ရက်အနည်းငယ်ကြာပြီးနောက်…။
ကျိုးစွေ့ နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ တက်လှမ်းသွားသည့် သတင်းမှာ ဟာရီကိန်းမုန်တိုင်းကြီးတစ်ခုပမာ ချန်လန်ပင်လယ်ပြင်၏ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားလေသည်။
ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းများနှင့် အင်အားစုများစွာက ချက်ချင်းပင် သိရှိသွားခဲ့ကြ၏။
ထိုအခါ ဝိညာဉ်သန္ဓေသားအဆင့် အကြီးအကဲများမှာလည်း အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားကြပြီး မည်သို့ပြောရမည်ကိုပင် မသိတော့ချေ။
“အရမ်းကို အလွန်အကျွံဖြစ်မနေဘူးလား… ရွှမ်ဟွမ်ဘိုးဘေးက အခုမှ အသက်သုံးရာပဲ ရှိသေးတာမလား… အခုတော့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းသွားပြီတဲ့… ဒါက ယုံတမ်းစကားတွေထက်တောင် ပိုပြီး ယုံနိုင်စရာမရှိဘူး...”
ဤသတင်းကို ကြားပြီးနောက်တွင် ရွှမ်ပေါင်မျှော်စင်သခင် ထျန်းဆွမ်းတာအိုအရှင်မှာလည်း ဆွံ့အသွားရသည်။
သူ၏သတင်းကွန်ရက်မှာ အကျယ်ပြန့်ဆုံးဖြစ်သဖြင့် ဤသတင်းကို ပထမဆုံး သိရှိခဲ့ရသူလည်း ဖြစ်၏။
သို့သော် ဤသတင်းကို ကြားလိုက်ရချိန်တွင် မည်သည့်နေရာမှ ထွက်ပေါ်လာသည့် ကောလာဟလမှန်းမသိသော သတင်းအမှားတစ်ခုဟုသာ သူက ထင်မှတ်ခဲ့လေသည်။
မှန်ပေသည်၊ ဤသည်မှာ ရွှမ်ဟွမ်ဘိုးဘေး နတ်ဘုရားအသွင်ပြောင်းအဆင့်သို့ မရောက်နိုင်ဟု သူ ထင်မြင်ထား၍မဟုတ်။ ပြဿနာမှာ ရွှမ်ဟွမ်ဘိုးဘေးသည် လက်ရှိအချိန်၌ အသက်သုံးရာသာ ရှိသေးသည်ဖြစ်ရာ အလွန်စောလွန်းနေခြင်းပင်။
သို့သော် ထပ်ခါတလဲလဲ အတည်ပြုပြီးနောက်တွင်မူ ဤသတင်းမှာ အမှန်တကယ်ပင် မှန်ကန်နေခဲ့သည်။
“ဒီကောင်က တကယ်ကို မကောင်းဆိုးဝါးပဲ...”
“လူတစ်ယောက်နဲ့တစ်ယောက်က တကယ်ကို နှိုင်းယှဉ်လို့မရဘူး...”
“အသက်တစ်ရာမှာ ဝိညာဉ်သန္ဓေသားဖြစ်တည်တယ်… အသက်သုံးရာမှာ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်တယ်… အပြင်မှာသွားပြောရင် ယုံမယ့်လူတောင် သိပ်မရှိလောက်ဘူး...”
“ရှေးဟောင်းခေတ်ကဆိုရင်တောင် ဒီလိုအသက်အရွယ်နဲ့ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို ရောက်တယ်ဆိုတာက အရမ်းကို လွန်ကျူးလွန်းနေတယ်...”
