လှိုဏ်ဂူအတွင်း၌ ပုန်းအောင်းနေသော ရီကျွင်းမှာ မျက်နှာဖြူဖျော့နေလေသည်။ သူအခုလေးတင် ထုတ်သုံးလိုက်သော ဟင်းလင်းပြင်မန္တာန်မှာ စိတ်ဝိညာဉ်စွမ်းအင် အတော်လေး ကုန်ဆုံးစေခဲ့သော်လည်း မိစ္ဆာအရှင်သခင်က အလွယ်တကူ ပိတ်ဆို့လိုက်နိုင်သည်ကို မြင်သောအခါ သူအံ့ဩသွားရ၏။ ရန်သူ့တပ်ထဲ၌ မည်သည့်ဒဏ်ရာမှ မရရှိခဲ့ချေ။
ထိုအချိန်မှာပင် မိစ္ဆာနှိမ်နှင်းရေးအဖွဲ့ နှစ်ဖွဲ့၏ တိုက်စစ်မှာ အရှိန်အဟုန်ဖြင့် စတင်လာတော့သည်။
အကာအကွယ်မန္တာန် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် နားကွဲမတတ် အော်ဟစ်သံများနှင့်အတူ အနီရောင်ဆူးချွန်ဆယ်ခု ထွက်ပေါ်လာ၏။
ယခင်က ယန်ဝမ်ကျောက်ပင်လျှင် ဤဆူးချွန်များကြောင့် ခေါင်းခဲခဲ့ရသော်လည်း ယခုအခါ၌ ပိုင်ရှောင်မို ဆယ်ခုထက်မက ထုတ်သုံးနိုင်နေပြီ ဖြစ်ပေသည်။ သူမ၏ခွန်အားမှာ အတွေ့အကြုံများနှင့်အတူ တိုးတက်လာကြောင်း ပြသနေခြင်းပင်။
ရှေ့ဆုံးမှ မိစ္ဆာတပ်မှူးမှာ အစွမ်းကုန် ခုခံနေသော်လည်း သူ့ထံသို့ ဆူးချွန်သုံးခုသာ ဦးတည်လာသည် မဟုတ်ပါလော။ ပိုင်ရှောင်မို ပစ်လွှတ်လိုက်သော ဆူးချွန်များမှာ အရပ်မျက်နှာအစုံမှ ထူးဆန်းသော လမ်းကြောင်းများဖြင့် လာနေခြင်း ဖြစ်၏။ မဟာမိစ္ဆာများမှာလည်း ခုခံရန် ကြိုးစားသော်လည်း မလွယ်ကူလှချေ။ အနည်းဆုံး မဟာမိစ္ဆာငါးကောင်ခန့် ဒဏ်ရာရရှိသွားပြီး သွေးမြူများ ပျံ့နှံ့သွားလေသည်။
ဤသည်က အစပိုင်းသာ ရှိသေး၏။
ကောင်းကင်မှ အစိမ်းရောင်ပုတီးစေ့များ အမြောက်အမြား ကျဆင်းလာကာ မိစ္ဆာမြင်းစီးတပ်ဖွဲ့ တစ်ခုလုံးကို လွှမ်းခြုံသွား၏။
မိစ္ဆာအရှင်သခင်က ထိုပုတီးစေ့များမှာ ဘာလဲဟု စဉ်းစားနေစဉ်မှာပင် ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း အငွေ့အသက်တစ်ခုက သူ့ကို ပစ်မှတ်ထားလိုက်လေသည်။ သေမင်းတမန် နတ်ဘုရား ဆင်းသက်လာသည့်အလားပင်။
