ဘာ...။
ထိုစကားထွက်ပေါ်လာသည်နှင့် ကျိပင်းယွီတို့အုပ်စုမှာ မျက်လုံးများပြူးကျယ်သွားကြပြီး သူတို့၏စိတ်နှလုံးအတွင်း၌ မုန်တိုင်းထန်နေသော ပင်လယ်လှိုင်းတံပိုးကြီးများကဲ့သို့ ရိုက်ခတ်သွားတော့သည်။
သံသယဖြစ်ဖွယ်မရှိ ဤသည်မှာ ကျင့်ကြံခြင်းလောကတစ်ခုလုံးကို တုန်လှုပ်သွားစေမည့် ကိစ္စကြီးတစ်ခု ဧကန်မုချဖြစ်ပေ၏။
တစ်ကြိမ်စတင်လိုက်သည်နှင့် ဤကမ္ဘာလောကသည်လည်း ကောင်းကင်နှင့်မြေကြီး ပြောင်းပြန်လန်သွားသကဲ့သို့ ပြောင်းလဲမှုကြီးများ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ထိုအချိန်ရောက်လျှင် ရှေးဟောင်းခေတ်၏ ကျင့်ကြံခြင်းအထွတ်အထိပ်ကာလပင် ယခုခေတ်နှင့် နှိုင်းယှဉ်၍ ရနိုင်မည်မဟုတ်ပေ။
သေသေချာချာ စဉ်းစားကြည့်ပါက မူလက ဤကမ္ဘာ၏ အသန်မာဆုံးသူမှာ နတ်ဘုရားအသွင်ပြောင်းအဆင့်သာ ဖြစ်၏။
သို့သော်လည်း ကမ္ဘာလောက၏ အဆင့်အတန်း မြင့်တက်လာမှုနှင့်အတူ လေဟာနယ်သန့်စင်ခြင်းအဆင့်၊ ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်၊ မဟာယာနအဆင့်၊ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့် စသည့် စွမ်းအားရှင်ကြီးများ ပေါ်ထွက်လာမည်ဖြစ်၏။
ရှေးဟောင်းခေတ်မှ ကျင့်ကြံသူများပင်လျှင် ဤကဲ့သို့သော ခမ်းနားကြီးကျယ်သည့် အခြေအနေမျိုးကို စိတ်ကူးကြည့်နိုင်မည် မဟုတ်ချေ။
သို့သော် ယခုကဲ့သို့သော ကျင့်ကြံခြင်းအထွတ်အထိပ်ကာလကို သူတို့၏ယောက်ျားကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်ပေသည်။
သမိုင်းဝင်ဖြစ်စဉ်ကြီးတစ်ခုတွင် ပါဝင်ပတ်သက်နေရပြီး ဒဏ္ဍာရီတစ်ရပ်၏ အစပြုခြင်းကို ကိုယ်တိုင်မြင်တွေ့နေရသည်ဟု သူတို့ခံစားလိုက်ရလေ၏။
“ဆိုလိုတာက အနာဂတ်မှာ ငါတို့ရဲ့ ကျင့်ကြံခြင်းလောကက ဝိညာဉ်လောကလို ဖြစ်လာတော့မှာပေါ့...”
“အဲဒီလိုဆိုမှတော့ နောင်တစ်ချိန်ကျရင် ငါတို့တွေ ဝိညာဉ်လောကဆီကို တက်လှမ်းဖို့တောင် မလိုတော့ဘူး...”
“ဒီကမ္ဘာလောကမှာ နေရင်တောင်မှ အဆက်မပြတ် အဆင့်တက်နိုင်ပြီး အရမ်းရှည်လျားတဲ့ သက်တမ်းကို ရနိုင်တော့မှာပေါ့...”
“အင်မော်တယ်တစ်ပါး ဖြစ်လာတဲ့အထိတောင် ရောက်နိုင်တာပဲ...”