ဆည်းဆာဂိုဏ်းချုပ် ယွီယန်တာအိုအရှင်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ယခုအခါ သူ့ထံ၌ မနာလိုဖြစ်သည့် ခံစားချက်မျိုးပင် မရှိတော့။ အဓိပ္ပာယ်မရှိလွန်းဟုသာ ခံစားနေရ၏။
သိထားရမည်မှာ သူသည်လည်း ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ထူးခြားသည့်ခန္ဓာကိုယ်လည်း ရှိပေသည်။
သို့တိုင် လက်ရှိအချိန်အထိ သူသည် ဝိညာဉ်သန္ဓေသားနှောင်းပိုင်းအဆင့်တွင်သာ ရှိနေဆဲဖြစ်ပြီး နတ်ဘုရားအသွင်ပြောင်းအဆင့်နှင့်မူ ဝေးကွာလွန်းနေဆဲ ဖြစ်၏။
အမှန်အတိုင်းပြောရလျှင် ရွှမ်ဟွမ်ဘိုးဘေးသည် ထူးခြားသော ရတနာတစ်စုံတစ်ရာကိုများ ရရှိထားသလောဟု သူ အလွန်သံသယဝင်နေမိသည်။
ထို့ကြောင့်သာ ကျင့်ကြံခြင်းအဆင့် တက်လှမ်းသည့်နှုန်းက ဤမျှမြန်ဆန်နေခြင်း ဖြစ်ရပေမည်။
သို့သော် သံသယဝင်နေ၍လည်း မည်သည့်အကျိုးမှ ရှိလာမည်မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်ဖြစ်နေပြီဖြစ်ကာ ချန်လန်ပင်လယ်ပြင်တစ်ခွင်တွင် အင်အားအကြီးဆုံး ဖြစ်နေပြီဖြစ်သောကြောင့်ပင်။
ဤကဲ့သို့သောအဆင့်ရှိ ပညာရှင်တစ်ဦးအနေဖြင့် ခန္ဓာကိုယ်ထက်၌ မည်သို့သောရတနာများ ရှိနေစေကာမူ ကာကွယ်ထားနိုင်စွမ်း ရှိသည်မဟုတ်ပါလော။
တစ်ဖက်လူ၏ ကံကြမ္မာအခွင့်အရေးကို လိုချင်တပ်မက်မိလျှင်ပင် နောက်ကျသွားခဲ့ပြီ ဖြစ်၏။
“မတတ်နိုင်ဘူးလေ၊ သူက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ သားတော်ပဲကိုး...”
“ဒီလူရဲ့ ကံတရားက အံ့မခန်းပဲ… ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ရရှိထားပြီး အံ့ဖွယ်ကြုံတွေ့မှုတွေကလည်း ဆက်တိုက်ဆိုသလိုပဲ...”
“အင်မော်တယ်တစ်ပါး ဝင်စားတာတောင် ဖြစ်နိုင်တယ်… ကျုပ်တို့ကတော့ သူနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး...”
ကောင်းကင်ဓားဂိုဏ်းချုပ် ချုံးရွှီတာအိုအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်သည်။
သူ၏ မျက်နှာအမူအရာမှာ အလွန်တည်ငြိမ်နေ၏။ အဘယ်ကြောင့်ဆိုသော် အစကတည်းက ရွှမ်ဟွမ်ဘိုးဘေးနှင့် နှိုင်းယှဉ်ရန် သူ မရည်ရွယ်ခဲ့သောကြောင့်ပင်။
တစ်ဖက်လူ၏ တိုးတက်မှုနှုန်း မည်မျှပင် မြန်ဆန်နေသည်ဖြစ်စေ၊ သူ အနည်းငယ် အံ့အားသင့်ရုံသာဖြစ်ပြီး များစွာ စိတ်ပျက်အားငယ်ခြင်း မရှိခဲ့ချေ။
အခြားတစ်နည်းဆိုရလျှင် သူသည် တစ်ဖက်လူကို မယှဉ်နိုင်ကြောင်း လုံးဝ ဝန်ခံလိုက်ပြီ ဖြစ်၏။
“ပြဿနာက အခု ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ ဆိုတာပဲ...”
“ရွှမ်ဟွမ်ဂိုဏ်းက တစ်ဦးတည်း ကြီးစိုးနေပြီ… အခုအချိန်အထိဆိုရင် နတ်ဘုရားအသွင်ပြောင်းအဆင့် သုံးပါးတောင် ရှိနေပြီ...”