သတ္တမအဆင့် ကျွမ်းကျင်သူဖြစ်သော မိစ္ဆာအရှင်သခင်ပင်လျှင် ဤသို့ ပစ်မှတ်ထားခံရသဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ပြင်ဆင်နေသော စွမ်းရည်မှာ အဟန့်အတား ဖြစ်သွားရ၏။ သူက အန္တရာယ်ကို အာရုံခံနိုင်စွမ်း ရှိသူဖြစ်ရာ ကောင်းကင်မှ ပုတီးစေ့များမှာ သူ့အတွက် အန္တရာယ်မရှိသော်လည်း အနားသို့ ချဉ်းကပ်လာသော သတ်ဖြတ်ခြင်း အငွေ့အသက်မှာမူ သူ့အသက်ကို ခြိမ်းခြောက်နိုင်ကြောင်း သိလိုက်ရခြင်း ဖြစ်ပေသည်။
နောက်တန်းမှ မိစ္ဆာတပ်မှူးမှာလည်း အကာအကွယ် စွမ်းရည်သုံးရန် ပြင်သော်လည်း အေးစက်သော အငွေ့အသက်တစ်ခုက သူ့လည်ပင်းနားသို့ တိတ်တဆိတ် ရောက်ရှိလာသဖြင့် ရပ်တန့်သွားရ၏။ ဆဋ္ဌမအဆင့် မိစ္ဆာတပ်မှူး ပီသစွာပင် တုံ့ပြန်မှု မြန်လှသည်။ လက်ထဲရှိလှံကို ဝှေ့ယမ်းလိုက်ပြီး အိပ်မက်ဆိုး နတ်ဆိုးမြင်းကလည်း အနီရင့်ရောင် အလင်းများ ထုတ်လွှတ်လိုက်လေသည်။
အရိပ်တစ်ခုမှာ တိုက်ခိုက်မှုအလယ်၌ ပျောက်ကွယ်သွားသော်လည်း ပုတီးစေ့များမှာမူ မိစ္ဆာတပ်ဖွဲ့ထဲ၌ ပျံ့နှံ့သွားပြီ ဖြစ်၏။ ပုတီးစေ့များမှ စေးကပ်သော အရည်များ ထွက်ပေါ်လာပြီး မိစ္ဆာများနှင့် မြင်းများကို ကပ်ငြိသွားသည်။ သို့သော် မိစ္ဆာများမှာ ငရဲမီးစွမ်းရည် ရှိကြသူများ ဖြစ်သဖြင့် ထိုအရည်များကို မီးရှို့ဖျက်ဆီးပစ်လိုက်ကြလေသည်။
မိစ္ဆာအရှင်သခင်ကို ထိန်းထားသူမှာ ချိူက်အာဖြစ်ပြီး အခြားဆဋ္ဌမအဆင့် မိစ္ဆာတပ်မှူးကိုမူ ဟန်တောင်းစစ်က ထိန်းထားလေသည်။ ဟန်တောင်းစစ်မှာ ချိူက်အာလောက် မသန်မာသော်လည်း အဆင့် ၆၀ အတွင်း ပါဝင်သော လုပ်ကြံသတ်ဖြတ်သူ ဖြစ်ရာ အချိန်တစ်စက္ကန့် နှစ်စက္ကန့်ခန့် ဆွဲထားရန်မှာ မခက်ခဲလှချေ။
နောက်တန်း၌ ဝရုန်းသုန်းကား ဖြစ်နေစဉ် အရှေ့တန်းတိုက်ပွဲမှာလည်း အပြောင်းအလဲများ ဖြစ်ပေါ်လာပြီ ဖြစ်သည်။
ဆူးချွန်သုံးခု ထိမှန်ထားသော မိစ္ဆာတပ်မှူးမှာ မိစ္ဆာနှိမ်နှင်းရေးအဖွဲ့များ ရှိရာသို့ ကြည့်လိုက်သော်လည်း သူ့ရှေ့၌ အနီရင့်ရောင် ပုံရိပ်ကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး လမ်းပိတ်လိုက်၏။ ဤပုံရိပ်မှာ ထွားကျိုင်းပြီး ကျော၌ တောင်ပံကြီးများ ပါဝင်ရာ မိစ္ဆာအရှင်သခင်နှင့် အတိအကျ တူညီနေပေသည်။
