တိုက်ဆိုင်စွာပင် ထိုရှေးဟောင်း အလောင်းကောင်၏ ပြတ်နေသော လက်မောင်းမှာ ဘယ်ဘက် လက်မောင်း ဖြစ်နေသည်။
ချင်စန်း တစ်ယောက် လေးနက်စွာ မစဉ်းစားဘဲ မနေနိုင်တော့။
အကယ်၍ ထိုရှေးဟောင်း အလောင်းကောင်သာ သူအမှန်တကယ် ဖြစ်ခဲ့လျှင် သတ်ဖြတ်ခြင်းခုနစ်ပါး ခန်းမဆောင် ဆိုသည်မှာ မည်သည့် နေရာတွင် ရှိသနည်း။ အဘယ်ကြောင့် ကောင်းကင်မှ ပြုတ်ကျလာပြီး နောက်ဆုံးတွင် ရှီကျန်းရှိ မြစ်တစ်စင်းထဲသို့ တည်နေရာ ကူးပြောင်းခံရသနည်း။
သူတို့ ဆရာသခင်၏ အမည်မှာ တုဟန် ဖြစ်သည်။
ချင်စန်း ဝိညာဉ်ရှာဖွေခဲ့သော လူသုံးဦးစလုံးမှာ တုဟန်၏ တပည့်များ ဖြစ်ကြသော်လည်း မည်သူမှ တုရှန်လောက် ရင်းနှီးခြင်း မရှိကြပေ။
တုရှန်မှာ တုဟန်၏ အကြီးဆုံးတပည့် ဖြစ်ပြီး ပါရမီပါကာ အမြူတေ ဖွဲ့စည်းနိုင်မည့် အခွင့်အရေး များစွာ ရှိသူဖြစ်သည်။ တုဟန်က သူ့အား ကိုယ်ပိုင် သားရင်းကဲ့သို့ ဆက်ဆံပြီး လျှို့ဝှက်ချက် များစွာကို မျှဝေခဲ့သည်။ လက်တစ်ထောင် ပင့်ကူသီး ရှာဖွေခြင်း တာဝန်မှာလည်း တုရှန် အဆင့်တက်နိုင်အောင် ကူညီပေးရန် ရည်ရွယ်ခြင်းပင်။
တုရှန်၏ ကျင့်ကြံခြင်းမှာ အတုအယောင် အမြူတေအဆင့်တွင်သာ ရှိသေးသည်။ ချင်စန်းက သူ့အား အလောင်းကောင် ရုပ်သေး အဖြစ် သန့်စင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် ဝိညာဉ်ရှာဖွေခြင်း နည်းလမ်းကို မသုံးဘဲ ထိန်းသိမ်းထားခဲ့ခြင်းဆိုလည်း မမှားပေ။
သူ့ဝိညာဉ် လုံးဝ ကြေမွပျက်စီးသွားမည့် အန္တရာယ်ကို ရှောင်ရှားလို၍ ဖြစ်သည်။ ထိုအစား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ဝိညာဉ်သိမ်းပိုက်ခြင်း ဂါထာကို သုံး၍ အဖြေများ အတည်ပြုခဲ့၏။
တုရှန် သိသမျှ အကုန်လုံးကို သိလိုက်ရသောအခါ ချင်စန်း ပို၍ အံ့အားသင့်သွားသည်။
သူ ပိုးမွှားငါးကောင်ဂိုဏ်း၏ တောင်ထိပ်ပေါ်တွင် ရပ်၍ အရပ်မျက်နှာ အသီးသီးကို ငေးကြည့်ရင်း ခေတ္တမျှ တွေဝေနေမိသည်။
တုရှန်၏ အဆိုအရ သတ်ဖြတ်ခြင်းခုနစ်ပါး ခန်းမဆောင် ဆိုသည်မှာ လူသားမျိုးနွယ် ရှာတွေ့ခဲ့သော လျှို့ဝှက်နယ်မြေ တစ်ခုပင်။ စုန်းနတ်ဘုရား တိုက်ကြီးတွင် မဟုတ်ဘဲ လူသားများ ထိန်းချုပ်ထားသော နယ်မြေအတွင်း တည်ရှိသည်။ နှစ်အနည်းငယ် ကြာမှ တစ်ကြိမ်သာ ပွင့်လေ့ရှိသည်။