“အစကတော့ ကောင်းကင်မိစ္ဆာဂိုဏ်းချုပ် ချန်ဇီယွင်က သူတို့ကို ရင်ပေါင်တန်းနိုင်မယ်လို့ ထင်ထားခဲ့တာ...”
“ချန်ဇီယွင်ကလည်း ရွှမ်ဟွမ်ဘိုးဘေးရဲ့ တာအိုလက်တွဲဖော် ဖြစ်နေမယ်လို့ ဘယ်သူက ထင်ထားမှာလဲ...”
“ချန်ဇီယွင် နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တာကတောင် ရွှမ်ဟွမ်ဘိုးဘေး အစွမ်းကုန် ကူညီပေးခဲ့လို့ပဲ...”
ထျန်းဆွမ်းတာအိုအရှင်က အလွန်ပင် မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်ပြန်သည်။
နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်တစ်ပါးတည်းနှင့်ပင် ချန်လန်ပင်လယ်ပြင်တစ်ခွင်လုံးကို ဖိနှိပ်ထားနိုင်ပြီ ဖြစ်၏။
သို့သော် တစ်ဖက်လူတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် အရှင်သခင်သုံးပါးပင် ရှိနေလေသည်။
ဤကဲ့သို့သော အင်အားမျိုးမှာ အခြားသော ကုန်းမြေတိုက်ကြီးများ၌ တည်ရှိနေလျှင်ပင် လုံးဝ အုပ်စိုးသူအဆင့်ဖြစ်ပြီး မည်သူမှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းသာ သူတို့ကို အန္တရာယ်ပြုလိုပါက သူတို့ထဲမှ တစ်ယောက်တစ်လေမျှ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
ကိုယ်ပေါ်၌ ကောင်းကင်အဆင့် ဝိညာဉ်ရတနာများ ရှိနေလျှင်ပင် အသုံးဝင်မှုကြီးကြီးမားမား ရှိမည်မဟုတ်၊ မည်သို့ပင်ဖြစ်စေ တစ်ဖက်လူ၌လည်း ရှိနေသည်မဟုတ်လော။
“မတတ်နိုင်ဘူးလေ… ရွှမ်ဟွမ်ဂိုဏ်းကသာ ကျုပ်တို့ကို သိမ်းသွင်းချင်တယ်ဆိုရင် ကျုပ်တို့လည်း လက်ခံရုံပဲ ရှိတော့တာပေါ့...”
“တကယ်တော့ ရွှမ်ဟွမ်ဂိုဏ်းထဲ ဝင်ရောက်ရတာကလည်း ဆိုးရွားတဲ့ကိစ္စတော့ မဟုတ်လောက်ပါဘူး...”
ဆည်းဆာဂိုဏ်းချုပ် ယွီယန်တာအိုအရှင်မှာ အလွန်ပွင့်လင်းသူဖြစ်ရာ တဲ့တိုးပင် ပြောလိုက်ပြီး လုံးဝ လက်မြှောက်အရှုံးပေးလိုက်ပြီ ဖြစ်၏။
အကယ်၍ ရွှမ်ဟွမ်ဂိုဏ်းတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် တစ်ပါးတည်းသာ ရှိပါက သူတို့ အနည်းငယ် ခုခံနိုင်သေး၏။
သို့သော် ယခုအခါ တစ်ဖက်လူတွင် နတ်ဘုရားအသွင်ပြောင်းအဆင့် သုံးပါးသာမက၊ စတုတ္ထအဆင့် ဝိညာဉ်သားရဲ သောင်းချီရှိနေရာ မည်သို့ သွားရောက်ကာ တုပြိုင်နိုင်ပါမည်နည်း။
ခေါင်းမာမာဖြင့် ခုခံနေခြင်းက သေလမ်းရှာနေရုံသာ ဖြစ်ပေလိမ့်မည်။
