ရွှေရောင်အလင်းလုံးထံမှ ပညာသင်ယူခြင်းမှာ ရိုးရှင်းလှ၏။ စိတ်ဝိညာဉ်စွမ်းအင် ပို့လွှတ်လိုက်ရုံမျှဖြင့် လုပ်ဆောင်နိုင်သော်လည်း အလုံးစုံ နားလည်သဘောပေါက်ရ န်အတွက်မူ စဉ်ဆက်မပြတ် လေ့ကျင့်မှုများ လိုအပ်ပေဦးမည်။
အသုံးပြုပုံနည်းစနစ်များမှာ လုံဟောင်ချန်း၏စိတ်ထဲသို့ စီးဝင်လာသော အလင်းတန်းများအဖြစ် ထွက်ပေါ်လာပြီး ၎င်းမှာ ထာဝရအနားယူခြင်းမျှော်စင်က သူ့အား ပေးအပ်လိုက်သည့် မှတ်ဉာဏ်အစိတ်အပိုင်းများပင် ဖြစ်ချေသည်။
လုံဟောင်ချန်းမှာ မည်သည့်တွန့်ဆုတ်မှုမျှမရှိဘဲ အသူရာရိုက်ချက်ကို ချက်ချင်းသင်ယူလိုက်၏။ လက်ရှိအချိန်တွင် သူ့၌ တိုက်ခိုက်ရေးစွမ်းရည်များ လိုအပ်နေပေသည်။ ဤအသူရာရိုက်ချက်၏ ကြောက်မက်ဖွယ်စွမ်းအားကို သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီးဖြစ်၏။ အကယ်၍ သူ၏အဖော်များနှင့် အသက်စွမ်းအား မျှဝေထားခြင်းသာ မရှိပါက ထိုတိုက်ခိုက်မှုမှာ သူ့အတွက် အသက်အန္တရာယ် ဖြစ်စေနိုင်ပေသည်။ စိတ်ဝိညာဉ်စွမ်းအင်များ ပို့လွှတ်ပြီးနောက် ရွှေရောင်အလင်းလုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး အသူရာရိုက်ချက် အသုံးပြုပုံနည်းစနစ်များမှာ လုံဟောင်ချန်း၏စိတ်ထဲတွင် ကိန်းအောင်းသွားလေသည်။ သူစမ်းသပ်ကြည့်လိုက်သည့်အခါ ၎င်း၏ပြင်းထန်သောစွမ်းအားကို မြင်တွေ့ရသော်လည်း ဤအသူရာရိုက်ချက် တစ်ချက်အတွက် စိတ်ဝိညာဉ်စွမ်းအင် ၁,၀၀၀ ယူနစ်ခန့် ကုန်ဆုံးသည်မှာ အံ့အားသင့်စရာပင်။
၎င်း၏စွမ်းအင်ကုန်ဆုံးမှုမှာ ‘တောက်ပသော မိုးစက်၊ ခေါင်းရမ်းအလင်းဓားချက်’ လောက် မများပြားသော်လည်း ထိုဓားချက်မှာ လက်နက်မှပေးအပ်သော စွမ်းရည်ဖြစ်ကြောင်း မေ့ထား၍မရချေ။ ထို့အပြင် ၎င်းမှာ လက်နက်၏စိတ်ဝိညာဉ်စွမ်းအင် လှုံ့ဆော်မှုမှ ခွန်အားကို ရယူခြင်းဖြစ်ပြီး စွမ်းအားသာမက တိုက်ခိုက်နိုင်သည့် အကွာအဝေးမှာလည်း ကျယ်ပြန့်လှသည်။ အသူရာရိုက်ချက်မှာမူ တိုက်ခိုက်နိုင်သည့် အကွာအဝေးမှာ စိတ်ဝိညာဉ်စွမ်းအင် ရောက်ရှိနိုင်သည့် နေရာအထိသာ ကန့်သတ်ခံထားရပေသည်။
