လက်တစ်ဖက် လှန်လိုက်သည်နှင့် ကြည်လင် တောက်ပသော ပုံဆောင်ခဲ အပိုင်းအစ တစ်ခု ချင်စန်း၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။
သူက ပုံဆောင်ခဲ အတွင်းသို့ သူ့စစ်မှန်သော စွမ်းအင်ကို ထည့်သွင်းလိုက်ရာ ပုံဆောင်ခဲမှာ ရုတ်တရက် တုန်ခါသွားပြီး မှိန်ဖျော့သော နို့နှစ်ရောင် အလင်းတန်း တစ်ခု အတွင်းမှ ဖြာထွက်လာသည်။ မကြာမီတွင် ရှင်းလင်း ပြတ်သားသော မြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။
ချင်စန်းက ပုံရိပ်ကို စူးစိုက် ကြည့်လိုက်သည်။
ကောင်းကင်မျှော်စင်ကြီးမှာ မိုးထိအောင် မြင့်မားနေပြီး လက်တစ်ဖက်ပြတ် ရှေးဟောင်း အလောင်းကောင်ကြီး ကောင်းကင်မှ ထိုးကျလာ၏။
ထူထပ်သော တိမ်ပင်လယ်ကြားမှ ရှေးဟောင်း အလောင်းကောင်၏ မသဲမကွဲ ပုံရိပ်ကိုသာ မြင်တွေ့ရသည်။ ထိုပုံရိပ်ကို ထူထဲသော အလောင်းကောင်ချီများ ဖုံးလွှမ်းထားပြီး အလွန် လေးလံလွန်းသဖြင့် တိမ်ဖြူများပင် ထူးဆန်းသော အရောင် ပြောင်းလဲနေလေပြီ။
အလောင်းကောင် တိမ်ပင်လယ်ထဲမှ ပြုတ်ကျလုနီးပါး ဖြစ်ချိန်တွင် ခြေရာလက်ရာ မကျန် ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ခဏတွင် စွမ်းအားကြီး ပုဂ္ဂိုလ် အများအပြား ကောင်းကင်သို့ ပျံတက်သွားသော်လည်း တိမ်တိုက်များ အောက်တွင် ပိတ်မိနေပြီး ဖြတ်ကျော်နိုင်ခြင်း မရှိဘဲ လေထဲတွင်သာ ယောင်ချာချာ ဖြစ်ကျန်ရစ်ခဲ့ကြသည်။
ပုံဆောင်ခဲ အတွင်းရှိ မြင်ကွင်းမှာ ရုတ်တရက် ပြီးဆုံးသွား၏။
သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်မှ ရုတ်တရက် ပျောက်ကွယ်သွားပြီး ဝေးကွာသော စုန်းဘုရား တိုက်ကြီးတွင် ပြန်လည် ပေါ်ပေါက်လာရသည့် အကြောင်းရင်းမှာ ပုစ္ဆာတစ်ပုဒ် အဖြစ် ကျန်ရှိနေဆဲပင်။ ဤမေးခွန်းက ချင်စန်း နှလုံးသားထဲ စွဲထင်နေပြီး ပျောက်ကွယ်သွားခြင်း မရှိချေ။
ငါ့ကို ဒီနေရာဆီ ပို့ဆောင်လိုက်တဲ့ ထူးဆန်းတဲ့ အစီအရင် တစ်ခုခုများ သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်ထဲမှာ ရှိနေတာလား... ဒါမှမဟုတ် ကောင်းကင်မျှော်စင် အတွင်းက လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်ယောက်ယောက်က ငါ့ကို သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်ထဲကနေ ဖယ်ထုတ်ပြီး ဒီနေရာကို လွှင့်ပစ်လိုက်တာလား...
