"နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ..."
ချင်စန်း သက်ပြင်းတစ်ချက် ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်၏။
တုရှန် ခန့်မှန်းထားသည်ထက် နှစ်ရက် နောက်ကျနေသည်။ လမ်းခရီးတွင် မမျှော်လင့်ထားသော ကိစ္စတစ်ခုခု ကြုံခဲ့ရ၍ ကြန့်ကြာနေပုံပင်။
တုဟန်က ရွှေရောင်သစ်ရွက်ပုံစံ မှော်ရတနာ တစ်ခုကို စီးနင်းလျက်။ သူ့နောက်တွင် သူ့ကို သွားရောက် ခေါ်ဆောင်သည့် တပည့်ပါ ပါလာသည်။ လူပိုတစ်ယောက် ပါလာသဖြင့် အရှိန်အနည်းငယ် လျော့ကျသွားသော်လည်း လျင်မြန်နေဆဲပင်။
"ဆရာ့ကို သတင်းပို့ပါတယ်... ဂိုဏ်းတူအစ်ကိုဆီက စာပြန်လာပါပြီ... သူတို့က အခု ပိုးမွှားငါးကောင်ဂိုဏ်းမှာ စခန်းချ စောင့်နေကြပါတယ်... ဝက်ဝံတောင် ဒေသတစ်ဝိုက်မှာ အခြေအနေ ပုံမှန်ပါပဲ... ဟိုရွှေအမြူတေအဆင့် ကျင့်ကြံသူက ပြန်မရောက်သေးပါဘူး"
တုဟန်က ရွှေရောင်သစ်ရွက် မှော်ရတနာပေါ်တွင် ခြေချိတ်ထိုင်နေပြီး ထိုတပည့်က အနောက်တွင် ရိုသေစွာ မတ်တပ်ရပ်လျက်။ အသံပေးပို့ခြင်း အဆောင်ကို ကိုင်၍ တိုးညှင်းစွာ ပြောနေသည်။
အမှန်စင်စစ် ထိုအသံပေးပို့ခြင်း အဆောင်ကို တုရှန်မှတဆင့် ချင်စန်းက ထိန်းချုပ်ကာ ပေးပို့လိုက်ခြင်း ဖြစ်သည်။
တုဟန် ခေါင်းအနည်းငယ် ညိတ်ကာ အဝေးရှိ ပိုးမွှားငါးကောင်ဂိုဏ်းဆီ လှမ်းကြည့်လိုက်သည်။ သူ့မျက်ခုံးများ တွန့်ချိုးသွားပြီး မကျေမနပ် ဖြစ်သွား၏။
"ဘာလို့ ဒီလောက် ပေါ့ဆရတာလဲ... ဘာကိစ္စ ပိုးမွှားငါးကောင်ဂိုဏ်းမှာပဲ သောင်တင်နေရတာတုန်း... ဟိုရွှေအမြူတေအဆင့် ကျင့်ကြံသူက သူတို့ကို လာရှာမှာ စောင့်နေတာလား"
တပည့်ဖြစ်သူက ခေါင်းအနည်းငယ် မော့လာပြီး ခဏတာ တွေဝေပြီးနောက် တုရှန်ဘက်မှ ကာကွယ်ပြောဆိုပေးလိုက်သည်။
"ဆရာ စိတ်ချပါ... ဂိုဏ်းတူအစ်ကိုက သေချာ စဉ်းစားပြီးလောက်ပါပြီ... ဆရာ ရောက်လာတော့မယ် ဆိုတာ တွက်မိပြီး ဆရာ့ကို ကြိုဆိုဖို့ ပိုးမွှားငါးကောင်ဂိုဏ်းမှာ စောင့်နေတာ ဖြစ်မှာပါ... ဟိုရွှေအမြူတေအဆင့် ကျင့်ကြံသူက အမြူတေ ဖွဲ့စည်းတာ တစ်နှစ်တောင် မပြည့်သေးပါဘူး... ပိုးမွှားငါးကောင်ဂိုဏ်း ခေါင်းဆောင် ပြောပြချက်အရ သူ့ရဲ့ သက်စောင့် ဂူပိုးကောင်မှာ ပြဿနာ တက်နေပုံရပါတယ်... ပိုးကောင်အသစ် ရှာဖို့ ထွက်သွားတာဆိုတော့ ချက်ချင်း ပြန်ရောက်လာဖို့ မဖြစ်နိုင်လောက်ပါဘူး... ဂိုဏ်းတူအစ်ကို ကျိုရှန်းတို့ ဒဏ်ရာ သက်သာလာတာနဲ့ ဂိုဏ်းကာကွယ်ရေး အစီအရင်ကို အားကိုးပြီး စခန်းချနေတာပါ... ဟိုလူ ရုတ်တရက် ပြန်ရောက်လာရင်တောင် သူတို့ ခဏလောက်တော့ တောင့်ခံထားနိုင်ပါလိမ့်မယ်"