ချန်ဇီယွင်မှာ အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။
ရိုးရိုးသားသားဆိုရလျှင် ဖြစ်နိုင်မည်ဆိုပါက မည်သူက မွေးရပ်မြေကို စွန့်ခွာချင်မည်နည်း။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ဝိညာဉ်လောကသို့ တက်လှမ်းချင်ကြသည်မှာ ဝိညာဉ်လောကသို့ ရောက်ရှိသွားပြီးနောက် ပိုမိုရှည်လျားသော သက်တမ်းကို ရရှိနိုင်ကာ ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်သောကြောင့်သာ ဖြစ်ပေ၏။
သို့သော်ငြား ကျင့်ကြံခြင်းလောက၏ အဆင့်အတန်းသည် ဝိညာဉ်လောကနှင့် တစ်ထပ်တည်းတူညီနေမည်ဆိုလျှင် မည်သူက ဝိညာဉ်လောကသို့ တက်လှမ်းချင်တော့မည်နည်း။
မြို့ကြီးပြကြီးများမှ ဒေသခံများက အခြားမြို့များသို့ ပြောင်းရွှေ့လေ့မရှိသကဲ့သို့ပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့နေထိုင်ရာမြို့များမှာ အကောင်းဆုံးဖြစ်နေသောကြောင့်ပင်။
အခြားဒေသမှ လူများသာ ပြောင်းရွှေ့လာကြပြီး ပြင်ပသို့ ပြောင်းရွှေ့သွားသူမှာ အလွန်နည်းပါးလှ၏။
ကမ္ဘာလောကကြီးမှာလည်း ဤအတိုင်းပင် ဖြစ်သည်။
အကယ်၍ ကျင့်ကြံခြင်းလောကသည် ဝိညာဉ်လောကနှင့် အဆင့်အတန်းတူညီသွားပါက ဝိညာဉ်လောကသို့ တက်လှမ်းရန် မလိုအပ်တော့ပေ။
“ဒါက အရမ်းကို ယုံနိုင်စရာမရှိအောင် အံ့ဩစရာကောင်းလွန်းနေပြီ...”
“ဒီကမ္ဘာလောကမှာ နေရင်းနဲ့တောင် ကျင့်ကြံခြင်းအဆင့်တွေကို အဆက်မပြတ် ချိုးဖြတ်နိုင်ပြီး အင်မော်တယ်အဖြစ်ပါ ရောက်ရှိနိုင်တာပဲ...”
“တကယ်လို့ အဲဒီလိုသာဆိုရင် ငါတို့ကမ္ဘာလောကကိုလည်း ဝိညာဉ်လောကလို့ ခေါ်လို့ရသွားပြီပေါ့...”
“နောက်ဆိုရင် ငါတို့ကမ္ဘာလောကဆီကို အောက်အဆင့်လောကက သက်ရှိတွေ အများကြီး တက်လှမ်းလာကြမှာ သေချာတယ်...”
ယဲ့ဖေးရိုက သက်ပြင်းချကာ ပြောလိုက်သည်။
သူမသည် ကျင့်ကြံခြင်းလောက၏ အနာဂတ်အခြေအနေကိုပင် စိတ်ကူးယဉ်ကြည့်နိုင်လေသည်။
မူလက ကျင့်ကြံခြင်းလောကသည် အနိမ့်ဆုံးအဆင့်ရှိသော ကမ္ဘာလောကများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာငယ်လေးတစ်ခုသာ ဖြစ်ပေ၏။
သို့သော် အဆင့်အတန်း မြင့်တက်လာမှုနှင့်အတူ ဝိညာဉ်လောကကဲ့သို့သော ကမ္ဘာလောကကြီးတစ်ခုအဖြစ်သို့ အဆင့်တက်သွားတော့မည်ဖြစ်သည်။
နောင်တစ်ချိန်တွင် ကျင့်ကြံခြင်းလောကသည် အောက်အဆင့်လောကပေါင်းများစွာမှ ကောင်းကင်တက်လှမ်းလာမည့် ပန်းတိုင်ဖြစ်လာနိုင်ချေရှိ၏။
အဆုံးမဲ့လေဟာနယ်အတွင်းရှိ ကမ္ဘာငယ်လေးများမှ သက်ရှိများကို ဆွဲဆောင်နိုင်မည်ဖြစ်သည်။
သူမတို့သည်ကား ဤကမ္ဘာလောက၏ အာဏာပိုင်များဖြစ်လာကြမည်ဖြစ်ပြီး အရင်းအမြစ်အားလုံးကို ချုပ်ကိုင်ထားနိုင်မည်ဖြစ်၏။
“အဲဒီလိုဖြစ်နိုင်ခြေ မရှိတာတော့မဟုတ်ဘူး...”