ချင်စန်း ခေါင်းပေါက်မတတ် စဉ်းစားသော်လည်း အဖြေရှာမရခဲ့ပေ။ သို့သော် ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်မှာ ကောင်းကင်မျှော်စင် ထိပ်ဆုံးတွင် ရှိနေဖို့ များကြောင်း သူ သဘောပေါက်ထားပြီး ဖြစ်သည်။ ဆိုလိုသည်မှာ ဤကာလ အတောအတွင်း ရှီကျန်းတွင် သူ လုပ်ဆောင်ခဲ့သမျှ အရာအားလုံး အချည်းနှီး ဖြစ်သွားခဲ့လေပြီ။
အကယ်၍ သူသာ အမှန်တရားကို ဖော်ထုတ်ပြီး ရှေးဟောင်း တည်နေရာ ကူးပြောင်းခြင်း အစီအရင်ကို ရှာဖွေချင်လျှင် သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်ထဲ ကိုယ်တိုင် ဝင်ရောက်ရပေမည်။
သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင် နောက်တစ်ကြိမ် ဖွင့်လှစ်မည့် အချိန်မှာ ဆယ်စုနှစ် အနည်းငယ် ကြာမြင့်ဦးမည် ဖြစ်သည်။ ၎င်း၏ ကာကွယ်ရေး ကောင်းကင် အစီအရင် ငြိမ်သက်သွားသည့် အချိန် ရောက်မှသာ ဂိုဏ်းအဖွဲ့အစည်း တစ်ခုခုက အစီအရင် တစ်ခု စီစဉ်ပြီး အတင်းအကြပ် ဝင်ရောက် ဖွင့်လှစ်နိုင်မည် ဖြစ်သည်။ ထိုအခါမှသာ အခွင့်အရေး ပေါ်ပေါက်လာပေလိမ့်မည်။
ဤကြားကာလ အတွင်း သူ့အတွက် အရေးတကြီးဆုံး ကိစ္စမှာ သူ့စွမ်းအားကို တတ်နိုင်သမျှ မြှင့်တင်ဖို့ပင်။
တုဟန်ထံမှ သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်၏ အသေးစိတ် အချက်အလက် အားလုံးကို မရခဲ့သော်လည်း သူ သိရှိခဲ့ရသမျှ အချက်အလက်များ အရ ထိုနေရာမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် အန္တရာယ်များပြီး ခြေလှမ်းတိုင်းတွင် သေမင်းတမန် ထောင်ချောက်များ ရှိနေကြောင်း သိသာနေလေပြီ။ ကျီဝေနန်းတော်၏ အပြင်ဘက် နန်းတော်နှင့် တန်းတူပင်။
ကျီဝေနန်းတော်၏ အတွင်းဘက် နန်းတော်ကဲ့သို့ လောကနိဗ္ဗာန် ဘုံတစ်ခု မဟုတ်သည်ကား သေချာ၏။
ရွှေအမြူတေ အဆင့် အစောပိုင်း ကျင့်ကြံသူများ အနေဖြင့် သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်ထဲ ဝင်ရောက်ခြင်းမှာ အောက်ဆုံးအဆင့်မှ စတင်ခြင်းနှင့် တူညီသည်။
“မူလဝိညာဉ် ဓားမွေးမြူခြင်းရဲ့ ကျင့်ကြံမှုနှုန်းနဲ့ဆိုရင် ငါသာ ဇွဲရှိရှိ ကြိုးစားမယ်ဆို ဆယ်စုနှစ် အနည်းငယ် အတွင်း ရွှေအမြူတေ အလယ်အလတ် အဆင့်ကို ရောက်ဖို့ လုံလောက်တယ်... ဒီနည်းစနစ်မှာ အဆင့်ငယ်တွေအတွက် ပိတ်ဆို့မှုတွေ မရှိဘူးလေ... ငါ မုန်တိုင်းထန် နတ်ဆိုးပင်လယ်ကို အမြန်ဆုံး သွားရမယ်...”