သို့သော် အသူရာရိုက်ချက်၌လည်း အားသာချက်ရှိပေသည်။ ၎င်းမှာ ငါးမီတာအကွာအဝေးအတွင်းရှိ ရန်သူများ၏ မည်သည့် ရှောင်တိမ်းမှုစွမ်းရည်ကိုမဆို လျစ်လျူရှုထားနိုင်ခြင်းပင်။ ဤအချက်တစ်ခုတည်းနှင့်တင် စိတ်ဝိညာဉ်စွမ်းအင် အမြောက်အမြားကုန်ဆုံးခြင်းဆိုသည့် အားနည်းချက်ကို ဖုံးကွယ်ရန် လုံလောက်နေပြီ ဖြစ်၏။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လျှင် ဤစွမ်းရည်မှာ အသုံးပြုရန် မလွယ်ကူသော်လည်း တိုက်ခိုက်ရေးကဏ္ဍတွင်မူ ဆဋ္ဌမအဆင့်ရှိ စစ်သည်များနှင့် သူရဲကောင်းများအတွက် အကောင်းဆုံးစွမ်းရည်များထဲမှ တစ်ခုဖြစ်ပေသည်။ အကယ်၍ အလင်းလှိုင်းဂယက်များ၏ တိုးမြှင့်မှုပါ ပေါင်းစပ်လိုက်မည်ဆိုပါက ဤတိုက်ခိုက်မှုမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းလာမည်နည်း။
ရရှိခဲ့သော အကျိုးကျေးဇူးများကို နှိုင်းယှဉ်ကြည့်လျှင် အသူရာရိုက်ချက်က သူ၏ခွန်အားကို တိုးစေမည်မှာ မှန်သော်လည်း အရေးကြီးဆုံးဆုလာဘ်မှာ ထာဝရအနားယူခြင်းမျှော်စင်ထံမှ ရရှိသည့် သတင်းအချက်အလက်များသာ ဖြစ်ပေသည်။
စိတ်ဝိညာဉ်စွမ်းအင်နှင့် စွမ်းရည်များမှာ တူညီစွာအရေးကြီးသော်လည်း ဤနေရာတွင် သင်ယူနိုင်သည့်အရာမှာ သန့်စင်သော သေမင်းတမန်မှော်ပညာ တစ်ခုတည်းမဟုတ်သည်မှာ ထင်ရှားလှ၏။ ဤသတင်းအချက်အလက်မှာ မည်သည့်ရတနာထက်မဆို ပိုမိုတန်ဖိုးရှိပေသည်။ အကယ်၍ သူဤနေရာတွင် ကျင့်ကြံနေထိုင်နိုင်မည်ဆိုပါက သူ၏ခွန်အားမှာ အခြားမည်သည့်နေရာထက်မဆို အဆပေါင်းများစွာ ပိုမိုလျင်မြန်စွာ တိုးတက်လာပေလိမ့်မည်။
လုံဟောင်ချန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏စိတ်လှုပ်ရှားမှုများကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။ သူ၏အဖော်များကိုလည်း ဤနေရာသို့ ခေါ်ဆောင်လာရန် နည်းလမ်းတစ်ခုခု စဉ်းစားရပေဦးမည်။ အကယ်၍ အခြားသူတစ်ယောက်သာဆိုလျှင် ဤနေရာကို တစ်ဦးတည်း သိမ်းပိုက်ထားရန် စဉ်းစားမိကောင်း စဉ်းစားမိပေလိမ့်မည်။ သို့သော် လုံဟောင်ချန်းမှာမူ ထိုသို့မတွေးတောခဲ့ချေ။ တစ်ယောက်တည်းလာခြင်းက လျှို့ဝှက်ချက်ကို ထိန်းသိမ်းနိုင်ပြီး သူ၏ခွန်အားကို ပိုမိုမြန်ဆန်စွာ တိုးတက်စေမည်မှာ မှန်သော်လည်း မိစ္ဆာတပ်ဖွဲ့များ၏ အင်အားမှာ မည်မျှကြီးမားကြောင်း ထည့်သွင်းစဉ်းစားပါက သူတစ်ယောက်တည်းနှင့် မိစ္ဆာနတ်ဘုရား ၇၂ ပါးကို မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။ ၎င်းမှာ မဖြစ်နိုင်သော အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