လွန်ခဲ့သော နှစ်နှစ်က တုဟန်သည် သတ်ဖြတ်ခြင်းခုနစ်ပါး ခန်းမဆောင်သို့ သွားရောက်ရန် စုန်းနတ်ဘုရား တိုက်ကြီးမှ ထွက်ခွာသွားခဲ့ပြီး မကြာသေးမီကမှ ပြန်ရောက်လာခြင်း ဖြစ်သည်။
ယခုအခါ ချင်စန်း ဘာကို ယုံကြည်ရမှန်း မသိတော့ပေ။
အကယ်၍ သတ်ဖြတ်ခြင်းခုနစ်ပါး ခန်းမဆောင်မှ ရှေးဟောင်း အလောင်းကောင်မှာ သူအမှန်တကယ် ဖြစ်ပြီး ထိုနယ်မြေက စုန်းနတ်ဘုရား တိုက်ကြီးနှင့် အလွန်ဝေးကွာသော နေရာတွင် တည်ရှိနေပါက သူ အဘယ်ကြောင့် ရှီကျန်းရှိ မြစ်တစ်စင်းထဲ ရောက်နေရသနည်း။ သတ်ဖြတ်ခြင်းခုနစ်ပါး ခန်းမဆောင် အတွင်း ထူးဆန်းသော အတားအဆီး တစ်ခုခု ရှိနေ၍လော။ သို့မဟုတ် တစ်ယောက်ယောက်က သူ့ကို အပြင်သို့ ခေါ်ထုတ်လာခဲ့ခြင်းလော။
ထို့အပြင် တုဟန်က အဘယ်ကြောင့် ရှေးဟောင်း အလောင်းကောင်ကို ရှာဖွေရန် ရှီကျန်းသို့ ရောက်လာရသနည်း။
ချင်စန်း လုံးဝ နားမလည်နိုင်တော့။
မြစ်ထဲ မျောပါလာသော အလောင်းကောင် နောက်ကွယ်ရှိ အမှန်တရားကို နောက်ဆုံးတွင် ရှာတွေ့တော့မည်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါ ပို၍ ကြီးမားသော ပဟေဠိ တစ်ခုထဲ ပိတ်မိနေသလို ဖြစ်နေသည်။
သတ်ဖြတ်ခြင်းခုနစ်ပါး ခန်းမဆောင်၊ ကျီဝေနန်းတော်...
ဒီနေရာနှစ်ခု ဘယ်လို ဆက်စပ်မှု ရှိနေတာလဲ။
တုရှန်မှာ သတ်ဖြတ်ခြင်းခုနစ်ပါး ခန်းမဆောင် အတွင်း အမှန်တကယ် ဖြစ်ပျက်ခဲ့သည်များကို ဘာမှ မသိပေ။
တုဟန် ပြန်ရောက်လာပြီးနောက် သူ့တပည့်များကို ရှီကျန်းသို့ ခေါ်ဆောင်လာခဲ့သည်။ ရှေးဟောင်း အလောင်းကောင် ရှာဖွေခြင်းမှာ ကြားဖြတ်အလုပ် တစ်ခုသာ။ တုဟန်၏ အဓိက ရည်ရွယ်ချက်မှာ သီးခြား ဆေးပင်တစ်မျိုးကို ရှာဖွေရန် ဖြစ်ပုံရသဖြင့် သူတစ်ယောက်တည်း ကြိုသွားခဲ့ခြင်း ဖြစ်သည်။
တုရှန်က ဂျူနီယာညီလေး အနည်းငယ်ကို ဦးဆောင်ပြီး လက်တစ်ထောင် ပင့်ကူသီး လုယူရန် ပိုးမွှားငါးကောင်ဂိုဏ်းသို့ ရောက်လာခဲ့သည်။ အသီးနှင့် ပတ်သက်သော သတင်းအချက်အလက်မှာ တုဟန်ကိုယ်တိုင် ပေးခဲ့ခြင်း ဖြစ်သည်။
အမှန်တရားကို ဖော်ထုတ်ချင်လျှင် ချင်စန်းအနေဖြင့် တုဟန်ကို ရှာဖွေရမည့်ပုံပင်။