တုဟန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"မင်းတို့ကောင်တွေ ဂိုဏ်းထဲမှာပဲ ကျင့်ကြံပြီး သက်တောင့်သက်သာ နေလွန်းအားကြီးနေပြီ... သတိဝီရိယတွေ ပျောက်ဆုံးကုန်ကြပြီ... ကိုယ့်ထက် အဆင့်ကြီး တစ်ခုလောက် ကွာခြားတဲ့ ကျင့်ကြံသူကို လျှော့တွက်ရဲတဲ့ ကောင်တွေက ဘယ်တော့မှ အသေလှမှာ မဟုတ်ဘူး... ဒီကိစ္စ ပြီးတာနဲ့ မင်းတို့အကုန်လုံး အပြင်ထွက်ပြီး လေ့ကျင့်ကြ... တွင်းအောင်း ဖားသူငယ်တွေလို ဖြစ်မနေစေချင်ဘူး"
တပည့်ဖြစ်သူမှာ ပြန်မပြောရဲဘဲ တိတ်ဆိတ်စွာ ခေါင်းငုံ့နေလိုက်ရသည်။
စကားပြောနေရင်း ရွှေရောင်သစ်ရွက်က လေထုကို ခွင်းလျက် ပိုးမွှားငါးကောင်ဂိုဏ်းဆီသို့ လျင်မြန်စွာ ဦးတည်သွားတော့သည်။
အဝေးမှ ဂိုဏ်းကို တဖြည်းဖြည်း လှမ်းမြင်နေရလေပြီ။ ကြာပန်းပုံသဏ္ဌာန် ကာကွယ်ရေး အစီအရင်နှင့် အတွင်းပိုင်းရှိ တောင်ထွတ်များ၏ အရိပ်အယောင်ကိုပင် မြင်နေရသည်။
တုဟန် မတ်တပ်ထရပ်ပြီး ပိုးမွှားငါးကောင်ဂိုဏ်းကို စူးစိုက်ကြည့်လိုက်သည်။
ခဏကြာ မျှော်ကြည့်ပြီးနောက် သူ့မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ သူက အသံနှိမ့်၍…
"မင်းတို့ ဝင်တုန်းက ပိုးမွှားငါးကောင်ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို တိုက်ခိုက်ခဲ့သေးလား"
တုဟန်၏ လေသံမမှန်သည်ကို သတိထားမိသဖြင့် တပည့်ဖြစ်သူက ဂိုဏ်းဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ အရာအားလုံး ပုံမှန်ပင်။ အစီအရင်မှာလည်း ပျက်စီးမည့်ပုံ မပေါ်။ သူက ကြောင်တောင်တောင် ဖြစ်သွားပြီး...
"မတိုက်ခိုက်ပါဘူး... ကျွန်တော်တို့က ဆရာ့ အမိန့်အတိုင်း ဒေသခံ အင်အားစုတွေကိုပဲ ရှေးဟောင်း အလောင်းကောင်ကို ရှာခိုင်းခဲ့တာပါ... လမ်းတစ်လျှောက်လုံး ဘာပြဿနာမှ မရှာခဲ့ပါဘူး... ဂိုဏ်းတူအစ်ကိုက မဟူရာ စုန်းနန်းတော်ရဲ့ အမှတ်အသားကို ပြလိုက်တော့ ပိုးမွှားငါးကောင်ဂိုဏ်းက ဘာမှ မမေးဘဲ ဝင်ခွင့်ပေးခဲ့တာပါ... ဂိုဏ်းခေါင်းဆောင်ဆီမှာ ဝိညာဉ်လက်နက် ပါလာလိမ့်မယ်လို့ မထင်ထားမိလို့သာ ဂိုဏ်းတူအစ်ကိုတို့ ဒဏ်ရာရသွားခဲ့တာ... ဆရာ... ဂိုဏ်းတူအစ်ကို တစ်ခုခု ဖြစ်လို့လား"
တုဟန် ခေါင်းအနည်းငယ် ခါလိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
"ငါ တစ်ခါတုန်းက အစီအရင် လမ်းစဉ်ကို ကျွမ်းကျင်တဲ့ လူသားကျင့်ကြံသူ တစ်ယောက်နဲ့ ဆွေးနွေးဖူးတယ်... အဲ့ဒီတုန်းက ဒီပညာရပ်ကို တော်တော် စိတ်ဝင်စားခဲ့တာ... အခု ပိုးမွှားငါးကောင်ဂိုဏ်းရဲ့ ကာကွယ်ရေး အစီအရင်ကို ကြည့်ရတာ တစ်မျိုးကြီးပဲ... မူမမှန်တာတွေ များနေသလိုပဲ..."
