အခန်း (၆၂၃)
နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းခြင်း၊
နတ်ဘုရားမိုးကြိုးကပ်ဘေးနှင့် ကံကြမ္မာကောင်း
ဖန်ဆင်းခြင်းမိုးရွာသွန်းမှု(၁)။
*
"ဂိုဏ်းချုပ်ကြီးသာ အောင်မြင်သွားမယ်ဆိုရင် ကျုပ်တို့ရွှမ်ဟွမ်ဂိုဏ်းမှာ တတိယမြောက် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ပေါ်ထွက်လာတော့မှာမလား...”
"ဂိုဏ်းတစ်ခုတည်းမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် သုံးယောက်ဆိုတာ ရှေးဟောင်းခေတ်က နတ်ဘုရားအသွင်ပြောင်းအဆင့် ဂိုဏ်းတွေတောင် ဒီလောက်ပဲ ရှိမှာပဲ...”
ကျောက်ဟွမ်ကျန်းမှာ အလွန်တရာ အံ့ဩတုန်လှုပ်နေလေသည်။
သို့သော်ငြား သူ၏ရင်ထဲတွင် များစွာစိတ်လှုပ်ရှားနေ၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ကြီးသာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဖြစ်လာပါက ရွှမ်ဟွမ်ဂိုဏ်းအတွက် အကျိုးကျေးဇူးများမှာ မည်မျှပင်များပြားမည်ကို ခန့်မှန်း၍ပင် ရမည်မဟုတ်သောကြောင့်ဖြစ်ပေသည်။
မူလကတည်းက အင်အားကြီးမားလှသော ရွှမ်ဟွမ်ဂိုဏ်းသည် ယခုအခါ ပို၍ပင် ယှဉ်ပြိုင်နိုင်သူ ကင်းမဲ့သွားတော့မည်ဖြစ်၏။
သူသည် ရွှမ်ဟွမ်ဂိုဏ်း၏ အဖွဲ့ဝင်တစ်ဦးဖြစ်ရာ ရွှမ်ဟွမ်ဂိုဏ်းကြီး ယခုထက်ပို၍ အင်အားကြီးမားလာသည်ကို သဘာဝကျစွာပင် လိုလားနေမိသည်။
ဤသည်ကား အပင်ကြီးလေ အရိပ်ခိုရကောင်းလေဆိုသည့် စကားနှင့် အတူတူပင် မဟုတ်ပါလော။
"အခုအချိန်က အပြိုင်အဆိုင်တွေ ကြီးမားတဲ့ ခေတ်ကာလလို့ပဲ ပြောရမှာပေါ့...”
"အရင်တုန်းက ဘယ်လိုမှ ပေါ်ထွက်မလာနိုင်ခဲ့တဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတွေက အခုတော့ တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာနေကြပြီလေ...”
"အခုခေတ်ကြီးမှာ အရင်က တစ်ခါမှ မဖြစ်ဖူးတဲ့ အပြောင်းအလဲတွေ ဖြစ်လာတော့မယ် ထင်တယ်...”
"ကျင့်ကြံခြင်းလောကရဲ့ ရွှေခေတ်ကြီးကို ကြိုဆိုရတော့မယ် ထင်ပါရဲ့...”