မှန်ပေသည်၊ ပို၍အရေးကြီးသည်မှာ ရွှမ်ဟွမ်ဂိုဏ်းသည် နာမည်ကောင်းရှိသော လမ်းမှန်ဂိုဏ်းကြီးတစ်ခု ဖြစ်ခြင်းပင်။
မိစ္ဆာလမ်းစဉ်ဂိုဏ်းများကဲ့သို့ အပြစ်မဲ့သူများကို သတ်ဖြတ်ခြင်း၊ ကတိသစ္စာဖောက်ဖျက်ခြင်းမျိုး မရှိပေ။
တကယ်တမ်း ရွှမ်ဟွမ်ဂိုဏ်းသို့ ဝင်ရောက်သွားလျှင်ပင် အကျိုးကျေးဇူးသာရှိပြီး ဆိုးကျိုးများစွာ ရှိမည်မဟုတ်ချေ။
အလွန်ဆုံး ဆည်းဆာဂိုဏ်းဟူသည့် အမည်နာမကို ဆုံးရှုံးသွားရုံသာ ဖြစ်၏။
သို့သော် အသက်ရှင်သန်နိုင်ရေးအတွက် နာမည်တစ်ခုကို စွန့်လွှတ်ရခြင်းမှာလည်း မတတ်သာသော ကိစ္စသာ ဖြစ်ပေသည်။
“ပြောတာ မှန်တယ်၊ အခုက ကျုပ်တို့ ဘယ်လိုတွေးမလဲဆိုတာ စဉ်းစားနေရမယ့် အချိန်မဟုတ်တော့ဘူး...”
“ရွှမ်ဟွမ်ဂိုဏ်းကသာ ကျုပ်တို့ကို သိမ်းသွင်းချင်တယ်ဆိုရင် ကျုပ်တို့လည်း ဝင်လိုက်ရုံပဲ...”
“တကယ်လို့ ရွှမ်ဟွမ်ဂိုဏ်းက ကျုပ်တို့ကို ဒီအတိုင်း ထားချင်တယ်ဆိုရင်လည်း ကျုပ်တို့ လက်ရှိအခြေအနေကိုပဲ ထိန်းသိမ်းထားကြတာပေါ့...”
“အချုပ်အားဖြင့်တော့ အခြေအနေကို အေးအေးဆေးဆေး စောင့်ကြည့်ကြတာပေါ့… ရွှမ်ဟွမ်ဂိုဏ်းက ဘယ်လိုရည်ရွယ်ချက်ရှိလဲဆိုတာကို အရင် ကြည့်ရဦးမယ်လေ...”
ကောင်းကင်ဓားဂိုဏ်းချုပ် ချုံးရွှီတာအိုအရှင်ကလည်း အလွန်ပင် မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။
မူလက သူသည်လည်း မည်သည့်အခါမျှ အညံ့မခံတတ်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်၏။
ပြဿနာမှာ ရန်သူက အလွန် အင်အားကြီးမားလွန်းနေသဖြင့် ခုခံပါက ၎င်းမှာ သေလမ်းရှာနေရုံသာ ဖြစ်ခြင်းပင်။
မှန်ပေသည်၊ အကယ်၍ ပြိုင်ဘက်သည်သာ မိစ္ဆာသားရဲမျိုးနွယ်ဖြစ်ခဲ့ပါက သေရမည်ဆိုလျှင်တောင် သူတို့ အညံ့ခံမည်မဟုတ်။
သို့သော် ရွှမ်ဟွမ်ဂိုဏ်းသည် လူသားမျိုးနွယ်၏ နတ်ဘုရားအသွင်ပြောင်းအဆင့် အင်အားစုဖြစ်ရာ အညံ့ခံရခြင်းသည်ကား အရှက်ရစရာ ကိစ္စမဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ အားလုံးက မိသားစုဝင်များသာ ဖြစ်ကြသည် မဟုတ်ပါလော။
“အခုတော့ ဒီလိုလုပ်ရုံပဲ ရှိတော့တာပေါ့...”
“ဒါ့အပြင် ကြားရသလောက်တော့ ဟေးရှားနန်းတော်နဲ့ ရွှမ်ယင်ဂိုဏ်းက ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ဖျက်ဆီးတာကို ခံလိုက်ရပြီတဲ့...”