မိစ္ဆာလောက၌ အဆင့်အတန်းခွဲခြားမှုက ပြင်းထန်လှသဖြင့် သူ့အထက်လူကြီးက လမ်းပိတ်လိုက်သည်ကို မြင်သောအခါ မိစ္ဆာတပ်မှူးမှာ ကြောင်အန်းသွားပြီး ရပ်တန့်သွားရ၏။ သူ့ရှေ့မှ မိစ္ဆာအရှင်သခင်မှာ ဘာမှမပြောဘဲ လက်သည်းဖြင့် သူ့နောက်သို့ ညွှန်ပြလိုက်သည်။ မိစ္ဆာတပ်မှူး နောက်လှည့်ကြည့်လိုက်သည့် ခဏ၌ပင် ရှေ့မှ မိစ္ဆာအရှင်သခင် ပုံရိပ်ကြီးမှာ ရုတ်တရက် ပြောင်းလဲသွားပြီး တောင်ပံပါသော မဟာငှက်မိစ္ဆာတစ်ကောင် ဖြစ်သွားတော့သည်။
မိစ္ဆာမြင်းစီးတပ်ဖွဲ့ သာမက မိစ္ဆာနှိမ်နှင်းရေး အဖွဲ့ဝင်များပါ ဤထူးဆန်းသော မြင်ကွင်းကို ကြည့်ပြီး အံ့ဩသွားကြရ၏။
လျှပ်စီးများ ရစ်သိုင်းနေသော ရွှေရောင်လှံတစ်လက်မှာ မိစ္ဆာတပ်မှူး၏ ကျောကုန်းကို အားပြင်းပြင်းဖြင့် ထိမှန်သွားပြီး လျှပ်စီးအလင်းများနှင့်အတူ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာလေသည်။
အကယ်၍ ထိပ်တိုက်တိုက်ခိုက်ရမည် ဆိုပါက မဟာငှက်မိစ္ဆာနှင့် မိစ္ဆာတပ်မှူး မည်သူနိုင်မည်နည်းဟု မပြောနိုင်သော်လည်း ယခုကဲ့သို့ အလစ်တိုက်ခိုက်မှု၌မူ ရလဒ်က ကွဲပြားသွားပြီ ဖြစ်၏။ မိစ္ဆာတပ်မှူးမှာ သူ၏အထက်လူကြီးကို မည်သို့ သံသယဝင်ပါ့မည်နည်း။ သို့သော် ဒါက သေတွင်းဖြစ်နေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
သူ၏အိပ်မက်ဆိုး နတ်ဆိုးမြင်းမှာ ပဉ္စမအဆင့် မှော်သားရဲဖြစ်ရာ သူ၏သခင်ကို ကာကွယ်ရန် မဟာငှက်မိစ္ဆာကို ဝင်တိုက်ရန် ကြိုးစားလေသည်။ မဟာငှက်မိစ္ဆာကမူ တုံ့ပြန်မှု မြန်လှ၏။ တောင်ပံများကို ခတ်ပြီး လျှပ်စီးလှံကို အားဖြည့်လိုက်ရာ လျှပ်စီးစိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာတော့သည်။ ဒဏ်ရာပြင်းထန်စွာ ရထားသော မိစ္ဆာတပ်မှူး၏ ကိုယ်မှ မီးကျွမ်းနံ့များ ထွက်ပေါ်လာပြီး မြင်းမှာလည်း လျှပ်စီးဒဏ်ကြောင့် တွန့်လိမ်သွား၏။