သူ တိတ်ဆိတ်စွာ စဉ်းစားခန်း ဝင်သွား၏။ တုရှန်နှင့် အခြားသူများထံမှ သိရသလောက် အသီးကို ရွှေအမြူတေအဆင့် ကျင့်ကြံသူ တစ်ဦး ခိုးယူသွားကြောင်း ကြားသိရသည်နှင့် တုဟန်ကို လှမ်းခေါ်ရန် လူလွှတ်လိုက်ပြီး ဖြစ်သည်။ နောက်ထပ် လဝက်ခန့် အတွင်း သူရောက်ရှိလာလိမ့်မည်။
ဤသည်က ချင်စန်းအား ကြိုတင်ပြင်ဆင်ရန်နှင့် တုဟန်ကို သတ်ဖြတ်ဖို့ ခြုံခိုတိုက်ခိုက်ရန် အချိန်လုံလောက်စွာ ပေးလိုက်ခြင်း ဖြစ်သည်။
သို့သော် တုဟန်ကို လုပ်ကြံသတ်ဖြတ်ခြင်းမှာ ထင်သလောက် လွယ်ကူမည် မဟုတ်ပေ။
တုဟန် ရွှေအမြူတေအဆင့်သို့ ရောက်ရှိခဲ့သည်မှာ ဆယ်စုနှစ် အတော်ကြာခဲ့လေပြီ။ အလယ်အလတ်အဆင့်သို့ မချိုးဖောက်နိုင်သေးသော်လည်း ချိုးဖြတ်ခါနီး အဆင့်သို့ နီးကပ်နေပြီး သာမန် ရွှေအမြူတေ အစောပိုင်းအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်သည်။
ထို့အပြင် စုန်းကျင့်ကြံသူများကို လူသားကျင့်ကြံသူများကဲ့သို့ သဘောထား၍ မရပေ။ သူတို့၏ သက်စောင့် ဂူပိုးကောင်များ ရှိနေခြင်းကြောင့် စုန်းကျင့်ကြံသူ တစ်ယောက်နှင့် တိုက်ခိုက်ခြင်းမှာ ရန်သူနှစ်ယောက်နှင့် တပြိုင်နက် တိုက်ခိုက်ရသည်နှင့် တူညီသည်။
ချင်စန်း၏ အင်အားဖြင့် ရွှေအမြူတေ အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ယောက်ကို ကိုင်တွယ်ရန် လွယ်ကူပြီး အလယ်အလတ်အဆင့် တစ်ယောက်နှင့် ယှဉ်ရင်ပင် ကြောက်ရွံ့နေမည် မဟုတ်ပေ။ သို့သော် တုဟန်ကို အမှားအယွင်းမရှိ သတ်ဖြတ်နိုင်ရန် သေချာ စီစဉ်ဖို့ လိုအပ်သည်။
ပိုအရေးကြီးသည်မှာ ချင်စန်းက တုဟန်ကို အရှင်ဖမ်းဆီးပြီး ကိစ္စရပ်၏ အခြေအမြစ်ကို ဖော်ထုတ်လိုခြင်း ဖြစ်သည်။
တုဟန်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဝိညာဉ်ရှာဖွေရာတွင် သူ အလွန် စေ့စပ်သေချာခဲ့သော်လည်း အံ့ဩစရာ ကောင်းသည်မှာ တုဟန်က အလွန် သတိကြီးပြီး သူ့လျှို့ဝှက်ချက်များအား ကောင်းစွာ ဖုံးကွယ်ထားခဲ့သည်။
သူ့တပည့်များပင် သူ့သက်စောင့် ဂူပိုးကောင်က မည်သည့် ဝိညာဉ်ပိုးမွှားမှန်း မသိကြပေ။ ရွှေအမြူတေအဆင့် ရောက်ပြီးနောက် မဟူရာ စုန်းနန်းတော်မှ ပေးအပ်ထားသော ဝိညာဉ်လက်နက် တစ်ခု ပိုင်ဆိုင်ထားပြီး စွမ်းအား အတော်ကြီးမားကြောင်းသာ သိထားသည်။
စုန်းနက်တောင်ကြား။