အလင်း၏သားတော်မှာ ကောင်းကင်ဘုံက ပေးသနားသော ရိုးသားသည့်စိတ်ထားသာမက များစွာသော အရည်အချင်းကောင်းများကိုလည်း ပိုင်ဆိုင်ထားပေသည်။ လုံဟောင်ချန်းအနေဖြင့် ဤနေရာသို့ တစ်ဦးတည်းလာရန် ဘယ်သောအခါမျှ မတွေးတောခဲ့ချေ။
“ဟောင်ယွဲ့ … သွားကြစို့”
လုံဟောင်ချန်းက ပြတ်သားသောလေသံဖြင့် ပြောလိုက်ပြီး ဟောင်ယွဲ့၏ကျောပေါ်သို့ ခုန်တက်လိုက်၏။
ထို့နောက် ဟောင်ယွဲ့မှာ ဟိန်းဟောက်လိုက်ပြီး နှစ်ယောက်သား ထာ၀ရ အနားယူခြင်း မျှော်စင်မှ ထွက်လာလေသည်။
မျှော်စင်မှထွက်လိုက်သည့် အခိုက်အတန့်မှာပင် လုံဟောင်ချန်းသည် သူ၏ရင်ဘတ်ပေါ်ရှိ ထာဝရတေးသွားဆွဲသီးမှာ မီးခဲတစ်ခဲအလား ပူလောင်လာသည်ကို ခံစားလိုက်ရသဖြင့် နာကျင်စွာ ညည်းတွားလိုက်မိ၏။ ချက်ချင်းဆိုသလိုပင် ၎င်းထံမှ စူးရှသော မြည်ဟည်းသံတစ်ခု ပေါက်ကွဲထွက်ပေါ်လာလေသည်။
အားကောင်းသော ရွှေရောင်အလင်းတန်းမှာ လုံဟောင်ချန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဟောင်ယွဲ့နှင့် သူ့ကို လွှမ်းခြုံသွား၏။ မြည်ဟည်းသံမှာ ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်သော်လည်း သူတို့ကို ထိခိုက်ဒဏ်ရာ မရရှိစေခဲ့ချေ။ လုံဟောင်ချန်း နောက်သို့လှည့်ကြည့်လိုက်သောအခါ မရေမတွက်နိုင်သော တစ္ဆေများမှာ ထာဝရအနားယူခြင်းမျှော်စင် ရှိရာဘက်မှ ယခင်ကထက် ဆယ်ဆခန့် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ထွက်ပေါ်လာကြသည်ကို မြင်တွေ့လိုက်ရသည်။ မျှော်စင်မှ ထုတ်လွှတ်နေသော ပြာနှမ်းနှမ်း မီးခိုးရောင်မှာလည်း ပြင်းထန်သော မီးတောက်များအလား ထွက်ပေါ်နေ၏။
မျက်တောင်တစ်မှိတ်အတွင်းမှာပင် ထိုတစ္ဆေများမှာ ထာဝရအနားယူခြင်းမျှော်စင်၏ အပြင်ဘက်တွင် စုပြုံတွယ်ကပ်သွားကြသည်။ နောက်တစ်ခဏတွင်မူ လုံဟောင်ချန်းမှာ သူ၏တစ်သက်တာလုံး မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရ၏။ ကတော့ပုံစံလှိုဏ်ဂူ၏ အထက်တွင် ဧရာမအနက်ရောင်အပေါက်ကြီးတစ်ခုမှာ ဖြည်းညင်းစွာ ပေါ်ပေါက်လာပြီး လှိုဏ်ဂူတစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ ထိုအခါ ထာဝရအနားယူခြင်းမျှော်စင်မှာ တောက်ပသော အလင်းတန်းများအောက်တွင် ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီးနောက် မြည်သံတစ်ခုနှင့်အတူ လှိုဏ်ဂူအတွင်းမှ လုံးဝ ပျောက်ကွယ်သွားလေသည်။
