တောက်လောင်နေသော ဓားအလင်းတန်း နှစ်ခုမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်သွားပြီး ပတ်ဝန်းကျင် တစ်ခုလုံးသို့ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအင်များ ပျံ့နှံ့သွားသည်။ နေမင်းရောင်စဉ် အလင်းရိုက်ချက် ပါဝင်သော ဓားနှစ်လက်မှာ ကြက်ခြေခတ် ပုံသဏ္ဍာန်ဖြင့် ထိုအရိုးဓားကို တားဆီး ခုခံလိုက်ကြ၏။
ဘန်း …
ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ မီးရှူးမီးပန်းများအလား တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး မီတာတစ်ရာ ပတ်လည် အကွာအဝေးအထိ လင်းထိန်သွားသည်။
လုံဟောင်ချန်းသည် သူ၏လက်ထဲရှိ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး နဂါးဟိန်းဟောက်သံကဲ့သို့ မြည်ဟည်းသံတစ်ခုနှင့်အတူ သူ၏တစ်ကိုယ်လုံး ရွှေရောင်အလင်းများ တောက်ပလာကာ စိတ်ဝိညာဉ်မျှဝေခြင်းသံကြိုး၏ စွမ်းအားကိုပါ ထုတ်ဖော်လိုက်သည်။
အရိုးစုကောင်၏ တိုက်ခိုက်မှုမှာ တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအား ရှိသော်လည်း လုံဟောင်ချန်း၏ တိုက်ခိုက်မှုတွင် အလင်းလှိုင်းဂယက်များ၊ နေမင်းရောင်စဉ် အလင်းရိုက်ချက်၊ နေမင်းမီးလျှံ နှင့် အရန်သင့်ထောင့်ဖြတ်ခုတ်ချက် ဟူသော စွမ်းရည်လေးမျိုးစလုံး ပါဝင်နေသည့်အပြင် အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား၏ စွမ်းအားများလည်းပါသေး၏။ အရိုးစုကောင်၏ တိုက်ခိုက်မှုကို လုံဟောင်ချန်းခုခံနိုင်လိုက်သည်။ သို့သော် အရိုးစုကောင်မှာလည်း လုံဟောင်ချန်း၏ တန်ပြန်တိုက်ခိုက်မှုက ဤမျှ ပြင်းထန်လိမ့်မည်ဟု ထင်မထားခဲ့ချေ။
လုံဟောင်ချန်းမှာ အကယ်၍ သူသာ အရိုးစုကောင်ကို ရင်ဆိုင်ရာတွင် အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားအစား မြင့်မြတ်ဝိညာဉ်ဓားကိုသာ အသုံးပြုခဲ့ပါက သူ၏ဓားမှာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားပေလိမ့်မည်ဟု သေချာပေါက် ပြောနိုင်ပေသည်။
လုံဟောင်ချန်း၏လက်မနှစ်ဖက်မှာ အနည်းငယ် အက်ကွဲသွားခဲ့ပြီး လက်မောင်းတစ်လျှောက်လုံး နာကျင်သွား၏။
ဒီအရိုးစုကောင်က ငါထင်ထားတာထက် ကိုင်တွယ်ရ ပိုခက်တာပဲ။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်က ဆဋ္ဌမအဆင့်ကို ရောက်နေရုံတင်မကဘူး ... သူ့ရဲ့စွမ်းရည်တွေကလည်း တူတူပဲ။ ပျံသန်းနိုင်စွမ်း မရှိတာကလွဲရင် ဒီအရိုးစုက ဆဋ္ဌမအဆင့်ရှိတဲ့ တောက်ပသော တမန်တော်သူရဲကောင်းတစ်ယောက်နဲ့ အတိအကျ တူနေတာပဲ။