“တကယ်လို့ အောင်မြင်ခဲ့မယ်ဆိုရင် ဝိညာဉ်လောကဆီ တက်လှမ်းဖို့ သဘာဝကျကျ မလိုတော့ဘူး...”
ကျိုးစွေ့က ခေါင်းညိတ်လိုက်လေ၏။
သူသည်လည်း ကျင့်ကြံခြင်းလောကတွင် တစ်လျှောက်လုံး ကျင့်ကြံပြီး အင်မော်တယ်လောကသို့ တက်လှမ်းနိုင်မည်ဆိုပါက ကျင့်ကြံခြင်းလောကမှ မထွက်ခွာလည်း ရသည်ဟု တွေးတောမိပေသည်။
သူသည် ကျင့်ကြံခြင်းလောကတွင်နေကာ ဘုရင်တစ်ပါးကဲ့သို့ စိုးမိုးနိုင်သည်ဖြစ်ရာ မည်သူက ဝိညာဉ်လောကသို့သွားပြီး သူတစ်ပါးလက်အောက်တွင် ခိုကပ်နေချင်မည်နည်း။
“ယောက်ျား... ဒါဆိုရင် ဘယ်တော့စလုပ်မှာလဲ...”
ရှားကျင်းယန်က မစောင့်ဆိုင်းနိုင်တော့သည့်အလား မေးလိုက်လေ၏။
အခြားသော တာအိုလက်တွဲဖော်များသည်လည်း မျက်လုံးများ အပြူးသားဖြင့် ကျိုးစွေ့ကို စူးစမ်းစွာ ကြည့်နေကြတော့သည်။
“မလောပါနဲ့ဦး...”
“ကမ္ဘာသုံးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားတာနဲ့ နတ်ဆိုးမျိုးနွယ်၊ မိစ္ဆာသားရဲမျိုးနွယ် စတဲ့မျိုးနွယ်တွေက ဒီကမ္ဘာပေါ်မှာ ပေါ်လာလိမ့်မယ်...”
“ကမ္ဘာ့တံခါးပေါက်ကို ဖြတ်သန်းဖို့တောင် မလိုတော့ဘဲ ဒီကမ္ဘာမှာ လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်တော့မှာ...”
“ဒါပေမဲ့ အခု ငါတို့လူသားမျိုးနွယ်ရဲ့ အင်အားက အရမ်းကို အားနည်းနေသေးတယ်...”
“အကယ်၍ ဒီနတ်ဘုရားအသွင်ပြောင်းအဆင့် မိစ္ဆာသားရဲတွေနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် နတ်ဆိုးတွေကို ဝင်ခွင့်ပေးလိုက်မယ်ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပဲ...”
“ငါ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်တဲ့အထိ စောင့်ပြီးမှ ဒီကိစ္စကို လုပ်ရင်လည်း နောက်မကျသေးပါဘူး...”
ကျိုးစွေ့က လေးနက်သောအသံဖြင့် ပြောလိုက်လေ၏။
“ယောက်ျားပြောတာ မှန်ပါတယ်...”
ချန်ဇီယွင်တို့ကလည်း အလိုအလျောက် ခေါင်းညိတ်လိုက်ကြသည်။ ကမ္ဘာသုံးခုပေါင်းစည်းခြင်းက ကမ္ဘာလောက၏ အဆင့်အတန်းကန့်သတ်ချက်ကို အလွန်တရာ မြှင့်တင်ပေးနိုင်သည့် ကောင်းမွန်သောကိစ္စ ဖြစ်သော်လည်း၊ ထိုအချိန်ရောက်လျှင် ဤကမ္ဘာလောကကို မည်သူက စိုးမိုးမည်ဆိုသည်မှာ မသေချာတော့ချေ။
အကယ်၍ နတ်ဆိုးမျိုးနွယ် သို့မဟုတ် မိစ္ဆာသားရဲမျိုးနွယ်များကသာ လွှမ်းမိုးသွားပါက လူသားများအတွက် ငရဲကဲ့သို့သော ကမ္ဘာလောကကြီး ဖြစ်သွားပေလိမ့်မည်။
ထိုကဲ့သို့သောကိစ္စ အမှန်တကယ် ဖြစ်လာမည်ဆိုပါက သူမတို့အနေဖြင့် ပေါင်းစည်းခြင်းမလုပ်ရန်ကိုသာ ပို၍ သဘောကျမိပေမည်။
သူမတို့သည် သူတစ်ပါးအတွက် အခွင့်အရေး ဖန်တီးပေးရသကဲ့သို့ မဖြစ်ချင်ကြ။
“ပြီးတော့ ဒီတစ်ခေါက် အဲဒီအင်မော်တယ်ဆီကနေ အင်မော်တယ်ကျမ်းစာတွေ အများကြီးကိုလည်း ရှာတွေ့ခဲ့သေးတယ်...”