ထို့နောက် အနက်ရောင်အပေါက်ကြီးမှာ ပြန်လည်ပိတ်သွားခဲ့ပြီး လှိုဏ်ဂူအတွင်းမှ ပျောက်ကွယ်သွားရာ စူးရှသော မြည်ဟည်းသံများမှာလည်း အလိုအလျောက် ရပ်တန့်သွားခဲ့၏။
ရင်ဘတ်ပေါ်ရှိ ပူလောင်သောခံစားချက်မှာ ပျောက်ကွယ်သွားခဲ့သော်လည်း လုံဟောင်ချန်းမှာ ၎င်းနှင့် တစ်စုံတစ်ရာ ဆက်သွယ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ အတွေးတစ်ခုသာ လိုအပ်ပြီး သူသည် ထာ၀ရ အနားယူခြင်း မျှော်စင်နှင့် ပြန်လည်ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း ခံစားမိလိုက်သည်။
ဟောင်ယွဲ့မှာ လုံဟောင်ချန်းကို သယ်ဆောင်ထားပြီး ရှောင်လွီက မျှောလွင့်ခြင်းမန္တာန်ကို အသုံးပြုပေးလိုက်ရာ လုံဟောင်ချန်း၏ လမ်းညွှန်မှုဖြင့် ကျောက်နံရံများပေါ်သို့ အားစိုက်စရာမလိုဘဲ အလွယ်တကူ တက်လာခဲ့ကြသည်။
အောက်သို့ ဆင်းသက်စဉ်က အန္တရာယ်များခဲ့သော်လည်း ၎င်းမှာ လုံဟောင်ချန်းအနေဖြင့် မသိရှိနိုင်သော နေရာတစ်ခုသို့ ဆင်းသက်နေရခြင်းကြောင့်ပင်။ ယခုအခါတွင်မူ ဟောင်ယွဲ့၏ ခိုင်မာသောခြေလက်များဖြင့် ကျောက်နံရံများပေါ်သို့ အားစိုက်စရာမလိုဘဲ တက်လာခဲ့ကြသည်။
ထိုစဉ် လုံဟောင်ချန်းသည် သူ၏ခါးကြားရှိ မှတ်တမ်းတင်သလင်းကျောက်ကို စမ်းမိလိုက်သဖြင့် အံ့အားသင့်သွား၏။ သူ၏မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို ပျက်ယွင်းသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထာဝရအနားယူခြင်းမျှော်စင်ကို တွေ့ရှိခဲ့ရသော တုန်လှုပ်မှုကြောင့် ၎င်းကိုပိတ်ရန် လုံးဝမေ့လျော့သွားခဲ့သောကြောင့်ပင်။ အကယ်၍ မျှော်စင်အတွင်းရှိ အရာအားလုံးကို မှတ်တမ်းတင်ခံလိုက်ရပါက နံပါတ် ၄ စစ်သည်အဆင့် မိစ္ဆာနှိမ်နှင်းရေးအဖွဲ့မှ အဖွဲ့ဝင်များကို သူမည်သို့ ပြောပြရမည်နည်း။ ကျောင်းတော်မဟာမိတ်ထံသို့ကော ဤမစ်ရှင်အတွက် မည်သို့ အစီရင်ခံစာ တင်ရမည်နည်း။