ချင်စန်း ဤရင်းနှီးသော နေရာသို့ ပြန်ရောက်လာခဲ့၏။ အဆိပ်စမ်းရေနှင့် နီးကပ်လာသည်နှင့် လေထုထဲတွင် တွဲခိုနေသော ထူးဆန်းသည့် ရနံ့သင်းသင်းလေးကို အာရုံခံမိလိုက်သည်။ ဤလက်ကျန် ရနံ့မှာ လက်တစ်ထောင် ပင့်ကူသီး ရင့်မှည့်ပြီးနောက် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ဤမျှ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးပေ။
ချင်စန်း ပြီးခဲ့သည့် တစ်ခေါက် လာတုန်းက ဤရနံ့၏ အရိပ်အယောင်လေး တစ်ခုမှ မရှိခဲ့။
အဆိပ်စမ်းရေ ကမ်းစပ်သို့ ရောက်သည်နှင့် ရနံ့၏ ဇာစ်မြစ်ကို သူ အလွယ်တကူ ရှာတွေ့လိုက်တော့သည်။ စမ်းရေ၏ အရင်းအမြစ်ဆီမှ တိုက်ရိုက် ထွက်ပေါ်လာခြင်းပင်။ လျှံကျလာသော ရနံ့များက စမ်းရေဝရှိ အတားအဆီးကိုပင် ဖော်ထုတ်လိုက်လေပြီ။
"သိမ်မွေ့လိုက်တဲ့ အတားအဆီးပါလား... တကယ်လို့ လက်တစ်ထောင် ပင့်ကူသီး ရင့်မှည့်ပြီး ဖော်ထုတ်မပြခဲ့ရင် ငါ ဒီစမ်းရေဘေးမှာ တစ်နှစ်လုံး ထိုင်စောင့်နေရင်တောင် ဘာထူးခြားမှုကိုမှ သတိထားမိမှာ မဟုတ်ဘူး" ချင်စန်း တိုးတိုးလေး ရေရွတ်မိလိုက်သည်။
ကြိုးစားမှု အနည်းငယ် ပြုလုပ်ပြီးနောက် အတားအဆီးကို ဖျက်ဆီးမည့် နည်းလမ်းကို လျင်မြန်စွာ ရှာတွေ့ခဲ့ပြီး အတွင်းသို့ ဝင်ရောက်လာခဲ့၏။
အတွင်းထဲတွင် စတုရန်းပုံ မြေအောက်ခန်း တစ်ခုရှိပြီး လူလက်ဖြင့် တူးဖော်ထားကြောင်း ထင်ရှားလှသည်။ သပ်ရပ်စနစ်ကျပြီး လူလုပ်လက်ရာ ဖြစ်သည်။ ခန်းမ အလယ်တွင် လူတစ်ပိုင်းလောက်သာ မြင့်သော သစ်ပင်ငယ် တစ်ပင် ရှိပြီး သွယ်လျသော အကိုင်းအခက်များနှင့် အရွက်များ ရှိသည်။ အစိမ်းရောင် အသီးတစ်လုံးက ကိုင်းဖျားတွင် တွဲလောင်းကျနေ၏။
ဤသည်က လက်တစ်ထောင် ပင့်ကူသီးပင်။
မူလက အသီးသုံးလုံး သီးခဲ့သော်လည်း ချွေ့ရွှမ်ဇီ၏ စီနီယာဦးလေး အပင်ကို စတွေ့တုန်းက ပထမအသီးအား ယူဆောင်သွားခဲ့သည်။ ဒုတိယအသီး နောက်ပိုင်း ရင့်မှည့်လာချိန်တွင်လည်း သူပဲ ယူသွားခဲ့ပြန်သည်။ ယခု တတိယအသီးမှာမူ မရင့်မှည့်သေးပေ။
လက်တစ်ထောင် ပင့်ကူသီးတွင် ထူးဆန်းသော ပုံပန်းသွင်ပြင် ရှိသည်။ ပင့်ကူနှစ်ကောင် တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားသကဲ့သို့ပင်။
ဘေးဘက်များတွင် မရေမတွက်နိုင်သော ပင့်ကူခြေထောက်များ ယှက်နွယ်နေသကဲ့သို့ နူးညံ့ပြီး ရှုပ်ထွေးသော အကွက်များ ဖုံးလွှမ်းထားသည်။
