စုန်းမျိုးနွယ် ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူများ အနေဖြင့် သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင် အတွင်းရှိ ထိပ်တန်း ရတနာများကို မရယူနိုင်စေရန် ဤစည်းကမ်းကို ထားရှိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ဆိုစေ ရွှေအမြူတေ အဆင့် ကျင့်ကြံသူများမှာ အင်အား နည်းပါးပြီး လူသားမျိုးနွယ် ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ပေ။
ဤကန့်သတ်ချက်ကြောင့် စုန်းမျိုးနွယ် ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးများ အားလုံး ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရသကဲ့သို့ ဖြစ်နေ၏။
သို့သော် စုန်းမျိုးနွယ် ကျင့်ကြံသူများ အနေဖြင့် သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင် အတွင်း ခြုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်စရာ မလိုပေ။ မုန်တိုင်းထန် နတ်ဆိုးပင်လယ် အတွင်းရှိ မိစ္ဆာမျိုးနွယ်ကို ပူးပေါင်း တိုက်ခိုက်ရန် လူသားမျိုးနွယ်နှင့် စုန်းမျိုးနွယ်တို့ မဟာမိတ် ပြုထားခဲ့ကြသည် မဟုတ်ပါလား။
အနည်းဆုံးတော့ ချန်လန်ပင်လယ် အတွင်း၌ နှစ်ဖက်စလုံးက အပေါ်ယံ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားကြသည်။ မကြာသေးမီ ကာလများ အတွင်း စစ်ပွဲကြီးများ မဖြစ်ပွားခဲ့သလို ဆက်ဆံရေးမှာလည်း ယခင်ကထက် များစွာ တိုးတက် ကောင်းမွန်နေလေပြီ။
ထို့အပြင် သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်နှင့် ပတ်သက်၍ လူသားမျိုးနွယ်က စုန်းမျိုးနွယ်အား တရားဝင် ကတိကဝတ်များ ပြုလုပ်ထား၏။ ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ယောက်လောက် အတွက်နှင့် သူတို့ ဂုဏ်သိက္ခာ ကျဆင်းခံပြီး ကတိဖျက်မည် မဟုတ်ချေ။
ထို့ကြောင့် သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင် ဖွင့်လှစ်တော့မည်ဟူသော သတင်း ပျံ့နှံ့လာတိုင်း စုန်းမျိုးနွယ်က ရတနာ ရှာဖွေရန် ရွှေအမြူတေ အဆင့် ကျင့်ကြံသူ အများအပြားကို ပင်လယ်ဖြတ်ကျော် စေလွှတ်လေ့ ရှိသည်။ တုဟန်မှာ ထိုအထဲမှ တစ်ယောက်ပင်။
ရွှေအမြူတေ အဆင့် အစောပိုင်းသာ ရှိသေးသည့် တုဟန်က လူသားမျိုးနွယ်၏ လျှို့ဝှက်နယ်မြေ တစ်ခုကို စူးစမ်းရန် ဤမျှ ဝေးကွာသော ခရီးကို နှင်လာရခြင်းမှာ သူ ရွေးချယ်ခဲ့သော လမ်းစဉ်နှင့် သက်ဆိုင်နေသည်။
ဤအချက်က ချင်စန်း စိတ်ထဲရှိ ကာလရှည်ကြာ သံသယကို ဖြေရှင်းပေးလိုက်၏။