သို့သော်လည်း ထိုတိုက်ခိုက်မှုပြီးနောက် အရိုးစုကောင်မှာလည်း လုံဟောင်ချန်းထက် အခြေအနေ မကောင်းလှပေ။ အရည်အသွေးညံ့ဖျင်းသော ၎င်း၏အရိုးဓားမှာ အပိုင်းပိုင်း ပြတ်ထွက်သွားခဲ့ပြီး လုံဟောင်ချန်း၏ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓားကြောင့် ၎င်း၏ရင်ဘတ်ထက်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းတစ်ခု ကျန်ရစ်ခဲ့သည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်တွင်လည်း နေမင်းမီးလျှံများ တောက်လောင်နေသောကြောင့် နောက်ဆုံးတွင် ဤအရိုးစုကောင်မှာ ပြင်းထန်သော ဒဏ်ရာများ ရရှိသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ အရိုးစုနှစ်ကောင်ထဲမှ တစ်ကောင်သာ ရှိသေးသဖြင့် အခြားတစ်ကောင်ကော မည်သို့ရှိသနည်း။ လုံဟောင်ချန်းသည် မနည်းမတ်တတ်ရပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များကို သူ၏မျက်လုံးများဆီသို့ ပို့လွှတ်ကာ ဟောင်ယွဲ့ရှိရာဘက်သို့ ဝေ့ကြည့်လိုက်လေသည်။
ထိုအခါ သူ၏တည်ငြိမ်သော အမူအရာမှာ ချက်ချင်းဆိုသလို မှင်သက်အံ့အားသင့်သွား၏။
ဘန်း ဟူသော အသံနှင့်အတူ ထိုအရိုးစုကောင်မှာ ဟောင်ယွဲ့၏ အမြီးဖြင့် ရိုက်ခတ်ခြင်းခံရကာ လွင့်ထွက်သွားလေသည်။ လွင့်ထွက်သွားသော အရိုးစုကောင်မှာ နေမင်းမီးလျှံများ တောက်လောင်နေသော အခြားအရိုးစုကောင်နှင့် သွားရောက်ထိမှန်သွားပြီး ထိုနှစ်ကောင်စလုံးမှာ တစ်ပြိုင်နက်တည်း မီးကျွမ်းသွားကြသည်။
ဟောင်ယွဲ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်နိုင်စွမ်းက ဘယ်လိုလုပ် ဒီလောက် အားကောင်းနေရတာလဲ။
ဤသည်မှာ ဟောင်ယွဲ့၏ ခန္ဓာကိုယ်ကို အသုံးပြု၍ တိုက်ခိုက်သည်ကို မြင်လိုက်ရသည့်အချိန်တွင် လုံဟောင်ချန်း ပထမဆုံး ရရှိလိုက်သော အတွေးပင်။ ထို့နောက်တွင်မူ မန္တာန်များ အဆက်မပြတ် ပေါက်ကွဲထွက်ပေါ်လာသည်ကို သူ မြင်တွေ့လိုက်ရ၏။ အဆင့်နိမ့် အလင်းဒြပ်စင်၊ မီးဒြပ်စင် နှင့် လေဒြပ်စင် မန္တာန်များသည် ထိုအရိုးစုနှစ်ကောင်အပေါ်သို့ မိုးသက်မုန်တိုင်းအလား ကျရောက်လာခဲ့ပြီး ၎င်းတို့ကို ဖျက်ဆီးပစ်ရန် မလုံလောက်သော်လည်း ခဏတာ လှုပ်ရှားမရအောင် ဖိနှိပ်ထားနိုင်ရန် လုံလောက်နေပေသည်။