မဟာငှက်မိစ္ဆာကမူ ညှာတာခြင်းမရှိဘဲ လှံကို ဆွဲထုတ်လိုက်ကာ မြင်း၏ခန္ဓာကိုယ်ကိုပါ အားဖြင့် ထိုးစိုက်လိုက်ပြီး အိပ်မက်ဆိုး နတ်ဆိုးမြင်း၏ အသက်ကိုပါ အဆုံးသတ်ပေးလိုက်သည်။ စစ်မာရှန်းကလည်း သူ၏ဒုတ်ကြီးကို မြှောက်ပြီး မိစ္ဆာတပ်မှူး၏ ခေါင်းကို ဖရဲသီးတစ်လုံးလို ရိုက်ခွဲလိုက်ရာ သွေးများ ပန်းထွက်လာပြီး ဆဋ္ဌမအဆင့် မိစ္ဆာတပ်မှူး သေဆုံးသွားလေသည်။
မဟာငှက်မိစ္ဆာမှာ အနားမနေဘဲ တောင်ပံကိုခတ်ပြီး မိစ္ဆာတပ်ဖွဲ့ထဲသို့ သိုးအုပ်ထဲ ရောက်နေသော ကျားတစ်ကောင်ကဲ့သို့ ဝင်မွှေတော့သည်။ အစကမူ အရှေ့အနောက် သေချာ ထိန်းထားနိုင်သော်လည်း ယခုအခါ၌ ဖွဲ့စည်းပုံ ပျက်စီးသွားသဖြင့် မိစ္ဆာတပ်ဖွဲ့လည်း ဝရုန်းသုန်းကား ဖြစ်ကုန်ကြ၏။
ပိုင်ရှောင်မို၏ အပင်များမှာလည်း ဆူးချွန်များနှင့်အတူ ပုတီးစေ့များကို ဆက်တိုက် ပစ်လွှတ်နေဆဲပင်။
ထိုစဉ် ဧရာမဒိုင်းကြီးတစ်ခုမှာ ပြင်းထန်သော အရှိန်နှင့် တိုးဝင်လာပြီး ပြင်းထန်လှသော စွမ်းအားကြောင့် မဟာမိစ္ဆာလေးငါးကောင်ခန့်မှာ လွင့်ထွက်သွားကြသည်။
အခြားတစ်ဖက်၌ စစ်မာရှန်းမှာ သူ၏ဒုတ်ကြီးကို မြှောက်ကာ ‘ရူးသွပ်ခြင်း’ စွမ်းရည်ကို သုံးပြီး အဆက်မပြတ် ရိုက်နှက်နေ၏။ ဝမ်ရွှမ်ရွှမ်မှာလည်း သူမ၏ မဟာ နတ်ဘုရားဝိညာဉ်ဒိုင်းကို ရန်သူ့တပ်ထဲ၌ ဝှေ့ယမ်းကာ မြင်းပေါ်မှ ပြုတ်ကျနေသော မိစ္ဆာများကို ချေမှုန်းနေလေသည်။
ဝမ်ရွှမ်ရွှမ် နှင့် စစ်မာရှန်း တို့ ထွက်တိုက်နေစဉ် တန်ယန် နှင့် ဟန်ယု မှာမူ လှိုဏ်ဂူအတွင်း၌ ကျန်ရစ်ခဲ့၏။ အတွင်းရှိလူများမှာ မှော်ဆရာများ ဖြစ်သဖြင့် သူတို့၏ ကာကွယ်မှုမှာ လိုအပ်ပေသည်။
ရီကျွင်းမှာလည်း ပထမဆုံး မန္တာန်ကြီးပြီးနောက် ဟင်းလင်းပြင်မန္တာန်များကို တစ်ခုပြီးတစ်ခု ပစ်လွှတ်ကာ အရှေ့မှ တိုက်ခိုက်ရေးသမားများကို ကူညီပေးနေလေသည်။
လက်ရှိအခြေအနေမှာ လွယ်ကူနေပုံ ရသော်လည်း ထိုအချိန်၌ သတ္တမအဆင့် မိစ္ဆာအရှင်သခင်က လှုပ်ရှားလာပြီ ဖြစ်၏။