ဝူဝေ့တာအိုအရှင်မှာလည်း အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။
သူသည် ရွှမ်ဟွမ်ဂိုဏ်းတစ်ခုလုံး၏ ကံကြမ္မာအရှိန်အဝါများ ပိုမိုအားကောင်းလာသည်ကို ခံစားလိုက်ရပြီး ယခင်က တစ်ခါမျှ မရှိဖူးသော အဆင့်တစ်ခုအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိလိုက်ရ၏။
သူကိုယ်တိုင်လည်း ကုယုံတောင်ထွတ်၏ တောင်ထွတ်သခင်တစ်ဦးအနေဖြင့် အဆုံးမဲ့သော ကံကြမ္မာအရှိန်အဝါ၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိထားသည်။
အနာဂတ်တွင် သူသည်လည်း နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရန် အခွင့်အရေး ရနိုင်ချေရှိ၏။
ဤသည်က လူတစ်ယောက် အောင်မြင်သွားလျှင် သူ့ပတ်ဝန်းကျင်ရှိ သူများပါ အကျိုးခံစားရသည်ဆိုသည်နှင့် အတူတူပင် ဖြစ်ချေသည်။
'အရင်က ရွှမ်ဟွမ်ဂိုဏ်းချုပ်ကို အညံ့ခံခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုပဲ… ကိုယ့်သဘောနဲ့ကိုယ် ရွှမ်ဟွမ်ဂိုဏ်းကို မဝင်ခဲ့ရင် ဒီလိုအကျိုးကျေးဇူးတွေကို ဘယ်လိုလုပ် ခံစားရပါ့မလဲ… နာမည်ကြီး တရားဝင်ဂိုဏ်းက ပိုကောင်းတာပဲ…' ဟု သူ တွေးလိုက်မိသည်။
'အင်အားကြီးအဖွဲ့အစည်းရဲ့ လူတစ်ယောက် ဖြစ်နိုင်နေမှတော့ ဘာလို့ တစ်ကိုယ်တော်ကျင့်ကြံသူဘဝနဲ့ နေတော့မှာလဲ…'
...
အခြားသော ကုယုံတောင်ထွတ်၏ တပည့်ဖြစ်သူ စုန့်ဖျင်အန်းသည်လည်း ထိုနေရာတွင် ရှိနေ၏။
သူသည်လည်း ရွှမ်ဟွမ်ဂိုဏ်း၏ တပည့်တစ်ဦးဖြစ်လာသည်မှာ အချိန်အတိုင်းအတာတစ်ခု ကြာမြင့်နေပြီဖြစ်ရာ ရွှမ်ဟွမ်ဂိုဏ်းမှ အကျိုးကျေးဇူးများစွာကို သဘာဝကျကျ ရရှိထားလေသည်။
ဤသည်မှာ သူ၏ဘဝတွင် ယခင်က တစ်ခါမျှ မကြုံဖူးသော အကောင်းဆုံး အချိန်ကာလတစ်ခုဟု ဆိုနိုင်ပေသည်။
မည်သည့် ပရိယာယ်အကြံအစည်များကိုမျှ စိုးရိမ်စရာမလိုသလို သယံဇာတအရင်းအမြစ်များနှင့် ကျင့်စဉ်ပညာရပ်များအတွက်လည်း ပူပန်စရာမလိုချေ။
အေးအေးချမ်းချမ်းဖြင့် ကျင့်ကြံအားထုတ်နေရုံဖြင့် ကျင့်ကြံခြင်းအဆင့်မှာ အဆက်မပြတ် တိုးတက်လာနိုင်ပေသည်။
ဝန်ခံရလျှင် ဤသည်ထက် ပိုကောင်းသော အချိန်ကာလမျိုး ရှိမည်မဟုတ်တော့ချေ။
"ဆရာ... ဂိုဏ်းချုပ်ကြီးက နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်မယ်လို့ ဆရာထင်လား...”
စုန့်ဖျင်အန်းက သူ၏လက်ရှိ ရှောင်းယောင်လက်စွပ်ကို ကြည့်ရင်း အနည်းငယ် စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။
သူသည် ရွှမ်ဟွမ်ဂိုဏ်းချုပ်အပေါ် ယုံကြည်မှု အပြည့်အဝရှိထားပြီး ထိုသို့သော ဂန္ထဝင်ပုဂ္ဂိုလ်ကြီးတစ်ဦး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းရာတွင် ကြီးမားသော ပြဿနာရှိမည်မဟုတ်ဟု ထင်ထားသော်လည်း အလွန်အမင်း စိုးရိမ်ပူပန်နေမိသောကြောင့် စိတ်များ ရှုပ်ထွေးနေမိခြင်းဖြစ်၏။
အကယ်၍ အဆင့်တက်လှမ်းမှုသာ ကျရှုံးသွားပါက ရွှမ်ဟွမ်ဂိုဏ်းအပေါ် သက်ရောက်လာမည့် ထိုးနှက်ချက်မှာ ခန့်မှန်း၍ပင် ရနိုင်မည်မဟုတ်ပေ။
ဂိုဏ်းကြီးတစ်ခုလုံးပင် ပြိုကွဲပျက်စီးသွားနိုင်မည်လား မပြောနိုင်ချေ။
မည်သို့ပင်ဖြစ်စေ ဂိုဏ်း၏ အဓိကကျောရိုးမှာ ရွှမ်ဟွမ်ဘိုးဘေးပင် မဟုတ်ပါလော။
အကယ်၍ ရွှမ်ဟွမ်ဘိုးဘေးသာ ကျဆုံးသွားပါက ရွှမ်ဟွမ်ဂိုဏ်းကြီးမှာလည်း သဘာဝကျကျ ဆက်လက် တည်ရှိနေတော့မည်မဟုတ်ပေ။
"မင်းက လာနောက်နေတာလား...”