စကားမဆုံးခင်မှာပင် ရုတ်တရက် ကြောက်မက်ဖွယ် ခံစားချက်တစ်ခု သူ့ရင်ထဲ ဒလဟော ဝင်ရောက်လာသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် တုဟန် တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်တက်သွား၏။ ကြီးမားသော ဘေးအန္တရာယ် ကျရောက်တော့မည့် အငွေ့အသက်ကို အာရုံခံမိလိုက်သဖြင့် သူ့မျက်နှာထား ပျက်ယွင်းသွားတော့သည်။
"ဘယ်သူလဲ"
တုဟန် ဒေါသတကြီး အော်ဟစ်လိုက်စဉ် ရှေ့ရှိ တောင်ထိပ်မှ မျက်စိကျိန်းလောက်အောင် တောက်ပသော အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ လွန်ကဲသော အရှိန်အဟုန်နှင့် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော ဓားအလင်းတန်းတစ်ခု ပျံသန်းလာခြင်းပင်။
ချင်စန်းက ပိုးမွှားငါးကောင်ဂိုဏ်း အတွင်း၌ ခြုံခိုတိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။ တုဟန် တစ်ယောက် အစီအရင်၏ မူမမှန်မှု သို့မဟုတ် တုရှန်တို့ အပြုအမူကို သတိထားမိမည် စိုးရိမ်သဖြင့် ဤအပြင်ဘက် တောင်ကုန်းအား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က တုရှန်တို့ကို အမြန်ဖမ်းဆီးနိုင်ရန် ဂိုဏ်း၏ ကာကွယ်ရေး အစီအရင်အား အတင်းအဓမ္မ ဖျက်ဆီးခဲ့ရသည် မဟုတ်ပါလား။
နောက်ပိုင်း ပြန်ပြင်ခဲ့သော်လည်း ချင်စန်းမှာ အစီအရင် ပညာရပ်အပေါ် ကျွမ်းကျင်သူ မဟုတ်သဖြင့် အနီးကပ် ကြည့်လျှင် အပြစ်အနာအဆာများ တွေ့သွားမည်ကို စိုးရိမ်ခဲ့သည်။
သေချာ စဉ်းစားပြီးနောက် ဂိုဏ်းတံခါးဝ အပြင်ဘက်တွင် စောင့်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
မထင်မှတ်ထားသည်မှာ တုဟန်က အစီအရင် ပညာရပ်ကို အမှန်တကယ် နားလည်နေခြင်းပင်။ ဒီလောက် ဝေးကွာသော နေရာမှနေ၍ မူမမှန်မှုများကို သတိထားမိနေလေပြီ။ ချင်စန်းမှာ ပိုမစောင့်ဆိုင်းမိသည့်အတွက် တိတ်တဆိတ် ဝမ်းသာမိသော်လည်း တစ်ခဏမျှ အချိန်ဆွဲ၍ မရတော့ကြောင်း နားလည်လိုက်သည်။ သူ တိုက်ခိုက်ရပေတော့မည်။
ကံကောင်းစွာဖြင့် သူတို့ကြားရှိ အကွာအဝေးမှာ လုံလောက်စွာ နီးကပ်နေပြီ ဖြစ်သည်။
ဓားအလင်းတန်းက ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်နှင့် တပည့်ဖြစ်သူ့ ခြေထောက်များ ပျော့ခွေသွားတော့သည်။ ထိန်းချုပ်မရအောင် တုန်ယင်နေမှသာ ဆရာဖြစ်သူ၏ သတိပေးချက်မှာ မည်မျှ လေးနက်ကြောင်း နားလည်လိုက်၏။
"ရွှေအမြူတေ အဆင့်..."