လုံဟောင်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ရှိအခြေအနေအရ ဟောင်ယွဲ့သည် ကျင့်ကြံမှုအဆင့်အရ အနည်းဆုံး ဆဋ္ဌမအဆင့်အထွတ်အထိပ် ရှိသော မှော်သားရဲတစ်ကောင် ဖြစ်ရမည်ဟု တွေးတောလိုက်မိ၏။ တိုက်ခိုက်ရေး လက်နက်ကို ထည့်မတွက်ဘဲ ခွန်အားသက်သက်ဖြင့် ဆိုပါက သူသည် ဟောင်ယွဲ့ကို အနိုင်ရရန် သေချာပေါက် မလွယ်ကူလှချေ။ ဟောင်ယွဲ့၏ ပြင်ပစိတ်ဝိညာဉ်စွမ်းအင်မှာ သူ့ထက် အဆပေါင်းများစွာ သာလွန်နေပေလိမ့်မည်။
ထိုအချိန်တွင် လုံဟောင်ချန်းသည် သူ၏တစ်ကိုယ်လုံး နွေးထွေးသွားသည်ကို ခံစားလိုက်ရပြီး အရိုးစုကောင်၏ တိုက်ခိုက်မှုကြောင့် ခံစားနေရသော မသက်မသာ ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။ သူ၏တစ်ကိုယ်လုံးရှိ အရိုးများမှာ နွေးထွေးမှုများဖြင့် ပြည့်နှက်သွားပြီး သူ၏လက်မောင်းများမှ နာကျင်မှုမှာလည်း များစွာ လျော့ပါးသွားခဲ့၏။ သူ၏လက်မရှိ ဒဏ်ရာမှာပင် သွေးတိတ်သွားခဲ့လေသည်။
ဤသည်မှာ သံသယဝင်စရာ မလိုဘဲ 'ထာဝရ တေးသွား' ဆွဲသီးက လုံဟောင်ချန်းအား ပေးအပ်လိုက်သော အစွမ်းထက်သည့် ပြန်လည်ကုသနိုင်စွမ်း စွမ်းရည်ပင်။
လုံဟောင်ချန်းသည် တွန့်ဆုတ်ခြင်း မရှိပဲ သူ၏ လက်ထဲရှိ အပြာရောင်မိုး ခေါင်ရမ်းအလင်းဓားကို လှုပ်ရှားလိုက်သည်။ ထိုအခါ နဂါးဟိန်းဟောက်သံ ခပ်တိုးတိုး ထွက်ပေါ်လာပြီး ရှေ့သို့ အလင်းတန်းတစ်ခု ပြေးထွက်သွားသည်။
၎င်းမှာ ‘တောက်ပသော မိုးစက်၊ ခေါင်းရမ်းအလင်းဓားချက်ပင် ။
တိုက်ခိုက်မှုကို ထုတ်လွှတ်ပြီးနောက် လုံဟောင်ချန်းမှာ အံ့အားသင့်ဖွယ် တစ်ခုကို တွေ့ရှိလိုက်သည်။ အပြာရောင်မိုး ခေါင်းရမ်းအလင်းဓား ဆင့်ကဲပြောင်းလဲသွားခြင်းကြောင့် တိုက်ခိုက်မှုအတွက် စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုမှာ များစွာ လျော့နည်းသွားခြင်းပင်။ ၎င်းမှာ ယူနစ် ၂,၀၀၀ ခန့် ကုန်ဆုံးနေဆဲ ဖြစ်သော်လည်း တစ်ကြိမ်တည်း တိုက်ခိုက်ရုံနှင့် သူ၏တိုက်ခိုက်ရေးစွမ်းအား အားလုံးကို ကုန်ဆုံးစေမည့် တိုက်ခိုက်မှုမျိုး မဟုတ်တော့ချေ။
စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုမှာ လျော့နည်းသွားသော်လည်း ‘တောက်ပသော မိုးစက်၊ ခေါမ်းရမ်းအလင်းဓားချက်’ ၏ စွမ်းအားမှာမူ ပိုမို ကြမ်းတမ်းလာခဲ့သည်။