"ဒီလို မကောင်းဆိုးဝါးကတောင် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို မတက်လှမ်းနိုင်ဘူးဆိုရင် ဒီလောကမှာ ဘယ်သူကများ လုပ်နိုင်တော့မှာလဲ...”
"ပွင့်ပွင့်လင်းလင်းပြောရရင် ငါ ဝိညာဉ်ကမ္ဘာမှာ ပါရမီရှင် အတော်များများကို တွေ့ခဲ့ဖူးတယ်...”
"ဒါပေမဲ့ ဒီရွှမ်ဟွမ်ဘိုးဘေးလောက် ကြောက်စရာကောင်းတဲ့သူမျိုးကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ...”
"ဒီလူသာ ဝိညာဉ်ကမ္ဘာသို့ တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် အနာဂတ် လူသားမျိုးနွယ်ရဲ့ အစွမ်းထက်ပုဂ္ဂိုလ်ကြီး ဖြစ်လာမှာ အသေအချာပဲ...”
အရက်တာအိုအရှင်မှာ အံ့သြချီးကျူးနေမိသည်။
သူသည် ယခင်က လေဟာနယ်သန့်စင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ခဲ့ရာ သူ၏ကျင့်ကြံခြင်းအဆင့်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမိုအားကောင်းခဲ့၏။
စိတ်ဝိညာဉ်ကမ္ဘာထဲတွင်ပင် သူသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဟု သတ်မှတ်ခံရသည်။
သို့သော်ငြား သူ၏ အလားအလာမှာ လေဟာနယ်သန့်စင်ခြင်းအဆင့်တွင်သာ ရပ်တန့်သွားပြီဖြစ်ကြောင်း သူသိထားပြီး၊ ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာရန်မူ မည်မျှဝေးကွာနေသေးသည်ကိုပင် မသိနိုင်တော့ချေ။
သို့တိုင်အောင် ဤရွှမ်ဟွမ်ဘိုးဘေး၏ အလားအလာမှာ အလွန်တရာ အံ့မခန်းဖြစ်ပြီး အနာဂတ်တွင် လေဟာနယ်သန့်စင်ခြင်းအဆင့်၌သာ ရပ်တန့်နေမည်မဟုတ်ကြောင်း အသေအချာပင် ဖြစ်သည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်ကြီး သို့မဟုတ် မဟာယာနအဆင့် ဘိုးဘေးကြီးတစ်ပါးပင် ဖြစ်လာနိုင်ချေရှိ၏။
ဤသည်က အင်မော်တယ်တစ်ပါး၏ အသွင်အပြင်ပင် ဖြစ်ပေသည်။
"အဲဒီလိုဆိုရင်တော့ ဂိုဏ်းချုပ်ကြီးရဲ့ ဒီတစ်ခေါက် အဆင့်တက်လှမ်းမှုက သေချာပေါက် အောင်မြင်မှာပဲ...”
ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ဖျင်အန်းမှာလည်း ချက်ချင်းပင် စိတ်အေးသွားတော့သည်။
အခြားသော နေရာတစ်နေရာတွင်။
လူငယ်ကျင့်ကြံသူတစ်ဦးသည် ရွှမ်ဟွမ်ကျွန်းသို့ ယခုလေးတင် ရောက်ရှိလာခဲ့၏။ သူကား ယန်ချန်ယွမ်ပင် ဖြစ်သည်။
စတုတ္ထအဆင့်သားရဲဖြစ်သော တောင်ပံစိမ်းမီးလင်းယုန်၏ အကာအကွယ်ဖြင့် ယန်မိသားစုသည်လည်း အနီးအနားရှိ စတုတ္ထအဆင့် ကျွန်းတစ်ကျွန်းသို့ ချောမွေ့စွာ ရောက်ရှိလာပြီး အခြေချနေထိုင်နိုင်ခဲ့ပြီဖြစ်သည်။
ထို့နောက် သူသည်လည်း ရွှမ်ဟွမ်ကျွန်းဆီသို့ မရပ်မနား အပြေးအလွှား လာခဲ့ခြင်းဖြစ်၏။
ထိုအခိုက်အတန့်တွင် ကျိုးစွေ့၏ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းနေသည့် မြင်ကွင်းနှင့် ကွက်တိပင် တိုးသွားခဲ့ရသည်။
"ငါတို့ရဲ့ ကံက အရမ်းကောင်းလွန်းနေတာပဲ...”
"ဂိုဏ်းချုပ်ကြီး နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနေတဲ့ မြင်ကွင်းနဲ့ အံကိုက်ကို ကြုံလိုက်ရတယ်လို့...”
ယန်ချန်ယွမ်သည် ဤကဲ့သို့သော ကောင်းကင်နှင့်မြေကြီး၏ ထူးခြားသော ဖြစ်စဉ်ကြီးကို အံ့သြမှင်တက်စွာ ကြည့်နေမိပြီး သူ၏စိတ်ထဲတွင် တုန်လှုပ်မှုများနှင့် ကိုးကွယ်ကြည်ညိုမှုများ ပြည့်နှက်နေတော့သည်။
'နောင်တစ်ချိန်မှာ ငါသာ ဒီလိုကျင့်ကြံသူမျိုး ဖြစ်လာနိုင်မယ်ဆိုရင် ဒီဘဝအတွက် လူဖြစ်ရကျိုးနပ်ပြီပဲ' ဟု သူ တွေးလိုက်မိသည်။
"တကယ်ကို ရိုးရှင်းမနေဘူးပဲ...”
"အရင်တုန်းက ငါပြောခဲ့ဖူးတယ်… ဒီလူက အနာဂတ်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်နိုင်ချေ အရမ်းများတယ်လို့လေ...”
"ဒါပေမဲ့ ဒီလူကို ငါအထင်သေးမိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး… အခုချက်ချင်းတောင် အဆင့်တက်တော့မယ်တဲ့လား...”
"ဒါက ဖရိုဖရဲခေတ်ကြီးထဲကနေ မွေးဖွားလာတဲ့ မကောင်းဆိုးဝါးပါရမီရှင် ဆိုတာမျိုးလား...”
သားရဲတစ်သောင်းလက်ကောက်ထဲတွင် ပုန်းအောင်းနေသော သားရဲတစ်သောင်းတာအိုအရှင်မှာလည်း အံ့သြနေမိလေသည်။ ယခင် သူနတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းခဲ့စဉ်က ကောင်းကင်ဖြစ်စဉ်မှာ မိုင်ထောင်ချီ ဧရိယာလောက်ကိုသာ လွှမ်းခြုံနိုင်ခဲ့သည်ကို သူပြန်လည် သတိရမိသွား၏။
ဤရွှမ်ဟွမ်ဘိုးဘေးနှင့် မည်သို့မျှ ယှဉ်၍မရနိုင်ချေ။
'သူနဲ့များ ယှဉ်လိုက်ရင် ငါ့ဘဝက ခွေးလောက်တောင် တန်ဖိုးမရှိသလို ဖြစ်သွားတာပဲ' ဟု တွေးမိလိုက်သလို၊ 'လူအချင်းချင်း နှိုင်းယှဉ်ရတာက တကယ်ကို ဒေါသထွက်စရာ ကောင်းလွန်းတယ်' ဟု တွေးလိုက်မိပြန်သည်။
ဤခေတ်ကြီးတွင် ပါရမီရှင်များ အဆက်မပြတ် ပေါ်ထွက်နေသည်ဟု သူခံစားနေရလေသည်။
ရွှမ်ဟွမ်တောင်ထွတ် အနီးတစ်ဝိုက်တွင်။
ချန်ဇီယွင်၊ ယဲ့ဖေးရို၊ ချူတျဲယီနှင့် ရှရွှေယန်စသည့် တာအိုလက်တွဲဖော်များသည်လည်း ဤနတ်ဘုရားအသွင်ပြောင်းအဆင့် ကောင်းကင်ဖြစ်စဉ်ကြီးကို ငေးကြည့်နေကြ၏။
သူတို့တစ်ဦးချင်းစီ၏ လှပသော မျက်လုံးလေးများမှာ ပြူးကျယ်နေပြီး များစွာ တုန်လှုပ်နေကြသည်။
"အရမ်းကောင်းတာပဲ… ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေကို ဆွဲငင်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် ကောင်းကင်ဖြစ်စဉ်ကို ဖန်တီးလိုက်ပြီ...”