ချန်လန်ပင်လယ်၏ အခြေအနေမှာ သူ ယခင်က သိထားသည်နှင့် များစွာ ကွာခြားမှု မရှိလှ။ ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများ... အထူးသဖြင့် သဘာဝ ရတနာများနှင့် တန်းတူညီမျှသော ထိပ်တန်း ရတနာများမှာ အလွန် ရှားပါးပြီး ရေခဲလွင်ပြင်ထက်ပင် နည်းပါးလွန်းသည်။
သို့သော် ထူးဆန်းသည်မှာ ဤနေရာရှိ လူသား ကျင့်ကြံသူများက ရေခဲလွင်ပြင်ရှိ ကျင့်ကြံသူများထက် အမြူတေ ဖွဲ့စည်းရန် ပိုလွယ်ကူနေခြင်းပင်။
အကြောင်းရင်းမှာ နတ်ဆိုးအငြိုး ဆေးလုံး အမည်ရသော ဆေးလုံးတစ်မျိုးကြောင့် ဖြစ်ပေသည်။
ဤဆေးလုံးမှာ သွေးအရိုး ဆေးလုံးနှင့် ဆင်တူပြီး နတ်ဆိုးသားရဲများကို အဓိက ပါဝင်ပစ္စည်း အဖြစ် အသုံးပြုကာ သာမန် ဝိညာဉ်ဆေးပင် အချို့နှင့် ရောစပ် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ရလဒ် အနေဖြင့် ရွှေအမြူတေ ဖွဲ့စည်းရာတွင် အံ့မခန်း ထိရောက်မှု ရှိသော ဆေးလုံး တစ်လုံး ဖြစ်လာတော့သည်။
စုန်းမျိုးနွယ်ရော လူသားမျိုးနွယ်ပါ ဆေးလုံး ဖော်စပ်ရန် နတ်ဆိုးသားရဲများကို အသုံးပြုဖို့ သီးခြားစီ ရွေးချယ်ခဲ့ကြသည်။ နတ်ဆိုးအငြိုး ဆေးလုံးနှင့် သွေးအရိုး ဆေးလုံးတို့ တိုက်ရိုက် ပတ်သက်နေ၍ မဟုတ်ဘဲ မလွှဲသာ၍သာ။
အခြား အရင်းအမြစ်များ ရှားပါးသောကြောင့် နတ်ဆိုးသားရဲများကို ကုန်ကြမ်း အဖြစ် အသုံးပြုရုံမှတပါး ရွေးချယ်စရာ မရှိကြပေ။
မုန်တိုင်းထန် နတ်ဆိုးပင်လယ် အတွင်း နတ်ဆိုးသားရဲများကို ဖမ်းဆီးခြင်းမှာ အလွန် အန္တရာယ် များသော်လည်း သဘာဝ ရတနာများ ရှာဖွေခြင်းထက် များစွာ လွယ်ကူနေသေးသည်။
သို့သော် သွေးအရိုး ဆေးလုံးကဲ့သို့ပင် နတ်ဆိုးအငြိုး ဆေးလုံးမှာလည်း ကြီးမားသော အန္တရာယ်များ ရှိနေ၏။
နတ်ဆိုးသားရဲများမှ ဖော်စပ်ထားသောကြောင့် ပြီးစီးသွားသော ဆေးလုံးထဲတွင် နတ်ဆိုးအငြိုးချီ အငွေ့အသက် အနည်းငယ် ကျန်ရှိနေတတ်သည်။ ချန်လန်ပင်လယ်မှ ဆေးပညာရှင်များပင် ထိုအရာကို လုံးဝ ဖယ်ရှားပစ်နိုင်ခြင်း မရှိချေ။
အတုအယောင် အမြူတေ အဆင့် ကျင့်ကြံသူများက နတ်ဆိုးအငြိုး ဆေးလုံး၏ ဆေးစွမ်းကို စုပ်ယူလိုက်သည့်အခါ ဒန်တျန် အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို လှုံ့ဆော်ပေးပြီး အမြူတေ ဖွဲ့စည်းနိုင်မည့် အခွင့်အလမ်းကို တိုးမြင့်စေသည်။ သို့သော် တချိန်တည်းမှာပင် နတ်ဆိုးအငြိုးချီများက ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး မူလဝိညာဉ် အတွင်း အမြစ်တွယ်သွားတော့သည်။
နတ်ဆိုးအငြိုး ဆေးလုံး များများ သုံးစွဲလေ... ခန္ဓာကိုယ် အတွင်း အငြိုးချီများ ပိုစုပုံလာလေ ဖြစ်သည်။