သူသည် ထာဝရအနားယူခြင်းမျှော်စင်၏ လျှို့ဝှက်ချက်ကို ကျောင်းတော်မဟာမိတ်အား သိစေရန် ကြောက်ရွံ့နေခြင်းမဟုတ်ပေ။ သို့သော် အဓိကအချက်မှာ ဤမျှော်စင်၏ သော့ချက်ဖြစ်သော ထာဝရတေးသွားဆွဲသီးမှာ သူ၏ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်ရာ ဤသည်မှာ သူ့အတွက် ကြီးမားသော ပြဿနာများကို ယူဆောင်လာပေးနိုင်သောကြောင့်ပင်။
လုံဟောင်ချန်းမှာ ကံကောင်းပါစေဟု ဆုတောင်းရင်း မှတ်တမ်းတင်သလင်းကျောက် အတွင်းသို့ စိတ်ဝိညာဉ်စွမ်းအင်များ ပို့လွှတ်ကာ မှတ်တမ်းများကို စစ်ဆေးကြည့်လိုက်လေသည်။
မှတ်တမ်းတင်သလင်းကျောက်ထံမှ အလင်းတစ်ချက် ထွက်ပေါ်လာပြီး လုံဟောင်ချန်း၏ရှေ့တွင် တစ်မီတာခန့်ရှိသော ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ လှိုဏ်ဂူအတွင်းသို့ ဝင်ရောက်လာစဉ်ကတည်းက မှတ်တမ်းတင်ထားသော ပုံရိပ်များ ထွက်ပေါ်လာရာ လုံဟောင်ချန်းမှာ သူ၏စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ပုံရိပ်များကို အမြန်နှုန်းဖြင့် ကြည့်ရှုလိုက်သည်။
၎င်းကို လုံဟောင်ချန်း၏ခါးတွင် ချိတ်ဆွဲထားသောကြောင့် မှတ်တမ်းတင် သလင်းကျောက်မှာ လုံဟောင်ချန်း အလင်းလှိုင်းဂယက်များကို နားလည်သဘောပေါက်သွားခဲ့သော ဖြစ်စဉ်ကို မှတ်တမ်းမတင်နိုင်ခဲ့ဘဲ လုံဟောင်ချန်းမှ မြည်ဟည်းသံများကို ခုခံနေသည့် ဖြစ်စဉ်များကိုသာ မှတ်တမ်းတင်နိုင်ခဲ့လေသည်။
လုံဟောင်ချန်း၏ ထိန်းချုပ်မှုအောက်တွင် သလင်းကျောက်မှာ သူလှိုဏ်ဂူအောက်ခြေသို့ ရောက်ရှိခဲ့သည့်အချိန်သို့ ရောက်ရှိသွားခဲ့သည်။ မှတ်တမ်းတင်ထားသမျှမှာ ထိုတစ္ဆေနှစ်ကောင်မှာ သူ့ထံသို့ ပစ်ဝင်လာသည့်အချိန်အထိသာ ဖြစ်လေသည်။
ထိုအချိန်ပြီးနောက်တွင်မူ ပုံရိပ်မှာ ဝေဝါးသွားခဲ့ပြီး အရာအားလုံး ရပ်တန့်သွားခဲ့၏။
နောက်ထပ် ဘာမှ မရှိတော့ဘူးလား။
လုံဟောင်ချန်းသည် မှတ်တမ်းတင်သလင်းကျောက်ကို စိုက်ကြည့်ရင်း နောက်တစ်ကြိမ် စစ်ဆေးကြည့်သော်လည်း ရလဒ်မှာ အတူတူပင်ဖြစ်သည်။ ပုံရိပ်မှာ လုံဟောင်ချန်းမှာ တစ္ဆေများ၏ တိုက်ခိုက်ခြင်းကို ခံရသည့် မြင်ကွင်းတွင်သာ ရပ်တန့်နေလေသည်။
ထာဝရအနားယူခြင်းမျှော်စင်မှာ မှတ်တမ်းတင်သလင်းကျောက်၏ မှတ်တမ်းတင်နိုင်စွမ်းကိုပင် မသိရှိနိုင်သော နည်းလမ်းဖြင့် ကာကွယ်ထားခဲ့ပုံ ရလေသည်။
လုံဟောင်ချန်း သလင်းကျောက်အတွင်းရှိ မှတ်တမ်းများကို ဆက်တိုက်စစ်ဆေးနေစဉ်မှာပင် အထီးကျန်လှိုဏ်ဂူ၏ အဝင်ဝတွင်မူ အခြေအနေများမှာ လူတိုင်းမျှော်လင့်ထားသကဲ့သို့ တည်ငြိမ်မနေခဲ့ချေ။