မူလက ဤတိုက်ခိုက်မှုမှာ ဒြပ်စင်နှစ်မျိုး၏ အလင်းများ ပေါင်းစပ်ပြီး ပြင်းထန်သော ထိုးဖောက်နိုင်စွမ်းကို ထွက်ပေါ်စေခြင်း ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မတူညီတော့ချေ။ လေထဲတွင် ပျံဝဲနေစဉ် အပြာရောင်အလင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်းတန်းများထဲတွင် လုံးဝ ပေါင်းစည်းသွားကာ ပစ်မှတ်ထံသို့ တစ်ပြိုင်နက်တည်း ဦးတည်သွားလေသည်။ ထိတွေ့သွားသည်နှင့်တစ်ပြိုင်နက် ထိုအရိုးစုကောင်၏ တစ်ကိုယ်လုံးမှာ ရုတ်တရက် ရေခဲတမျှ ဖြူဖွေးသွားပြီး အေးခဲသွားခဲ့၏။
မီးကို ငြှိမ်းသတ်ရန် ခက်ခဲစွာ ကြိုးစားနေရသော ထိုအရိုးစုကောင်မှာ ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားခဲ့ပြီး ‘တောက်ပသော မိုးစက်၊ ထိုးဖောက်သော ခေါင်းရမ်းဓားချက်’ ကြောင့် အပြာရောင်စက်ဝိုင်းတစ်ခု ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားကာ အခြားအရိုးစုကောင်ကိုလည်း နှောင့်နှေးသွားစေပြီး ဟောင်ယွဲ့၏ မန္တာန်တိုက်ခိုက်မှုများကို ပိုမို ထိရောက်စေခဲ့သည်။
နောက်ဆုံးတော့ တစ်ကောင်ကို ရှင်းလင်းနိုင်ခဲ့ပြီ။
လုံဟောင်ချန်းသည် နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်ပြီး ထိုအချိန်တွင် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ လုံဟောင်ချန်း၏ ရှေ့တွင် အဖြူရောင်အလင်းတန်းတစ်ခုသည် လျှပ်စီးတစ်ခုအလား ထွက်ပေါ်လာပြီး လုံဟောင်ချန်းက မသိစိတ်မှပင် မြင့်မြတ်ဝိညာဉ်ဓားဖြင့် ကာကွယ်လိုက်သော်လည်း ထိုအဖြူရောင်အလင်းမှာ တားဆီး၍ မရဘဲ လုံဟောင်ချန်း၏ ခန္ဓာကိုယ်အတွင်းသို့ နောက်တစ်ခဏတွင် ဝင်ရောက်ပေါင်းစည်းသွားလေသည်။ ချက်ချင်းဆိုသလိုပင် သူ၏ရင်ဘတ်ထဲတွင် သက်သောင့်သက်သာ ဖြစ်စေသော နွေးထွေးသည့် ခံစားချက်တစ်ခု ပြည့်နှက်သွား၏။
လုံဟောင်ချန်းသည် သူ၏ခန္ဓာကိုယ်ကို အလျင်အမြန် စစ်ဆေးလိုက်ရာ သူတော်စင်ဝိညာဉ်မီးဖို၏ ဘေးတွင် အလွန်သန့်စင်သော အဖြူရောင်အရည်တစ်စက် ပျံဝဲနေသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။
၎င်းတွင် မည်သည့်ဒြပ်စင် ဂုဏ်သတ္တိမျှ မပါဝင်သော်လည်း အလွန် သိပ်သည်းစွာ စုစည်းနေပေသည်။ ထိုအဖြူရောင်အရည်တစ်စက်၏ စွမ်းအင်မှာ သာမန်အရည်အသွင် စိတ်ဝိညာဉ်စွမ်းအင် ဆယ်စက်နှင့် ညီမျှကြောင်း လုံဟောင်ချန်း သေချာပေါက် ပြောဆိုနိုင်ပေသည်။