ချင်စန်း တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သူ့ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံး နေရာမှာ မုန်တိုင်းထန် နတ်ဆိုးပင်လယ်ပင်။ ထိုနေရာတွင် သူက သတ်ဖြတ်ခြင်း သင်္ကေတကို နားလည် သဘောပေါက်နိုင်သလို နတ်ဆိုးသားရဲများကို ဝိညာဉ်ကျောက်တုံးများဖြင့် လဲလှယ်နိုင်သည် မဟုတ်ပါလား။
သို့သော် စိုးရိမ်ပူပန်မှု တစ်ခုက သူ့စိတ်ကို အမြဲ ခြောက်လှန့်နေသည်။ ကောင်းကင်မျှော်စင်မှာ ကောလာဟလများ ဆိုသကဲ့သို့ အမှန်တကယ် အန္တရာယ်များပါက သူ ရေခဲလွင်ပြင်သို့ မပြန်မီ ဝိညာဉ်သန္ဓေသား အဆင့် ရောက်သည်အထိ စောင့်ဆိုင်းရမည်လော။
သို့သော် တုအယ် ဆေးလုံး မရှိဘဲ ဝိညာဉ်သန္ဓေသား ဖွဲ့စည်းနိုင်မည့် အခွင့်အလမ်း မည်မျှ ရှိမည်နည်း။
ထိုအတွေးက ချင်စန်းကို ခေါင်းကိုက်သွားစေသည်။
တစ်ချိန်တည်းမှာပင် သူ တိတ်တဆိတ် စိတ်သက်သာရာ ရသွား၏။
ကောင်းကင်မျှော်စင် ထိပ်ဆုံးရှိ တိမ်ဖြူများမှာ အလွန် ထူးခြားပြီး အတွင်း၌ ရှေးဟောင်း အတားအဆီးများ ပါဝင်သည်ဟု ဆိုကြသည်။ ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးများပင် သူတို့ စိတ်စွမ်းအင်ဖြင့် တိမ်တိုက်များကို ဖောက်ထွင်း မမြင်နိုင်ချေ။
ထို့ကြောင့် အလောင်းကောင် မည်သူမည်ဝါ ဖြစ်ကြောင်းကို စိတ်စွမ်းအင် အသုံးပြု၍ စမ်းသပ်ရန် မဖြစ်နိုင်ပေ။
သာမန် မျက်စိဖြင့် ကြည့်လျှင်ပင် ထူထဲသော မြူများနှင့် အလောင်းကောင်ချီများကြောင့် ရှေးဟောင်း အလောင်းကောင်၏ မျက်နှာကို မြင်မည်မဟုတ်။
ထို့အပြင် ကွေးကွေးလေး ဖြစ်နေသော ကိုယ်နေဟန်ထားကြောင့် ခန္ဓာကိုယ် တည်ဆောက်ပုံကိုပင် သေချာ မခွဲခြားနိုင်ပေ။
အလောင်းကောင်ချီများမှာ လွှမ်းခြုံထားပြီး လူသွားလူလာ နည်းပါးသော ကောင်းကင်မျှော်စင် ထိပ်ဆုံးမှ ပြုတ်ကျလာသောကြောင့် မျက်မြင် ကိုယ်တွေ့ မြင်တွေ့ခဲ့ရသူ မည်သူမဆို ပြုတ်ကျလာသော ပုံရိပ်မှာ အသက်ရှင်နေဦးမည်ဟု ဘယ်တော့မှ သံသယ ဝင်မည် မထင်ပေ။
ပြတ်သွားသော လက်မောင်း ပြန်လည် ကောင်းမွန်လာပြီး အလောင်းကောင်ချီများ သန့်စင်သွားပြီးနောက် မည်သူက ချင်စန်းအား ထိုရှေးဟောင်း အလောင်းကောင်နှင့် ဆက်စပ် တွေးတောမိတော့မည်နည်း။
သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်နှင့် ရှေးဟောင်း အလောင်းကောင် မည်မျှ နက်ရှိုင်းစွာ ဆက်စပ်နေကြောင်း... လူအများ၏ အာရုံစိုက်မှုကို မည်မျှ ရရှိခဲ့ကြောင်း သိလိုက်ရပြီးနောက် ချင်စန်း အလွန် စိုးရိမ် ပူပန်ခဲ့မိသည်။ တစ်စုံတစ်ယောက် သူ့အထောက်အထားကို ရှာတွေ့ပြီး ချန်လန်ပင်လယ်တွင် အသက်ရှင် နေထိုင်ရန် မဖြစ်နိုင်တော့မည်ကို ကြောက်ရွံ့ခဲ့သည်။
ပုံဆောင်ခဲ၏ ပုံရိပ်ကို မြင်ပြီးမှသာ သူ စိတ်အေးသွားတော့သည်။
တုဟန်၏ အဆိုအရ ရှေးဟောင်း အလောင်းကောင် ပျောက်ကွယ်သွားပြီးနောက် ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေး တစ်ဦးက တစ်စုံတစ်ယောက် နေ့ခင်းကြောင်တောင် ခိုးယူသွားသည်ဟု ထင်ကြေးပေးခဲ့သဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်လုနီးပါး ဖြစ်ခဲ့သေးသည်။
ထိုဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးများကြား ဆွေးနွေးမှု ရလဒ်ကို တုဟန် မသိရသော်လည်း ကံကောင်းစွာဖြင့် စစ်ပွဲ မဖြစ်ပွားခဲ့ပေ။
သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင် ပိတ်သိမ်းပြီးနောက် လူသားမျိုးနွယ် ဂိုဏ်းအဖွဲ့အစည်း အချို့က ရှေးဟောင်း အလောင်းကောင်ကို ရှာဖွေနေကြောင်း သတင်းများ စတင် ဖြန့်ဝေခဲ့ကြသည်။ ထိုအခါမှသာ တုဟန်နှင့် အခြားသူများက လူသားမျိုးနွယ် ဝိညာဉ်သန္ဓေသား အဆင့် ကျင့်ကြံသူများပင် ရှာမတွေ့ခဲ့ကြောင်း သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။
စုန်းဘုရားတိုက်ကြီးသို့ ပြန်ရောက်သည်နှင့် သူတို့က သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင် အတွင်းရှိ အပြောင်းအလဲများကို ဂိုဏ်းများထံ ချက်ချင်း သတင်းပို့ပြီး လူသား ကျင့်ကြံသူများ နည်းတူ တိုက်ကြီးပေါ်တွင် ရှေးဟောင်း အလောင်းကောင်ကို ရှာဖွေရန် မျှော်လင့်ခဲ့ကြသည်။
တကယ်လို့များ စုန်းဘုရား တိုက်ကြီးဆီ တကယ် ရောက်လာခဲ့ရင်ကော...
သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်မှာ လူသားမျိုးနွယ်၏ အရေးအကြီးဆုံး လျှို့ဝှက်နယ်မြေများထဲမှ တစ်ခု မဟုတ်ပါလား။ ရှေးဟောင်း အလောင်းကောင်တွင် မည်သည့် လျှို့ဝှက်ချက်များ ပါနေသည်ကို မည်သူ သိနိုင်မည်နည်း။
သို့သော် ခန်းမဆောင်ထဲ ဝင်ရောက်ခဲ့သူ အနည်းငယ်ကိုသာ အားကိုးခြင်းဖြင့် များစွာ ခရီးရောက်မည် မဟုတ်ပေ။ သူတို့၏ အရင်းအမြစ်များမှာ အကန့်အသတ် ရှိသည်။ ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေး တစ်ဦး၏ ထောက်ခံမှုကို မရလျှင် စုန်းဘုရား တိုက်ကြီး၏ အင်အား အပြည့်အဝကို စုစည်းရန် မဖြစ်နိုင်ချေ။
သို့သော် တုဟန် သတင်းပို့ပြီးနောက် ပင်လယ်ထဲ ကျောက်ခဲ ပစ်ချလိုက်သလို အသံဗလံမရှိ ပျောက်ကွယ်သွားတော့သည်။ နောက်ပိုင်းမှသာ သူ့ဆရာ သီးသန့် ကျင့်ကြံနေကြောင်း သိလိုက်ရသည်။
မထင်မှတ်ထားသည်မှာ အခြားသူများကို ဆက်သွယ်ကြည့်ရာ နေရာတိုင်းတွင် ထိုကဲ့သို့ ဖြစ်ပျက်နေကြောင်း တွေ့လိုက်ရခြင်းပင်။ ဂိုဏ်းကြီးတိုင်း၏ ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးများမှာ တိုက်ဆိုင်စွာဖြင့် ဤအချိန်တွင် သီးသန့် ကျင့်ကြံနေကြသည်။
ဤအထဲတွင် စုန်းမျိုးနွယ်၏ အင်အားအကြီးဆုံး ထိပ်တန်း ဂိုဏ်းကြီး သုံးခုထဲမှ တစ်ခုပင် ပါဝင်နေသည်။
ထိုကဲ့သို့ တိုက်ဆိုင်မှုမျိုး အမှန်တကယ် ဖြစ်နိုင်စရာ အကြောင်း မရှိပေ။
ထိုဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးများ ဂိုဏ်းများမှ ထွက်ခွာသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်ပြီး အလွန် အရေးကြီးသော ကိစ္စတစ်ခုကို တိတ်တဆိတ် ကြံစည်နေကြခြင်း ဖြစ်ကြောင်း သူတို့ ချက်ချင်း သဘောပေါက်လိုက်ကြသည်။
စုန်းမျိုးနွယ်မှာ တညီတညွတ်တည်း ရှိသော အင်အားစု တစ်ခု မဟုတ်ပေ။ မည်သို့ပင် ဖြစ်ပျက်နေပါစေ ကြီးမားသော ကိစ္စရပ် တစ်ခု ဖြစ်ရပေမည်။ စုန်းမျိုးနွယ်၏ အထက်ပိုင်း ခေါင်းဆောင်များ အားလုံး ပါဝင် ပတ်သက်နေသော ကိစ္စ တစ်ခုပင်။
စုန်းမျိုးနွယ် တစ်ခုလုံး၏ ကံကြမ္မာနှင့် သက်ဆိုင်သော ကိစ္စနှင့် ယှဉ်လျှင် လက်တစ်ဖက်ပြတ် ရှေးဟောင်း အလောင်းကောင် ဆိုသည်မှာ ဘာမို့လို့နည်း...