“မိစ္ဆာလမ်းစဉ်တစ်ခုလုံးမှာ ကောင်းကင်မိစ္ဆာဂိုဏ်း တစ်ခုတည်းပဲ ကြီးစိုးတော့တယ်...”
“အဲဒီ ဟေးရှားနန်းတော်သခင်၊ ရွှမ်ယင်ဂိုဏ်းသခင်နဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေ အများကြီးလည်း ဘယ်ရောက်သွားမှန်း မသိတော့ဘူး...”
ရွှမ်ပေါင်မျှော်စင်သခင် ထျန်းဆွမ်းတာအိုအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
သိသာစွာပင် ဤကာလအတွင်း ချန်လန်ပင်လယ်ပြင်၏ အခြေအနေ အပြောင်းအလဲများမှာ အလွန်အမင်း မြန်ဆန်လွန်းနေခဲ့၏။
နှစ်ထောင်ပေါင်းများစွာ လွှမ်းမိုးလာခဲ့သည့် ဝိညာဉ်သန္ဓေသားအဆင့် ဂိုဏ်းများမှာ မျက်စိတစ်မှိတ်အတွင်း၌ပင် ပျောက်ကွယ်သွားခဲ့ရ၏။
သူတို့သည် ဟေးရှားနန်းတော်နှင့် ရွှမ်ယင်ဂိုဏ်းကို ဖျက်ဆီးပစ်ရန် အကြိမ်မည်မျှပင် ကြိုးစားခဲ့သည်ကို မသိတော့သော်လည်း တစ်ကြိမ်မျှပင် မအောင်မြင်ခဲ့။
သို့သော် ယခုအခါတွင်မူ ကောင်းကင်မိစ္ဆာဂိုဏ်း၏ လွယ်လင့်တကူ ဖျက်ဆီးခြင်းကို နှစ်အနည်းငယ်အတွင်းမှာပင် ခံလိုက်ရလေသည်။
တကယ်တမ်းတွင် ဖျက်ဆီးခံလိုက်ရသည်ဟုလည်း ဆို၍မရ။ အညံ့ခံလိုက်ခြင်းဟုသာ ဆိုရမည် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ချန်ဇီယွင်၏ အမိန့်တစ်ခွန်းအောက်တွင် ဟေးရှားနန်းတော်နှင့် ရွှမ်ယင်ဂိုဏ်းမှ ကျင့်ကြံသူများသည် ချက်ချင်းပင် အညံ့ခံလိုက်ကြသောကြောင့်ပင်။
အခြေခံအားဖြင့် သေသည်အထိ သစ္စာစောင့်သိမည့်သူမျိုး လုံးဝမရှိခဲ့။ မိစ္ဆာလမ်းစဉ်မှ ကျင့်ကြံသူများပီပီ တစ်ယောက်ချင်းစီတိုင်းက လေယူရာယိမ်းတတ်ကြလေသည်။
သို့သော်ငြား အနည်းငယ်မျှ သစ္စာရှိတတ်သည့် မိစ္ဆာလမ်းစဉ်ကျင့်ကြံသူများဆိုလျှင်မူ ရက်စက်ကြမ်းကြုတ်လှသော ပြိုင်ဆိုင်မှုများကြားတွင် ဤထိတိုင် အသက်ရှင်သန်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့က အလွန်ပါးနပ်ကြ၏။
သေချာပေါက် ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် အသေခံတိုက်ခိုက်ကြမည် မဟုတ်ချေ။
ထို့ကြောင့် နှစ်အနည်းငယ်အတွင်းမှာပင် မိစ္ဆာဂိုဏ်းကြီးသုံးခုမှာ ပေါင်းစည်းသွားခဲ့လေသည်။
“သူတို့ကလည်း ပါးနပ်တယ်လို့ ဆိုရမှာပဲ၊ ဘယ်အချိန်မှာ နောက်ဆုတ်ရမလဲဆိုတာကို ကောင်းကောင်းသိကြတယ်...”