အရိုးစုနှစ်ကောင်ထဲမှ တစ်ကောင်သာ ကျန်ရှိတော့သဖြင့် ကျန်ရှိနေသော တိုက်ပွဲအတွက် စိုးရိမ်စရာ မရှိတော့ချေ။ လုံဟောင်ချန်းသည် သူတော်စင်ဝိညာဉ်မီးဖို၏ ဆွဲငင်ခြင်းစွမ်းရည်နှင့်အတူ ဟောင်ယွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုကို အသုံးချလိုက်သည်။ အရိုးစုကောင်အား အစောပိုင်းကကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုကို ပြုလုပ်ရန် အခွင့်အရေး မပေးတော့ဘဲ ၎င်း၏ကာကွယ်ရေးစွမ်းအားမှာ တိုက်ခိုက်ရေးစွမ်းအားလောက် မကောင်းမွန်ခြင်းနှင့် ဉာဏ်ရည်နိမ့်ကျခြင်းတို့ကို အခွင့်ကောင်းယူ၍ ၎င်းကို အဆုံးသတ်ပေးလိုက်လေသည်။
သို့သော်လည်း ဤအရိုးစုနှစ်ကောင်ကို ရှင်းလင်းပြီးနောက် လုံဟောင်ချန်းမှာ ရုပ်ပိုင်းဆိုင်ရာအရရော စိတ်ပိုင်းဆိုင်ရာအရပါ ပင်ပန်းနွမ်းနယ်သွားခဲ့ပြီး သူ၏စိတ်ဝိညာဉ်စွမ်းအင် ၈၀ ရာခိုင်နှုန်းကျော် ကုန်ဆုံးသွားပြီ ဖြစ်ကြောင်းကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ ဟောင်ယွဲ့၏ မှော်စွမ်းအင် အများစုမှာလည်း ကုန်ဆုံးသွားခဲ့၏။
ဒုတိယအရိုးစုကောင်ကို အဆုံးသတ်လိုက်သည့် အခိုက်အတန့်တွင် အစောပိုင်းက ကဲ့သို့ပင် အဖြူရောင်အရည်တစ်စက်သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့ပြန်သည်။
လုံဟောင်ချန်းသည် ရှေ့သို့ ဆက်လက်တိုးခြင်း မပြုတော့ချေ။ သူ၏လက်ရှိအခြေအနေအရ အကယ်၍ အရိုးစုနောက်ထပ် နှစ်ကောင် သို့မဟုတ် ထို့ထက်ပို၍ ပေါ်လာပါက အောင်မြင်နိုင်ခြေ မရှိတော့ချေ။
တစ်နည်းအားဖြင့် ဤအရိုးစုနှစ်ကောင်ကို အနိုင်ယူခြင်းမှာ ရှေ့တွင် စောင့်ကြိုနေမည့် အရာများကို ကြိုတင် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်ပြီး မြေပြင်ပေါ်ရှိ တဖြည်းဖြည်း ပျောက်ကွယ်သွားသော အရိုးဖြူများကို ကြည့်ရင်း လုံဟောင်ချန်းသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ အရည်အသွင် စိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြု၍ ထိုအဖြူရောင်အရည် နှစ်စက်ကို ပေါင်းစည်းရန် ကြိုးစားလိုက်သည်။
ရလဒ်မှာ သူ့ကို အားတက်သွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုဒြပ်စင်မရှိသော အရည်နှစ်စက်မှာ မည်သည့် ခုခံမှုမျှ မပြဘဲ ခဏတာ ပေါင်းစည်းပြီးနောက် သူ၏စိတ်ဝိညာဉ်စွမ်းအင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာသောကြောင့်ပင်။ သူ ခန့်မှန်းထားသည့်အတိုင်းပင် ထိုအရည်တစ်စက်ချင်းစီမှာ သူ၏ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအင်ကို ၁၀ ယူနစ်စီ တိုးမြင့်ပေးခဲ့လေသည်။