မရင့်မှည့်သေးခင် စိမ်းပြာရောင် ရှိသည်။ ရင့်မှည့်လာသည်နှင့် နက်မှောင်သော ခရမ်းရောင်သို့ ပြောင်းလဲသွားပြီး အဆိပ်ပင့်ကူ တစ်ကောင်နှင့် ပိုတူလာသည်။
တကယ်တမ်း လက်တစ်ထောင် ပင့်ကူသီးမှာ အဆိပ်သီး တစ်မျိုး ဖြစ်သည်။ အဆိပ်ပြင်းမျိုးစုံ ဖော်စပ်ရာတွင် အသုံးပြုနိုင်ပြီး အဆိပ်ပိုးမွှားများ စားသုံးပါက ကြီးမားသော အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။ အလွန် ရှားပါးသော သဘာဝ ရတနာတစ်ခု ဖြစ်သည်။
ချင်စန်း ကျောက်ခန်းထဲ ခြေချလိုက်သည်နှင့် သူ့ခါးကြားရှိ ပိုးမွှားခြင်းတောင်း ရုတ်တရက် တုန်ခါသွားသည်။
ဟို ဖက်တီးပိုးကောင် ပြန်ဖြစ်နေပြီ။
ချင်စန်း ဆွဲထုတ်လိုက်ရာ လက်တစ်ထောင် ပင့်ကူသီးအား တပ်မက်မှု အပြည့်ဖြင့် စိုက်ကြည့်နေသည်သော ဖက်တီးကောင်ကို တွေ့လိုက်ရသည်။ အသီးက ၎င်းအပေါ် ပြင်းထန်သော ဆွဲဆောင်မှု ရှိနေပုံရ၏။
ဤပိုးကောင်ကို ဖမ်းမိကတည်းက ကြက်သွေးရောင်မီး ရွှေစင်မှလွဲ၍ အခြားအရာများကို စိတ်ဝင်စားကြောင်း ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။
ပိုးကောင်မှာ အကြိမ်ကြိမ် ထုထောင်းခံထားရသဖြင့် ပိုလိမ္မာလာလေပြီ။ အသီးကို လိုချင်နေသော်လည်း ကိုယ့်သဘောနှင့်ကိုယ် မလုပ်ရဲပေ။ မျက်လုံးသေးသေးလေးဖြင့် ချင်စန်းကို သနားစရာကောင်းအောင် မော့ကြည့်ပြီး မျက်ရည်များပင် ဝဲနေကာ တိုးညှင်းသော ညည်းညူသံလေးများ ထုတ်လွှတ်နေသည်။
"ဒီအသီးက မမှည့်သေးဘူး... အခု မင်းအတွက် ဘာအသုံးဝင်မှာလဲ... စားလိုက်ရင် အလဟဿ ဖြစ်သွားမှာပေါ့"
ချင်စန်း ပြတ်သားစွာ ပြောပြီး ကိုးလွှာငရဲ မိစ္ဆာမီးလျှံများကို ဆင့်ခေါ်ကာ ပိုးကောင်အား လိမ္မာဖို့ သတိပေးလိုက်သည်။
အံ့ဩစရာ ကောင်းသည်မှာ ပိုးကောင်က အသီးကို လိုချင်လွန်းသဖြင့် ကိုးလွှာငရဲ မိစ္ဆာမီးလျှံများကိုပင် မကြောက်တော့ပေ။ ဖောင်းကားနေသော ကိုယ်လုံးလေးကို တွန့်လိမ်ပြီး ချင်စန်း လက်ချောင်းများအား မရှက်မကြောက် ပွတ်သပ်ကာ အသနားခံနေသည်။ မမှည့်သေးသော အသီးကပင် ၎င်းကို များစွာ အကျိုးပြုနိုင်ပုံ ရသည်။