တုဟန်၏ မျက်လုံးများထဲ စူးရှသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားပြီး သူ့တပည့်များ တစ်ခုခု လွဲချော်နေပြီ ဖြစ်ကြောင်း ချက်ချင်း သဘောပေါက်သွားလေပြီ။
ဤတစ်ခေါက် ရှီကျန်းသို့ ခေါ်လာသူများမှာ သူ့တပည့်များထဲတွင် ပါရမီအရှိဆုံး သူများ ဖြစ်ကြသည်။ အထူးသဖြင့် တုရှန်ဆိုလျှင် သားအရင်းကဲ့သို့ သဘောထားပြီး အနာဂတ်အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ရသူပင်။
ယခုတော့ ထိုသူများအားလုံး ဤလူ၏ လက်ချက်ဖြင့် သေဆုံးသွားလောက်ပြီဟု တွေးမိသည်နှင့် တုဟန်တစ်ယောက် ဒေါသအိုး ပေါက်ကွဲသွားတော့သည်။ ချင်စန်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်စိတ်များ တောက်လောင်လာ၏။
သို့သော် ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက် ရှေ့မှ မိုးခြိမ်းသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ ရုတ်တရက် ကြောက်မက်ဖွယ် ဖြစ်နိုင်ချေတစ်ခု သူ့ခေါင်းထဲ ဝင်လာ၏။ ဓားကျင့်ကြံသူ မရေမတွက်နိုင်အောင် တောင့်တကြသည့် ဒဏ္ဍာရီလာ စွမ်းရည်တစ်ခုကို ပြန်စဉ်းစားမိပြီး မကောင်းသော နိမိတ်တစ်ခု သူ့ရင်ထဲ စီးဝင်လာတော့သည်။
"ဓားချီမိုးကြိုးသံ..."
တုဟန် အလွန်အမင်း တုန်လှုပ်သွားသည်။ စုန်းဘုရား တိုက်ကြီးတွင် ရွှေအမြူတေ အဆင့်သို့ ယခုမှ ရောက်ရှိလာကာ ဓားချီမိုးကြိုးသံကို နားလည်သဘောပေါက်နိုင်သည့် ဓားကျင့်ကြံသူ တစ်ယောက် ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
ထပ်မံ တွေးတောနေရန် အချိန်မရှိတော့။ တုဟန်၏ ဒန်တျန်မှ အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး ဖြူဖျော့ဖျော့ အရိုးလက်သည်းတစ်ခု သူ့ချီပင်လယ်ထဲမှ ပျံထွက်လာသည်။
တချိန်တည်းမှာပင် ဓားအလင်းတန်းက လေထုကို ခွင်းလျက် တုဟန် မျက်စိရှေ့တည့်တည့်သို့ ရောက်ရှိလာလေပြီ။
သူ့မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။ ယခုမှသာ ဓားကျင့်ကြံသူများ အဘယ်ကြောင့် ဓားချီမိုးကြိုးသံကို သည်းကြီးမည်းကြီး လိုချင်ကြသည်ကို နားလည်မိတော့သည်။
ထိုအရာက မယုံကြည်နိုင်လောက်အောင် မြန်ဆန်လွန်း၏။
သူ့ကျောပြင် တစ်ခုလုံး ချွေးစေးများ စိုရွှဲလာပြီး ထိတ်လန့်သွားသော်လည်း တုဟန်က အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် တည်ငြိမ်နေဆဲပင်။ အရိုးလက်သည်းမှာ သက်ရှိသတ္တဝါ တစ်ကောင်ကဲ့သို့ လျင်မြန်ပြီး ပျော့ပျောင်းစွာ လှုပ်ရှားလျက်။ အချိန်ကိုက် ဝင်ရောက်လာသော ဓားအလင်းတန်းကို ကြားဖြတ် တားဆီးလိုက်သည်။
တစ္ဆေလက်သည်းမှာ ဖြူဖျော့ဖျော့ အလင်းရောင်များ တောက်ပလျက် ဓားအလင်းတန်းကို ရိုက်ခတ်တော့သည်။
"ဟမ်..."