“တစ်ယောက်ယောက် လာနေပြီ”
ကင်းစောင့်တာဝန်ယူထားသော ဟန်တောင်းစစ်မှာ လှိုဏ်ဂူ၏အဝင်ဝသို့ ရုတ်တရက် ရောက်ရှိလာခဲ့သည်။
ဤလှိုဏ်ဂူမှာ သူတို့ကိုယ်တိုင် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ပြီး တောင်တန်း၏ တည်ဆောက်ပုံကြောင့် လူတိုင်းမှာ ထိုင်လျက်အနေအထားဖြင့်သာ နေထိုင်နိုင်ကြလေသည်။ သို့သော် ဟောင်ယွဲ့ ထွက်ခွာသွားပြီးနောက် လှိုဏ်ဂူအတွင်းရှိ နေရာလွတ်မှာ များစွာ ကျယ်ဝန်းသွား၏။
ယခုအချိန်တွင်မူ အပြင်ဘက်မှာ လုံးဝမှောင်မည်းနေပြီး အရုဏ်တက်ရန် အချိန်မှာလည်း နီးကပ်နေပြီဖြစ်သည်။
“မိစ္ဆာတွေပဲ။ ငါအနားကို မကပ်ရဲခဲ့ဘူး။ အကောင် ၃၀ လောက် ရှိမယ်ထင်တယ်။ ငါတို့သတ်ခဲ့တဲ့ မိစ္ဆာတပ်မှူးထက်တောင် ပိုပြီး အစွမ်းထက်တဲ့ မိစ္ဆာတစ်ကောင်က သူတို့ကို ဦးဆောင်လာတာ။ သူတို့ တောင်တစ်ဖက်ခြမ်းကနေ ထွက်လာတာဆိုတော့ ငါတို့ဒီမှာ ရှိနေတာကို သူတို့ သိသွားပုံရတယ်”
ဟန်တောင်းစစ်၌ ထူးခြားသောစွမ်းရည်တစ်ခုရှိပြီး ၎င်းမှာ ညဘက်တွင် အမြင်အာရုံကို ပိုမို ကြည့်ရှုနိုင်စွမ်းရှိခြင်းပင်။ ထို့ကြောင့်လည်း တစ်ဖက်ရှိ တောင်တန်းပေါ်မှ လှုပ်ရှားမှုများ အားလုံးကို သူ မြင်တွေ့နိုင်ခဲ့ခြင်း ဖြစ်၏။
“တိုက်ပွဲအတွက် ပြင်ဆင်ကြစို့။ လုချီ၊ ငါက အဖွဲ့လိုက် တိုက်ပွဲတွေကို အမိန့်ပေးရာမှာ မကျွမ်းကျင်ဘူး။ ဒါကြောင့် တိုက်ပွဲကို နင်ပဲ အမိန့်ပေးလိုက်ပါ။ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ အဓိက ဦးစားပေးက ဟောင်ချန်း ပြန်မလာခင်အထိ ဒီမှာ တောင့်ခံထားဖို့ပဲ” ချိူက်အာက တိုးညင်းသောလေသံဖြင့် ပြောလိုက်သည်။
ထိုမိစ္ဆာများမှာ ဤမျှ စောစီးစွာ ရောက်ရှိလာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။ သို့သော် မိစ္ဆာများက သူတို့ဒီမှာ ရှိနေမှန်း မည်သို့သိသွားသည်ဖြစ်စေ သူတို့အနေဖြင့် ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရပေဦးမည်။ အနည်းဆုံးတော့ လုံဟောင်ချန်း ပြန်လာသည့်အချိန်အထိ ပင်။
မိစ္ဆာတပ်မှူးထက် ပိုမိုအစွမ်းထက်သော မိစ္ဆာတစ်ကောင်မှာ ကိုင်တွယ်ရ လွယ်ကူလိမ့်မည်မဟုတ်သည်မှာ ထင်ရှားလှ၏။ ချိူက်အာ၏ လှပသောမျက်ဝန်းများမှာ မှောင်မည်းနေသော ညအတွင်းတွင် တောက်ပလာခဲ့ပြီး ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်နေလေသည်။