ပိုးကောင်ကို လျစ်လျူရှုပြီး ချင်စန်းက လက်တစ်ထောင် ပင့်ကူသီးပင်ကို တစ်ပတ်ပတ်ကာ မြေအောက်ခန်း အတွင်းရှိ အတားအဆီးများအား သေချာ စစ်ဆေးကြည့်လိုက်သည်။
နောက်ဆုံးတွင် သူ ခေါင်းခါရမ်းမိတော့သည်။ ဤနေရာရှိ အတားအဆီးမှာ သိမ်မွေ့လွန်းသဖြင့် သူ ဝင်ရောက် စွက်ဖက်၍ မရနိုင်ပေ။ သို့တိုင် ဤမျှ ကောင်းမွန်သော အတားအဆီးကပင် လက်တစ်ထောင် ပင့်ကူသီး၏ ရနံ့ကို လုံးဝ မဖုံးကွယ်နိုင်ခဲ့။ သူ့တွင်လည်း ပိုကောင်းသော နည်းလမ်း မရှိချေ။
ဤတတိယအသီး ရင့်မှည့်ရန် နောက်ထပ် နှစ်တစ်ရာ ကြာပေဦးမည်။ ရင့်မှည့်လာသည်နှင့် ရနံ့များ အဝေးသို့ ပျံ့နှံ့သွားမည် ဖြစ်ပြီး ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထိုအချိန်ရောက်မှ ပြန်လာပြီး စောင့်ကြပ်မှသာ အခြားသူများ မတွေ့အောင် ကာကွယ်နိုင်မည် ဖြစ်သည်။
ချင်စန်း တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။ တုဟန်ကို ခြုံခိုတိုက်ခိုက်ပြီးနောက် သူ ရှီကျန်းတွင် ဆက်နေလို့ မဖြစ်တော့ပေ။
နှစ်တစ်ရာ ကြာပြီးနောက် သူ အသက်ရှင်နေသေးလျှင် အနည်းဆုံး ရွှေအမြူတေ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေလောက်ပြီ။ ထိုအချိန်ကျရင် လက်တစ်ထောင် ပင့်ကူသီး၏ တန်ဖိုးက သူ့အတွက် အရေးပါချင်မှ ပါတော့မည်။
ထို့အပြင် အချို့ဂိုဏ်းများက သူတို့၏ ရွှေအမြူတေအဆင့် တပည့်များအပေါ် ဝိညာဉ်မီးအိမ်ကဲ့သို့ လျှို့ဝှက်နည်းလမ်းများ အသုံးပြုလေ့ရှိသည်။ တုဟန် သေဆုံးကြောင်း မဟူရာ စုန်းနန်းတော် သိလိုက်ရသည်နှင့် ဤနေရာကို သေချာပေါက် စုံစမ်းစစ်ဆေးကြပေလိမ့်မည်။
မဟူရာ စုန်းနန်းတော်မှ ကျွမ်းကျင်သူများ လွှတ်ပြီး ရှာဖွေသည်နှင့် ဤမြေအောက်ခန်းကို ဖုံးကွယ်ထား၍ မရနိုင်တော့။ သူတို့လက်ထဲ ရောက်သွားစေမည့်အစား အသုံးချလိုက်ခြင်းက ပိုကောင်းပေမည်။
ဖက်တီးပိုးကောင်ကို အသီး စားခွင့် ပေးလိုက်ခြင်းကသာ အကောင်းဆုံး ရွေးချယ်စရာ ဖြစ်ပုံပင်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချင်စန်းက ပိုးကောင်ကို လွှတ်ပေးပြီး အပင်ဆီသို့ ပစ်ပေးလိုက်သည်။
ပိုးကောင်မှာ ပျော်ရွှင်လွန်း၍ အူမြူးသွားသည်။ လက်တစ်ထောင် ပင့်ကူသီးပေါ် တွယ်ကပ်လိုက်ပြီး ချက်ချင်းပင် အားပါးတရ ကိုက်ဝါး စားသောက်တော့သည်။
End
***