“ကျမ်းစာအုပ်တိုင်းက အင်မော်တယ်အဆင့်အထိ ကျင့်ကြံနိုင်ပြီး မဟာတာအိုရဲ့ အနှစ်သာရဆီကို တိုက်ရိုက် ဦးတည်နေတာပဲ...”
“ဒါကြောင့် မင်းတို့တွေအနေနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းသွားပြီးရင် ကျင့်ကြံဖို့ ကျင့်စဉ်မရှိတော့ဘူးဆိုပြီး စိုးရိမ်နေစရာ မလိုတော့ဘူး…”
“ဒါပေမဲ့ ကိုယ် သေချာစီစဉ်ပြီးမှ မင်းတို့ကို သင်ယူဖို့ ပေးရမယ်…”
ကျိုးစွေ့က တည်ငြိမ်စွာ ပြောလိုက်၏။
“ကောင်းပါပြီ ယောက်ျား…”
ချန်ဇီယွင်နှင့် အခြားသူများမှာ အလွန်တရာ စိတ်လှုပ်ရှားနေကြတော့သည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည်လည်း များစွာ အလောတကြီး ဖြစ်မနေကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ အများစုမှာ ဝိညာဉ်သန္ဓေသားအဆင့်တွင်သာ ရှိနေကြသေးပြီး၊ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိရန် နှစ်ပေါင်းမည်မျှ ကြာဦးမည်ကို မသိနိုင်သောကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် လက်ရှိကျင့်စဉ်များကပင် သူတို့ကျင့်ကြံရန်အတွက် လုံးဝ လုံလောက်နေပြီဖြစ်ရာ အလောတကြီး လိုအပ်ခြင်းမရှိပေ။
…………
ရက်အနည်းငယ်ကြာပြီးနောက်။
ဇနီးမယားများ၏ဆန္ဒများကို အပြည့်အဝ ဖြည့်ဆည်းပေးပြီးနောက် ကျိုးစွေ့သည် နောက်ဆုံးတွင် ဝန်ထုပ်ဝန်ပိုးများကို ချထားကာ ရွှမ်ဟွမ်တောင်ထွတ်ရှိ ဂူဗိမာန်အတွင်းသို့ ဝင်ရောက်သွားပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။
“ငါ့ရဲ့ နတ်ဘုရားအာရုံ၊ မှော်စွမ်းအင်နဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုတွေက ဝိညာဉ်သန္ဓေသားအဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပြီ…”
“မှော်စွမ်းအင်ကလွဲရင် ကျန်တဲ့စွမ်းအားနှစ်ခုက ဝိညာဉ်သန္ဓေသားအဆင့်ကိုတောင် ကျော်လွန်နေပြီ…”
“ဒီတစ်ကြိမ် နတ်ဘုရားအသွင်ပြောင်းဖို့က သေချာပေါက် အောင်မြင်မှာပဲ…”
“နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာတာနဲ့တစ်ပြိုင်နက် ဒီကမ္ဘာလောကမှာ အထွတ်အထိပ် တည်ရှိမှုတစ်ခု ဖြစ်လာလိမ့်မယ်…”
ကျိုးစွေ့၏မျက်လုံးများတွင် တောက်ပသော အလင်းရောင်များထွက်ပေါ်လာပြီး အလွန်စိတ်လှုပ်ရှားနေလေသည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများသည် ရှေးဟောင်းခေတ်တွင်ဖြစ်စေ၊ ယခုခေတ်တွင်ဖြစ်စေ အထွတ်အထိပ် တည်ရှိမှုများပင် ဖြစ်ပေသည်။