လုံဟောင်ချန်း ပြန်မလာသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် သူမသည် အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း အတွင်းစိတ်ထဲတွင်မူ မည်သူ့ထက်မဆို ပိုမိုစိုးရိမ်နေခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့တွင် စိတ်ဝိညာဉ်မျှဝေခြင်းသံကြိုး ရှိနေသောကြောင့် လုံဟောင်ချန်း အသက်အန္တရာယ်မရှိကြောင်း သူမ သေချာသိနေခြင်းပင်။ မဟုတ်ပါက သူမသည် သူ့ကို လိုက်လံရှာဖွေနေသည်မှာ ကြာလှပြီဖြစ်သည်။
လုချီမှာလည်း ယခုအချိန်မှာ မောက်မာနေရမည့်အချိန် မဟုတ်ကြောင်း သိသဖြင့် ခေါင်းညိတ်လိုက်ကာ တုံ့ပြန်လိုက်သည်။
“လုံဟောင်ချန်း မရှိတဲ့အတွက် ငါတို့မှာ အဓိက အစောင့်အရှောက် သူရဲကောင်းတစ်ယောက် လိုအပ်နေတယ်။ တိုက်ပွဲဖြစ်တဲ့အခါ ငါတို့လှိုဏ်ဂူထဲကနေ အသေအလဲ ခုခံရလိမ့်မယ်။ သူတို့ကို အရင် ဆွဲဆောင်ကြရအောင်။ မှော်ဆရာတွေက လှိုဏ်ဂူအတွင်းမှာ နေကြပြီး တိုက်ခိုက်ရေးသမားတွေက အဝင်ဝကို ကာကွယ်ကြမယ်။ ချိူက်အာနဲ့ ဟန်တောင်းစစ်တို့ ကတော့ အပြင်ဘက်ကနေ ရန်သူကို နှောင့်ယှက်ပေးပါ။ လီရှင်း၊ နင်လည်း အပြင်မှာပဲနေပြီး နှင်းဆီယူနီကွန်းရဲ့ ပျံသန်းနိုင်စွမ်းနဲ့ ငါတို့ကို ကူညီပေးပါ”
လုချီသည် အမိန့်ပေးရာတွင် စွမ်းရည်မရှိသူ မဟုတ်ပေ။ လုံဟောင်ချန်းကဲ့သို့ ကြိုတင်မှန်းဆချက်များနှင့် အခြေအနေကို သုံးသပ်နိုင်စွမ်း မရှိသော်လည်း တိုက်ပွဲအချိန်တွင် အဖွဲ့ကို အမိန့်ပေးရန်အတွက်မူ သူသည် အရည်အချင်းရှိသော သူတစ်ဦးပင် ဖြစ်လေသည်။
ဟန်ယု၊ တန်ယန်၊ ဝမ်ရွှမ်ရွှမ် နှင့် စစ်မာရှန်းတို့မှာ လှိုဏ်ဂူအပြင်သို့ ထွက်လာကြပြီး ဟန်ယုမှာလည်း သူ၏တာဝန်ကို သိရှိပြီးဖြစ်သဖြင့် သူ၏ဝတ်စုံကို အမြန်ဝတ်ဆင်လိုက်ကာ ချိူက်အာ နှင့် ဟန်တောင်းစစ်တို့မှာလည်း အမှောင်ထုအတွင်းသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားကြတော့သည်။
လီရှင်းမှာ တိုက်ခိုက်ရေး သူရဲကောင်းတစ်ဦး ဖြစ်သဖြင့် တစ်နေရာတည်းတွင် နေ၍ ခုခံကာကွယ်ခြင်းမှာ သူမ၏ အားသာချက်မဟုတ်သော်လည်း လုချီ၏ ညွှန်ကြားချက်ကို လိုက်နာကာ နှင်းဆီယူနီကွန်း၏ စွမ်းဆောင်ရည်ကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်၏။