သို့သော်ငြားလည်း လုံဟောင်ချန်းသည် အနည်းငယ် စိတ်ပျက်သွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏လက်ရှိ စိတ်ဝိညာဉ်စွမ်းအင် ပမာဏမှာ နည်းပါးနေသောကြောင့် ထိုအရည်နှစ်စက်မှာ ကုန်ဆုံးသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းပေးရုံသာ ရှိပြီး သူ၏စုစုပေါင်း စိတ်ဝိညာဉ်စွမ်းအင် ပမာဏကို တကယ်တမ်း တိုးမြင့်ပေးခြင်း မဟုတ်သောကြောင့်ပင်။
လုံဟောင်ချန်းမှာ သူ၏အမှားကို ချက်ချင်း သတိပြုမိလိုက်၏။ သူသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ပြည့်ဝလာသည်အထိ စောင့်ဆိုင်းပြီးမှသာ ၎င်းတို့ကို စုပ်ယူသင့်ခဲ့ခြင်းပင်။
အရိုးစုတစ်ကောင်ကို အနိုင်ယူခြင်းက သူ့ကို စိတ်ဝိညာဉ်စွမ်းအင် ၁၀ ယူနစ် တိုးမြင့်ပေးနိုင်သည် ဟုတ်လား။
ဤသည်မှာ ပုံမှန်ကျင့်ကြံခြင်းထက် များစွာ ပိုမိုမြန်ဆန်ပေသည်။ ထိုအရိုးစုနှစ်ကောင်၏ ခွန်အားမှာ သံသယဝင်စရာ မလိုအောင် ပြင်းထန်သော်လည်း ၎င်းတို့ကို အနိုင်ယူခြင်းမှာ သိသာထင်ရှားသော အကျိုးကျေးဇူးများကို ယူဆောင်လာပေးလေသည်။
ထာဝရ အနားယူခြင်း မျှော်စင်အတွင်းရှိ သေဆုံးခြင်းအရှိန်အဝါများနှင့်အတူ လုံဟောင်ချန်းသည် သူ၏စိတ်ဝိညာဉ်စွမ်းအင်များ အားလုံး ပြန်လည်ပြည့်ဝစေရန် နာရီဝက်ခန့်သာ လိုအပ်ခဲ့လေသည်။
ထာဝရ အနားယူခြင်း မျှော်စင်အတွင်းရှိ ဤအတွေ့အကြုံမှာ သူ့အား ကြီးမားသော တုန်လှုပ်မှုတစ်ခုကို ပေးအပ်ခဲ့ပြီး 'အိပ်မောကျနေတဲ့ ကပ်ဘေးကြီး' အီလပ်စ် အပေါ်တွင်လည်း သူ အတော်လေး စူးစမ်းလိုစိတ် ဖြစ်ပေါ်နေလေသည်။ သို့သော်လည်း သူသည် သတ္တမအဆင့်သို့ ရောက်ရှိမှသာ နှစ်ပေါင်းထောင်ချီ၍ တည်ရှိနေသော ဤမျှော်စင်ကို စိန်ခေါ်ရန် စစ်မှန်သော အရည်အချင်း ရှိမည် ဖြစ်ကြောင်း သူ ရှင်းရှင်းလင်းလင်း နားလည်ထားပေသည်။ ဤသည်မှာ တစ်ရက်၊နှစ်ရက်အတွင်း လုပ်ဆောင်နိုင်မည့် ကိစ္စ မဟုတ်ပေ။ သေမင်းတမန် မှော်ပညာ၏ ကန့်သတ်ချက်များကြောင့် သူသည် နဝမအဆင့်သို့ မရောက်မချင်း ဤမျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်မည် မဟုတ်ချေ။
ထိုအရိုးစုနှစ်ကောင်နှင့်အတူ လုံဟောင်ချန်း၏ မျှော်စင်အပေါ် မူလက ရှိခဲ့သော စိုးရိမ်မှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ငါ အီလပ်စ်ရဲ့ အမွေအနှစ်ကို မဆက်ခံချင်ရင်တောင် ... ဒီနေရာကနေ အတွေ့အကြုံအချို့ ရယူတာက ငါ့အတွက် ဘာမှ မထိခိုက်စေနိုင်ပါဘူး။