စုန်းမျိုးနွယ် တစ်ခုလုံး လက်တလော တိတ်တဆိတ် လှုပ်ရှားရန် ရွေးချယ်ခြင်းမှာ လူသားမျိုးနွယ်၏ အာရုံစိုက်မှု သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင်ပေါ် ရောက်နေခြင်းကို အခွင့်ကောင်း ယူလိုက်ခြင်း ဖြစ်ပေလိမ့်မည်။ လူသား ကျင့်ကြံသူများ မသိအောင် လှုပ်ရှားရသည်မှာ ပိုလွယ်ကူပေမည်။
ဤအကြောင်း သိလိုက်ရသည်နှင့် ချင်စန်းက ထိုကိစ္စကို ခေါင်းထဲမှ ချက်ချင်း ထုတ်ပစ်လိုက်သည်။
သူကိုယ်တိုင်က လူသား တစ်ယောက် ဖြစ်သော်လည်း ချန်လန်ပင်လယ် ဒေသမှ မဟုတ်ပေ။ ထိုကဲ့သို့ အကြံအစည်ကို ဖော်ထုတ်ရန်အတွက် ကိုယ့်ကိုယ်ကိုယ် အန္တရာယ် ပေးခံပြီး ထုတ်ဖော်ပြသမည် မဟုတ်ချေ။
ထို့အပြင် စုန်းမျိုးနွယ်က သူတို့၏ လုပ်ရပ်များကို ဖုံးကွယ်ရန် အထူးတလည် ကြိုးစားနေခြင်း မရှိပေ။ အချိန် အနည်းငယ် ဆွဲထားရန်သာ လိုအပ်ပုံရသည်။ လူသားမျိုးနွယ် သိရှိသွားမည်ကို သူတို့ မကြောက်ကြ။ သူတို့၏ ရည်မှန်းချက် အောင်မြင်သွားပြီ ဖြစ်သောကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။
စုန်းမျိုးနွယ်၏ ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးများ အားလုံး ပျောက်ဆုံးနေသဖြင့် လူသားမျိုးနွယ်က စုန်းမျိုးနွယ်ထဲ စေလွှတ်ထားသော သူလျှိုများ ဆိုလျှင် ထူးခြားမှု တစ်စုံတစ်ရာကို သတိထားမိသည်မှာ ကြာမြင့်နေပြီ ဖြစ်ပေလိမ့်မည်။ ချင်စန်း အနေဖြင့် အလကားနေရင်း ဝင်ပါစရာ မလိုပေ။
ဂိုဏ်းများ၏ ထောက်ခံမှု မရှိဘဲ တုဟန်နှင့် အခြားသူများမှာ မိတ်ဆွေ ကျင့်ကြံသူ အနည်းငယ်ကို ဆက်သွယ်ပြီး သိပ်အန္တရာယ် မများသော ဒေသ တစ်ခုစီ ရွေးချယ်ကာ သတင်း အချက်အလက် စုဆောင်းပြီး ကံစမ်းကြည့်ရုံမှတပါး ရွေးချယ်စရာ မရှိကြတော့။
စုန်းမျိုးနွယ် နယ်မြေ တစ်ခုလုံး အနှံ့အပြား ရှာဖွေခြင်းမှာတော့ ဝိညာဉ်သန္ဓေသား အဆင့် ဘိုးဘေးများ ဂိုဏ်းသို့ ပြန်ရောက်လာပြီး ဆုံးဖြတ်ချက် ချနိုင်မည့် အချိန်အထိ စောင့်ဆိုင်းရပေဦးမည်။