အငြိုးချီများ ပေါက်ကွဲထွက်လာသည်နှင့် ကျင့်ကြံသူမှာ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့ကာ ရူးသွပ်သွားပြီး ကုသ၍ မရနိုင်တော့ပေ။ ထို့ကြောင့် သုံးစွဲနိုင်သည့် ပမာဏ ကန့်သတ်ချက် ရှိပြီး မဆင်မခြင် အသုံးမပြုရဲကြချေ။
သို့တိုင်အောင် ရွှေအမြူတေ အောင်မြင်စွာ ဖွဲ့စည်းနိုင်မှု နှုန်းထားမှာ ရေခဲလွင်ပြင်ထက် သိသိသာသာ မြင့်မားနေဆဲပင်။
နတ်ဆိုးအငြိုးချီ၏ ဖုံးကွယ်နေသော အန္တရာယ်များမှာ ကျင့်ကြံသူ တစ်ယောက် အမြူတေ ဖွဲ့စည်းပြီးမှသာ စတင် ပေါ်ပေါက်လာသည်။ သူတို့တွင် နတ်ဆိုးအငြိုးချီ အရိပ်အယောင် အနည်းငယ် ကျန်ရှိနေရုံ သာမက အမြူတေ ဖွဲ့စည်းပြီးနောက် သူတို့ စွမ်းအားကိုလည်း ထိခိုက်စေသည်။
ကြောက်မက်ဖွယ် အကောင်းဆုံး အကျိုးဆက်မှာ ထိုအငြိုးချီများ မူလဝိညာဉ် အတွင်း ကျန်ရှိနေပါက အနာဂတ် အဆင့်တက်လှမ်းမှုများကို များစွာ အဟန့်အတား ဖြစ်စေခြင်းပင်။
အဆင့်ငယ်များ တက်လှမ်းရာတွင် အနည်းငယ်သာ သက်ရောက်မှု ရှိသော်လည်း ဝိညာဉ်သန္ဓေသား အဆင့်သို့ ရောက်ရှိရန် ကြိုးပမ်းသည့်အခါ နတ်ဆိုးအငြိုးချီ တစ်စွန်းတစ်စ ရှိနေရုံမျှဖြင့် လုံးဝ မအောင်မြင်နိုင်တော့ပေ။
ဤအကြောင်းကြောင့် နတ်ဆိုးအငြိုး ဆေးလုံး အသုံးပြု၍ အဆင့်တက်လှမ်းခဲ့သော ကျင့်ကြံသူတိုင်းမှာ သူတို့၏ မူလဝိညာဉ်ကို သန့်စင်ရန်နှင့် နတ်ဆိုးအငြိုးချီများကို ဖယ်ရှားရန် ရှည်လျားပြီး ခက်ခဲသော ခရီးကြမ်းကို ဖြတ်သန်းကြရသည်။ အငြိုးချီမှာ အမြစ်တွယ်နေပြီ ဖြစ်သောကြောင့် ဖယ်ရှားရန် အလွန် ခက်ခဲ၏။ ကျင့်ကြံသူ များစွာမှာ ရွှေအမြူတေ အဆင့် နှောင်းပိုင်းသို့ ရောက်သည်အထိ အပြည့်အဝ မသန့်စင်နိုင်ကြဘဲ ဝိညာဉ်သန္ဓေသား အဆင့် ဖြစ်လာမည့် အခွင့်အရေး လက်လွတ်သွားရသဖြင့် သက်ပြင်းချရုံသာ တတ်နိုင်ကြတော့သည်။
ထို့ကြောင့် ချန်လန်ပင်လယ်တွင် အမြူတေ ဖွဲ့စည်းနိုင်သော အတုအယောင် အမြူတေ အဆင့် ကျင့်ကြံသူ အရေအတွက်မှာ ရေခဲလွင်ပြင်ထက် များစွာ ပိုများသော်လည်း နောက်ဆုံးတွင် ဝိညာဉ်သန္ဓေသား အဆင့်သို့ ရောက်ရှိသူ အရေအတွက်မှာ အတူတူလောက်သာ ရှိလေသည်။
နတ်ဆိုးအငြိုး ဆေးလုံးဆိုသည်မှာ မုန်တိုင်းထန် နတ်ဆိုးပင်လယ် နောက်ခံရှိသော ချန်လန်ပင်လယ်မှ ကျင့်ကြံသူများသာ ဖော်စပ်နိုင်သည့် အရာပင်။ ရေခဲလွင်ပြင်တွင် ထိုကဲ့သို့ သတ်ဖြတ်မှုမျိုး ပြုလုပ်နိုင်ရန် လုံလောက်သော နတ်ဆိုးသားရဲများ မရှိချေ။
နတ်ဆိုးအငြိုး ဆေးလုံး ဖော်စပ်ခြင်းတွင်လည်း ကိုယ်ပိုင် လိုအပ်ချက်များ ရှိသည်။ အကောင်းဆုံး ကုန်ကြမ်းများမှာ နတ်ဆိုးဝိညာဉ် အဆင့် ထိပ်ဆုံး သို့မဟုတ် နတ်ဆိုးအမြူတေ အဆင့် အစောပိုင်းရှိ သားရဲများ ဖြစ်သည်။