သို့သော်လည်း သူမကိုယ်သူမ ရန်သူ့အမြင်မှ ကွယ်ဖျောက်ရန်အတွက် သူမသည် လှိုဏ်ဂူ၏ အထက်သို့ တက်လှမ်းသွားခဲ့ပြီး နှင်းဆီယူနီကွန်းကို အချိန်မရွေး ဆင့်ခေါ်နိုင်ရန် ပြင်ဆင်ထားလေသည်။ မည်သို့ပင် ဆိုစေကာမူ မိစ္ဆာများမှာ လှိုဏ်ဂူအတွင်းတွင် ရန်သူမည်မျှ ရှိသည်ကို သိရှိကြမည်မဟုတ်ချေ။
ဟန်တောင်းစစ်သည် သူ၏လက်နှစ်ဖက်တွင် အနက်ရောင် ဓားမြှောင်တစ်လက်စီကို ကိုင်ဆောင်ထားပြီး အထီးကျန် လှိုဏ်ဂူ၏ အထက်ဘက်ရှိ ကျောက်တုံးတစ်တုံး၏ နောက်တွင် ပုန်းအောင်းကာ သူကိုယ်သူ ဖုံးကွယ်ထားလေသည်။ သို့သော် ထိုအချိန်မှာပင် ချိူက်အာမှာ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သတိပြုမိလိုက်၏။
ထိုအခါ သူသည် “ငါတို့ ခွန်အားချင်း တကယ်ကွာခြားတာပဲ” ဟု သူကိုယ်သူ တွေးတောလိုက်မိလေသည်။ သူသည် ချိူက်အာကို သူ၏ပစ်မှတ်တစ်ခုအဖြစ် ဘယ်သောအခါမျှ မတွေးတောခဲ့ချေ။ အရင်က မျက်မမြင်ဘဝ ရှိစဉ်ကပင် ချိူက်အာမှာ အလွန် အစွမ်းထက်ခဲ့သည် ဖြစ်ရာ ယခု အမြင်အာရုံ ပြန်လည်ရရှိလာသော သူမကို ဆိုဖွယ်ရာ မရှိတော့ချေ။ သူသည် သူမကဲ့သို့ပင် လုပ်ကြံသတ်ဖြတ်သူများကျောင်းတော်မှ ဖြစ်သော်လည်း ချိူက်အာမှာ အရင်က အထူးလေ့ကျင့်မှုများကြောင့် မျက်စိကွယ်ခဲ့ရခြင်း ဖြစ်ကြောင်းကိုသာ သူ ခပ်ရေးရေး သိရှိထားလေသည်။
အမှောင်ထုအတွင်းသို့ ပေါင်းစည်းသွားသော ချိူက်အာမှာ လှိုဏ်ဂူအနီးတွင် ရပ်တန့်မနေဘဲ တောင်တန်းရှိရာအရပ်သို့ တိတ်တဆိတ် လျှောက်လှမ်းသွားခဲ့၏။ တိုက်ပွဲအချိန်တွင် လုပ်ကြံသတ်ဖြတ်သူတစ်ဦး၏ အသုံးဝင်မှုမှာ ကန့်သတ်ခံထားရလေ့ ရှိပေသည်။ အဘယ်ကြောင့်ဆိုသော် လုပ်ကြံသတ်ဖြတ်သူများမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရာတွင် ကျွမ်းကျင်သူများ မဟုတ်သောကြောင့်ပင်။ သို့သော် လက်ရှိအခြေအနေမှာ သူမအတွက် အသင့်တော်ဆုံးပင် ဖြစ်လေသည်။ တစ်ဦးတည်းသွားခြင်းဖြင့် သူမအနေဖြင့် အဖွဲ့သားများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာ မလိုတော့ဘဲ သူမ၏ တိုက်ခိုက်ရေးစွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်မည် ဖြစ်ပေသည်။
***