည်းပါးစေကာမူ သူ တတ်နိုင်သမျှ အကုန် လုပ်ဆောင်ပေးရမည်။
အဆုံးမဲ့ တောင်ကြားတွင် အလောင်းကောင် ရုပ်သေးအဖြစ် လုံးဝ ပြောင်းလဲသွားသော ဝူရှန်းကို သူ သတိရသွားသည်။ ပြင်းထန်သော အရေးပေါ် စိတ်ဆန္ဒတစ်ခု သူ့ရင်ထဲ မြင့်တက်လာ၏။ အအမလေး၏ ကျင့်ကြံခြင်း အဆင့်မှာ နိမ့်လွန်းလှသည်။ သူမ မည်မျှကြာကြာ တောင့်ခံနိုင်မည်ကို သူ မသိပေ။
အံ့ဩစရာ ကောင်းသည်မှာ သုံးပါးရောင်ခြည် ကျောက်စိမ်းရည်၏ အသက်စွမ်းအင်များ အအမလေး ခန္ဓာကိုယ်ထဲတွင် ကြွယ်ဝစွာ ကျန်ရှိနေသေးခြင်းပင်။ ထိုစွမ်းအင်များက အလောင်းကောင်ချီများကို ခိုင်မာစွာ ဖိနှိပ်ထားပြီး ရုပ်ပိုင်းဆိုင်ရာ အလောင်းကောင် အသွင်ပြောင်းခြင်းမှ ကာကွယ်ပေးထားသည်။
ချင်စန်း မျက်လုံးများ တောက်ပသွားသည်။ အလောင်းကောင် ကျင့်စဉ် အဆောင်များတွင် ကြီးမားသော ပြဿနာနှစ်ခု ရှိသည်။
တစ်ခုမှာ မူလဝိညာဉ်ကို ကြာရှည်စွာ ချိပ်ပိတ်ထားခြင်းကြောင့် ဝိညာဉ်၏ အသိစိတ်ကို တိုက်စားသွားနိုင်ခြင်း ဖြစ်သည်။ နောက်တစ်ခုမှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းပင်။ အလောင်းကောင်ချီများ လူတစ်ယောက်၏ အခြေခံမူလထဲ ဝင်ရောက်သွားသည်နှင့် ပြန်ပြင်ဖို့ မျှော်လင့်ချက် မရှိတော့ဘဲ ကိုယ်ခန္ဓာ လွှဲပြောင်းရယူခြင်းကသာ တစ်ခုတည်းသော လွတ်မြောက်လမ်း ဖြစ်လာသည်။
သုံးပါးရောင်ခြည် ကျောက်စိမ်းရည်က ထိုပြဿနာကြီး နှစ်ခုထဲမှ တစ်ခုကို ဖြေရှင်းပေးလိုက်လေပြီ။
ထိုအချက်ကို သဘောပေါက်သည်နှင့် ချင်စန်း လျင်မြန်စွာ လှုပ်ရှားတော့သည်။ ကျောက်စိမ်းရည်၏ ဆေးစွမ်းအင်များကို အအမလေး ကိုယ်ထဲတွင် ချိပ်ပိတ်ပြီး အလောင်းကောင် အသွင်ပြောင်းခြင်းကို ခုခံရန် သီးသန့် ဖယ်ချန်ထားလိုက်၏။ အလေအလွင့် မရှိစေရန် ဂရုစိုက်ပြီး ဆေးစွမ်းအာနိသင်ကို တတ်နိုင်သမျှ ကြာရှည်အောင် ထိန်းသိမ်းထားသည်။
ထို့နောက် ချင်စန်းက ဂျင်တစ်ထောင်လက်စွပ်ထဲမှ ဝိညာဉ်နွေးထွေးကျောက် တစ်ပိုင်းကို ထုတ်ယူ၍ အအမလေး ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