"နောက်တစ်ဆင့်အနေနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေကို ခန္ဓာကိုယ်ထဲ ဆွဲသွင်းပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် မှော်စွမ်းအင်အဖြစ် ပြောင်းလဲလိုက်ရုံပဲ...”
"အဲဒီလိုဆိုရင်တော့ တကယ့် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်ပြီပေါ့...”
ယဲ့ဖေးရိုမှာ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလေသည်။
သူမသည် နတ်ဘုရားအသွင်ပြောင်းအဆင့် အစောပိုင်းကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့် ဤအဖြစ်အပျက်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးရာ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ မည်သို့ တက်လှမ်းရမည်ကို လက်ဖဝါးပေါ်က အရေးအကြောင်းများကဲ့သို့ ရှင်းလင်းစွာ သိထားပေသည်။
ဤမျှ အံ့မခန်းဖြစ်လှသော နတ်ဘုရားအသွင်ပြောင်းအဆင့်၏ ထူးခြားဖြစ်စဉ်ကြီးကို မြင်လိုက်ရသောအခါ သူမ၏ခင်ပွန်းသည် ယခုတစ်ကြိမ် အဆင့်တက်လှမ်းမှုတွင် သေချာပေါက် အောင်မြင်မည်ဖြစ်ကြောင်း သူမသိလိုက်၏။
ယခင်ကတည်းက သူမသည် ကျိုးစွေ့အပေါ် ယုံကြည်မှု အပြည့်အဝရှိထားပြီး သေချာပေါက် အောင်မြင်မည်ဟု တွက်ထားခဲ့သည်။ သို့သော် ကိစ္စရပ်များ တကယ်တမ်း မဖြစ်လာသေးခင်တွင် မည်သို့ဖြစ်လာမည်ကို မည်သူက ကြိုသိနိုင်ပါမည်နည်း။
ယခုကဲ့သို့သော ထူးခြားဖြစ်စဉ်ကြီးကို မြင်လိုက်ရပြီးနောက်တွင်မူ သူမသည် လုံးဝ စိတ်ချသွားတော့သည်။
"ငါ့ယောက်ျားပီပီ တကယ်ကို အစွမ်းထက်လွန်းတယ်...”
"နတ်ဘုရားအသွင်ပြောင်းအဆင့်ကို အခုလေးတင် တက်လှမ်းတာတောင်မှ မိုင်ပေါင်းသိန်းနဲ့ချီတဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေကို ဆွဲငင်နိုင်နေပြီ...”
"ဒါက တကယ်ကို ချဲ့ကားလွန်းရာ ကျနေပြီ...”