ဝိညာဉ်လောကသို့ တက်လှမ်းသွားလျှင်ပင် နတ်ဘုရားအသွင်ပြောင်းအဆင့်သည် အသုံးမကျသူများမဟုတ်ဘဲ အင်အားကြီးသူများအဖြစ် သတ်မှတ်ခံရဆဲဖြစ်သည်။
အကယ်၍ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနိုင်ပါက ဤကမ္ဘာလောက၌ အတားအဆီးမရှိ သွားလာနိုင်မည်ဖြစ်၏။
အင်အားစုတစ်ခု၏ အုပ်စိုးသူအဖြစ် နှစ်ပေါင်းသုံးထောင်တိုင်တိုင် စိုးမိုးနိုင်မည်ဖြစ်လေသည်။
သို့ရာတွင် ရှေးယခင်မှ ယနေ့တိုင်အောင် အမှန်တကယ် နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ ရောက်ရှိနိုင်သော ကျင့်ကြံသူအရေအတွက်မှာ များများစားစားမရှိခဲ့။ လက်ချိုးရေတွက်၍ ရနိုင်သည်အထိ နည်းပါးလှသည်ဟုပင် ဆိုနိုင်၏။
တစ်ယောက်ချင်းစီတိုင်းက သမိုင်းတွင် နာမည်ကျန်ရစ်နိုင်သူများ ဖြစ်ကြသည်။
“နတ်ဘုရားအသွင်ပြောင်းခြင်းရဲ့ ပထမဆုံးအဆင့်က ဝိညာဉ်သန္ဓေသားကို ဖြိုခွဲပြီး မူလဝိညာဉ်ကို စုစည်းရမှာပဲ…”
ကျိုးစွေ့၏မျက်လုံးများတွင် တောက်ပသော အလင်းရောင်များထွက်ပေါ်လာပြီး ယခင်က သူသိထားခဲ့သော နတ်ဘုရားအသွင်ပြောင်းခြင်းဆိုင်ရာ လျှို့ဝှက်ချက်များကို ပြန်လည်အမှတ်ရသွားသည်။
မိမိ၏ဒန်တျန်ချီပင်လယ် နက်ရှိုင်းသောနေရာရှိ ဝိညာဉ်သန္ဓေသားသည် သူ၏ကိုယ်ပွားတစ်ခုကဲ့သို့ တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်ကို အာရုံခံမိလေသည်။
နက်နဲဆန်းကြယ်သော ရွှေရောင်မျိုးစေ့တစ်ခုသည် ဝိညာဉ်သန္ဓေသား၏ ခန္ဓာကိုယ်အတွင်းမှ သန္ဓေတည်၍ ထွက်ပေါ်လာ၏။
၎င်းမှာ မူလဝိညာဉ်မျိုးစေ့ပင် ဖြစ်ပေသည်။
နှစ်ပေါင်းများစွာ အချိန်ယူပြီးနောက် ဤမူလဝိညာဉ်မျိုးစေ့သည် နောက်ဆုံးတွင် ရင့်ကျက်သည့်အဆင့်သို့ ရောက်ရှိလာခဲ့လေပြီ။
ဝုန်း... ဝုန်း...။
ထိုခဏတွင် ကျိုးစွေ့သည် ကူနတ်ဘုရားကျင့်စဉ်ကို လည်ပတ်ကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များကို ဝါးမျိုလိုက်၏။ ပဉ္စမအဆင့်အထွတ်အထိပ် ဝိညာဉ်ကြောမှ စွမ်းအင်များသည် ဒီရေအလား သူ၏ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်လာပြီး ဒန်တျန်ချီပင်လယ်အတွင်းသို့ စီးဝင်သွားလေသည်။
ဤမျှကြမ်းတမ်းသော ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာမှုကြောင့် သာမန်ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ယောက်သာဆိုလျှင် တဒင်္ဂအတွင်း ပေါက်ကွဲကာ သေဆုံးသွားလောက်ပြီ ဖြစ်ချေသည်။
***