ဤကျောက်စိမ်းနွေး တစ်ပိုင်းကို ယွီတျန်းရီထံမှ ရရှိခဲ့ခြင်းပင်။ ၎င်းက ဝိညာဉ်ကို အားဖြည့်ပေးနိုင်သည်။ ယွီတျန်းရီက သူ့ ကွဲအက်နေသော ဝိညာဉ်ကို ထိုကျောက်ထဲတွင် ပုန်းအောင်း၍ ထိန်းသိမ်းထားနိုင်ခဲ့သည်။ နတ်ဘုရားသစ်သား ဆယ်မျိုးထဲမှ တစ်ခုဖြစ်သော ဝိညာဉ်အာဟာရ သစ်သားလောက် အစွမ်းမထက်သော်လည်း အအမလေးကိုတော့ များစွာ အထောက်အကူ ပြုနိုင်ပေလိမ့်မည်။
ဤရှားပါး ပစ္စည်းနှစ်ခု ပေါင်းစပ်လိုက်ခြင်းဖြင့် ချင်စန်းအနေဖြင့် အလောင်းကောင်နှင့် သရဲလမ်းစဉ်များကို လေ့လာရန်နှင့် ကောင်းကင်အလောင်းကောင် တာအိုအဆောင်ကို ဖြေဖျောက်မည့် နည်းလမ်းရှာဖွေရန် အချိန်လုံလောက်စွာ ရရှိနိုင်ပေလိမ့်မည်။
စုန်းမျိုးနွယ်စုများမှာ အလောင်းကောင်နှင့် တစ္ဆေကျင့်စဉ်များတွင် ကျွမ်းကျင်ကြသည်။ သူတို့တွင် ထူးခြားသော ကိုယ်ပိုင် နည်းလမ်းများ ရှိနေမှာ သေချာသည်။
အကယ်၍ ချန်လန်ပင်လယ် ဒေသတွင် အဖြေရှာမတွေ့ပါက ရေခဲလွင်ပြင်သို့ ပြန်သွားပြီး ကောင်းကင် အလောင်းကောင်ဂိုဏ်း၏ အပျက်အစီးများနှင့် ကောင်းကင်ယင် အလောင်းကောင် ကျင့်စဉ် နောက်တစ်ပိုင်းကို ရှာဖွေရန် ခိုင်လုံသော အကြောင်းပြချက် ပိုရလာပေလိမ့်မည်။
ထိုအတွေးဖြင့် ချင်စန်း မတ်တပ်ထရပ်လိုက်ပြီး ပိုးမွှားငါးကောင်ဂိုဏ်း ရှိရာဘက်သို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။
ပိုးမွှားငါးကောင်ဂိုဏ်း၊ မဟူရာ စုန်းနန်းတော်...
သူ့စိတ်ထဲတွင် သူ တည်နေရာ ကူးပြောင်းခံရခြင်း နောက်ကွယ်မှ လျှို့ဝှက်ချက်ကို မကြာမီ ဖော်ထုတ်နိုင်တော့မည်ဟု ခံစားနေရသည်။
ထိုစဉ် သူ့ပိုးမွှားခြင်းတောင်းထဲမှ ဖက်တီးပိုးကောင်ကို သတိရသွား၏။ ထိုပိုကောင်းမှာ စောစောတည်းက ဂနာမငြိမ် ဖြစ်နေပြီး ယခုထိ မရပ်မနား ကိုက်ဝါးနေဆဲပင်။ သို့သော် ဆာလောင်၍ လုပ်ဆောင်နေခြင်း မဟုတ်ပုံရသည်။
ချင်စန်းလည်း ၎င်းဘာလုပ်နေမှန်း မသိပေ။
ခြင်းတောင်းကို ဖွင့်လိုက်သည်နှင့် ဖက်တီးပိုးကောင်မှာ ချက်ချင်း တွားသွားထွက်လာပြီး သူ့လက်မောင်းထဲတွင် သတိလစ်နေသော အအမလေးဆီ တည့်တည့် ဦးတည်သွားသည်။
ထိုသည်ကို မြင်လျှင် ချင်စန်း စိတ်လှုပ်ရှားသွားသည်။ သူ တားဆီးခြင်း မပြုခဲ့ပေ။ ပိုးကောင်မှာ အအမလေး၏ လက်ပေါ်သို့ တက်သွားပြီး သူမလက်ချောင်း ထိပ်ဖျားကို ညင်သာစွာ ကိုက်လိုက်သည်။
သွေးနှင့် အနှစ်သာရ ဆက်နွယ်သွားပြီး… ထိုအခိုက်အတန့်တွင် ပိုးကောင်နှင့် အအမလေးကြား ထူးဆန်းသော သံယောဇဉ်ကြိုး တစ်ခု ဖြစ်ပေါ်လာသည်။