“တကယ်လို့သာ ထွက်မပြေးကြဘူးဆိုရင် ချန်ဇီယွင်ရဲ့လက်အောက်မှာ အစောကြီးကတည်းက သေသွားလောက်ပြီ...”
ချုံးရွှီတာအိုအရှင်က သူတစ်ပါးဒုက္ခရောက်သည်ကို ဝမ်းသာသည့်ဟန်ဖြင့် ပြောလိုက်လေသည်။
ယခင်က သူ၏ အဓိကရန်သူတော်ကြီးများ အိမ်ရာမဲ့ခွေးများကဲ့သို့ ထွက်ပြေးပုန်းရှောင်ကာ ပျောက်ဆုံးသွားသည်ကို မြင်ရသောအခါ သူ၏စိတ်ထဲတွင် အလွန် ပျော်ရွှင်နေမိ၏။
ယခင်က မိစ္ဆာသားရဲမျိုးနွယ်ကို ရင်ဆိုင်ရန် ပူးပေါင်းခဲ့ကြလျှင်ပင် သူ့အနေဖြင့် ရေနစ်သူကို ဝါးကူထိုးရန် ဝန်လေးမည်မဟုတ်ချေ။
မည်သို့ပင်ဖြစ်စေ မိစ္ဆာလမ်းစဉ်ဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်းတို့၏ ရန်ငြိုးမှာ တစ်ရက်နှစ်ရက်မျှသာ မဟုတ်ဘဲ နှစ်ထောင်ပေါင်းများစွာမှသည် နှစ်သောင်းပေါင်းများစွာတိုင်အောင် ကြာရှည်ခဲ့ပြီ မဟုတ်ပါလော။
နှစ်ဖက်ကြားရှိ အမုန်းတရားများမှာ သဘာဝအားဖြင့် ဖြေရှင်းရန် ခက်ခဲလွန်းလှ၏။
“ပြောရရင်တော့ ချန်လန်ပင်လယ်ပြင်တစ်ခုလုံး ပေါင်းစည်းသွားတယ်ဆိုတာက တကယ်ကို တားဆီးလို့မရတဲ့ အခြေအနေပဲ...”
“ဒါ့အပြင် မိစ္ဆာသားရဲမျိုးနွယ်နဲ့ နတ်ဆိုးမိစ္ဆာမျိုးနွယ်တွေရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်မှာ ကျုပ်တို့ လူသားမျိုးနွယ်တွေကသာ သူတစ်လူငါတစ်မင်း ဖြစ်နေမယ်ဆိုရင် ဒါက ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး...”
“အပြည့်အဝပေါင်းစည်းပြီး အင်အားစုတွေ အားလုံးကို ပေါင်းစပ်လိုက်မှသာ မိစ္ဆာသားရဲမျိုးနွယ်၊ နတ်ဆိုးမိစ္ဆာမျိုးနွယ်တွေနဲ့ ရင်ပေါင်တန်း တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိလာမှာပဲ...”
ထျန်းဆွမ်းတာအိုအရှင်က လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“ဟုတ်တယ်...”
ဤစကားကို ကြားသောအခါ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူအများအပြားမှာလည်း တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြသည်။ ယခုအခါ သူတို့၏ အကြီးမားဆုံးရန်သူမှာ ရွှမ်ဟွမ်ဂိုဏ်းမဟုတ်ဘဲ မိစ္ဆာသားရဲမျိုးနွယ်နှင့် နတ်ဆိုးမိစ္ဆာမျိုးနွယ်များသာ ဖြစ်ကြောင်း သဘောပေါက်လိုက်ကြသည်။
ရွှမ်ဟွမ်ဂိုဏ်းကို ရှုံးနိမ့်လျှင် သူတို့ အသက်ရှင်နိုင်သေးသော်လည်း ဤမျိုးနွယ်ကြီးနှစ်ခုကို ရှုံးနိမ့်သွားပါက သူတို့ သေချာပေါက် သေဆုံးရမည် မဟုတ်ပါလော။
***