ချိူက်အာသာ သူ့ကို ထိန်းမထားပါက ဤမိစ္ဆာတပ်ဖွဲ့ကို ကိုင်တွယ်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ချေ။ သို့သော် သူ၏လက်အောက်ခံ တပ်သားများ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရသည်ကို မြင်သောအခါ မိစ္ဆာအရှင်သခင်မှာ စိတ်မရှည်တော့ဘဲ သွေးရောင်ဓားကို ဝှေ့ယမ်းကာ မဟာငှက်မိစ္ဆာ ရှေ့သို့ ရုတ်တရက် ရောက်ရှိလာတော့သည်။
မဟာငှက်မိစ္ဆာမှာ မိစ္ဆာတစ်ကောင်ကို ရှင်းလင်းပြီးကာစ ဖြစ်ရာ အလစ်အတိုက်ခံလိုက်ရသဖြင့် လျှပ်စီးလှံဖြင့် ခုခံရန် ကြိုးစားသော်လည်း အဆင့်ချင်းမှာ ကွာခြားလွန်းလှ၏။ မိစ္ဆာအရှင်သခင်၏ သွေးရောင်ဓားချက်က လှံကို နှစ်ပိုင်း ပိုင်းဖြတ်သွားပြီး မဟာငှက်မိစ္ဆာကိုလည်း လေထဲ လွင့်ထွက်သွားစေသည်။
တစ်ချိန်တည်းမှာပဲ မိစ္ဆာအရှင်သခင်၏ ကျောဘက်၌ အနီရင့်ရောင် အကာအကွယ်တစ်ခု ဖြစ်ပေါ်လာပြီး ချိူက်အာ၏ တိုက်ခိုက်မှုများကို ကာကွယ်လိုက်၏။ ထို့နောက် သူက နောက်သို့လှည့်ပြီး သွေးရောင်ဓားဖြင့် ပြန်လည် တိုက်ခိုက်လိုက်လေသည်။
ချိူက်အာကမူ ဆမ်ဆာရာ မီးဖို၏ စွမ်းရည်ကို သုံး၍ ခုခံသော်လည်း မိစ္ဆာအရှင်သခင်၏ ခွန်အားမှာ ပြင်းထန်လှသဖြင့် သူမ၏ပုံရိပ်ယောင်များ ပျက်စီးသွားကာ နောက်သို့ ဆုတ်ခွာလိုက်ရ၏။
ထို့နောက် မိစ္ဆာအရှင်သခင်က သူမနောက်သို့ ဆက်မလိုက်ဘဲ ကျန်ရှိနေသော တပ်သားများကို သူ၏အနားသို့ စုခိုင်းလိုက်လေသည်။
“အားလုံး ပြန်ဆုတ်ကြတော့”
လုချီ၏ အော်ဟစ်သံ ထွက်ပေါ်လာရာ မဟာငှက်မိစ္ဆာလည်း ပြန်လည် ဆုတ်ခွာ၏။ သူ၏ရင်ဘတ်၌ နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခုကို ရှိနေလေသည်။ အစောပိုင်းက သတ္တမအဆင့် မိစ္ဆာအရှင်သခင်၏ တိုက်ခိုက်မှုမှာ သူ့အား နှစ်ပိုင်းပြတ်လု နီးပါး ဖြစ်စေသည်။
ဤသည်မှာ သတ္တမအဆင့်၏ ခွန်အားပင်။ ထို့အပြင် ဤမိစ္ဆာအရှင်သခင်မှာ သတ္တမအဆင့်သို့ ရောက်ရှိရုံမျှမဟုတ်ဘဲ အဆင့် ၄ သို့မဟုတ် အဆင့် ၅ လောက်တွင် ရှိနေပေလိမ့်မည်။
ဝမ်ရွှမ်ရွှမ် နှင့် စစ်မာရှန်း တို့မှာလည်း ဆက်မတိုက်တော့ဘဲ လှိုဏ်ဂူရှိရာသို့ အမြန် ဆုတ်ခွာလာကြသည်။ ချိူက်အာ နှင့် ဟန်တောင်းစစ် တို့မှာလည်း လမ်းကြောင်းပြောင်း၍ ပြန်လည် ဆုတ်လာကြသည်။
***