"ဒါက... ဝိညာဉ်ပိုးမွှား တစ်ကောင်က သခင်ကို သူ့သဘောနဲ့သူ ရွေးချယ်လိုက်တာလား"
ချင်စန်း တိတ်တဆိတ် အံ့ဩသွားသည်။ ဤသည်မှာ အတင်းအကျပ် ဖိအားပေး၍ မရနိုင်သော ရှားပါး ဖြစ်ရပ်တစ်ခုပင်။ ထို့အပြင် အအမလေးအပေါ် ဖြစ်ပျက်သွားသည်တဲ့လား။
ယခုက ဖက်တီးပိုးကောင် အနေဖြင့် သူမကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ အဘယ်ကြောင့် သူမကို ရွေးချယ်ခဲ့ရသနည်း။
ထို့နောက် ချင်စန်း ပြန်စဉ်းစားမိသည်။ အအမလေး စကားပြောပြီးမှသာ ပိုးကောင် ဂနာမငြိမ် ဖြစ်လာခဲ့ခြင်း မဟုတ်ပါလား။ သူမအသံကြောင့် ဖြစ်နေမလော။ သူမအသံက ဝိညာဉ်ပိုးမွှား တစ်ကောင်ကို ဖမ်းစားနိုင်သည်အထိ သာယာလွန်းနေ၍လော။
ချင်စန်းက ပိုးကောင်ကို ကောက်ယူပြီး အမှန်တကယ်ပင် အအမလေးအား သခင်အဖြစ် လက်ခံလိုက်ကြောင်း အာရုံခံမိသည်။ သက်စောင့် ဂူပိုးကောင် တစ်ကောင်နှင့် ဆင်တူသော်လည်း များစွာ ကွာခြားမှု ရှိနေသေးသည်။
"ဒီကောင်စုတ်လေးက ငါ့လက်ထဲကနေ ထွက်ပြေးချင်လို့ တခြားတစ်ယောက်ဆီ အပ်နှံလိုက်တာများလား"
ချင်စန်းက ပိုးကောင်၏ မျက်လုံးသေးသေးလေးများ ဟိုဒီလည်နေသည်ကို ကြည့်လိုက်သည်။ သူ့အမူအရာမှာ ထူးဆန်းသွား၏။ အကယ်၍ သူမအသံကြောင့်သာ ယခုလို ဖြစ်လာခြင်း ဆိုပါက ယုတ္တိမရှိလွန်းရာ ကျနေပေလိမ့်မည်။
မကြာသေးမီက ပိုးကောင်မှာ ကိုးလွှာငရဲ မိစ္ဆာမီးလျှံများဖြင့် သေချာ နှိပ်စက်ခံခဲ့ရပြီး ကြက်သွေးရောင် မီးရွှေစင်ကိုလည်း မစားခဲ့ရပေ။ ထွက်ပြေးဖို့ အချိန်ကြာကြာ ကြံစည်နေခဲ့ပုံရသော်လည်း အားအင် မရှိသဖြင့် ဒုက္ခများကို တိတ်တဆိတ် မျိုသိပ်ထားခဲ့ရခြင်း ဖြစ်မည်။
ကံမကောင်းစွာဖြင့် အအမလေးမှာ ယခု နှစ်ခြိုက်စွာ အိပ်ပျော်နေလေပြီ။
ချင်စန်းက အအမလေး၏ အခြေအနေကို စစ်ဆေးပြီးနောက် ထပ်မံ ပြောင်းလဲမှု မရှိကြောင်း အတည်ပြုလိုက်သည်။
သူမ၏ ဝိညာဉ်ပိုးမွှား အတွက်မူ ချင်စန်းက သူမကိုယ်စား လက်ခံထားလိုက်ရုံသာ ရှိတော့သည်။
ဤကောင်လေးက ဉာဏ်များလွန်းသည်။ ထွက်ပြေးဖို့ မအောင်မြင်ရုံသာမက ကိုယ့်ကိုယ်ကိုယ် ပိုနက်ရှိုင်းသော ဒုက္ခထဲ ဆွဲထည့်လိုက်သလို ဖြစ်သွားခဲ့လေပြီ။