တုဟန်က ဝက်ဝံတောင် ဒေသနှင့် အခြား အနီးနား ဒေသများ အပါအဝင် ရှီကျန်း မြောက်ပိုင်းကို ရွေးချယ်ခဲ့သည်။ သူ့မိတ်ဆွေများနှင့် စီနီယာ အစ်ကို အချို့လည်း စုံစမ်းစစ်ဆေးရန် ရှီကျန်း တစ်ခွင် ပြန့်ကျဲနေကြသည်။
ရှီကျန်းမှာ ကျယ်ပြောပြီး ထိုနေရာရှိ ကျင့်ကြံသူများမှာ ယေဘုယျအားဖြင့် အားနည်းကြသည်။ သဘာဝကျစွာပင် သူတို့ စေ့စေ့စပ်စပ် ရှာဖွေရပေမည်။
တုဟန်က ဤဒေသကို အဘယ်ကြောင့် ရွေးချယ်ခဲ့သနည်း ဆိုရသော်...
ပထမ အချက်မှာ သတ်ဖြတ်ခြင်း ခုနစ်ပါး ခန်းမဆောင် အတွင်း သူနှင့် မိတ်ဖွဲ့ခဲ့သော လူသား ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ထံမှ သတင်းတစ်ပုဒ် ဝယ်ယူခဲ့သောကြောင့် ဖြစ်သည်။ ဝက်ဝံတောင် ဒေသတွင် လက်တစ်ထောင် ပင့်ကူသီး တစ်လုံး ဝှက်ထားပြီး ထိုအရာက သူ့တပည့်ကြီး အမြူတေ ဖွဲ့စည်းရာတွင် ကူညီပေးနိုင်ပေလိမ့်မည်။
ဒုတိယ အချက်မှာ ရွှေသစ်ခွမြက်ဟု ခေါ်သော ဝိညာဉ်ဆေးပင် တစ်မျိုးကြောင့်ပင်။
ရွှေသစ်ခွမြက်မှာ ပင်ကိုအားဖြင့် တန်ဖိုး မကြီးမားလှ။
သို့သော် ကျင့်ကြံသူများက ၎င်းတွင် မူလဝိညာဉ်၌ အမြစ်တွယ်နေသော နတ်ဆိုးအငြိုးချီကို ဖိနှိပ်နိုင်သည့် အာနိသင် တစ်မျိုး ရှိကြောင်း နောက်ပိုင်း၌ တွေ့ရှိခဲ့ကြသည်။ ၎င်းတန်ဖိုးမှာ ချက်ချင်း မြင့်တက်သွားပြီး ထိုအချိန်မှစ၍ အကုန်အစင် ရိတ်သိမ်းခံခဲ့ရသဖြင့် အတော်လေး ရှားပါးသွားခဲ့၏။
ဤရွှေသစ်ခွမြက်ကို တုဟန်က ရှီကျန်း အလယ်ပိုင်းတွင် မတော်တဆ တွေ့ရှိခဲ့ခြင်းပင်။ ထိုစဉ်က ဆေးစွမ်း အထွတ်အထိပ်သို့ မရောက်သေးသဖြင့် စောင့်ကြပ်နေသော ဝိညာဉ်သားရဲကို သတ်ဖြတ်ပြီး ဝိညာဉ်အငွေ့အသက် ဖုံးကွယ်ရန် အတားအဆီး တစ်ခု ပြုလုပ်ခဲ့သည်။
မကြာသေးမီက ရွှေသစ်ခွမြက်မှာ ရင့်ကျက်လာခဲ့လေပြီ။ တုဟန် စုန်းဘုရား တိုက်ကြီးသို့ ပြန်ရောက်သည်နှင့် ချက်ချင်းပင် ဆေးပင် ရိတ်သိမ်းရန် အလျင်စလို ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
***