သံသယဝင်စရာ မလိုဘဲ ဤထာဝရ အနားယူခြင်း မျှော်စင်အတွင်းတွင် လျှို့ဝှက်ချက်များနှင့် ပစ္စည်းအသစ်များစွာက သူ့အား စောင့်ကြိုနေပေလိမ့်မည်။
ဤနေရာကို သူ၏အဖွဲ့သားများ နှင့် မျှဝေသင့်၊ မသင့် ဆိုသည်မှာ သူ ပြန်ရောက်မှသာ စဉ်းစားရမည့် အရာ ဖြစ်၏။ အနည်းဆုံးတော့ ချိူက်အာ နှင့် သူ ဆွေးနွေးရဦးမည် ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ 'သေမင်းတမန် မှော်ဆရာ' ဆိုသည့် စကားလုံးမှာ မည်သည့်လူသားကိုမဆို ကြီးမားသော တုန်လှုပ်မှု ပေးရန် လုံလောက်နေပေသည်။
ထိုသို့ တွေးတောလိုက်ပြီးနောက် လုံဟောင်ချန်းသည် သူ ပြန်သွားရန် အချိန်ရောက်ပြီ ဖြစ်ကြောင်း ရုတ်တရက် သတိပြုမိလိုက်၏။ သူ ဤလှိုဏ်ဂူအတွင်းသို့ ဝင်ရောက်ခဲ့သည်မှာ ငါးနာရီခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်ပြီး ဟောင်ယွဲ့ကပင် သူ့နောက်သို့ လိုက်ပါလာခဲ့ပြီ မဟုတ်ပါလား။
ထိုသို့ တွေးမိသည်နှင့် လုံဟောင်ချန်းသည် ဟောင်ယွဲ့ကို ခေါ်ယူလိုက်ပြီး မျှော်စင်၏ အပြင်ဘက်သို့ ဦးတည်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။
ထိုစဉ်မှာပင် ဟောင်ယွဲ့သည် ရုတ်တရက် ညည်းတွားသံတစ်ခုကို ထုတ်လွှတ်လိုက်ပြီး လုံဟောင်ချန်း၏ လမ်းကို ပိတ်ဆို့လိုက်၏။
“ဟင် …”
လုံဟောင်ချန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မင်း ဘာဖြစ်လို့လဲ”
ရှောင်ဟုန်သည် လုံဟောင်ချန်း ရှိရာဘက်သို့ လှည့်လိုက်ပြီး ရွှေရောင်ပုတီးစေ့ တစ်စေ့ကို ထွေးထုတ်လိုက်လေသည်။
လုံဟောင်ချန်းသည် မသိစိတ်မှပင် ၎င်းကို ဖမ်းယူလိုက်ရာ ထိုရွှေရောင်ပုတီးစေ့မှာ သူ၏လက်ထဲသို့ ရောက်သည်နှင့် ရွှေရောင်အဖြစ် ပြောင်းလဲသွားပြီး လုံဟောင်ချန်း၏ မျက်ခုံးနှစ်ခုကြားရှိ နေရာအတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားလေသည်။
မှတ်ဉာဏ် အစိတ်အပိုင်းအတိုလေးတစ်ခု လုံဟောင်ချန်း၏ စိတ်ထဲတွင် ထွက်ပေါ်လာ၏။
“အသူရာ ရိုက်ချက် … စိတ်ဝိညာဉ်စွမ်းအင်ကို စုစည်းပြီး ကောင်းကင်နဲ့ မြေကြီးကို ပိုင်းဖြတ်ခြင်း …”
ဤသည်မှာ အံ့အားသင့်စရာ ကောင်းလွန်းသော ဆဋ္ဌမအဆင့်ရှိ စွမ်းရည်တစ်ခု၏ မှတ်ဉာဏ်ပင်။ ၎င်းမှာ အရိုးစုကောင် လုံဟောင်ချန်းအား တိုက်ခိုက်ခဲ့စဉ်က အသုံးပြုခဲ့သော စွမ်းရည်ပင် ဖြစ်၏။
***