ချင်စန်းက ဖက်တီးပိုးကောင်ကို ကိုးလွှာငရဲ မိစ္ဆာမီးလျှံများဖြင့် ချည်နှောင်ပြီး နောက်တစ်ကြိမ် ပြင်းထန်သော သင်ခန်းစာ တစ်ခု ပေးလိုက်သည်။
ဖက်တီးပိုးကောင်မှာ မျက်ရည်များ ကျလာပြီး စိတ်ဆင်းရဲစွာ အော်ဟစ်ကာ သခင်ဖြစ်သူအား အကူအညီ တောင်းသော်လည်း မည်သည့် တုံ့ပြန်မှုမှ မရခဲ့ပေ။ နောက်ဆုံးတွင် ဘဝက အဓိပ္ပာယ် မရှိတော့သကဲ့သို့ မျက်လုံးများ အရောင်မှိန်သွားပြီး လုံးဝ လက်လျော့သွားတော့သည်။ ချင်စန်းက ၎င်းအား ပိုးမွှားခြင်းတောင်းထဲ ပြန်ပစ်ထည့်လိုက်သည်။
အအမလေး တိုက်ခိုက်ခဲ့သော နေရာကို အတည်ပြုပြီးနောက် အိမ်ခြေတစ်ထောင်ရွာ၏ ရေဆန်ဘက်တွင် ရှိကြောင်း ချင်စန်း သိလိုက်ရသည်။ တကယ်တမ်း အချိန် သိပ်မကြာသေးပေ။ သူမဒဏ်ရာများမှာ ပြင်းထန်လွန်းပြီး လျင်မြန်သော မြစ်ရေစီးကြောင်းကြောင့် အဝေးသို့ မျောပါလာခဲ့ခြင်း ဖြစ်သည်။ ကံကောင်းစွာဖြင့် သူ့ဓားချီမိုးကြိုးသံမှာ ပြိုင်ဘက်ကင်းအောင် လျှင်မြန်သောကြောင့်သာ။ မဟုတ်ပါက သူမ အသက်ရှင်နိုင်ခဲ့မည် မဟုတ်ပေ။
မြစ်ရေဆန်အတိုင်း လိုက်သွားရာ မကြာမီ ချင်းယီမြစ် ကမ်းပါးဘေးရှိ လူသူကင်းမဲ့သော တောင်ကုန်းတစ်ခုပေါ်တွင် စစ်တလင်းကို တွေ့လိုက်ရသည်။
အမြူတေစား သံဆူး ပေါက်ကွဲခဲ့သော်လည်း စွမ်းအားမှာ အကန့်အသတ် ရှိသည်။ တောင်ကုန်းပေါ်တွင် ကြီးမားသော ပျက်စီးမှု လက္ခဏာများ မတွေ့ရပေ။
ချင်စန်းက မြေပြင်ပေါ် လဲလျောင်းနေသော အလောင်းနှစ်လောင်းကို ချက်ချင်း တွေ့လိုက်ရသလို ပတ်ဝန်းကျင်ရှိ သစ်ပင်ခြုံနွယ်များပေါ်တွင် ချိတ်ဆွဲနေသော ပြတ်တောက်နေသည့် ခြေလက်များနှင့် အသားစများကိုလည်း မြင်လိုက်ရသည်။
ထုံမျိုးရိုး ကျင့်ကြံသူမှာ အဆိုးရွားဆုံး ခံစားခဲ့ရခြင်းပင်။ သူ့အောက်ပိုင်း တစ်ခုလုံးနီးပါး ပေါက်ကွဲ လွင့်စင်သွားခဲ့သည်။ သေစေနိုင်သော ဒဏ်ချက်ကို ရှောင်လွှဲနိုင်ခဲ့သော်လည်း အဆိပ်အပ်များကိုမူ မရှောင်နိုင်ခဲ့ပေ။ အဆိပ်များက ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားပြီး ယင်းဒဏ်ကြောင့် သေဆုံးခဲ့သည်မှာ ကြာခဲ့လေပြီ။
ကျန်တစ်ယောက်မှာ သူစိမ်းတစ်ယောက် ဖြစ်သည်။ ချင်စန်းက စိတ်စွမ်းအင်ဖြင့် တစ်ချက် ဖြန့်ကျက် စစ်ဆေးလိုက်ရာ သဲ့သဲ့မျှ ကျန်ရှိနေသေးသော အသက်ရှူသံကို အာရုံခံမိလိုက်၏။