တုဟန် တစ်ယောက် အရိုးလက်သည်း ထုတ်သုံးသည်ကို မြင်လျှင် ချင်စန်း အံ့ဩစွာ ရေရွတ်လိုက်မိသည်။
ဤတစ္ဆေလက်သည်းမှာ တုဟန်၏ သက်စောင့် ဝိညာဉ်လက်နက် ဖြစ်ကြောင်း သူ အာရုံခံမိလိုက်သည်။
တုဟန်မှာ စုန်းကျင့်ကြံသူ တစ်ယောက်ဖြစ်ပြီး ဂိုဏ်းကြီးတစ်ခုမှ လာသူ ဖြစ်သော်လည်း သက်စောင့် ဂူပိုးကောင်ကို မမွေးမြူထားပေ။ ထိုအစား လူသားကျင့်ကြံသူများကဲ့သို့ သက်စောင့် ဝိညာဉ်လက်နက်ကို ရွေးချယ်ထားခြင်း ဖြစ်သည်။
ဤသည်မှာ အလွန် ထူးဆန်းပြီး ချင်စန်း၏ မျှော်လင့်ချက်နှင့် လုံးဝ ကွဲလွဲနေသည်။
တုရှန်နှင့် အခြားသူများဆီမှလည်း ဤအချက်နှင့် ပတ်သက်သည့် သဲလွန်စ တစ်စုံတစ်ရာ မရခဲ့ပေ။ တုဟန်က ကောင်းမွန်စွာ ဖုံးကွယ်ထားသဖြင့် သူ့တပည့်ရင်းများပင် မသိကြ။
ထို့အပြင် မဟူရာ စုန်းနန်းတော်မှ ပေးအပ်ထားသော ဝိညာဉ်လက်နက်နှင့် ပေါင်းလိုက်လျှင် တုဟန်၏ ကိုယ်ပေါ်၌ ဝိညာဉ်လက်နက် နှစ်ခု ရှိနေခြင်းပင်။
ချင်စန်း ဆင်ထားသော ထောင်ချောက်မှာ သက်စောင့် ဂူပိုးကောင်ကို တန်ပြန်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဤကဲ့သို့ မမျှော်လင့်ထားသော အပြောင်းအလဲကို ထည့်သွင်း တွက်ချက်ထားခြင်း မရှိခဲ့ပေ။
သို့သော် တုဟန်နှင့် ပတ်သက်ပြီး ထူးဆန်းသည်မှာ ထိုအချက် တစ်ခုတည်း မဟုတ်။
အနီးကပ် ရောက်လာသည်နှင့် ချင်စန်းက တုဟန်၏ ကိုယ်ပေါ်မှ မှိန်ဖျော့ဖျော့ နတ်ဆိုးသားရဲ အငွေ့အသက် တစ်ခုကို အာရုံခံမိလိုက်သည်။ အစပိုင်းတွင် တုဟန် တစ်ယောက် ဝိညာဉ်သားရဲ တစ်ကောင် မွေးမြူထားသည်ဟု ထင်မှတ်ပြီး သတိထားလိုက်သော်လည်း ဝိညာဉ်သားရဲအိတ် သို့မဟုတ် အလားတူ ပစ္စည်းများကို ရှာမတွေ့ခဲ့ပေ။
ထို့အပြင် တုဟန်၏ စွမ်းအား အဆင့်အတန်းလည်း ရှိသေးသည်။
သူ့အရှိန်အဝါမှာ သေချာပေါက် အားကောင်းသော်လည်း ရွှေအမြူတေ အလယ်အလတ် အဆင့်သို့ တက်လှမ်းခါနီး လူတစ်ယောက်တွင် ရှိသင့်သော အဆင့်မျိုး မဟုတ်ပေ။ ချင်စန်း ခန့်မှန်းထားသည်ထက် သိသိသာသာ အားနည်းနေသည်။
သူ ကမန်းကတန်း ကာကွယ်လိုက်ရပုံကို ကြည့်လျှင် တုဟန်၏ ထိတ်လန့်မှုမှာ အစစ်အမှန် ဖြစ်ပုံရသည်။ သူ့စွမ်းအားကို တမင် ဖုံးကွယ်ထားခြင်းတော့ မဟုတ်လောက်ပေ။
တုဟန်တွင် ဖုံးကွယ်ထားသော ရောဂါဝေဒနာ တစ်ခုခု ရှိနေခြင်းလော သို့မဟုတ် အခြား အကြောင်းပြချက် တစ်ခုခု ရှိနေသလော ဆိုသည်ကိုမူ မသိရသေးပေ။
မည်သို့ဆိုစေ ထိုအချက်က ချင်စန်းအတွက် အကျိုးရှိစေသည်။
ဤအတွေးများ အားလုံး သူ့စိတ်ထဲ တခဏအတွင်း ဖြတ်သန်းသွားသော်လည်း တိုက်ပွဲအပေါ်ထားရှိသော အာရုံစူးစိုက်မှုမှာ လုံးဝ လျော့နည်းသွားခြင်း မရှိချေ။
End
***