ယဲ့ဖေးရိုတစ်ယောက် ရင်သပ်ရှုမောစွာ ရေရွတ်လိုက်မိသည်။
ယခင် သူမ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းခဲ့စဉ်က မိုင်သောင်းချီဧရိယာရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကိုသာ ဆွဲငင်နိုင်ခဲ့ခြင်းဖြစ်သည်။
ဤသည်ပင်လျှင် အခြေခံအုတ်မြစ် အတော်လေး ခိုင်မာနေပြီဖြစ်သည်။
တကယ်တမ်းတွင် သူမ တစ်ယောက်တည်းသာ မဟုတ်ဘဲ ခေတ်အဆက်ဆက်မှ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူတိုင်း ထိုသို့ပင် ဖြစ်ကြလေသည်။
သာမန်ကျင့်ကြံသူဆိုလျှင် အလွန်ဆုံး မိုင်ထောင်ချီဧရိယာလောက်ကိုသာ လွှမ်းမိုးနိုင်ပြီး အခြေခံအုတ်မြစ်ခိုင်မာသူများကသာ မိုင်သောင်းချီ ဧရိယာအထိ ဆွဲငင်နိုင်ခြင်းဖြစ်၏။
သို့သော် သူမ၏ခင်ပွန်းမှာမူ အခြေခံအုတ်မြစ်ခိုင်မာလွန်းလှသဖြင့် လူတိုင်းကို ကြက်သီးထစေနိုင်သော မိုင်ပေါင်းသိန်းနှင့်ချီသည့် ဧရိယာအထိ ဆွဲငင်နိုင်စွမ်း ရှိနေပေသည်။
သူမ၏ခင်ပွန်း စုစည်းလိုက်သော မူလဝိညာဉ်မှာ အလွန်တရာ အစွမ်းထက်မြက်ပြီး စိတ်ကူး၍ မရနိုင်လောက်အောင်ပင် ကြီးမားနေသည်ဟုသာ ဆိုရပေမည်။
ထို့ကြောင့်သာ ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာရခြင်းဖြစ်၏။
"အဲဒီလိုဆိုရင်တော့ ယောက်ျားရဲ့ ဒီတစ်ခေါက် အဆင့်တက်လှမ်းမှုက အောင်မြင်သွားပြီ မဟုတ်လား...”
သခင်မမက်မွန်ပွင့်နှင့် အခြားသူများကပါ ဝမ်းသာအားရဖြင့် မေးလိုက်ကြပြီး ယဲ့ဖေးရိုနှင့် ချန်ဇီယွင်တို့နှစ်ဦးအား အလိုအလျောက် လှမ်းကြည့်လိုက်ကြလေသည်။
မည်သို့ပင်ဖြစ်စေ ဤနေရာတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူဟူ၍ သူတို့နှစ်ဦးသာ ရှိနေရာ အခြေအနေအရပ်ရပ်ကို အရှင်းလင်းဆုံး သိနိုင်မည် မဟုတ်ပါလော။
"ဒီကိစ္စကတော့ တစ်ဝက်ပဲ အောင်မြင်သေးတယ်လို့ ပြောရမှာပဲ...”
"မူလဝိညာဉ်ကို စုစည်းတာက အခုမှ အစပဲ ရှိသေးတာလေ...”
"ပိုအရေးကြီးတာက နောက်လာမယ့် အဆင့်နှစ်ဆင့်ဖြစ်တဲ့ ကောင်းကင်မိစ္ဆာကပ်ဘေးနဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့် မိုးကြိုးကပ်ဘေးပဲ...”
"ဒီကပ်ဘေးနှစ်ခုကို ကျော်ဖြတ်နိုင်မှသာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူအဖြစ် လုံးလုံးလျားလျား သတ်မှတ်လို့ရမှာ...”
"ယောက်ျားက အရမ်းကို အစွမ်းထက်တယ်ဆိုပေမဲ့ လုံးဝ မကျော်ဖြတ်နိုင်သေးခင်မှာတော့ သတိထားဖို့ လိုသေးတယ်...”
ချန်ဇီယွင်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
"တကယ်လည်း ဒီလိုပါပဲ...”
"ဒါပေမဲ့ အခုချိန်မှာ ငါတို့လည်း ယောက်ျားကို ကူညီပေးလို့ မရဘူးလေ… ဘာဆက်ဖြစ်မလဲဆိုတာ ဒီတိုင်း စောင့်ကြည့်နေရုံကလွဲလို့ အခြားမရှိဘူး...”
ယဲ့ဖေးရိုသည်လည်း ခေါင်းညိတ်လိုက်သည်။
***