သူက အနက်ရောင် ကျောက်နဂါး အဆိပ်မိထားသော်လည်း တစ်နည်းနည်းဖြင့် ချက်ချင်း မသေဆုံးခဲ့ချေ။ သို့တိုင် သူ့အခြေအနေမှာ ဆိုးရွားလှသည်။ အရေပြားများမှာ မည်းနက်သော ခရမ်းရောင်သို့ ပြောင်းလဲနေ၏။ အဆိပ်ဖြေဆေး ချက်ချင်း မပေးပါက မကြာမီ သေဆုံးတော့မည် ဖြစ်သည်။
ချင်စန်း သူ့ဘေးသို့ ဆင်းသက်လိုက်ပြီး ပါးစပ်ထဲ အဆိပ်ဖြေဆေး တစ်လုံး ထိုးထည့်လိုက်သည်။
မကြာမီ ထိုလူ၏ အဆိပ်များ လျော့ပါးသွားပြီး တဖြည်းဖြည်း သက်သာလာလေပြီ။ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်ရာ သူ့ရှေ့တွင် သူစိမ်းတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"မင်းက..."
ချင်စန်းက တိတ်ဆိတ်နေပြီး အေးစက်သော အကြည့်ဖြင့် ထိုလူ၏ နဖူးပေါ် လက်တင်လိုက်သည်။
ဝိညာဉ်ရှာဖွေခြင်း နည်းလမ်း...
ပြင်းထန်စွာ ဒဏ်ရာရထားသော ထိုလူ၏ ခန္ဓာကိုယ်က နာကျင်မှုအား ခံနိုင်ရည် မရှိမည်ကို စိုးရိမ်သဖြင့် ချင်စန်းက မလုပ်ဆောင်မီ အရင်ဆုံး အဆိပ်ဖြေပေးခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ကို တုန်လှုပ်စေသော သွေးပျက်ဖွယ် အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် ထိုလူမှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။
ချင်စန်း လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့မျက်နှာပေါ်တွင် အံ့အားသင့်မှုနှင့် သတ်ဖြတ်လိုသော အငွေ့အသက် တစ်ခု ဖြတ်သန်းသွား၏။
ပိုးမွှားငါးကောင်ဂိုဏ်းမှာ လုံးဝ ပျက်စီးနေလေပြီ။ ပြိုကျနေသော နံရံများ၊ ကျိုးပဲ့နေသော ကျောက်တုံးများနှင့် သစ်သားစများက တောင်ပေါ်တွင် ပြန့်ကျဲနေသည်။ ကြီးမားသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း ထင်ရှားလှသည်။
ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်ကို အသက်သွင်းခဲ့သော်လည်း မမျှော်လင့်ဘဲ နဂိုအတိုင်း မပျက်မစီး ကျန်ရှိနေသေးသည်။
အပျက်အစီးများကြားတွင် တပည့်များစွာ၏ အလောင်းများ မြေပြင်ပေါ် ပြန့်ကျဲလို့။ လေထုထဲတွင် သွေးညှီနံ့များ ထူထပ်နေပြီး လတ်ဆတ်သော သွေးစီးကြောင်းများက မြေကြီးကို စွန်းထင်းနေစေသည်။ သေဆုံးသူများကို လာရောက် ကောက်ယူမည့်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ချေ။
End
***