ကျင့်ကြံမှု နိမ့်လွန်းပါက ဆေးစွမ်း မလုံလောက်ဘဲ မြင့်လွန်းပါက ဆေးလုံးထဲရှိ နတ်ဆိုးအငြိုးချီများ ပြင်းထန်လွန်းသဖြင့် စားသုံးသော ကျင့်ကြံသူမှာ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ထို့အပြင် ဓာတ်ကြီးငါးပါး အလိုက် ခွဲခြားထားသဖြင့် ကျင့်ကြံသူများ အနေဖြင့် မိမိတို့၏ ဓာတ်သဘာဝ အလိုက် ရွေးချယ် သုံးစွဲရသည်။
နတ်ဆိုးအငြိုး ဆေးလုံး၏ ဆွဲဆောင်မှုမှာ ကြီးမားလွန်းသည်။ အမြူတေ ဖွဲ့စည်းရန် အခွင့်အလမ်း မရှိသော ကျင့်ကြံသူများအတွက် မျှော်လင့်ချက် ပေးစွမ်းသည် မဟုတ်ပါလား။
ကိုယ့်ဘာသာ ကြိုးစားသူများ ရှိသည့်တိုင် ပါရမီရှင်များ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် အလွန် ယုံကြည်မှု ရှိသူများသာ ဖြစ်ပြီး ထိုသည်မှာလည်း လူနည်းစုသာ။ အများစုမှာ နတ်ဆိုးအငြိုး ဆေးလုံး၏ မြှူဆွယ်မှုကို မလွန်ဆန်နိုင်ကြပေ။
ချင်စန်း အနေဖြင့် ဤစိတ်ထားကို ကောင်းစွာ နားလည်နိုင်သည်။ အုပ်မြစ်တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရန် ကိုယ့်ကိုယ်ကိုယ် ရောင်းစားခဲ့စဉ်က သူ့အတွေးများမှာလည်း ထိုနည်းလည်းကောင်းပင်။
အရင်ဆုံး အဆင့်တက်အောင် လုပ်မယ်... နောက်ဆက်တွဲ ပြဿနာတွေကို နောက်မှ ရှင်းမယ်...
တကယ်တမ်း ဤသည်မှာ ချင်စန်းအတွက် သတင်းကောင်းပင်။ အနာဂတ်တွင် သူ ရင်ဆိုင်ရမည့် ပြိုင်ဘက်များမှာ နတ်ဆိုးအငြိုးချီကြောင့် စွမ်းအား လျော့နည်းနေနိုင်သဖြင့် အနိုင်ယူရန် ပိုလွယ်ကူပေလိမ့်မည်။
သူက ရန်သူကို လှည့်စားရန်နှင့် အားနည်းချင်ယောင်ဆောင်ရန် ကိုယ်တိုင်အတွက် နတ်ဆိုးအငြိုး ဆေးလုံး အနည်းငယ် ရှာဖွေထားဖို့ပင် စဉ်းစားလိုက်သေးသည်။
ကျောက်စိမ်းဗုဒ္ဓ ရှိနေသရွေ့ နတ်ဆိုးအငြိုးချီများ သူ့မူလဝိညာဉ်ကို ကျူးကျော်မည်ကို ကြောက်စရာ မလိုပေ။
တုဟန်ထံမှ နတ်ဆိုးအငြိုး ဆေးလုံး၏ အာနိသင်များကို သိလိုက်ရပြီးနောက် ချင်စန်း ခေတ္တမျှ တွေဝေသွားမိသည်။
ကျောက်စိမ်းဗုဒ္ဓ ကာကွယ်မှုကြောင့် နတ်ဆိုးအငြိုး ဆေးလုံး၏ ဖုံးကွယ်နေသော အန္တရာယ်များမှာ သူ့အတွက် မရှိသလောက်ပင်။ သူ ကြိုက်သလောက် သုံးစွဲနိုင်သည် မဟုတ်ပါလား။ အကယ်၍ ထိုစဉ်က သူသာ ချန်လန်ပင်လယ်သို့ ရောက်ခဲ့လျှင် အမြူတေ ဖွဲ့စည်းမည့် အခွင့်အရေး ရဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အလောင်းကောင် အဖြစ် သန့်စင်ပြီး ဒုက္ခခံစရာ လိုမည် မဟုတ်ပေ။
သို့သော် သူသာ ဤနေရာသို့ ရောက်ခဲ့လျှင် မူလဝိညာဉ် ဓားမွေးမြူခြင်း ကျင့်စဉ်ကို ဘယ်တော့မှ တွေ့ခဲ့မည် မဟုတ်ချေ။
တစ်ဖက်တွင် အဆင့်တက်လှမ်းရန် ခက်ခဲမှု... အခြားတစ်ဖက်တွင် ကျင့်ကြံခြင်း အမြန်နှုန်း...
ဘယ်အရာက ပိုအလေးသာသည် ဆိုသည်ကိုတော့ ချင်စန်း ကိုယ်တိုင်သာ ချိန်ဆနိုင်ပေလိမ့်မည်။
အစောပိုင်းက တုဟန်၏ စွမ်းအားမှာ ဂုဏ်သတင်းနှင့် မလိုက်ဖက်ကြောင်း ချင်စန်း ခံစားခဲ့ရသည်။ ထိုအချက်မှာ နတ်ဆိုးအငြိုး ဆေးလုံး၏ အကျိုးသက်ရောက်မှုကြောင့်ပင်။
ဆေးလုံးမှာ ထိရောက်သော်လည်း အသုံးပြုရန် ရွေးချယ်သည့် စုန်းမျိုးနွယ် ကျင့်ကြံသူ အရေအတွက်မှာ နည်းပါးလှသည်။
ပထမ အကြောင်းရင်းမှာ အန္တရာယ်များသောကြောင့် ဖြစ်ပြီး ဒုတိယ အကြောင်းရင်းမှာ ပို၍ ထူးဆန်းသည်။ အကြောင်းရင်း မသိရသော်လည်း နတ်ဆိုးအငြိုးချီ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်နှင့် စုန်းမျိုးနွယ် ကျင့်ကြံသူများမှာ သူတို့၏ မွေးရာပါ ပါရမီကို ဆုံးရှုံးသွားကြသည်။ သူတို့ သက်စောင့် ဂူပိုးကောင်၏ ပြန်ကန်မှုကို မထိန်းချုပ်နိုင်တော့ဘဲ စွန့်လွှတ်လိုက်ရတော့သည်။
သူတို့ စွမ်းအား ကျဆင်းသွားရုံ သာမက နှစ်ပေါင်းများစွာ ကြိုးစားခဲ့သော ကျင့်ကြံခြင်းများလည်း အလဟဿ ဖြစ်သွားရသည်။
ထို့အပြင် နတ်ဆိုးအငြိုး ဆေးလုံးဖြင့် အဆင့်တက်လှမ်းနိုင်မှု နှုန်းမှာ သက်စောင့် ဂူပိုးကောင်ကို အားကိုးခြင်းထက် သိပ်မပိုကြောင်း ပြောကြသည်။ အခြား လမ်းစများ အကုန် ပိတ်သွားမှသာ စုန်းမျိုးနွယ်များက ဤနည်းလမ်းကို စဉ်းစားကြခြင်း ဖြစ်သည်။
တုဟန်မှာ ထိုကဲ့သို့ မျှော်လင့်ချက်မဲ့သော အခြေအနေနှင့် ကြုံတွေ့ခဲ့ရခြင်းပင်။ အမြူတေ ဖွဲ့စည်းရန် မျှော်လင့်ချက် မရှိတော့သဖြင့် သူ့ သက်စောင့် ဂူပိုးကောင်ကို စွန့်လွှတ်ရန် ဆုံးဖြတ်ခဲ့ပြီး နတ်ဆိုးအငြိုး ဆေးလုံးအား အသုံးပြုကာ အောင်မြင်စွာ အဆင့်တက်လှမ်းနိုင်ခဲ့သည်။
ထိုအချိန်မှစ၍ နောက်ပြန်လှည့်စရာ လမ်းမရှိတော့ပေ။
အမြူတေ ဖွဲ့စည်းပြီးနောက် တုဟန်က အတွေ့အကြုံ ရှာဖွေရန် ထွက်ခွာခဲ့သည်။ သူက လူသား ကျင့်ကြံသူ များစွာနှင့် အဆက်အသွယ် လုပ်ခဲ့ပြီး လူသား ကျင့်ကြံခြင်း နည်းစနစ်များကိုပင် ပြောင်းလဲ ကျင့်ကြံခဲ့၏။ ဤသည်မှာ သူ သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်ထဲ ဝင်ရောက်ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။
သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ရာတွင် ကောင်းကင်မှ ကျဆင်းလာသော ရှေးဟောင်း အလောင်းကောင် ဆိုသည့် ကြီးကျယ်သော ဖြစ်ရပ်ကြီးနှင့် ကြုံတွေ့ရမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ထိုမြင်ကွင်းက ရှိနေသော ကျင့်ကြံသူများအပေါ် နက်ရှိုင်းသော အထင်အမြင် ကျန်ရစ်စေခဲ့သည်။ စူးရှသော မျက်လုံးပိုင်ရှင် တစ်ယောက်က ထိုပုံရိပ်ကို ပုံဆောင်ခဲ အတွင်း မှတ်တမ်းတင်ထားခဲ့၏။ တုဟန်၏ သိုလှောင်အိတ်ထဲတွင် ထိုကဲ့သို့ ပုံဆောင်ခဲ တစ်ခု ပါဝင်နေသည်။
“ကောင်းကင်မှ ကျဆင်းလာသော ရှေးဟောင်း အလောင်းကောင်” ဖြစ်ရပ်မှာ သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင် အတွင်းရှိ အခမ်းနားဆုံး ရှေးဟောင်း မျှော်စင်ကြီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုမျှော်စင်ကြီးကို တိမ်တိုက်များက အလွှာလိုက် ဝန်းရံထားပြီး ကောင်းကင်ယံအထိ ထိုးတက်နေ၏။ ၎င်းကို ကောင်းကင်မျှော်စင်ဟူ၍ ခေါ်ဆိုကြသည်။
ကောင်းကင်မျှော်စင် အတွင်းတွင် မရေမတွက်နိုင်သော အတားအဆီးများ ရှိပြီး အလွန် အန္တရာယ် များလှသည်။ ကောလဟာလများအရ လူသားမျိုးနွယ် ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးများပင် ၎င်း ထိပ်ဆုံးသို့ ရောက်ရန် မအောင်မြင်ခဲ့ပေ။
ထိုကဲ့သို့ နေရာမျိုးတွင် အလောင်းကောင် တစ်လောင်း ကောင်းကင်မှ ရုတ်တရက် ပြုတ်ကျလာခဲ့သည်။ ဤသည်မှာ မကြုံစဖူး ဖြစ်ရပ်တစ်ခု ဖြစ်ပြီး ကြီးမားသော တုန်လှုပ်မှုနှင့် ထင်ကြေးပေးမှုများကို ဖြစ်ပေါ်စေခဲ့၏။
လက်တစ်ဖက်ပြတ် အလောင်းကောင်မှာ ကောင်းကင်မျှော်စင် ထိပ်ဆုံးမှ ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက်၏ ရုပ်အလောင်း ဖြစ်သည်ဟု လူများစွာ ယုံကြည်ကြသည်။ မဟုတ်လျှင်ပင် ထိပ်ဆုံးသို့ ရောက်ရှိနိုင်သော ကျင့်ကြံသူ တစ်ယောက်မှာ သာမန် မဖြစ်နိုင်သလို ထိပ်တန်း ရတနာ တစ်ခုခု ပါလာနိုင်သည် မဟုတ်ပါလား။
မျှော်စင် အနီးရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများ ထိုနေရာသို့ ရောက်ရှိလာကြပြီး ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေး အများအပြားလည်း ပါဝင်သည်။
သို့တိုင်အောင် သူတို့ အရေအတွက် များပြားသော်လည်း လက်တစ်ဖက်ပြတ် အလောင်းကောင် လေထဲတွင် ပျောက်ကွယ်သွားသည်ကို လက်ပိုက် ကြည့်နေရုံမှတပါး မတတ်နိုင်ခဲ့ကြချေ။
End
***